ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ အဖြစ် နိုင်ငံအများစုက သတ်မှတ်ကြ ပါတယ်။
ယခု လာမယ့်မေလ (၁၄) ရက်နေ့ ဆိုရင် အမေများနေ့ တဖန်ကျရောက်ပြီဖြစ်ပါတယ်။ နိုင်ငံတကာမှာ အမေများနေ့မှာ အမေတွေနဲ့ သားသမီးတွေပုံစံမျိုးစုံနဲ့ပျော်ရွှင်စွာ ဖြတ်သန်းကြပါတယ်။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံမှာတော့ အခြေအနေအမျိုးမျိုးကြောင့် အမေများနေ့မှာ မိသားစု တွေအတူမရှိနေနိုင်ကြပါဘူး။
နိုင်ငံရေးကြောင့်သော်လည်းကောင်း စားဝတ်နေရေး ပြေလည်ဖို့သော်လည်းကောင်း အမေနဲ့အတူတူ မရှိနိုင်ပဲ အဝေးရောက်နေကြရတဲ့ သားသမီးတွေလည်း ရှိသလို သားသမီးတွေနဲ့ အတူတူ မရှိနိုင်ပေးတဲ့ အဝေးရောက် မိခင်တွေလည်း ရှိပါတယ်။
ဒီလိုအခြေအနေအမျိုးမျိုးထဲကမှ တိုင်းတပါးကို သွားရောက်အလုပ်လုပ်ကိုင်ရင်း ဘဝကို ရုန်းကန်နေကြရတဲ့ အဝေးရောက်မိခင်နဲ့ သားသမီးအချို့ရဲ့ရင်တွင်းစကားတွေကို စုစည်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။
နန်းအေးခံ (စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေသူ)
“စင်ကာပူ မသွားခင်တုန်းကတော့ အမေများနေ့ ရောက်ရင် အမေကို ကန်တော့တယ်။ ပစ်မှားမိတာတွေ အကုန်ဝန် ချတောင်းပန်တယ်။ စုထားတဲ့ ပိုက်ဆံနည်းနည်းနဲ့ အမေကို နားကပ်လေး လုပ်ပေးဖြစ်တယ်။ သူများနိုင်ငံကို ရောက်ပြီး အမေနဲ့ ခွဲရတဲ့ နောက်ပိုင်းတော့ ဘာမှ မလုပ်ပေးဖြစ်တော့ဘူး။
ဒီကို ရောက်တာလည်း (၄) နှစ်ထဲ ရောက်လာပြီ။ အမေနဲ့ အပြင်မှာ မတွေ့ရတာ တော်တော်ကြာပြီ။ ဖုန်းနဲ့ ပြောတာမျိုးတွေ လုပ်ပေမယ့် အပြင်မှာ ပိုတွေ့ချင်တယ်။
အရင်လက အမေမွေးနေ့မှာ သုံးဖို့ ပိုက်ဆံ ထည့်ပြန်ပေးတာ အမေက ပိုက်ဆံက အရေးမကြီးပါဘူးတဲ့ သမီးကို ပိုတွေ့ချင်တာတဲ့။ အဲလိုပြောတော့ ကျမ အမေနဲ့ ဖုန်းပြောနေရင်းနဲ့ ငိုမိသွားတယ်။ အဲဒီ ခံစားချက်ကလေ အမေနဲ့ ခွဲနေဖူးတဲ့ သူတွေပဲ သိနိုင်တယ်။ အမေတို့ကို ကောင်းကောင်းမွန်မွန်ထားနိုင်တဲ့ တစ်နေ့ကျရင် အမေနား တစ်သက်လုံး နေမယ် မခွဲတော့ဘူး။ အခုတော့ သည်းခံပြီး အားတင်းကြတာပေါ့နော်။”
မခမ်းယဥ် (ထိုင်း တွင် အလုပ်လုပ်နေသူ)
“အမေများနေ့ ရောက်ရင် ပစ္စည်းတစ်ခုခု နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကန်တော့တယ်။ အရမ်းကြီးကြီးမားမား ပေးတာမျိုး မဟုတ်ရင်တောင်လေ။ သူများတွေလို လက်ဆောင်ကြီးကြီးမားမားတွေ ပေးဖူးချင်တယ်။ အမေများနေ့မှာ အမေနဲ့ အတူမရှိပေးနိုင်တာက ကျမအတွက် အရမ်းဝမ်းနည်းဖို့ အရမ်းကောင်းတယ်။
မိသားစု စားဝတ်နေရေးကြောင့်မို့သာ အမေက ဒီကို(ထိုင်း)သွားဖို့ လွတ်ခဲ့တာ။ စားဝတ်နေရေး အဆင်ပြေနေရင် အမေ ပေးသွားမှာ မဟုတ်ဘူး။ အလုပ်မှာ အဆင်ပြေရဲ့လား။ သည်းခံနော် အားတင်းထားနော်။ အမေက အဲလိုမေးပြီး အားပေးလေ့ရှိတယ်။
ဒီမှာ အလုပ်လုပ်တော့ အတွင်းခံက အစ လျော်ရတယ်။ အမေနားမှာ နေတုန်းက အမေ ထမိန်လေးတောင် မလျော်ပေးခဲ့ဖူးဘူး။ နောင်တ အရမ်းရတယ်။ အမေက အသက်နဲ့ ရင်းပြီး ကျွေးမွေးစောင့်ရှောက်လာတာ။ ပြန်ရောက်ရင် အမေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးမယ်။ အခုလည်း ကြိုးစားနေပါတယ်။
အမေက ကျမတွက် ခွန်အားဖြစ်တယ်။ ရှေ့ဆောင် လမ်းပြဖြစ်တယ်။ အမေအမြဲပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ရည်မှန်းချက်ကို ရောက်ဖို့ စိတ်ရှိရင် ဘယ်လို ခက်ခဲတွေ သောကတွေ ရှိနေပါစေ ရောက်အောင်သွားတယ်တဲ့။
စိတ်ဓာတ်တွေ ကျရင် အမေနဲ့ စကားပြောပြီး ခွန်အားပြန်ယူတယ်။ အမေက ကျမတွက် အကောင်ဆုံးပါ။ အမေကို ချစ်တယ်လို့ ပြောချင်တယ်။”
မချစ်စုမေ (ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်သူ)
“ ကျမက ထိုင်းရောက်တာ (၂) နှစ် ကျော်ပြီ။ အိမ်မှာက သားနှစ်ယောက် သူ့အဘွားနားမှာ ထားခဲ့တာ။ အကြီးက ၁၉ နှစ်၊ အငယ်က ၁၂ လောက်ပဲ ရှိသေးတယ်။ ကျောင်းတက်နေကြသေးတယ်။ အကြီးတစ်ယောက်ဆို ငယ်ငယ်ကတည်းက ရန်ကုန်မှာရှိတဲ့ ပရဟိတကျောင်းမှာ ပညာသင်ဖို့ သွားပို့ထားတယ်။
(၁၀)တန်းရောက်တော့ ရွာပြန်လာတယ်။ ကျမနဲ့ အဲတစ်နှစ်ပဲ တူတူနေရတာ။ အာဏာသိမ်းတော့ ကုန်ဈေးနှုန်းလည်း တက်တော့ ကျမလည်း မိသားစု စားရေး သောက်ရေးအတွက် ထိုင်းကို လာခဲ့တာ။
သူတို့လည်း ကျမကို လွမ်းနေသလို ကျမလည်း သူ့တို့ကို လွမ်းတယ်။ သူ့တို့ နေမကောင်းဘူးလို့ ကြားရင် အရမ်း ပြန်ချင်တယ်။ ချက်ချင်း ထပြန်ချင်တာ။ အဆင်မှ ပြေကြရဲ့လားဆိုပြီး တွေးတာ ညအိပ်တောင် မပျော်ဘူး။
ကျမက ထိုင်းမှာ အလုပ်လုပ်တယ်။ ပိုက်ဆံရရင် ထည့်ပြန်ပေးတယ်။ သားတွေကို ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ဒီလို ရွေ့ပြောင်းအလုပ်တွေ ခြံအလုပ်တွေလည်း မပေးလုပ်ချင်ဘူး။ မျက်နှာငယ်ရတယ်။ သူများ ပြောသမျှ အကုန်လုပ်ရတယ်။
ညတိုင်း သားတွေနဲ့ ဖုန်းပြောတယ်။ သူတို့ကြောင့် အလုပ်ကို ပိုကြိုးစားတယ်။ ကောင်းမွန်တဲ့ မိခင်တစ်ယောက်လည်း ဖြစ်ချင်တယ်လေ။ ဖြစ်အောင်လည်း ကြိုးစားသွားမယ်။ “