Home ဆောင်းပါး အမျိုးသမီးတွေအပေါ် စစ်တပ် ကျူးလွန်နေတဲ့ တုန်လှုပ်ထိတ်လန့်စရာ စစ်ရာဇဝတ်မှုတွေ

အမျိုးသမီးတွေအပေါ် စစ်တပ် ကျူးလွန်နေတဲ့ တုန်လှုပ်ထိတ်လန့်စရာ စစ်ရာဇဝတ်မှုတွေ

ရှင်ငြိမ်း ။ ။

စစ်သားတွေ ထွက်သွားတာနဲ့ ရွာထဲပြန်ဝင်လာချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက ဒေါ်အေးငွေအတွက် အင်မတန် စက်ဆုပ် တုန်လှုပ် ချောက်ချားဖွယ်ရာ ကောင်းနေပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ အညိုအမည်း ဒဏ်ရာတွေအပြင် အဝတ်အစားတွေက ဖရိုဖရဲ စုတ်ပြဲနေပြီး အောက်ပိုင်းအဝတ်တွေ မရှိတော့ဘဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတွေရဲ့ ရုပ်အလောင်းတွေက တကယ့်ကို မမြင်ဝံ့စရာ။

အမျိုးသားတွေကိုလည်း ဦးခေါင်းခွံတွေ ကြေမွအောင် ထုနှက်ထားပြီး ကိုယ်လက်အင်္ဂါတွေလည်း အပိုင်းပိုင်း ခုတ်ထစ်ထား သလို ခေါင်းဖြတ်ခံထားရတဲ့ ရုပ်အလောင်းတခုပေါ်မှာတော့ ခွဲထုတ်ထားတဲ့ အူခွေက အပုံလိုက်။

ဒါဟာ အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီး လမ်းမှာ သတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ မြင်ကွင်း ဖြစ်တယ်။ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်သားတွေဟာ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်၊ နံနက် ၃ နာရီဝန်းကျင်လောက်မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ နယ်ထဲက တာတိုင်ကျေးရွာလေးထဲ တိတ်တဆိတ် စီးနင်း ဝင်ရောက်ခဲ့တာပါ။

သူတို့တွေဟာ ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲလိုက်ပြီး နေအိမ်တွေထဲ ဝင်ရောက် ပစ်ခတ်ပါတယ်။ သေနတ်သံကြောင့် ထွက်ပြေးသူတချို့ လွတ်မြောက်သွားပေမယ့် ပိတ်မိကျန်ခဲ့တဲ့ ရွာသား ၁၀၀ လောက်ကိုတော့ ဘုန်းကြီးကျောင်းထဲမှာ ဖမ်း ချုပ်ထားလိုက်ပါတယ်။

ဖမ်းဆီးထားတဲ့နာရီပေါင်း ၂၀ ကျော်တိုင်တိုင် အရပ်သားတွေကို လူမဆန်အောင် ရိုက်နှက်နှိပ်စက်သလို အမျိုးသမီးတွေကို လည်း ဆဲဆိုပြီး လိင်ပိုင်းဆိုင်ရာ ထိပါးတာတွေ လုပ်ခဲ့တာကြောင့် တချို့ဟာ စိတ်ဒဏ်ရာရသွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်တွေအနေနဲ့လည်း လက်နက်အင်အား မမျှတတာကြောင့် ရွာနားမကပ်နိုင်ဘဲ အဝေးကနေသာ လှမ်းကူပစ်နိုင်ရုံသာ တတ်နိုင်ခဲ့ကြတယ်။ ရွာသတင်းထောက်လှမ်းနေတဲ့ ကင်းထောက်တစ်ဦးလည်း ဖမ်းမိသွားခဲ့တယ်။

နောက်နေ့ မတ် ၂ ရက်၊ မနက်ပိုင်းမှာတော့ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အမျိုးသမီး သုံးဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သလို အမျိုးသား ၁၄ ဦးကိုလည်း အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပါတယ်။

“သူတို့မှာ လက်နက်နဲ့ဆိုတော့ သတ်ချင်သလိုသတ်၊ မုဒိမ်းကျင့်ချင်သလို ကျင့်သွားတာ ကျမတို့ဘာမှ မတတ်နိုင်ဘူး။”လို့ ဒေါ်အေးငွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် တာတိုင်ကျေးရွာနဲ့ အနီးနားကျေးရွာက ဒေသခံတွေဟာ စိတ်မလုံခြုံမှုတွေ ဖြစ်လာတကြောင့် ရွာတွေကို စွန့်သွားကြတဲ့အတွက် အခုဆိုရင် အဲ့ဒီရွာတွေဟာ ရွာပျက်ကြီးတွေလိုဖြစ်နေပြီလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့စစ်ကိုင်းတိုင်းထဲမှာ တာတိုင်ကျေးရွာလို အစုလိုက်အပုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် တွေက အမြောက်အများ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် နိုင်ငံအနှံ့မှာလည်း စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ရက်စက် ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့မှုတွေ အများအပြားရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းက မြောက်နုံးရွာတွင် အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်ကာ မီးရှို့ခဲ့ပုံ 

စစ်ကိုင်းတိုင်းမှာ စစ်တပ် ကျုးလွန်ခဲ့တဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှုများ

စစ်ကိုင်းတိုင်းအတွင်း ထင်ရှားတဲ့ဖြစ်စဉ်တွေကတော့  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာ ဆားလင်းမြို့နယ်၊ ဒုန်းတောကျေးရွာက အမျိုးသမီး ငါးဦးအပါအဝင် ဒေသခံ ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သလို ဇူလိုင်လမှာလည်း ကနီမြို့ နယ်ရှိကျေးရွာ လေးခုမှ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်က သက်သေခံလျက် ရှိပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာမှာ အမျိုးသမီးတွေအပါအဝင် အရပ်သား ၃၅ ဦး၊ ကလေးမြို့မှာ သားအမိ သုံးဦးကို မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ခဲ့သလို ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးမှာလည်း စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ် ၁၃ ဦးသေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှာလည်း လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် အရပ်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာလည်း စစ်တပ်က လေကြောင်းကနေ တိုက်လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး ဒီဖြစ်ရပ်ဟာ စစ်ကောင်စီ တပ်ဖွဲ့တွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် အများဆုံး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီလိုရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်က အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူတွေဟာ နေ့စဉ်ရက်ဆက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ ခံနေရတာပါ။

ကရင်နီပြည်နယ်၊မိုဆိုကျေးရွာအနီး အစုအလိုက်အပြုံလိုက် မီးရှို့သတ်ခံရမှု 

စစ်တပ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးတွေ

စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေလ (၂၄)ရက်အထိ စစ်တပ် လက်ချက်နဲ့ အမျိုးသမီး ၆၇၆ ဦး သေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်က အမျိုးသမီးတွေကို ဦးတည်ပြီး စစ်လက်နက်သဖွယ် အသုံးပြုပြီးတော့ မုဒိမ်းကျင့်တာမကဘဲ တကယ့်ကို အစုလိုက်အပုံလိုက် ရက်ရက်စက်စက် လုပ်ဆောင်တာတွေ ရှိလာတယ်။” လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

နိုင်ငံတော်အာဏာကို မတရား ရယူထားတဲ့ စစ်တပ်ဟာ အမျိုးသမီးတွေအပေါ် ရည်ရွယ်ချက်ရှိရှိ မုဒိမ်းကျင့် သတ်ဖြတ်တာ၊ အစုလိုက်အပုံလိုက် မီးရှို့သတ်ဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့တာ၊ ဓါးစာခံနဲ့ လူသားဒိုင်းအဖြစ် သုံးတာ၊ လူနေအိမ် တွေပေါ်ဗုံးကျဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကို မျက်၀ါးထင်ထင် ကျုးလွန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်အသင်း (AAPP) ကောက်ယူထားတဲ့စာရင်းတွေအရ အာဏာသိမ်းထားတဲ့ နှစ်နှစ် ကျော်ကာလအတွင်း စစ်တပ်ရဲ့လက်ချက်နဲ့ နိုင်ငံတဝန်းက အမျိုးသမီး ၅၃၆ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အယောက် ၂၅၀ နဲ့ အများဆုံး သေဆုံးထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းချိန်မှစလို့ မေလ ၂၉ ရက်ထိ မီးရှို့ပြီး သတ်ဖြတ်ခံရတဲ့ အမျိုးသမီး စုစုပေါင်းက ၅၄ ဦးရှိပြီး သတ်ဖြတ်ပြီး နောက် ခန္ဓာကိုယ် မီးရှို့ခံရတဲ့ အမျိုးသမီးစုစုပေါင်းက ကိုးဦးအထိ ရှိနေတယ်လို့လည်း AAPP က ဆိုပါတယ်။

သတ်ဖြတ်ခံခဲ့ရသည့် တာတိုင်ကျေးရွာသားများ အလောင်းများကို သယ်ယူနေစဉ်

ကရင်နီပြည်နယ်မှ အစုလိုက်အပုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု

ကရင်နီ(ကယား)ပြည်နယ်မှာလည်း နိုင်ငံတကာက အံ့သြတုန်လှုပ်ရလောက်တဲ့အထိ ဆိုးဝါးလွန်းလှတဲ့ အစုလိုက်အပုံ လိုက် မီးရှို့သတ်ဖြတ်မှုက ၂၀၂၁ ခုနှစ်၊ ခရစမ္မတ်အကြိုနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေ့ဟာ ခရစ္စမတ်အကြိုနေ့ဖြစ်လို့ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာနဲ့  ကွိုင်ငံရွာချင်းဆက်လမ်းဟာ ဖြတ်သွားဖြတ်လာသူ များတဲ့ နေ့တစ်နေ့ ဖြစ်တယ်။ ဒီလမ်းနဲ့ မနီးမဝေး တပ်စွဲထားတဲ့ စစ်သားတွေက မနက်ပိုင်းကတည်းက ဖြတ်သွားသူတိုင်းကို ဖမ်းဆီးနေတာ ဖြစ်ပေမယ့် ဘယ်သူမှ မသိကြပါဘူး။

ဒီအချိန်မှာ မူဆိုရွာသားတစ်ဦးက လွှတ်ထားတဲ့ကျွဲ၊ နွားတွေပြန်ခေါ်ဖို့သွားတော့ စစ်သားနှစ်ဦးကို သူ့တို့ဆီလာခဲ့ဖို့ လက် ယက်ခေါ်တော့ ကြောက်ပြီး မသွားဘဲ ထွက်ပြေးတဲ့အခါ စစ်သားတွေက သေနတ်နဲ့လှမ်းပစ်ပေမယ့် မထိဘဲ လွတ်မြောက် သွားခဲ့တယ်။ ဒီသေနတ်သံကြောင့် စစ်သားတွေ ရွာထဲဝင်လာပြီအထင်နဲ့ ဒေသခံတွေက စစ်ရှောင်ဖို့ ပြင်ကြပါတယ်။

ရွာအနီးမှာရှိတဲ့ နယ် ခြားစောင့်တပ်(BGF)မှ တပ်ဖွဲ့ဝင် လေးဦးကလည်း ရွာသားတွေ ဖမ်းထားတာရှိရင် ပြန်လွှတ်ပေးဖို့ သွားညှိနှိုင်းရင်း အစပျောက် သွားပါတယ်။ သေနတ်သံကြားလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရောက်လာတဲ့အချိန်မှာ မီးခိုးလုံးတွေ စတွေ့ရလို့ ပတ်ကြည့်ရင်း BGFတပ်ဖွဲ့ လေးဦး အလောင်းကို စတွေ့ကြတာ ဖြစ်တယ်။

ဒီအထိစစ်တပ်က ပြည်သူတွေကို မီးရှို့သတ်နေတယ်ဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ပြည်သူပိုင်ပစ္စည်းတွေ မီးရှို့နေ တယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြတယ်။ နောက်နေ့ ရွာထဲဝင်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းက အားလုံးအတွက် ထိတ် လန့်ချောက်ချားစရာ ဖြစ်ခဲ့တယ်။ 

ကားတွေထဲမှာ အပုံလိုက် မီးရှို့ခံထားရတဲ့ အပေါ်ပိုင်းကလူတွေကတော့ အလောင်းကောက်မရအောင် အရိုးပြာကျနေ ပေမယ့် အောက်ကလူတချို့ကတော့ အကောင်းတိုင်း ကျန်ခဲ့ပါတယ်။ အလောင်းတိုင်းကို အဝတ်တွေ ပါးစပ်ထဲ ထိုးထည့် လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့ မီးရှို့သတ်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ကား ခုနစ်စီး၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၄၉ ဦးမီးရှို့သတ်ခဲ့ပေမယ့် အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ငါးဦးရဲ့အလောင်းတွေသာ အတည်ပြုနိုင်ခဲ့ပြီး ကျန်ရုပ်အလောင်းတွေကတော့ ကောက်မရတော့ဘူးလို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့(စစ်သားတွေ)ကို ဘာပြန်လုပ်ရမလဲလို့ ကျမ နေ့တိုင်းတွေးတယ်။ လုပ်ခွင့်ရမယ်ဆိုရင် ကျမ တူမနဲ့ ကလေးတွေကို သတ်သွားသလိုမျိုး သတ်ချင်ပါတယ်။ ကျမ တူမလေးက အရွယ်ကောင်းလေးပါ။ အရှင်လတ်လတ် မီးရှို့သတ်ခံလိုက်ရ တယ်။”လို့ ဒေါ်ရီ(အမည်လွှဲ)က ပြောပါတယ်။

ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေဟာလည်း ဒီစိတ်ဒဏ်ရာတွေနဲ့ စစ်တပ်ရန်ကြောင့် ထိုင်းနယ်စပ် ထွက်ပြေးနေကြ သလို တချို့လည်း စစ်ရှောင်ဘဝနဲ့ ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အခုလိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်က သူတို့ကို တိုက်လို့ ပြန်ပစ်ကြရင်း ကားတွေကို မီးရှို့ခဲ့တယ်လို့ ထုတ်ဖော် ပြောထားပေမယ့် အစုလိုက်အပုံလိုက် သတ်ဖြတ်မှုကိုတော့ ဖုံးကွယ်ထားခဲ့တာပါ။

သတ်ဖြတ်ခံခဲ့ရသည့် တာတိုင်ကျေးရွာသားများ အလောင်းများကို သယ်ယူနေစဉ်

ချင်းပြည်နယ်မှ ထိတ်လန့်စရာကောင်းတဲ့ အစုလိုက်သတ်ဖြတ်ခံရမှု

အကြမ်းဖက်စစ်တပ်ရဲ့အရပ်သားတွေအပေါ် ထိတ်လန့်စရာကောင်းတဲ့ရာဇဝတ်မှုကို ထပ်မံကျူးလွန်လိုက်တာကတော့ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာပါ။၂ဝ၂၂ ခုနစ်၊ ဇန်နဝါရီလ ၆ ရက်၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်ကို ဖြတ်သွားတဲ့ စစ်သားတွေဟာ လူသားဒိုင်းအဖြစ်နဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။

ဖမ်းသွားပြီး သုံးရက်အကြာမှာ မတူပီမြို့မြောက်ဘက် ကိုးမိုင်ခန့်အကွာက ကီလှုန်းနဲ့ လုံလှော်ရွာဘက်မှာ သေဆုံးနေတဲ့ရုပ် အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“သတ်သွားတာက တကယ့်ကို ရက်စက်လွန်းအားကြီးတယ်။ သေနတ်ပစ်သတ်တာက ခံသာသေးတယ်။ အခုက လူတွေကို ကြိုးတုတ်ပြီး မျက်စိနဲ့ ပါးစပ်ထဲအဝတ်တွေ ထည့်ထားတယ်။ လျှာအောက်နဲ့ မေးစေ့ဖြတ်ပြီး လည်ပင်းကို ဓါးနဲ့လှီးဖြတ် တယ်။”လို့ သူက ဆိုပါတယ်။

အသတ်ခံလိုက်ရသူတွေထဲမှာ အသက် ၁၃ နှစ် ကလေးတစ်ဦးနဲ့ သတင်းထောက်တစ်ဦးလည်း ပါဝင်ပြီး ဒီသတ်ဖြတ်မှုအတွက် တရားခံဖြစ်တဲ့ မတူပီအခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ က တာဝန်ယူရမယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) က အသိပေးထားပါတယ်။ အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်းမှာ ချင်းလူမျိုး ၈၉၁ ဦးဖမ်းဆီးခံရပြီး သတ်ဖြတ်မှုနဲ့ ဥပဒေမဲ့သေဆုံးမှု ၁၈၀ ကျော် ကို CHRO က မှတ်တမ်းတင်ထားပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်က ကျူးလွန်တဲ့ ထင်ရှားတဲ့ လူသတ်မှုဖြစ်စဉ်ကတော့ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်၊ မနက် ၁၀ နာရီမှာ လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အမျိုးသမီး လေးဦးအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကတော့ ဒဏ်ရာရခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ၆၄ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA) ရဲ့ မေလ ၂၂ ရက်ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးတဲ့ ၆၄ ဦးထက်မနည်းမှာ အမျိုးသမီး၊ ကလေးငယ်နဲ့ အသက်အရွယ်ကြီး သူ ၅၄ ဦးပါဝင်တယ်လို့ ဆိုထားပါတယ်။

စစ်တပ်မှ ပြည်သူများ အိုးအိမ်များကို နေ့စဉ် မီးရှို့ဖျက်စီးနေသည်။ 

မကွေးတိုင်းမှလက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်မှု

ဒီလို အစုလိုက်အပုံလိုက် သတ်ဖြတ်ခံရမှုမှာ ခုခံစစ်အားကောင်းတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်လည်း ပါဝင်ပါတယ်။ ပေါက်မြို့နယ်၊ တံစူးရွာက စစ်ရှောင် ကိုးဦးသေဆုံးရတာကို ကြည့်ရင် စစ်တပ်ရဲ့ ရက်စက်မှုကို တွေ့ မြင်နိုင်မှာ ဖြစ်တယ်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၂ ရက်၊ ညနေ ၄ နာရီလောက်မှာ စစ်အင်အား ၇၀ နီးပါးဟာ လက်နက်ကြီး အပြည့်အစုံနဲ့ ရွာထဲ ဝင်လာပြီး တခြားရွာက စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်လေးတွေကို လက်နက်ကြီးနဲ့ ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုး သမီး ရှစ်ဦးဟာ နေရာမှာတင် သေဆုံးခဲ့ရတာပါ။

အမျိုးသားတစ်ဦးကတော့ ဒဏ်ရာအပြင်းအထန်ရပြီး အချိန်မီ ဆေးမကုသနိုင်တာကြောင့် ဆုံးပါးသွားခဲ့တာပါ။ ဒီသေဆုံး သွားသူတွေဟာ ဆွေမျိုးသားချင်းတွေဖြစ်ကြပြီး ဘေးလွတ်ရာမှာ စုနေရင်းကနေ အခုလိုဖြစ်သွားရတာ ဖြစ်တယ်။

မကွေးတိုင်းအတွင်း စစ်တပ်က နောက်ထပ် ကျူးလွန်တဲ့ အစုလိုက်အပုံလိုက် သတ်ဖြတ်ခံရမှုတွေကတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်မှာ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာထဲ လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ငါးဦးအထက် သတ်ဖြတ်ခံရမှုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုလို့ သတ် မှတ်တဲ့အတွက် ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်စာရင်းတွေအရ စစ်တပ်က အစုလိုက်အပုံလိုက် သတ်ဖြတ်မှု ပေါင်းအနည်းဆုံး ၁၄၇ ကြိမ်ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ခုခံစစ် အားကောင်းတဲ့ ပြည်နယ်၊ တိုင်းအသီးသီးက အမျိုးသမီးတွေကို မုဒိမ်း ကျင့်မီးရှို့ကာ အစုလိုက်သတ်ဖြတ်တာတွေ ကျူးလွန်နေပေမယ့် သူတို့လုပ်တာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်တပ်က အစဉ်အမြဲ ငြင်းဆိုနေတာပါ။

အခုလို အစုလိုက်အပုံလိုက် မုဒိမ်းကျင့်မီးရှို့ သတ်ဖြတ်ခံရသူတွေဟာ အရပ်သားဖြစ်နေတယ်ဆိုတာက သာမာန် လူ့အခွင့်အရေး ချိုးဖောက်မှုတင် မကဘဲ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ပြစ်မှုဆိုင်တဲ့ အချက်မျိုး ဒီသက်သေ အထောက်အထား ပိုများလာတာကို တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပြည်သူတရပ်လုံးကို ရန်သူလို သတ်မှတ်ပြီးတော့ ပြည်သူတရပ်လုံးကို အကြမ်းဖက်ပိုင်ခွင့် ပေးထားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်ပဲ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“ဒီဟာက ကျူးလွန်တဲ့သူကလည်း ပြည်သူကို သတ်လို့ရတယ်ဆိုတဲ့ စိတ်ထားလည်းရှိသလို ကျူးလွန်တဲ့သူတွေအပေါ်မှာ အပြစ်ပေးအရေးယူတာ မရှိတဲ့အရာကြောင့်လည်း ပိုမိုပြီး လက်ရဲဇက်ရဲ သတ်ဖြတ်တဲ့ပုံစံမျိုး ပိုမိုများပြားလာတာပါ။” လို့ သူက မှတ်ချက်ပေးပါတယ်။

အကြမ်းဖက်စစ်တပ်က အခုမှဒီလိုဖြစ်စဉ်တွေကို ကျူးလွန်နေတာ မဟုတ်ဘဲ ယခင်ကတည်းက နယ်စပ်မှ ကရင်တွေကို ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်တာ၊ အစုလိုက်အပုံလိုက် သတ်ဖြတ်တဲ့ အစဉ်အလာတွေရှိခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“ဒါရာဇဝတ်မှုဆိုတော့ ရာဇဝတ်မှုအတိုင်း အရေးယူ ဆောင်ရွက်မှုအတိုင်း အရေးယူမှု ရှိကိုရှိရမယ်။ အရင်တုန်းက အပြစ်ပေး အရေးယူမှု မရှိခဲ့ဘူး။ အပြစ်ပေးအရေးယူရမယ့် စစ်ကောင်စီကို တားဆီးမှု မရှိခဲ့တဲ့အတွက် အရေးယူနိုင်တာ အားနည်းခဲ့လို့ အခုလို ဖြစ်နေတာပါ။”လို့ သူက ထောက်ပြပါတယ်။

တကယ်က စစ်တပ်က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးစာချုပ်ဖြစ်တဲ့ စီဒေါစာချုပ်ပါ အချက်တွေထက် ကျော်လွန်ပြီး လုပ်ဆောင်နေ တယ်လို့ WLBမှ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ရှုတ်ချ ဝေဖန်ထားပါတယ်။

စစ်တပ်ရဲ့အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ဖြစ်စဉ်တွေဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့အမြင့်ဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးစေတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာပါ့မယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၃၂၅၊ ၁၈၂၀ ပါတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို စစ်ပွဲအတွင်းမှာ ဓါးစာခံအနေနဲ့အသုံးပြုတာ အသုံးချတာတွေ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာ၊ သတ်ဖြတ်တာတွေက လုံးဝလုပ်ဆောင်လို့ မရဘူးဆိုတာ အတိအလင်း ဖော်ပြထားတာပါ။

အမျိုးသမီးနဲ့ ကလေးတွေကို ဦးတည်ပြီးတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာတို့ လုပ် ဆောင်တယ်ဆိုရင် ဒါက စစ်ရာဇဝတ်မှု လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ် ဆိုတာကို အတိအလင်း ဖော်ပြထားတယ်လို့ နာင်းမို့မို့က ဆိုပါတယ်။ 

“သူတို့(စစ်တပ်)တွေက စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုဆန့်ကျင်မှုကို အတိအလင်း ကျူးလွန်နေတယ် ချိုးဖောက်နေတယ် ဆိုတာ သူတို့ကိုယ်သူတို့ ဖော်ပြနေတာ ဖြစ်တယ်။”လို့ နာင်းမို့မို့က ပြောပါတယ်။

စစ်တပ်က ဒီအမျိုးသမီးတွေနဲ့ဆိုင်တဲ့ စာချုပ်တွေ၊ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရုံသာမက စစ်သားတွေ လိုက်နာရမယ့် ပြည်တွင်း စစ်သည်တော်ကျင့်ဝတ်မှာပါတဲ့ စစ်ပွဲအတွင်း အမျိုးသမီးတွေကို လိင်အကြမ်းဖက်တာ၊ နှိပ်စက် ညှင်းပန်းတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ဓါးစာခံအဖြစ်ဖမ်းခေါ်တာတွေ မလုပ်ရဘူးဆိုတဲ့ အချက်တွေကိုပါ ကျူးလွန် ဖောက်ဖျက်နေတာ ဖြစ်တယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လိုက်နာကျင့်သုံးပါမယ်လို့ သဘောတူလက်ခံကာ လက်မှတ်ရေးထိုးထားတဲ့ ဂျနီဗာကွန်ဗန်းရှင်းရဲ့ ပြဌာန်းချက်တွေမှာလည်း ပြည်တွင်းမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေထဲမှာ အမျိုးသမီးတွေကို လိင်မှုဆိုင်ရာ အကြမ်းဖက်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

စစ်ရေးပဋိပက္ခ ဖြစ်နေဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သည့်အချိန်တွင်မဆို လက်နက်ကိုင်ထားတဲ့ စစ်သားတွေက အမျိုးသမီး တွေကို ဦးတည်ပြီး မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်နေတာတွေက ပြည်တွင်းစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့ နိုင်ငံတကာကျင့်ဝတ် တွေကို ချိုးဖောက်နေတဲ့ စစ်ရာဇဝတ်မှုတွေသာ ဖြစ်တယ်။

“ပြည်တွင်းဥပဒေမှာရော နိုင်ငံတကာဥပဒေမှာပါ စစ်ဖြစ်တဲ့ဒေသက အမျိုးသမီးတွေကို ဘယ်လိုအကာအကွယ်ပေးရမယ်။ အမျိုးသမီး အခွင့်အရေးတွေကို ချိုးဖောက်လို့မရဘူးဆိုတဲ့ တားမြစ်ချက်တွေ ရှိနေတာတောင် မျက်နှာပြောင်တိုက်ပြီး အခုလို ဆက်ကျူးလွန်နေတာက အရှက်နည်းလွန်းတယ်။” လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

၂၀၁၆/၁၇ မှာ ရခိုင်ပြည်နယ်မှာလည်း အကြမ်းဖက်စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တာကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားရင်ဆိုင်နေရတာကို ထောက်ရှူခြင်းဖြင့် သူတို့ရဲ့ဆိုးယုတ်မှုကိုမြင်နိုင်တယ်လို့ သူက ပြောပါတယ်။ တစ်ဆက်တည်းမှာ အမျိုးသမီးတွေအပေါ်ပုံစံမျိုးစုံနဲ့ အကြမ်းဖက် ကျူးလွန်နေတဲ့ စစ်တပ်ကိုအမြန်ဆုံး အပြစ်ပေး၊ အရေးယူမှုတွေ လုပ်ဖို့ တောင်းဆိုထားပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း အခုလို ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကိုယ်ထိလက်ရောက်ကျူး လွန်သူတွေ၊ ကျူးလွန်ဖို့ခိုင်းစေသူတွေကိုပါ ထိရောက်ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနိုင်ဖို့ တိကျသေချာတဲ့ အချက်အလက် တွေနဲ့ သတင်းတွေ ရရှိထားပြီးဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးအရေးယူဖို့ကို WLB မှ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့ကလည်း အခုလို တိုက်တွန်းစကား ဆိုပါတယ်။

“ဒါပြည်တွင်းစစ်ဖြစ်တယ်။ ဒါပေမဲ့ စစ်တပ်က တစ်ဖက်သတ်ပြည်သူတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်သူ အချင်းချင်း စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ လိုတယ်။”

Author:

Related Articles