Home အမျိုးသမီးများအသံ အိုမန်ရောက် မြန်မာရွေ့ပြောင်း အလုပ်သမား အမျိုးသမီးများ

အိုမန်ရောက် မြန်မာရွေ့ပြောင်း အလုပ်သမား အမျိုးသမီးများ

မသီတာ (အိမ်အကူ အမျိုးသမီး)

အိုမန်းကို လာတာတော့ တစ်နှစ်ခွဲ နီးပါး ရှိပြီ။ နိုင်ငံရေးလည်း မကောင်းတော့ သူများတွေ အရမ်းထွက်ကြတယ်လေ။

 အိုမန်းက ဘယ်လိုလဲဆိုတာလည်း မသိဘူး။ ဒီရောက်တော့ ထင်သလို မဟုတ်ဘူး။ ဘာသာကလည်း မတူဘူး။ သူတို့က ကျမတို့ ဗုဒ္ဓဘာသာကို မကြိုက်တာမျိုး ရှိတယ်။ ဘုရားရှိခိုးတာမျိုးဆို သူတို့ ရှေ့မှာ မလုပ်ပြရဲဘူး။ စားရေး သောက်ရေးမှာ ထမင်းကို နေ့လည်ပိုင်း တစ်နပ်ပဲ စားရတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းကတော့ လက်ဖက်ရည်ပဲ။

၂ နှစ်ပြည့် စာချုပ်ချုပ်ရတယ်။ ၂ နှစ်ပြည့်မှ ပြန်ရတယ်။ တစ်ခုခုဖြစ်ရင် အေးဂျင့်က တာဝန်ယူမှ တိုင်တန်းတာတွေ လုပ်လို့ ရတယ်။  အခက်အခဲတွေ့ရင်တော့ ကိုယ်ဘာသာ စိတ်အားတင်းပြီး သည်းခံရတယ်။ ကျော်ဖြတ်ရတယ်။

မမြဆန်း(အိမ်အကူ အမျိုးသမီး)

ဒီအိုမန်မှာ အလုပ်လာလုပ်ရတဲ့ သူ မှန်သမျှ အကုန်ပင်ပန်းကြတယ်။ လေးနာရီ ခွဲဆို ထရတယ်။ ချက်ပြုတ်လည်း ပြုတ်ရတယ်။ ကားရေတွေလည်း ဆေးရတယ်။ အိမ် တစ်ခြံလုံး တံမြက်စည်းလှဲရတယ်။ သန့်ရှင်းရေး လုပ်ရတယ်။

မုန့်လုပ်စားရင်လည်း တစ်မျိုးတည်း မဟုတ်ဘူး အမျိုးမျိုး လုပ်စားကြတယ်။  ညစာအတွက် ပြင်ဆင်ချက်ပြုတ်ရတာလဲ သေမတတ်ပါပဲ။ ကိစ္စတစ်ခုဆိုရင် ခဏခဏ လုပ်ရတယ် ပင်ပန်းတယ်။ ခဏခဏ ငိုရတယ်။

အိမ်ရှင်ရဲ့ တစ်အိမ်တည်း သန့်ရှင်းရေး လုပ်ရတာ မဟုတ်ဘူး။ သူရဲ့ မောင်နှမ အိမ်တွေပါ လိုက်လုပ်ရတယ်။ အိမ်ရှင်အမျိုးသားက ဟိုထိ ဒီထိ အဲလိုမျိုး ကြုံရတယ်။ ပြီးရင် သူတို့က မဖွယ်မရာတွေ ပြတာမျိုးလည်း ကြုံရတယ်။ ကြုံနေရပေမယ့် ပြန်မပြောရဲဘူး။ အေးဂျင့်ကို တိုင်တော့လည်း သက်သေ မခိုင်လုံလိုဆိုပြီး မကူညီပေးနိုင်ဘူး အဲ့လိုမျိုးတွေ ပြောတယ်။

ညနေ ၁၂ နာရီမှ အိပ်ရတယ်။ တစ်အိမ် အဆင်မပြေလို့ နောက်တစ်အိမ်ပြောင်းလည်း အတူတူပဲ ဘာမှထူးဘူး။

စာချုပ် ၂ နှစ် အတောအတွင်း ပြန်ရင် အေးဂျင့်ကို ပြန်လျော်ရတယ်။

နန်းဗိုလ် (အိမ်အကူ အမျိုးသမီး)

အလုပ်အကိုင်ကလည်း မရှိ မိသားစု စားဝတ်နေရေး အဆင်မပြေလို့ အိုမန်ကို ရောက်လာတာ။

ကျမ အမျိုးသားက မလေးရှားဖက်ကို သွားလိုက်တယ်။ ကျမတော့ အေးဂျင့်အချိတ်အဆက်နဲ့  ဒီအိုမန်ကို ရောက်လာတာပေါ့။ အေးဂျင့်နဲ့ သွားတော့ လစာ နှစ်လစာဖြတ်တယ်။ အကြွေးပြန်ဆပ်ရတာပေါ့။

အခက်အခဲကတော့ အိမ်ရှင်က မနက်မိုးလင်းလို့ ရုပ်မြင်တာနဲ့ ဆဲတယ်။ နားချိန်လည်း မရှိဘူး။ အိမ်ရှင်က ကျမ မိဘတွေနဲ့ ဖုန်းဆက်တာတွေ ဖုန်းပြောတာတွေ တွေ့ရင် နင့်ဖုန်းကို ရိုက်ခွဲပစ်မယ်ဆိုပြီး ဆဲတယ်။ နှစ်လလောက် လုပ်ပြီးတော့ သူတို့က ဆဲဆိုတော့ စိတ်ထိခိုက်ရတယ်။ ထမင်းလည်း တစ်နပ်ပဲ စားရတယ်။ ဝဝလင်လင်နဲ့ မစားရဘူး။

ကျန်းမာရေးလည်း မကောင်ဘူး။ ဆေးရုံ ဆေးခန်းလည်း မပြပေးဘူး။ ကျမ ကျန်းမာရေး မကောင်းဘူးလို့ မပြောပဲနဲ့ ကျမက အလုပ်လုပ်တာ မကောင်းဘူးဆိုပြီး အေးဂျင့်ဆီမှာ ပြန်ပို့တယ်။

ပြီးတော့ လေးလကျော် လုပ်ခဲ့တာကို လေးလစာပဲ ပိုက်ဆံရတယ်။ (၁၅) ရက်စာ လစာဖြတ်ခံရတယ်။ အေးဂျင့်ဆီ ပြန်ရောက်တော့ ကျမက မြန်မာပြည် ပြန်မယ်လုပ်တာ အေးဂျင့်က စာချုပ် (၂) နှစ် မပြည့်ပဲ ပြန်ရင် ပြန်လျော်ရမယ်တဲ့။

Author:

Related Articles