Home အမျိုးသမီးများအသံ ဘဝကို ပြန်လည်ထူထောင်နေကြတဲ့ CDM စစ်သားဇနီးများ

ဘဝကို ပြန်လည်ထူထောင်နေကြတဲ့ CDM စစ်သားဇနီးများ

CDM တကက/စရ တပ်ကြပ်ကြီး ဇနီး

တပ်ထဲကနေ အစကတည်းက ကျမတို့ မနေချင်ခဲ့ဘူး။ ဒါကြောင့် အခုချိန်မှာ ကျမတို့ ရအောင် တပ်ထဲကနေ ရုန်းထွက်ခဲ့တယ်။

အမျိုးသား CDM လုပ်ပြီး နောက်ပိုင်းမှာ အခက်အခဲတွေ စိန်ခေါ်မှု များတယ်။ တပ်ထဲမှာ အမျိုးသားက ကွန်ပျူတာကိုင်ပြီး စာရင်းလုပ်တော့ အပြင်လောက ရောက်တဲ့ အချိန်မှာ အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူး။ သူတတ်တဲ့ ကွန်ပျူတာအလုပ်လေးနဲ့ သူလုပ်တတ်တဲ့ အလုပ်နဲ့ ကိုက်ညီတဲ့ NGOတွေမှာ အလုပ်ခေါ်စာတွေ့ရင် လျှောက်ပါတယ်။ ဒါပေမယ့် တပ် CDM ဖြစ်တာကြောင့် အလုပ်မခန့်ပါဘူး။ အရပ်ဖက် CDM တွေကိုတော့ အလုပ်ပေးပါတယ်။ ကျမတို့အတွက် ခံစားချက်ဖြစ်တယ်။  သက်တမ်းတစ်လျှောက်မှာ အဲဒီစိန်ခေါ်မှု အရမ်းပြင်းထန်တဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တယ်လို့ ယူဆတယ်။

လင်မယား နှစ်ယောက် စားဝတ်နေရေး ဖြေရှင်းဖို့ စက်ချုပ်တာလေးကို တူတူလုပ်တယ်။

ကျမတို့က လုပ်လာတဲ့ CDM လမ်းက မှန်ကန်တဲ့ လမ်းပဲဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ဖေးမပြီးမှ ခွန်အားတွေ ယူကြတယ်။

တပ်တွင်းထဲက ဇနီးမယားများ တပ်တွင်းထဲကနေ အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားပါ။

တပ်တွင်းထဲက ဇနီးမယားတွေက ဒီတပ်ထဲမှာပဲ ကြီးတယ်။ ဒီတပ်ကို ရောက်လာတဲ့ ဒီစစ်သည်ကိုပဲ မြင်ဖူးပြီးတော့ ဒီစစ်သည်နဲ့ ညားပြီးယူကြတယ်။ တပ်အသိုင်းဝိုင်းမှာပဲ ကျင်လည်မွေးလာတဲ့ သားသမီးတွေကလည်း ပြန်ကျင်လည်နေတော့ သူတို့ ပြင်ပ ဗဟုသုတကို မရှိဘူး။ တပ်ထဲက ဇနီးမယားတွေက ပြင်ပ ဗဟုတသုတကို ရစေချင်ပါတယ်။ ဗဟုသုတတွေကို ကြိုးစားပြီးတော့ ရှာဖွေပါ။ အတွင်းထဲကနေ ရုန်းမထွက်နိုင်သေးဘူးဆိုရင် အတွင်းထဲကနေ ဖရဲသီး လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။

CDM ဒုတပ်ကြပ် ဇနီး

တပ်ထဲကနေထွက်လာတဲ့အချိန်မှာ အရင်ဆုံးမြင်တွေ့ရတာကတော့ အမျိုးသားရဲ့ဖိအားမရှိ ပျော်ရွှင်နေတဲ့ဘဝကို မြင်ရတာပါပဲရှင်။

CDM လုပ်ပြီးနောက်ပိုင်းမှာတော့ အခက်အခဲ အများကြီးမရှိပါဘူး။ တဖက်အဖွဲ့အစည်းကလဲ ကြိုဆိုတယ် အားပေးတယ် ပြည်သူလူထုကလဲ ထောက်ပံ့တယ် တစ်ဦးနဲ့ တစ်ဦး CDM ဆိုတာနဲ့တင် အရင်ထဲက ဘဝတွေကို စွန့်လွှတ်ပြီး ဖေးမကူညီကြတယ်။

ပိတောက်ဖူးရဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်မှ ကူညီပေးမှု၊ အရင်းအနှီး ထုတ်ပေးမှုကြောင့် ထိုင်းထီနှင့် စင်္ကာပူထီရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေပါတယ်။

ပိုလျှံတာကို နိုင်သလောက် တော်လှန်ရေးအဖွဲ့တွေဆီ ကူပါတယ်။ ရှေ့ဆက်လဲရောင်းအားကောင်းလို့ ပိုလျှံရင် ထိုသို့ ဆက်ပြီး ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။

 CDM တပ်သား၊ ဇနီးမယားတွေကို ဟိုးအရင်ကတည်းက ခုလက်ရှိမှာကော သူတို့ဘဝမလုံခြုံပါဘူး ဘယ်နေ့မှာ မုဆိုးမဖြစ်ရမှာလဲဆိုတဲ့ အတွေးတွေနဲ့နေရတဲ့ အခြေအနေမို့ ရအောင်ရုန်းထွက် စေချင်တယ်။ ကိုယ်တိုင်လဲ အပြင်လောကကို ထိတွေ့စေချင်ပါတယ်ရှင့်။

 CDM တပ်သား ဇနီး

တပ်ထဲက ထွက်လာတော့ ကောင်းကောင်းခံစားလိုက်ရတာက လွတ်လပ်မှု ရှိတယ်။ တစ်ခုခု လုပ်မယ်ဆိုရင် ဟိုလူ့ကို ကြည့်ရ ဒီလူ့ကို ကြည့်ရတာမျိုး မလုပ်ရဘူး။ စကားပြောရင်လည်း အထက်အောက် မဟုတ်ဘူး။ တန်းတူ ဆက်ဆံတာ ခံရတယ်။

CDM လုပ်တော့ အမှန်တိုင်းပြောရရင် နေစရာလည်း မရှိဘူး။  ပုံမှန် ဝင်ငွေလည်း မရှိတော့ဘူးပေါ့။ ပြန်ဖမ်းမိမှာလည်း ကြောက်ပြီး ဟိုပြေး ဒီရှောင်လုပ်ခဲ့ရတယ်။

နောက်ပိုင်းတော့ ကျမတို့လည်း အသိ အချိတ်ဆက်နဲ့ ဒီဖက်(ထိုင်း)ကို ပြောင်းလာလိုက်တာ။ ကိုယ့်မြေ ကိုယ့်နေရာ မဟုတ်တော့ အဆင်ပြေတယ်ဆိုတာမျိုး‌တော့ မရှိဘူးပေါ့။  

မိသားစု စားဝတ်နေရေးအတွက် ကိုယ့်ကို ပြန်လည်ထူတောင်နေတာတော့ အခု မုန့်ဆိုင်သေးသေးလေး ဖွင့်ထားတယ်။ အရင်းအနှီးကလည်း မများတော့ သေးသေးလေးပဲ ဖွင့်နိုင်သေးတယ်။ အမျိုးသားကနေ ပန်းရံရှိရင် ပန်းရံလိုက်။ ဆေးသုတ်တာတို့ လိုက်တယ်။ အလုပ်ကလည်း ပုံမှန် မရှိပါဘူး။  

တော်လှန်ရေးက နိုင်ကို နိုင်ရမှာပါ။ နိုင်မယ်ဆိုတာ ယုံကြည်လို့ ဒီလမ်းကို‌ ရွေးချယ်ခဲ့တာ။ ဘယ်တော့မှ ပြန်နောက်မဆုတ်ဘူး။

တွဲလက်တွေကို မဖြုတ်ပဲ ရှေ့ဆက်ကြမယ်။

Author:

Related Articles