Home အမျိုးသမီးများအသံ ကျောင်းဖွင့်ရာသီကပေးတဲ့ စစ်ဘေးရှောင်မိခင်များအတွက် သောကအပူမီး

ကျောင်းဖွင့်ရာသီကပေးတဲ့ စစ်ဘေးရှောင်မိခင်များအတွက် သောကအပူမီး

မြန်မာနိုင်ငံမှာ  ဇွန်လဟာ ကျောင်းဖွင့်ရာသီ ဖြစ်တယ်လို့ ဆိုရမှာပါ။ ပုံမှန်အချိန်တွေမှာဆိုရင် ဒီလို ကျောင်းဖွင့်ရာသီရောက် လာရင်  မိခင်အများစုက  သားတွေ၊ သမီးတွေကို ကျောင်းအဖြူအစိမ်း အသစ်၊ လွယ်အိတ် အသစ်၊ ကျောပိုးအိတ် အသစ်၊ ထမင်းချိုင့် အသစ် စတဲ့ ကျောင်းသုံး ကိရိယာတွေကို ဝယ်ပေးလေ့ ရှိကြပါတယ်။ ကျောင်းဖွင့်ရက်ဆို သားသမီး ကျောင်းသွားဖို့ အလှဆုံး ပြင်ပေးကြပြီး သားသမီးလက်ကို ဆွဲကာ ကျောင်းလိုက်ပို့လေ့ ရှိကြတာပါ။

ဒါပေမယ့် လက်ရှိ အာဏာသိမ်းမှုနောက်ဆက်တွဲ ဆက်တိုက်ဖြစ်ပွားလာခဲ့တဲ့ စစ်ပွဲတွေကြောင့် ဒေသခံအများစုက နေအိမ်ကို စွန့်ခွာပြီး မိသားစုလိုက် နီးစပ်ရာ မြို့နယ် ဒေသတွေကို ထွက်ပြေးတိမ်း‌ရှောင်နေထိုင်နေကြပါတယ်။

နေအိမ်၊ တောင်ယာလုပ်ငန်းတွေပါ စွန့်လွတ်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတာ အခုဆိုအချိန်ကာလ (၂) နှစ်ထဲကို ရောက်ရှိလာကြပပြီဖြစ်ပါတယ်။ စစ်ရှောင် အမျိုးသမီးများဟာ နေ့စားလိုက်ရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတာပါ။ မိသားစု စားဝတ်နေရေးက တစ်ဖက်နဲ့ ရုန်းကန်နေရင်း ယခုဆိုရင် ကျောင်းဖွင့်ရာသီ ဖြစ်တာကြောင့် သားသမီးတွေ ကျောင်းတက်နိုင်ဖို့ ပိုမို ရုန်းကန်နေရတဲ့ မိခင်တွေရဲ့ သောကတွေ၊  သားသမီးတွေ အ‌ပေါ် မျှော်လင့်ထားတဲ့ အိမ်မက်တွေဖြစ်လာဖို့တွေအတွက် ရရာနည်းလမ်းနဲ့ဖြည့်ဆည်းနေတဲ့အခြေအနေတွေကိုကို  စုစည်း ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ဒေါ်မေရီ (ပင်လောင်းမြို့ရှိ စစ်ရှောင်စခန်း)

ဒီကို ရောက်လာတာ (၂) နှစ်ကျော်ပြီ။ သားသမီးကတော့ ၄ ယောက်ရှိတယ်။ ကျောင်းနေတာက သုံးယောက်၊  လေးတန်းက တစ်ယောက်၊ သုံးတန်း၊ နှစ်တန်း တစ်ယောက်ပေါ့ တစ်ယောက်ကတော့ (၂)နှစ် ပဲ ရှိသေးတယ်။ သားသမီးအတွက် ဘာမှမပြင်ဆင်ရဘူး။ ဘာမှ မလုပ်ပေးနိုင်ဘူး။

ကျောင်းဝတ်စုံ အဖြူအစိမ်းတောင် အသစ်က မရှိဘူး။ မဝယ်ပေးနိုင်ဘူး ပိုက်ဆံမရှိဘူးလေ။ ပြီးခဲ့တဲ့ နှစ်က အဟောင်းပဲ ပြန်ဝတ်နေရတယ်။ အရင်က သူများလာလှူထားတဲ့ အဖြူစိမ်းအဟောင်းပဲ ရှိတယ်။ သားအကြီးနဲ့၊ အလတ်က ဖြူစိမ်း တစ်စုံစီပဲ ရှိတယ်။ အငယ်တစ်ယောက်ကတော့ သူများလာပေးတော့ ၂ စုံရှိတယ်။

ဒီနေ့ ဝတ်သွားရင် ညကျောင်းကနေ ပြန်လာရင် ချက်ချင်းလျော်ပေါ့။ မနက်ကျရင် အဲတာပဲ ပြန်ဝတ်ပေါ့။ မိုးရွာရင် မခြောက်တာမျိုးဆိုရင်တော့ ရိုးရိုး အင်္ကျီပဲ ပြန်ဝတ်သွားရတာပေါ့။ မဝယ်ပေးနိုင်ဘူးလေ။ စာအုပ်တွေ၊ ဘောပင်တွေက အစ ဘာမှ မဝယ်‌ပေးနိုင်သေးဘူး။

ဗလာစာအုပ်တွေကတော့ အရင်နှစ်က သုံးမကုန်တဲ့ဟာ ပြန်သုံးနေရတယ်။ တစ်ဒါဇင်ရှိတယ်။ မောင်နှမ သုံးယောက် ဝေခွဲပြီး သုံးနေရတယ်။  ကျောင်းသွားရင် သူတို့ကို မုန့်ဖိုးပေးရင် တစ်ယောက် (၁၀၀) ပေးတယ်။ တစ်ပတ်မှ ၂ ခါ၊ ၃ ခါပဲ ပေးနိုင်တယ်။ ပိုက်ဆံမရှိဘူးလို့ ပြောရင် မရှိတာ သူတို့လည်း သိနေတယ်ဆိုတော့ သူတို့ မတောင်းတော့ဘူး။

ကျောင်းသွားအပ်တာတော့ ပိုက်ဆံမပေးရသေးဘူး။ ဗလာစာအုပ်လည်း မရဘူး။ ဖတ်စာအုပ် ပေးတဲ့အချိန်ကျရင်တော့ တစ်ယောက်ကို ပိုက်ဆံ တစ်သောင်းပေးရမယ်လို့တော့ ပြောတယ်။ လောလောဆယ်တော့ မပေးရသေးဘူး။ စာအုပ်ဖိုးကတော့ ဟိုရက်က သူ့အဖေ သူများကို မြောင်းသွားလုပ်ပေးတော့ သုံးသောင်းရတယ်လေ။ အဲတာလေးကို မသုံးရက်ဘူး ကျောင်းက တောင်းလာရင် ပေးလို့ ရအောင်လို့။

ဘာမှမှရှိဘူး ဘာမှမလုပ်ပေးနိုင်ဘူး။ အလုပ်လည်း ရှားတယ်။ သူတို့အတွက် ကျောင်းစရိတ်လည်း ကုန်တော့ စားရေး သောက်ရေးပိုင်းမှာ ပိုချွေတာရတာပေါ့။ သူများ ရသလို သူတို့ မရရင်လည်း သူတို့ ဝမ်းနည်းနေမှာလေ။ ကျမတို့ နေ့စားလိုက်လည်း တစ်ရက်မှ ခုနှစ်ထောင်ပဲဆိုတော့။

ဖတ်စာအုပ်အတွက် တစ်သောင်းကလည်း ဘာမှမရှိတဲ့ ကျမတို့လိုကတော့ များတာပေါ့။ စစ်ရှောင်နေရတာက တစ်ဖက်ဆိုတော့။ ကျမက သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ကျမတို့လို ပညာမတတ်ရင် တအားမျက်နှာငယ်ရတယ်။ အလုပ်မရှိ အကိုင်မရှိ။ ပညာအဆုံးထိ သင်စေချင်တယ်။

ကျောင်းဖွင့်ရင်လည်း ဟိုဖိုး ဒီဖိုးတောင်းတာမျိုးတော့ ရှိတယ်။ ပြီးခဲ့တဲ့နှစ်က အကုန်လုံးကို (၆)သိန်းလောက်တော့ ကုန်တယ်။ နေ့စားလိုက်လို့ ရလာတဲ့ ပိုက်ဆံကို သားသမီးတွက် ကျောင်းစရိတ်ထုတ်ပေးလိုက် စားဝတ်နေရေးအတွက် ထုတ်လိုက်နဲ့ပဲ ဖြတ်သန်းနေရတာပေါ့။

သားသမီးတွေ တစ်ခုခုတောင်းရင် တစ်ယောက်တစ်လှည့်စီ ဝယ်ပေးရတာပေါ့။ အဖြူစိမ်းက တစ်ထည်ပဲ ရှိတော့ ပြဲသွားရင် ကျမ လက်နဲ့ပဲ ပြန်ချုပ်ပေးတယ်။

ဒေါ်မူးလွို (ပင်လောင်းမြို့ရှိ စစ်ရှောင်စခန်း)

ကျောင်းတက်ရနေတဲ့ သားသမီးကတော့  လေးယောက်လောက်ရှိတယ်။ အကြီးတစ်ယောက်ကတော့ ဆယ်တန်းအောင်ပြီး တောင်ကြီးမှာ အလုပ်သွားလုပ်နေတယ်။ ကျန်တဲ့ သုံးယောက်ကတော့ ကျောင်းတက်နေကြသေးတယ်။ လောဆယ် အငယ် နှစ်ယောက်ပဲ ကျောင်းအပ်ရသေးတယ်။ ဒုတိယ သမီးကြီးကို ကျောင်းမအပ်ရသေးဘူး။ ကျောင်းထားနိုင်ပါ့မလား မသိဘူး။

ကျမတို့‌နေတဲ့ နေရာနဲ့ ကျောင်းက ဝေးတော့ လိုင်းကားနဲ့ သွားရတာပေါ့။ ကားခလည်း တစ်လကို နှစ်သောင်းတောင် ပေးရတော့။ စဥ်းစားနေတာ မပေးနိုင်ရင် လမ်းလျှောက်သွားခိုင်းမှာလားလို့။ လမ်းလျှောက်ရင် တစ်နာရီကျော်လောက်တော့ လျှောက်ရတယ်။

အဆင်မပြေနေဘူးဆိုတော့ ကျောင်းတက်ခိုင်းမှာလား မတက်ခိုင်းဘူးလား စဥ်းစားနေတာ အဆင်ကလည်းမပြေနေတော့။ သူလည်း အခု နေ့စားလိုက်နေသေးတယ်။ ကျောင်းအပ်တာတော့ ပိုက်ဆံမတောင်းပါဘူး။ ကားခတွေ သွားရေး လာရေးက ခက်ခဲနေတာ‌ပေါ့။ ကလေးတွေက ကျောင်းတက်ဖို့ ထီးလည်း တောင်းတယ်။ မိုးကာလဲ တောင်းတယ်။ ကျောပိုးအိတ်လည်း တောင်းတယ်။

သူတို့ တောင်းတာ ဝယ်ပေးဖို့ မပြောနဲ့ ဝမ်းစာတောင် မနည်းရုန်းကန်နေရတယ်။ ကျမလည်း ကျန်းမာရေးမကောင်းနေတော့။ အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူး။  ဝင်ငွေလည်း မရှိတော့ ကျောင်းဝတ်စုံ အဖြူစိမ်းလည်း မဝယ်ပေးနိုင်ဘူး။

ဒုတိယတန်း တစ်ယောက်တော့ အမျိုးထဲက သူကို အင်္ကျီ အဖြူတစ်ထည် ထည့်လာပေးတာ သူတအားဝမ်းသာနေတာ အဲတာပဲ ရှိတယ်။ ကျမက ဝယ်ပေးမယ်လို့ ပြောပေမယ့် မဝယ်ပေးနိုင်တော့ နားလည်ပေးတော့ ဝမ်းသာပါတယ်။ တစ်ထည်ပဲ ရှိတော့ မိုးစိုသွားတာ ညစ်ပတ်သွားရင်တော့ အိမ်က အဝတ်အစားပဲ ဝတ်သွားရမှာပေါ့။ ကျောင်းက လက်မခံလဲ မတတ်နိုင်ဘူးလေ ရှိမှ မရှိတာ။

ကျောင်းအပ်ခ မကုန်ပေမယ် အဖြူစိမ်းနဲ့ သူတို့ စာအုပ်တို့ ဘာတို့တော့ ကုန်တာပေါ့။ သမီးကတော့ ပညာတတ်ဖြစ်ချင်တယ်ဆိုတော့ ကြိုးစားပြီး သွားရမှာပေါ့။

တခြား ကလေးတွေက သူများမိဘတွေ ဝယ်ပေးနိုင်တာကို ကိုယ်က မဝယ်ပေးနိုင်တဲ့ အခါမျိုးတွေဆို စိတ်သောကရောက်ရတယ်။ တစ်ခါတလေ ကိုယ်က ကျန်းမာရေးမကောင်းတော့  အိပ်ယာထဲက မထနိုင်တဲ့ အချိန်မျိုးမှာဆိုရင် အလုပ်လုပ်မယ့်သူ မရှိဘူး။ အဲခါကျရင် သမီးက အမေက အလုပ်မလုပ်နိုင်တော့ဘူး ပင်ပန်းနေပြီ သမီး ကျောင်းထွက်ပြီး အလုပ်လုပ်မယ်ဆိုပြီး အဲလိုတွေ  ပြောတော့ အတော်လေး နာကျင်ရတယ်။ သူများက‌လေးတွေဆို စက်ဘီးဝယ်လိုက် တစ်မျိုးပြီး တစ်မျိုး ဝယ်နိုင်ကြတာပေါ့။ ကျမက မဝယ်ပေးနိုင်တော့ ကလေးတွေကို ကြည့်ပြီး တစ်ခါတလေ ဝမ်းနည်းတယ်။

ဒေါ်မြား (ဆီဆိုင်မြို့ရှိ စစ်ရှောင်စခန်း)

ကလေးကျောင်းတက်နေတာ ၃ ယောက်တော့ ရှိတယ်။ အကြီးဆုံးက (၉) တန်းတက်မှာ အငယ်ကတော့ (၃) တန်းပေါ့။ ကျောင်းကတော့ ဒီမှာရှိတဲ့ ကျောင်းမှာပဲ အပ်တာ။ အကြီးတစ်ယောက်တော့ ကျောင်းမထားတော့ဘူးလားလို့။ ဘာလို့ဆို အတန်းကကြီးလာတော့ ကုန်ကျစရိတ်တွေလည်း များလာတယ် အောက်က အငယ်တွေလည်း ရှိနေတော့ မတတ်နိုင်တော့ဘူးကော်။

စစ်‌ရှောင်လာတာကလည်း ဘာမှ မပါလာတော့ ဘာမှမ မရှိဘူးလေ။ အလုပ်လည်း မရှိ ခြံလည်း မရှိတော့ ဘာလုပ်စားရမှန်း မသိ။ စားဝတ်နေရေးက တစ်ဖက်နဲ့ ကျောင်းစရိတ်ကလည်း များတော့ မလွယ်ဘူး။

အဲကြောင့် သမီးအကြီးကို ‌ကျောင်းကနေ နားဖို့ စဥ်းစားနေတာ။ ကျမတို့မှာ ရွေးချယ်စရာ များများစားစား မရှိဘူး။ ဒီမှာက လုပ်နေပေမယ့် မငတ်ရုံတမယ်ပဲ။  ဖျားတာ နာတာ အရေးပေါ်ဆိုရင် လက်ထဲမှာ ဘာမှမရှိဘူးလေ။

သားသမီးအတွက် ကျောင်းစရိတ်က တစ်ဖက်နဲ့ဆိုတော့ တော်တော်လေးတော့ ရုန်းကန်နေရတယ်။ အိမ်လည်း ဘယ်အချိန်မှ ပြန်ရမှာလဲ မသိဘူး။

Author:

Related Articles