မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ မြောက်ဖက်နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းလိုင်းနဲ့ စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်တာကြောင့် ဒေသခံ ပြည်သူ အများအပြားက နေအိမ်ကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ကြရပါတယ်။
လက်နက်ထိမှန်တဲ့ အန္တရာယ်ကနေ လွတ်အောင် နေအိမ်ကို စွ့န်ခွာပြီး တောထဲ တောင်ထဲမှာ သွားနေထိုင်ခဲ့ပေမယ့် လက်ရှိမှာ မြွေဆိုးရဲ့ အန္တရာယ်ပြုမှုကို နေ့စဥ် ရင်ဆိုင်နေရပါတယ်။ အသွားအလာလည်း မလွတ်သလို စားဝတ်နေရေးအရ တောင်ယာလုပ်တဲ့ အချိန်မှာလည်း မြွေဆိုး အန္တရာယ်ပြုမှာကို စိုးရိမ် သောကရောက်နေကြပြီး သတိနဲ့ သွားလာ လှုပ်ရှားနေကြ ရပါတယ်။
မြွေဆိုး အန္တရာယ်ကို ကြောက်နေပေမယ့် မိသားစု စားဝတ်နေရေး အခက်အခဲ တွေကြောင့်အရဲစွန့်ပြီး တောတောင်တွေဆီကို နေ့စဥ် ဟင်းရှာထွက် တောင်ယာတွေ သွားနေကြရပါတယ်။ ဝမ်းရေးနဲ့ မြွေဘေး၊ စစ်ဘေးကြားမှာ ရှင်သန်နေထိုင်ကြရတဲ့ စစ်ရှောင် အမျိုးသမီးတွေအတွက် ဝမ်းရေးထက် ဘယ်အရာမှ အရေးမကြီးနေတော့ဘူးဆိုတာ သူတို့ရဲ့ ပြောပြချက်တွေက သက်သေပါ။
မမေဇင်
ကျမတို့ နေတဲ့ နေရာက မြွေပေါတယ်။ ဘယ်မှ မသွားရဲဘူး။ တောမှာက မီးကလည်း မရှိဘူးလေ။ ဆိုလာမီးလေးတွေနဲ့ပဲ နေကြတာဆိုတော့။ ဘယ်လောက်ပဲ နီးနီး မီးမပါပဲ လုံးဝ မသွားရဘူး။ ဘယ်သူမှလည်း မသွားရဲကြဘူး။ ဒါပေမယ့် စစ်ကြောင်းထိုးလာပြီဆိုရင်တော့ မြွေတွေ ဘာတွေ ကြောက်ချိန် မရဘူး။ လွတ်တဲ့နေရာ တွေ့တဲ့ နေရာ ပြေးရပြန်တာပါပဲ။
ကျမတို့ အခုသောက်သုံးနေတဲ့ ရေတွေလည်း တောထဲကနေ စီးလာတဲ့ ချောင်းရေ ဖြစ်တယ်။ ချောင်းရေ ဖြစ်တော့ မိုးရွာရင် ရေစီးသန်ပြီး မြွေတွေလည်း ပါလာတတ်တယ်။ အဲချိန်ဆိုရင် အထူးဂရုစိုက်ရတယ်။ မြင်ရင်တော့ ဘာမှ မဖြစ်ဘူး။ မမြင်ရင်တော့ ကိုယ့်အတွက် အန္တာရာယ်များတာပေါ့။ မြွေက တဲတွေဆီ တက်တယ်ဆိုတာကလည်း ကျမတို့ဆီမှာ ကြုံဖူးနေကြ။
ထင်းပုံတွေဆိုရင်တော့ ပိုပြီးတော့ ဂရုစိုက်ရတယ်။ တခါတလေက အမှောင်ထဲဆိုရင် ထင်းမှန်းမသိ မြွေမှန်း မသိဆိုတော့။ ကျမတို့ ဒီမှာက ဈေးသည်လည်း မရှိဘူးလေ။ တောထဲ တောင်ထဲမှာ ရှိတဲ့ အရွက်တွေ ဟင်းသီး ဟင်းရွက် လိုက်ရင်တော့ ကိုယ်က မြွေတွေကိုတော့ သတိထားပြီးတော့ သွားရတာပေါ့။
ရိုးရိုးမြွေတွေဆိုရင်တော့ ကျမတို့ ကြောက်မနေတော့ဘူး။ မြွေပွေးကို ပိုကြောက်တာ။ ကျမတို့ ဟင်းရှာတာ တောင်ယာသွားတာက ကျမတို့ သွားကို သွားရမှာ။ ကျမတို့တွေက မြွေကို ကြောက်လည်း သွားရမှာပဲ။ ဟင်းသီး ဟင်းရွက်ကတော့ ကျမတို့ နေ့စဥ် ရှာစားရတယ်။ မျှစ်ချိုးစားရတယ်။ မှိုတွေ ရှာစားရတယ်။
မြွေတွေကတော့ ကျမတို့ အဲလောက်ထိ ကြောက်ချိန် မရှိဘူး။ စားဖို့ သောက်ဖို့အတွက် ကျမတို့ တောသူ တောင်သားအနေနဲ့ အလုပ်လုပ်ရမယ်။ မသေအောင်လည်း ကျမတို့ သတိထား သွားလာရတယ်။ မြွေထိရင်လည်း ဆေးကို ရအောင် ကုတယ် မရရင်လည်း အသေခံမယ် ဒါပဲလေ။ ကျမတို့က အဲလောက်ထိ အာရုံမထားနိုင်ဘူး။
မြွေကို ကြောက်နေရဖို့ အချိန် မရှိဘူး။ ကျမတို့ စားဝတ်နေရေး မပြေလည်လို့။ ကျမတို့ဆီမှာ အသက်ကြီးတဲ့ သူတွေလည်း ရှိတယ်။ ကလေးတွေလည်း ရှိတယ် စားဝတ်နေရေးကတော့ ကျမတို့ လူလတ်ပိုင်းတွေရဲ့ အလုပ်။ မြွေကြီးပဲလည်း ကြောက်နေချိန် မရဘူး။ ကြောက်လားဆိုရင်တော့ ကြောက်ပါတယ်။ ဒါပေမယ့် ကြောက်နေရင် မစားရဘူး။
မဆုဆုဝင်း
အခုချိန်က မြွေသားပေါက်ကလေးတွေ ပိုပေါတဲ့ အချိန်ရောက်ပြီဆိုတော့ ကလေးသူငယ်တွေက ဒါကို မသိကြဘူးလေ။ လူကြီးတွေကသာ ဒါတွေကို အထူးဂရုစိုက်နေကြရတာ။ ကလေး သူငယ်လေးတွေကကျတော့ မြွေပေါတာတွေ မပေါတာတွေ သိပ်မသိကြဘူးလေ။ တချို့ မြွေသေးသေးလေးတွေကအစ မမြင်ရဘူး။ မြေကြီးအရောင်နဲ့ သွားတူနေတော့ ကလေးတွေက မမြင်တော့ တက်နင်းမိကုန်တော့ ကိုက်မိကုန်ရော။
တောင်သူ လယ်သမားလေးတွေကျ တောင်သူလုပ်ရင်း ထိတွေ့မိတာပေါ့။ ကလေးတွေကတော့ ဆော့ကစားရင်း ဖြစ်ကြတာပေါ့။ တဲနား တဝိုက်ဆော့တယ်။ တောတွေထဲဆိုတော့ တဲနား ပတ်ပတ်လည်ပဲ ရှင်းထားတာကိုး ဘေးနားတွေကိုလည်း မရှင်းရဲဘူးလေ။ ရှင်းလိုက်ရင်လည်း စစ်သားတွေလာ လို့ရှိရင်။ ဒါလူတွေ နေထားတာပဲ အဖွဲ့အစည်းတွေလား။ ဟိုဟာတွေလားဆိုပြီး ထင်မှာစိုးလို့ ကိုယ့်တဲနားလေးတစ်ဝိုက်ပဲ ရှင်းရတာလေ။ ဘေးတွေတော့ ရှင်းလို့မရတဲ့အခါကျတော့ မရှင်းထားဘူး။ တော်ကြာနေ (PDF) လို့ ထင်ပြီး လျှောက်လုပ်မှာစိုးတာပေါ့။ ပြည်သူတွေကိုလဲ မငဲ့ညှာဘူးလေ။
မရှင်းထားတော့ ကလေးတွေက သွားလာတဲ့အခါကျတော့ ထိမိခိုက်မိကုန်တာပေါ့။ ဟိုးအရင် ခေတ်ကာလကောင်းခဲ့တုန်းကတော့ မိုးစိုစီးဖိနပ် အရှည်ကြီးတွေလေ အဲ့လိုမျိုးတွေ ဝယ်စီးနိုင်တယ်။ ခုကျတော့အဲ့လိုမျိုး မဝယ်စီးနိုင်တော့ဘူး။ မဝယ်စီးနိုင်တော့ သူတို့တွေနဲ့ ပိုပြီးတော့ထိတွေ့ သလို ဖြစ်တာပေါ့။ အဲ့ခါကျတော့ မိုးစိုစီးဖိနပ် ရှည်ကြီးတွေရှိတဲ့အခါကျတော့ ဘယ်လိုပြောမလဲ ကင်းတွေ မြွေတွေ ကိုက်တဲ့အခါကျရင်လဲ ကိုယ့်အသားကို မထိတဲ့အခါကျတော့ မကိုက်မိဘူးလေ။ မိုးစိုစီးဖိနပ်ကိုပဲ ကိုက်မိတာ။
အခုကျတော့ ခြေတုန်းလုံးနဲ့သွား ဖိနပ်တွေကမရှိ ဦးထုတ်ဆောင်းစရာက မရှိ။
မိုးတွင်းစီး ဖိနပ်ရှည်က အရင်တုန်းက ၃၅၀၀ပဲရှိတာ။ အခုကျတော့ ၈၀၀၀၊ ၉၀၀၀ အဲ့လောက်ဖြစ်နေတာဆိုတော့ သူရောကိုယ်ရော ဝင်ငွေမရှိတဲ့အတွက် ဝယ်လဲမဝယ်နိုင်ဘူး ဖြစ်နေတယ်။
မိသားစုနဲ့ ကလေးသူငယ်တွေနဲ့ဆိုတော့ အစား မစားရမှာကိုလည်း ကြောက်တယ်။ မြွေကြောက်ပေမယ့် ထမင်းမစားရမှာကို ပိုကြောက် ရတယ်။ စစ်ကြောင်းတွေကိုလဲ ပိုကြောက်တယ်။
သူတို့ကတွေ့ရင် ကလေးသူငယ် မရွေးဘူး။ အကုန် သတ်တာဆိုတော့ ခုကတော့ မြွေနဲ့ စစ်ကောင်စီနဲ့ကို ကြောက်နေရတယ်။ မစားရ မသောက်ရမှာလည်း ကြောက်တာပဲ။ ငတ်မှာကိုလည်း ပိုကြောက်ရတယ်။
မမြတ်ဆွေ
ဒီမှာကတော့ မြွေတော့ ပေါတာပေါ့။ ရိုးရိုးမြွေတွေလည်း ရှိတယ်။ ကျမတို့က မြွေ ပွေးတွေကို ပိုကြောက်ရတာပေါ့။ တခါတလေတော့ ကျမတို့ ကလေးတွေ ကျောင်းပို့ရင်လည်း စိတ်ပူရတယ်။ ကလေးက တောထဲများ လျှောက်ဆော့နေမှာလား။ လျှောက်သွားနေမှာလား အဲတာတွေ စိုးရိမ်ရတယ်။ ကလေးက ဘာမှ မသိဘူးလေ။
မျှစ်သွားရှာတဲ့အချိန် တောထဲ အစာရှာထွက်ရတဲ့အချိန်တွေဆို မြွေကို ကြောက်ရတာပဲ။ ကိုယ်ကရှာမှ စားရမဲ့သူဆိုတော့ မရှာရင်လည်း မစားရဘူးလေ။ ဈေးသည်က မလာတဲ့နေရာဆိုတော့ ရှာလို့ ဖွေလို့ စားရတာပေါ့။ အဲ့လိုမျိုးအခက် အခဲတွေ တွေ့တဲ့အခါကျတော့ ဒီလိုရှိမယ် မရှိဘူးဆိုတာမသိပေမဲ့ ကိုယ်ကတော့ တောထဲတိုးပြီးရှာရတဲ့ အလုပ်မျိုးဆိုတော့ သူတို့နဲ့ ထိတွေ့ရတာပေါ့ အဲ့လိုမျိုး ခြစ်မိခိုက်မိတာ ထိမိတာတွေပေါ့။ အစစအရာရာ သတိထားရတာ သူတို့ ရှိတယ် မရှိဘူးဆိုတာ ကိုယ်လဲ မသိနိုင် မမြင်နိုင်ဘူးလေ။
မြွေတွေက ကိုယ့်အိမ်ထဲထိ တက်ခွေနေတာတွေ ဖြစ်ဖူးတယ်။ ဘေးတွေ ပတ်ပတ်လည်ပေါင်းမရှင်း ရဲတဲ့အခါကျတော့ ကိုယ်က အဲ့လိုမျိုးလူနေမှုများနေတဲ့နေရာဖြစ်မှာစိုးလို့ဆိုပြီးမှ ပေါင်းလေးတွေမရှင်းရဲ တဲ့အခါကျတော့ သစ်ပင်တွေကနေနွယ်ပြီးတက်တာတွေရှိတယ်တဲပေါ်ကို။ ကိုယ့်ကိုကိုက်မဲ့မြွေဆိုတော့လဲ ကိုယ်တိုင်ရိုက်လိုက်ရတာပေါ့။ ကိုယ်မရိုက်ပဲလွှတ်လိုက် ရင် သူက သူများတွေကိုသွားကိုက်လိုက်မှာလဲစိုးတော့ ကိုယ်ပဲအရင်လက်ဦးပြီး ကြောက်ကြောက်နဲ့ ရိုက်လိုက်တာပါ။ သွားသွားလာလာတော့ အရမ်းဂရုစိုက်ပြီးနေရတာပဲ။
အိပ်ရတဲ့ အချိန်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်။ ဒါပေမဲ့သူက ဒီကံဇာတာနဲ့ ပါလာခဲ့ရင်တော့ တက်ကိုက်မှာတော့ သေချာတယ်။ အဲ့တာကိုလဲ အရေးတကြီး မတွေးနေနိုင် တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြေးလွှားနေရတာဆိုတော့ ကိုယ်က အချိန်တိုင်း အိပ်ရေးပျက်နေရင်လည်း ကိုယ့်အတွက် ကျန်းမာရေးတွေ ထိခိုက်လာမှာ စိုးလို့မို့ရှင့်။