Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၄ ရက်နေ့မှ ၁၁   ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • ပုလောမှာ နေအိမ်ပေါ်လက်နက်ကြီးကျမှုကြောင့်သက်ကြီးအမျိုးသမီးနှစ်ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မင်းထိန်ရွာမှာ ဇွန်လ ၁ ရက်နေ့လည်က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် ဒေါ်ငွေရှင်က လက်နက်ကြီးကျည်ထိမှန်ကာ နေရာမှာတင်သေဆုံးခဲ့ပြီး အသက် ၁၀၂ နှစ်အရွယ် နာမကျန်းဖြစ်နေသူ အဘွား ဒေါ်မိကြည်ကတော့ လက်နက်ကြီး ပေါက်ကွဲသံကြောင့် ထိတ်လန့်သေဆုံးခဲ့တာပါ။

တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးအမျိုးသမီးနှစ်ဦးသေဆုံးတဲ့အပြင် အသက်၁၅နှစ် အရွယ် ကလေးတစ်ဦးလည်းပေါင်မှာလက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source –  RFA

  • ခင်ဦးမှာ စစ်ရှောင်နေရင်း အဖွားအိုတဦး အမောဖောက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာ  ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  စစ်ကြောင်းထိုးလာတာကြောင့် အသက် ၆၆နှစ်အရွယ် အဖွားအိုတဦး စစ်ဘေးရှောင်ရင်း အမောဖောက် သေဆုံးခဲ့ပါတယ်။

အဖွားအိုမှာ စစ်ဘေးရှောင်ရစဉ် ရာသီဥတုဆိုးဝါးပြီး လက်နက်ကြီးသံတွေကြား ပြေးလွှားရတဲ့အတွက် ဆုံးပါးသွားတာဖြစ်ပြီး  စစ်ရှောင်တဲ့ရွာမှာပဲ သင်္ဂြိုလ်လိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခင်ဦးမြို့နယ်ထဲကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက စစ်ကြောင်းရွာစဉ်လှည့် စစ်ကြောင်း ထိုးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလတွေမှာလည်း စစ်ရှောင်ရင်း သက်ကြီးရွယ်အိုသုံးဦးအထိ သေဆုံးရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။  

Source – Delta News Agency

  • မေလအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးပြီး ၁၄ ဦးက မီးရှို့သတ်ဖြတ်ခံခဲ့ရ

ယခုနှစ်မေလတစ်လအတွင်း စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၂၉ ဦးသေဆုံး ခဲ့ပြီး  အမျိုးသမီး ၁၄ ဦးကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU)က ထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးတွေက ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ်စတဲ့ ဒေသတွေက ဖြစ်ပြီး အများဆုံးဒေသကတော့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ ဖြစ်ပါတယ်။

မေလအတွင်းသေဆုံးခဲ့တဲ့ အမျိုးသမီး၂၉ ဦးထဲမှာ ရှစ်ဦးက လေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးတာ၊ နောက်ထပ် ခြောက်ဦး က ပစ်သတ်ခံခဲ့ရတာ၊ တစ်ဦးကတော့ လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ကျန်၁၄ဦးကတော့ ပဲခူး၊ စစ်ကိုင်း နဲ့ မန္တလေးတိုင်းကဖြစ်ပြီး နေအိမ်တွေထဲ ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးခံရပြီးမှ မီးရှို့သတ်ဖြတ်ခံခဲ့ရတာပါ။

အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီး ၅၄၂ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၃,၅၁၇ ဦးနဲ့ ထောင်ဒဏ်ချမှတ်ခံ ရသူ ၈၅၉ ဦးအထိ ရှိလာပြီလို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source –  RFA

  • လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

စစ်ကောင်စီရဲ့ စစ်ကြောရေးအတွင်း ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ  ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသူတစ်ဦးမှာ နှစ်နှစ်ကျော်ကြာတဲ့အထိ ဆေးကုသခွင့်မရသေးဘူးလို့ ယင်းအကျဉ်းထောင်က လွတ်မြောက်လာသူ တစ်ဦးကပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးက ၂၀၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက် အမှတ် (၅၇) စစ်ကြောရေးမှာ တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရတာပါ။ ဦးခေါင်းကို အပြင်းအထန် ရိုက်နှက်ခံရတဲ့ အတွက် သွေးအန်ပြီးသတိလစ်မေ့မြောခဲ့သလို ထောင်ရောက်ပြီး တပတ်ကျော်ကြာတဲ့အထိအပြင်းအထန် ဒဏ်ရာရခဲ့ပါ တယ်။

ဆေးကုသခွင့်ပေးရန် ထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် ၂၀၂၂ ကုန်အထိမရရှိခဲ့ဘဲ၊ ယခုနှစ် နှစ်ဆန်းပိုင်းမှာ ထောင်ပိုင်အသစ်က ဓာတ်မှန်ရိုက်ခွင့် တစ်ကြိမ်ပေးခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဆေးကုသခွင့်ထပ်မရတော့ဘဲ ထောင်အာ ဏာပိုင်များက သာမန်အကိုက်အခဲပျောက်ဆေးသာပေးပြီး မိသားစုဝင်တွေမှာလည်း ရန်ကုန်မြို့မှာ နေထိုင်တာကြောင့် ထောင်ဝင်စာ အအခက်အခဲရှိနေတယ်လို့ သိရပါတယ်။

Source – Myanmar Now

  • လီလီနိုင်ကျော်ကို ပစ်သတ်ရာမှာပါဝင်တယ်လို့ စွပ်စွဲဖမ်းဆီးခံရသူ၏ မိခင်နဲ့အစ်မတို့ သတ်ဖြတ်ခံရ

အမျိုးသားရေးအစွန်းရောက် လီလီနိုင်ကျော်ကို ပစ်ခတ်သူအဖြစ်  စွပ်စွဲဖမ်းဆီးခံရတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နှင့်အစ်မ တို့ကို မဘသနဲ့ပျူစောထီးတို့က ဇွန်လ ၆ ရက်နေ့မှာ နှိပ်စက်ညှင်းပန်းပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်ဒေါ်သဲမာလာဝင်းနဲ့ အစ်မဖြစ်သူမဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်မှာ မဘသနှင့်ပျူစောထီးတွေက ဝင်ရောက်ရိုက်နှက်ပြီး ပစ်ခတ်သတ် ဖြတ်သွားခဲ့တာပါ။

လီလီနိုင်ကျော်မှာ မေလ၃၀ရက်နေ့က  ပစ်သတ်ခံရပြီးနောက် ဇွန်လ ၄ ရက်နေ့မှာ  စစ်ကောင်စီက  ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်နှင့် ကိုကျော်သူရ(ခ) အီးတီတို့ကို လုပ်ကြံ သတ်ဖြတ်သူများအဖြစ် ဖမ်းဆီး သွားခဲ့တာဖြစ်ပါတယ်။

Source – Khit Thit

  • ငလျင်ကြောင့် မအူပင်မြို့နယ်က သီလရှင်တစ်ပါးနဲ့ ယောဂီတစ်ဦးကွယ်လွန်

 ဇွန်လ ၇ရက်နေ့ညနေပိုင်းက လှုပ်ခတ်သွားတဲ့ငလျင်ကြောင့်  ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်က ရွှေဘုန်းမြင့်စေတီ တော် ထီးတော်ကျိုးကျခဲ့ပြီး သီလရှင်တစ်ပါးနဲ့ ယောဂီအမျိုးသမီးတစ်ဦး ကွယ်လွန်သွားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်တာကြောင့် ရွှေဘုန်းမြင့် ဘုရားထီးတော်တိမ်းစောင်းသွားခဲ့သလို ဘုရားစောင်းတန်းတွေနဲ့ အဆောက်အဦ တချို့လည်း အနည်းငယ်ပြိုကျပျက်စီးခဲ့ပြီး  သေဆုံးသူနှစ်ဦးမှာ  ငလျှင်လှုပ်ခတ်စဉ် ထွက်ပြေးခဲ့ရာမှ မျက်နှာကျက် ပြုတ်ကျ တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

Source – Delta News Agency

  • မုံရွာ PDF စခန်းကို စစ်တပ်ဝင်စီးပြီး အမျိုးသမီး နှစ်ဦး အပါအဝင် ခြောက်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်းဒသကြီး မုံရွာမြို့နယ် ရေကန်စုရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီး ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦးနဲ့အရပ်သားနှစ်ဦး စုစုပေါင်းခြောက်ဦးကို သတ်ဖြတ်ခဲ့ ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၂၇) လက်အောက်ခံတပ်ခွဲ(၂) စခန်းကို နံနက် ၅ နာရီခန့်မှာစစ်ကောင်စီက လက် နက်ကြီးတွေနဲ့ ပစ်ခတ်စီးနင်းခဲ့ပြီး ခုခံကာကွယ်တဲ့ တပ်ဖွဲဝင်များမှ အသက်၁၈ နှစ်အရွယ် မဇင်ဇင်ဦး၊ အသက် ၂၀အရွယ် မခင်ရတနာဦးနဲ့ အမျိုးသားနှစ်ဦးတို့ ဒဏ်ရာဖြင့်ကျန်ခဲ့စဉ် ဖမ်းဆီးသတ်ဖြတ်ခံရတာပါ။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပက်ပင်း တိုးခဲ့တဲ့ အသက်၅၀နဲ့ အသက် ၂၀အရွယ် အရပ်သား အမျိုးသားနှစ်ဦးမှာလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

Source – Myanmar Now

  • ပြည်မြို့မှာ လုယက်မှုဖြစ်ပြီး အိမ်ရှင်အမျိုးသမီးအသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့က နေအိမ်တစ်အိမ်မှာ ဇွန်လ ၈ ရက်နေ့က လုယက်မှုဖြစ်ပြီး အသက် ၃၅နှစ် အရွယ် အိမ်ရှင် အမျိုးသမီး အသတ်ခံခဲ့ရပါတယ်။

လုယက်ခံရတဲ့နေအိမ်က သေဆုံးသူအမျိုးသမီးမှာ ငါးတန်းကျောင်းသူသမီးဖြစ်သူနဲ့ နှစ်ဦးတည်းသာနေထိုင်ပြီး တစ်ဦးတည်းရှိ နေချိန် လုယက်သတ်ဖြတ်မှု ဖြစ်ခဲ့တာပါ။

သေဆုံးသူအမျိုးသမီးမှာ ညာဘက်နားထိုးသွင်းဒဏ်ရာနဲ့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့ရသလို ရေချိုးခန်းအတွင်း တရွတ်တိုက်ဆွဲခေါ်ခံရတဲ့ အနေအထားတွေလည်းတွေ့ရပြီး နေအိမ်အတွင်း အဝတ်ဗီရိုတွေ ရိုက်ဖျက်ခံထားရကာ ရွှေထည်နဲ့ ငွေသားတွေလည်း ပျောက်ဆုံးနေပါတယ်။

Source – Delta News Agency

  • မိုးသည်းထန်စွာရွာသွန်းပြီး အုတ်တံတိုင်းပြိုကျခဲ့တာကြောင့် သားအမိလေးဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟက်ကာရွာရှိ လူနေအိမ်ပေါ်ကို ဇွန် ၁၀ ရက် မနက်အစောပိုင်းက မိုးသည်းထန် စွာရွာသွန်းမှုကြောင့် နေအိမ်ခြံဝန်းတစ်ခုရဲ့  အုတ်တံတိုင်းပြိုကျခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ကလေးသုံးဦး သေဆုံးခဲ့ပါတယ်။

အုတ်တံတိုင်းပြိုကျစဉ် အိပ်ပျော်နေတဲ့ အသက်၃၀အရွယ်မိခင်နဲ့ သူ့ရဲ့အသက်၁၀နှစ်နဲ့၁၀နှစ်အောက်အရွယ် သားသုံးဦးလုံးမှာ နရံပိသေဆုံးခဲ့ပြီး လားရှိုးမီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့ ၆ဖွဲ့က သွားရောက် ရှာဖွေ ကယ်ဆယ်ခဲ့ကြပေမယ့် သားအမိ လေးဦးလုံးမှာသေဆုံးနေပြီဖြစ်ပါတယ်။

Source – DVB

  • စစ်ကိုင်းမြို့ပေါ်က စစ်ရှောင်အမျိုးသမီး နှစ်ဦးအပါ ကိုးဦး ဖမ်းဆီးခံရ

စစ်ကိုင်းမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် အမျိုးသမီး နှစ်ဦးအပါအဝင် ကိုးဦးကို စစ် ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

ရွှေတောင်ဦးမော်ကျောင်းမှာ နေထိုင်နေတဲ့ အသက် ၃၀ အရွယ်ဒေါ်အေးမီဦးနဲ့ သူမရဲ့ကလေးငယ်တစ်ဦး၊ ပြည်တော်အေး ကျောင်းက အသက် ၂၀အရွယ်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ကို ဇွန်လ ၆ နေ့ညပိုင်းကဖမ်းဆီးခဲ့ပြီး ကျန်အမျိုး သားငါးဦးမှာလည်း စစ်ရှောင်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းအသီးသီးကနေ ဇွန်လ ၇ရက်နေ့ညမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့စစ်ဘေးရှောင် ကိုးဦးမှာ မေလ ၂၂ ရက်ကတည်းက စတင်ကာ ရှစ်ကြိမ်အထိ စစ်ကောင်စီတပ်သားတွေရဲ့ ဝင် ရောက်မီးရှို့ဖျက်ဆီးတာကိုခံခဲ့ရတဲ့ ပဒူကျေးရွာကဒေသခံတွေဖြစ်ကြပြီး PDFတွေမဟုတ်ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

Source – မြေလတ်အသံ

  • စစ်ကောင်စီက အမျိုးသမီးငယ်နှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်နှစ်ယောက်ကို ဇွန်လ ၈ ရက်နေ့က စစ် ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်ပြီး ဖခင်ဖြစ်သူကိုပါသေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

အဓမ္မကျင့်ခံရတဲ့ သမီးနှစ်‌ယောက်နဲ့အတူ ဖခင်ဖြစ်သူပါ ပစ်သတ်ခံထားရတာဖြစ်ပြီး သေဆုံးနေတဲ့အလောင်းတွေကို ဇွန် ၉ ရက်က ကယ်ဆယ်ရေးအဖွဲတွေက နေအိမ်အပြင်ဘက်နဲ့ အိမ်ကြိုအိမ်ကြားတွေကနေ တွေ့ရှိခဲ့တာလို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

Source – DVB

  • ပွင့်ဖြူမှာ CDM ဆရာမတစ်ဦး မုန်းချောင်းထဲ ခုန်ချသေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဖလံတောကျေးရွာမှာ ဇွန်လ ၆ ရက် မနက်ပိုင်းကအသက် ၂၇နှစ် အရွယ် CDM ဆရာမတစ်ဦး မုန်းချောင်းထဲခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူမှာ စလင်းမြို့နယ် အလက ကျောင်းခွဲတခုကနေ CDM ပြုလုပ်ထားတဲ့ အသက် ၂၇ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ယဉ်မေမျိုးဖြစ်ပြီး ဖလံတောရွာမှာ လာရောက်ခိုလှုံနေစဉ် အခုလိုဖြစ်ပွားခဲ့တာပါ။

CDM ဆရာမဒေါ်ယဉ်မေမျိုး CDM ပြုလုပ်ပြီး ပုန်းအောင်းနေစဉ် PDF ခေါင်းဆောင်ဖြစ်သူက အကြိမ်ကြိမ်အဓမ္မ ပြုကျင့် တာကြောင့် အဆုံးစီရင်သွားတာလို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေပြီး ပွင့်ဖြူ PDF တာဝန် ရှိသူကတော့ CDM ဆရာမနဲ့လူချင်းရင်းနှီး သိရှိမှုမရှိဘဲ ဒီဖြစ်စဉ်က ပွင့်ဖြူမြို့နယ်မှာ ဖြစ်ပွားတာကြောင့် အကြောင်းအရင်း ကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

Source – မြေလတ်အသံ

Author:

Related Articles