Home သတင်း တော်လှန်ရေးမိခင်တစ်ယောက်ရဲ့ဘဝခရီးကြမ်း

တော်လှန်ရေးမိခင်တစ်ယောက်ရဲ့ဘဝခရီးကြမ်း

မိုင်ရီ။ ။

နွေနေပူပူအောက်မှာ အမျိုးသမီးကြီးတစ်ယောက်ဟာ စားစရာတွေပါတဲ့ အထုပ်တစ်ထုပ်ကိုဆွဲကာ မုံရွာအကျဉ်းထောင် ကို ရောက်လာပါတယ်။

အကျဉ်းထောင်ကို လာတယ်ဆိုပေမယ့် သူ့မျက်နှာဟာ တခြားသူထက်ပိုမိုလန်းဆန်းတက်ကြွနေ ဟန်ရှိပါတယ်။ ဒါက လည်း ဒီထောင်မှာအကျဉ်းကျနေတဲ့သားဖြစ်သူ တရားရင်ဆိုင်ဖို့ ရုံးထုတ်လာရင် တွေ့ရမှာဖြစ်တာကြောင့် ပုံမှန်နေ့ ရက် တွေထက် ပိုမိုတက်ကြွလွန်းနေတာဖြစ်တယ်။

“ ဒီနေ့က ၁၂၂ အတွက် အန်တီသက်သေထွက်ရတယ်။ သက်သေထွက်တာကတော့ အဓိကမဟုတ်ပါဘူး။ ဘယ်သူကပဲ သက်သေထွက်ထွက် ဘာမှထူးခြားမှာမဟုတ်ဘူးလေ။ သားအမိတွေ့ရတယ်။ စကားပြောရတယ်ပေါ့။”လို့ ဆိုလာသူက တော့ ရုံးထုတ်ထွက်လာမယ့်သားကို မျှော်နေတဲ့ ဒေါ်မိုးစန္ဒာကြူပါ။

ဒေါ်မိုးစန္ဒာကြူဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့မိခင်ဖြစ်တယ်။ ပြည်သူ့အချစ်တော် ကို ဝေမိုးနိုင်ကို စစ်တပ်က ကားနဲ့တိုက်ဖမ်းဆီးခဲ့ပြီးနောက် ဓါးမြမှု၊ ဆူပူမှုအပါအဝင် စုစုပေါင်း ၁၀ မှုနဲ့တရားစွဲဆိုအကျဉ်းချ ထားတာဖြစ်တယ်။

ကိုဝေမိုးနိုင်ဟာ ဒီအမှုတွေထဲက သေဒဏ်ကျနိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ(၁၂၂)နဲ့ လူသတ်မှု ပုဒ်မ (၃၀၂)လွဲလို့ ကျန်အမှုတွေအတွက် ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခံထားရပြီးဖြစ်တယ်။

ပုံစာ – နှစ်ကိုယ့်တစ်စိတ်ရှိခဲ့တဲ့သားအမိတွေ ခွဲခွာနေရတာ နှစ်နှစ်ကျော်လာတော့ မိခင်အနေနဲ့ သားကို အမြဲလိုလို သတိရလွမ်းဆွတ်နေတယ်လို့ ကိုဝေမိုးနိုင်မိခင်ကဆိုတယ်။

အမိန့်ချဖို့ကျန်နေသေးတဲ့ ပုဒ်မနှစ်ခုလုံးကလည်း သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တာကြောင့် မိခင် ဖြစ်သူအနေနဲ့ သားအတွက် အတော်လေးစိုးရိမ်ပူပန်နေပုံရပါတယ်။

အကြောင်းကတော့ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ လှိုင်သာယာမှ လူငယ်နှစ်ဦးကို တိတ်တဆိတ်သေဒဏ်စီရင်ခဲ့တာကြောင့်ပါ။

သေဒဏ်စီရင်တာကို မိသားစုကိုလည်း အကြောင်းမကြား၊ အရိုးပြာလည်းမပေး၊ ဓါတ်ပုံသက်သေလည်းမရှိဘဲ စီရင်ပြီး ကြောင်း သတင်းသာထုတ်ပြန်တဲ့အတွက် မိသားစုနဲ့ ပြည်သူတစ်ရပ်လုံးဟာ ဒေါသမျက်ရည်တွေကျခဲ့ရတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေကို ဆက်လက်စီရင်သွားဖို့ရှိတယ်လို့ စစ်တပ်က ထုတ်ပြန်လာချိန်မှာတော့ နိုင်ငံခြားသံရုံး တွေက အပြင်းအထန်ရှုတ်ချနေတဲ့ကြားက မန္တလေးတိုင်းက သေဒဏ်ကျခံထားရသူတချို့ကို သေဒဏ်စီရင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဒေါ်မိုးစန္ဒာကြူက“ သားကို တော်လှန်လို့ သတ်ပစ်တယ်ဆိုတဲ့ အနေအထားတော့ မဖြစ်စေချင်ဘူး။”လို့ ပြောပါ တယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် အများကောင်းကျိုးကိုလုပ်တဲ့ လူငယ်တစ်ယောက်ဟာ ဒီကမ္ဘာမြေမှာ အသက်ရှင်သန် ခွင့်တော့ရှိသင့်ပါတယ်လို့ လက်ရှိအာဏာရှိသူတွေကို ပြောချင်ကြောင်း သူက ပွင့်လင်းစွာထုတ်ဖော်ပြောဆိုထားပါတယ်။

အသက် ၂၈ နှစ်အရွယ်ကို ဝေမိုးနိုင်ဖမ်းဆီးခံလိုက်ရတော့ ကျန်ခဲ့တဲ့မိခင်ဖြစ်သူမှာ သားအတွက် ပူပန်စိုးရိမ်သောကတွေ၊ သတိရလွမ်းဆွတ်စိတ်တွေကြားက ဘဝကိုတစ်ယောက်ထဲ ခက်ခက်ခဲခဲရုန်းကန်နေထိုင်နေရတာဖြစ်တယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ သူ့အသက် တစ်နှစ်သားကျော်ကျော်လောက်မှာ မိခင်က မူလတန်းပြအလုပ်နဲ့ မန္တလေးမြို့မှ မုံရွာမြို့ကို ရွှေ့ပြောင်းရောက်လာသူဖြစ်တယ်။ ဖခင်ကတော့ သူ နှစ်နှစ်သားအရွယ်မှာမိခင်နဲ့ကွာရှင်းခဲ့ပြီး နောက် သုံးနှစ်အကြာမှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်။

အဖမဲ့သားဖြစ်နေတဲ့ ကိုဝေမိုးနိုင်ကို မိခင်က ဝန်ထမ်းဘဝနဲ့ကျောင်းစာသင်ရင်း အပြင်ကျူရှင်ပြရင်း ကျွေးမွေးပြုစုစောင့် ရှောက်ခဲ့တာပါ။ ကိုဝေမိုးနိုင်နဲ့ သူ့မိခင်ဟာ သူငယ်ချင်းလိုရင်းရင်းနှီးနှီးပေါင်းတာဖြစ်လို့ သားအမိနှစ်ယောက် ဆက်ဆံရေး က တခြားမိသားစုတွေထက်ပိုလို့ နွေးထွေးခဲ့တယ်။

အမေတစ်ခု၊ သားတစ်ခုမှာ ဝန်ထမ်းလစာနဲ့ အဆင်ပြေအောင်နေရတဲ့အတွက် သားကိုထိန်းသိမ်းစောင့်ရှောက်ဖို့ လူပိုခေါ် မထားနိုင်ခဲ့ပါဘူး။ ကိုဝေမိုးနိုင်ကသာ မိခင်ထားခဲ့တဲ့စားစရာတွေ၊ စာအုပ်တွေနဲ့ နေတတ်အောင်နေခဲ့ရတာဖြစ်တယ်။

ဒါ့ကြောင့် ကိုဝေမိုးနိုင်မှာ ငယ်စဉ်က ဆော့ကစားဖော်မရှိတဲ့အတွက် ကလေးသဘာဝများစွာဆော့ကစားခြင်းမပြုခဲ့ရပါ။

မိခင်ကလည်း သူ့အားတဲ့အချိန်မှာသားကိုအဖော်ပြုပေးပြီး စာပေကရတဲ့အသိလေးတွေလက်ခံယူနိုင်အောင် လေ့ကျင့်ပျိုး ထောင်ပေးရင်း သားအမိနှစ်ယောက် ရယ်ရယ်မောမောနဲ့စနောက်ကာ တစ်နေ့တာကုန်ဆုံးကြလေ့ရှိပါတယ်။

မိခင်ပေးဖတ်တဲ့စာအုပ်လေးတွေကြောင့် ကိုဝေမိုးနိုင်ဟာ စာဖတ်တဲ့အလေ့အကျင့်ကောင်းရခဲ့သလို စာရေးတာ ဝါသနာပါ လာခဲ့တယ်။ သူ့အသက် ၁၃ နှစ်အရွယ်က ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ သူ့ဝတ္ထုတိုကို စတင်ဖော်ပြခံရတော့ စာပေပိုး ဝင်သွားပြီး တောက်လျောက်စာတွေဆက်ရေးခဲ့တယ်။

သူဟာ စာရေး၊ စာဖတ်တာအပြင် ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ဆန္ဒရှိတာကြောင့် အနုပညာနဲ့အသက်မွေးနိုင်ဖို့ မိခင်ဖြစ်သူ က ဖတ်သင့်တဲ့စာအုပ်တွေ၊ စာအရေးအသားတွေကို အားတဲ့အချိန်တိုင်း သင်ပေးနေတာဖြစ်တယ်။

ဒါပေမဲ့ ကိုဝေမိုးနိုင် ၁၀ တန်းအောင်ပြီးနောက်မှာတော့ စာမရေးတော့ဘဲ ဂျာနယ်တိုက်တစ်ခုမှာ သတင်းထောက်ဝင်လုပ် လိုက်တာက နိုင်ငံရေးလမ်းကြောင်းထဲဝင်ဖို့ ခြေလှမ်းအစဖြစ်လာခဲ့တယ်။

သူ သတင်းထောက်လုပ်တဲ့အချိန် မုံရွာမှာ ကြေးစင်တောင်ပြဿနာဖြစ်နေတာပါ။ ဒီပြဿနာတွေကို သူက မြင်တဲ့အတိုင်း ရေးသားတင်ပြတော့ အာဏာပိုင်အဖွဲ့တွေက ဝေမိုးနိုင်အပြင် မိခင်ကိုပါ တွဲပြီးသတိပြုမိသွားခဲ့တယ်လို့ ပြောပါတယ်။

ဒီကနေ အင်္ဂလိပ်မေဂျာနဲ့ တက္ကသိုလ်စတက်တော့ သတင်းထောက်အလုပ်က နားလိုက်ကာ သူငယ်ချင်းတွေနဲ့စုပြီး ပရ ဟိတ အဖွဲ့လေးဖွဲ့လိုက်တယ်။ ပထမပိုင်းမှာ ဒီအဖွဲ့က ကျောင်းမတက်နိုင်တဲ့ကလေးတွေကို စာလိုက်သင်ပေးပါတယ်။

နောက်ပိုင်း မီးဘေး၊ ရေဘေး၊ လေဘေးစတဲ့အကူအညီလိုအပ်တဲ့နေရာတွေကို သွားရောက်ကူညီတာတွေလုပ်ပေးခဲ့ တယ်။ အဲ့ဒီကနေတဆင့် ရခိုင်တို့၊ ကချင်တို့မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေ အမြန်ရပ်ဖို့ ကမ်ပိန်းတွေလုပ်တော့လည်း အာဏာ ပိုင်တွေရဲ့ပိတ်ပင်တားဆီးခံခဲ့ရတယ်။

၂၀၁၃ ခုနှစ်မှာဖြစ်တဲ့လူမျိုးရေး၊ ဘာသာရေး အမုန်းစကားပြောဆိုတာရပ်တန့်ရေးကမ်ပိန်းနဲ့ လှုပ်ရှားမှုတွေမှာလည်း ကိုဝေမိုးနိုင်ဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့တယ်။

သူဟာ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂကို စတင်တည်ထောင်သူတွေထဲမှာပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် တစ်နှစ်ကျော်တာ ဝန်ယူခဲ့သူလည်းဖြစ်တယ်။ ဒီသမဂ္ဂဖွဲ့ရာမှာလည်း ခေါင်းဆောင်သစ်ကို လက်မတွဲချင်တဲ့ပြဿနာကြောင့် အတိုက်အခံတွေ ကြားကနေ ခက်ခက်ခဲခဲဖွဲ့စည်းခဲ့ရတယ်။

ဒီလိုကြားမှာ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ကိုဝေမိုးနိုင်ဟာ ခွဲခြားခံခဲ့ရတယ်။ အဲ့ဒါကတော့ အင်္ဂလိပ်စာမဟာတန်းအတွက် စာမေးပွဲကို တနင်္ဂနွေနေ့လည်းဖြစ်၊ အစ္စလာမ့်ဘာသာဝင်တွေရဲ့အထွဋ်အမြတ်ထားရာ အစ်နေ့မှာ ဖြေဆိုခိုင်းခဲ့ပါတယ်။

ကိုဝေမိုးနိုင်က သူ့တို့ဘာသာအရ စာမေးပွဲကို နောက်တစ်ရက်ဆုတ်ပေးဖို့ တောင်းဆိုတော့ ပါမောက္ခက သူ့ကို မဟာတန်း ဖြေဆိုခွင့်ကနေ ဖြုတ်ချခဲ့တယ်လို့ ဒေါ်မိုးစန္ဒာကြူက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးအတွက် တက္ကသိုလ်ကျောင်းသားတွေ ပေါင်းပြီး သပိတ်မှောက်ဆန္ဒပြတော့ ကိုဝေမိုးနိုင်လည်း မုံရွာကိုယ်စားပြုအနေနဲ့ပါဝင်ခဲ့တယ်။ ဒီဆန္ဒပြမှုမှာလည်း သူတို့ရှေ့ဆက်သွားရင်အသက်အန္တရာယ်ပြု မယ်ဆိုတဲ့လက်နက်ကိုင်တွေနဲ့ သူ ပထမဆုံးထိပ်တိုက်ကြုံခဲ့ရတာဖြစ်တယ်။

မုံရွာမြို့မှာ ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်ကျင်းပတဲ့အတွက် ကိုဝေမိုးနိုင်ကို ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ခံရပေမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့အကူအညီကြောင့် ထောင်မကျခဲ့တာပါ။

သို့ပေမဲ့ ကိုဝေမိုးနိုင်လျှောက်ခဲ့တဲ့နိုင်ငံရေးခရီးလမ်းကြောင်းမှာ သူ့ကိုထောက်ခံသူရှိသလို နှောင့်ယှက်တဲ့သူတွေလည်း အများအပြားရှိခဲ့ပေမယ့် ဒါတွေကို မိခင်ရဲ့အကြံဉာဏ်၊ ဆုံးမမှုတွေနဲ့ရင်ဆိုင်ဖြေရှင်းခဲ့တာများတယ်လို့ ဆိုပါတယ်။

မိခင်ကတော့ သားဖြစ်သူ နိုင်ငံရေးဆက်လုပ်ရင် တစ်ချိန်မဟုတ်တစ်ချိန်မှာ အသက်အန္တရာယ်ကျရောက်နိုင်တာကြောင့် မုံရွာကနေ မန္တလေးပြောင်းရွှေ့မိန့်တင်ခဲ့သလို ကိုဝေမိုးနိုင်ရဲ့နိုင်ငံရေးလမ်းကြောင်းပြောင်းသွားအောင်လည်း ရန်ကုန်မြို့ကို ပို့လိုက်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ကိုဝေမိုးနိုင် ရန်ကုန်မှာ ကျောင်းတက်ရင်း INGOတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ တစ်ချိန်ထဲမှာ စစ်ကိုင်းတိုင်းရဲ့ လူငယ်ကော်မတီကလည်း သူ့ကိုအတွင်းရေးမှူးခန့်လိုက်တော့ အလုပ်တစ်ဖက်နဲ့ လူငယ်လုပ်ငန်းတွေပါလှမ်းလုပ်ခဲ့တယ်။

“ဝေမိုးနိုင်လုပ်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဂုဏ်ငယ်ရတဲ့ကိစ္စတစ်ခုမှမရှိဘူး။သူရဲ့လူမူရေးမှာလည်း သူလိုလူငယ်လေးတွေ ဖြစ်တတ်တဲ့လမ်းကြောင်းမှားတွေ၊ ဒါတွေလည်း တစ်ခါမှ မရောက်ခဲ့ရဘူး။ ပညာရေးမှာလည်း အမေကို ဂုဏ်ယူစရာဖြစ် စေခဲ့တယ်။”လို့ မိခင်က ဂုဏ်ယူဝင့်ကြွားစွာဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ ကိုဝေမိုးနိုင်တို့သားအမိနှစ်ယောက်လုံး ရန်ကုန်မြို့မှာရှိနေခဲ့တာ ဖြစ်တယ်။ ကိုဝေမိုးနိုင်ကတော့ အာဏာသိမ်းပြီးကတည်းက မုံရွာကိုသွားဖို့ပြင်ဆင်နေပါတယ်။

မိခင်က ရန်ကုန်မှာလည်း တကသအဖွဲ့အစည်းတွေရှိလို့ ဒီမှာဆန္ဒပြဖို့ပြောပေမယ့် စစ်ကိုင်းတိုင်းက သူ့ကိုလူငယ် ခေါင်း ဆောင်ခန့်ထားတဲ့အတွက် သူ့ကိုလိုအပ်မှာဖြစ်လို့ သွားခွင့်ပေးပါဖို့ မိခင်ထံခွင့်တောင်းခဲ့တယ်။

ရှေ့မှာလုပ်ခဲ့တဲ့နိုင်ငံရေးအတွေ့အကြုံအရ သားအသက်ဘေးကြုံရနိုင်တယ်ဆိုတာသိပေမယ့် လူငယ်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စဖြစ်ပြီး သားအင်အားဖြစ်စေဖို့ မိခင်က ကြည်ဖြူစွာခွင့်ပြုခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ကိုဝေမိုးနိုင်က ဒါက ဘာမှသေချာတဲ့ကိစ္စမဟုတ်တဲ့အတွက် မေမေ့စိတ်ဓါတ်ကြံခိုင်အောင်နေပါ။ ကိုယ့်ကိုကိုယ် ပြင်ဆင်ထားပါလို့ မိခင်ကို တဖွဖွမှာကြားရင်း မုံရွာကိုထွက်သွားခဲ့တာဖြစ်တယ်။

ကိုဝေမိုးနိုင် မုံရွာမြို့ကိုထွက်သွားတော့ မိခင်က သူရဲ့ဇာတိကိုပြန်သွားခဲ့တယ်။ ဒါပေမဲ့ သပိတ်ကာလတွေမှာ သားဖြစ်သူနဲ့ နေ့စဉ်ဗီဒီယိုကောနဲ့စကားပြောရင်း ကိုဝေမိုးနိုင်ရဲ့တရားဟောပြောချက်တွေထဲက ဆုံးမသွန်သင်စရာရှိတာတွေဆုံးမပြီး သားလိုအပ်တဲ့အကြံဉာဏ်တွေကို ပေးနေခဲ့တာဖြစ်တယ်။

ကိုဝေမိုးနိုင်ဟာ စစ်အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့၊ မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင် ကာ သပိတ်တွေမှာ တစ်ရက်မပျက်ပါဝင်ခဲ့လို့ ပြည်သူ့အချစ်တော်အဖြစ် ထင်ရှားလာခဲ့တယ်။

သူ့ကို ရင်းနှီးချစ်ခင်တဲ့လူထုက ပန်ဒါကြီးလို့ ချစ်စနိုးခေါ်ပြီး သူ့ကိုလေးစားအားကျသူတွေက ဝန်းရံခဲ့ကြတယ်။ ဒီတော့ သူရဲ့ကျော်ဇောမှုက တစ်နေ့ထက်တစ်နေ့ ပိုမိုရုပ်လုံးကြွလာခဲ့တယ်။

ဒီလိုပြည်သူရဲ့ချစ်ခြင်းခံနေရတာက စစ်တပ်အတွက် မျက်စိစပါးမွှေးစူးစရာဖြစ်စေခဲ့တာကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက် နေ့လယ် ၂ နာရီလောက်မှာ မုံရွာမြို့ထဲဆိုင်ကယ်နဲ့ လှည့်လည်ဆန္ဒပြနေတဲ့ကိုဝေမိုးနိုင်ကို စစ်တပ်က အိမ်စီးကားနဲ့ ဝင်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးသွားပါတယ်။

“ဝေမိုးနိုင်ပါသွားပြီပြောတော့ သူညီအကိုမောင်နှမတွေကတော့ ငိုကြယိုကြပေါ့။ အန်တီကတော့ အဲ့လိုမလုပ်ဘဲ ချက်ခြင်း ဘုရားရှိခိုးတယ်။ တစ်ညလုံး တစ်ရေးမှမအိပ်ဘဲ သားအသက်ဘေးကလွတ်ဖို့ ဆုတောင်းတယ်။”လို့ မိခင်ဖြစ်တဲ့ဒေါ်မိုးစန္ဒာ ကြူ က ပြောပါတယ်။

နောက်နေ့ထွက်လာမယ့်သတင်းဟာ သူမကြားချင်တဲ့သတင်းမဖြစ်ဖို့ မိခင်ဟာ နာရီပေါင်း ၂၀ ကျော်လောက် မရပ်မနား ဆုတောင်းနေခဲ့ပါတယ်။ ကိုဝေမိုးနိုင်ရဲ့ထင်ပေါ်ကျော်ဇောမှုကြောင့် စစ်တပ်က ချက်ခြင်းလက်စဖျောက်သတ်ပစ်နိုင်တဲ့ အနေအထားရှိလို့ အခုလိုလောက်အထိ စိုးရိမ်ပူပန်နေရတာဖြစ်တယ်။

သားအဖမ်းခံရမှုအပေါ် မိခင်အနေနဲ့ ဘယ်လောက်ထိပူဆွေးသောကရောက်နေလဲဆိုရင် လူမူကွန်ရက်(Facebook)မှာ ရေးသားထားတဲ့သူရဲ့စာက သက်သေပါပဲ။

“သားလေး ဝေမိုးနိုင်သည် မွေးစမှ ယခုအသက်အရွယ်အထိ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နာကျင်စေသော စိတ် ဖြင့် ရန်ပြုခဲ့ခြင်းမရှိပါ။ ကြီးမားသောအပြစ်တစုံတရာ ကျူးလွန်ခဲ့ခြင်းလည်းမရှိပါ။ တရားသောလုပ်ရပ်ကို ဆောင်ရွက်သော လူငယ် တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့် ဘေးအန္တရာယ်အပေါင်းမှကင်းလွတ်စေရန် မိခင်မေတ္တာဖြင့်သစ္စာပြုပါသည်။”

မိခင်ရဲ့ဆုတောင်းကြောင့်လို့ပြောရမလား နောက်နေ့ ၁၁ နာရီလောက်မှာတော့ မျက်နှာမှာဖူးယောင်ဒဏ်ရာတွေနဲ့ ဖမ်းဆီး ခံရတဲ့သတင်းတက်လာခဲ့တယ်။ ဒီတော့မှ မိခင်အနေနဲ့ အနည်းငယ်စိတ်အေးရတယ်ဆိုပေမယ့် သားကိုတုတ်နဲ့တောင် မရွယ်ဘူးတဲ့ အမေတစ်ယောက်အနေနဲ့ ဒီပုံတွေကိုမြင်ရတဲ့အခါ များစွာနာကျင်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့မိခင်ရဲ့ဆုတောင်းက ဒီမှာမရပ်သွားပါဘူး။ သားရဲ့နောက်ဆက်တွဲအခြေအနေတွေ ဘာအကြောင်းမှမသိရတဲ့ အတွက် တစ်လနီးပါးကြာအောင် နေ့စဉ်၊ အချိန်တိုင်းဘုရားစာရွတ်ဖတ်၊ ဆုတောင်းတာကို မပြတ်လုပ်ခဲ့ပါတယ်။

မေလ ၂၀ ရက်မှာတော့ မုံရွာရှေ့နေများကွန်ရက်မှပြောပြချက်အရ ကိုဝေမိုးနိုင်ကို စစ်တပ်က လူသတ်မှု၊ ဓါးပြမှုအပါအဝင် ပုဒ်မ ၁၀ ခုနဲ့ အမှုဖွင့်ထားပြီး ၂၈ ရက်မှာ မုံရွာအကျဉ်းထောင်တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပါတယ်။

ကိုဝေမိုးနိုင်ကို ဓားပြမှု ပုဒ်မ(၃၉၅)ဖြင့် ထောင်ဒဏ် ၂၀ နှစ်၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ(၃၉၇)ဖြင့် ခုနစ်နှစ်၊ ဆူပူ ရန်လှုံ့ဆော်မှု ပုဒ်မ(၅၀၅-က) တစ်မှုအတွက် သုံးနှစ်၊ ရုန်းရင်းဆန်ခတ်မှုဖြစ်သည့် ပုဒ်မ(၁၄၈)ဖြင့် သုံးနှစ်နှင့် သာမန်နာ ကျင်စေမှု ပုဒ်မ(၃၂၃)ဖြင့် တစ်နှစ် စုစုပေါင်း ၃၄ နှစ် ချမှတ်ခဲ့တယ်။ 

သေဒဏ်ကျနိုင်တဲ့နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ(၁၂၂)နဲ့ မုံရွာစက်မှုဇုံရပ်ကွက်တွင် ရဲနှစ်ဦးသတ်ခံရမှု အတွက် စွပ်စွဲထားတဲ့လူသတ်မှု ပုဒ်မ(၃၀၂)ကို ရင်ဆိုင်ဖို့ကျန်နေသေးတာကြောင့် မိခင်အနေနဲ့ များစွာစိုးရိမ်ပူပန်လို့နေ ပါတယ်။

“ လူသတ်မှုကတော့ သေဒဏ်ပါနိုင်တယ်။ ၁၂၂ လည်း သေဒဏ်ချချင်ချမှာပေါ့။ နာမည်ကြီးတဲ့သူဖြစ်တော့။ တကယ်လို့ သေဒဏ်ချလိုက်မယ်ဆိုလည်း အန်တီအသနားခံစာတင်ချင်တာပေါ့။ ဒါမိခင်တစ်ယောက်လုပ်ကိုလုပ်ရမယ့်ကိစ္စလေ။” လို့ ဒေါ်မိုးစန္ဒာကြူက ပြောပါတယ်။

ဒီကြားထဲ ကိုဝေမိုးနိုင်ရဲ့ရှေ့နေ နှစ်ဦးမှာ တစ်ဦးကတော့ ဖမ်းဆီးခြင်းခံရပြီး တစ်ယောက်ကတော့ ထွက်ပြေးတိမ်းရှောင် နေရတာကြောင့် တရားရုံးမှာ ကိုဝေမိုးနိုင်ကိုယ်တိုင်ထုချေခဲ့ရပါတယ်။

ဒီအတွက် မိခင်က ကိုဝေမိုးနိုင်သူငယ်ချင်းတွေနဲ့ တိုင်ပင်ကာ ရှေ့နေဌားဖို့စီစဉ်ရပါတယ်။ ဒေါ်မိုးစန္ဒာကြူကတော့ သားရဲ့ အမှုအားလုံးအတွက် သက်သေထွက်ဆိုပေးနေရတာ ဖြစ်တယ်။

“ သူ့ကို ဖမ်းဆီးထားတဲ့လူတွေကို အစိုးရအဖြစ်၊ ဥပဒေပြုခွင့်အဖြစ် အသိအမှတ်မပြုလို့ မပူးပေါင်းဘူးလို့ အရင်ကဆုံးဖြတ် တာပေါ့။ ဒါပေမဲ့နောင်မှာ သမိုင်းအမှားမဖြစ်စေချင်လို့ တရားခွင်မှာ ပူးပေါင်းပေးလိုက်တာ။” လို့ မိခင်က ဆိုပါတယ်။

ပထမဆုံးရုံးထုတ်တဲ့အချိန်မှာတော့ မိခင်က သားကိုအဝေးကနေသာ လှမ်းတွေ့ခွင့်ရခဲ့တာပါ။ ဒါပေမဲ့သက်သေထွက်ရ တော့ သားနဲ့ သီးသန့်တစ်နာရီနီးပါးတွေ့ဆုံခွင့်ရပြီး အမှုနဲ့ပတ်သက်တာတွေ အဓိကပြောဆိုဖြစ်ကြတယ်လို့ ပြောပါတယ်။

သားအမှုအတွက် သက်သေထွက်ဆိုပေးရင်း နှစ်နှစ်အတွင်းမှာ သားအမိနှစ်ယောက် ခုနစ်ကြိမ်စကားပြောခွင့်ရခဲ့ပြီး လက်ရှိ အချိန်ထိ ကိုဝေမိုးနိုင်ဟာ စိတ်ဓါတ်ကြံ့ခိုင်နေတုန်းပဲလို့ မိခင်က ဆိုပါတယ်။

ယခင်ကတည်းက နှစ်ကိုယ့်တစ်စိတ်ရှိခဲ့တဲ့သားအမိတွေ အခုခွဲခွာနေရတာ နှစ်နှစ်ကျော်ရှိလာပြီတော့ မိခင်အနေနဲ့ သားကို အမြဲလိုလို သတိရလွမ်းဆွတ်နေတာကြောင့် သူရဲ့နေထိုင်စားသောက်မှုတွေမှာ အဆင်မပြေဖြစ်ခဲ့ရပါတယ်။

သားကို လွမ်းဆွတ်မှုတွေ၊ သူရဲ့အဆင်မပြေမှုတွေကိုတော့ ကိုဝေမိုးနိုင်ကို ဘယ်သောအခါမှထုတ်မပြခဲ့ပါဘူး။ သားနဲ့တွေ့ တိုင်းမှာ သန်မာတဲ့မိခင်တစ်ယောက်အနေနဲ့ သားကိုအားပေးစကားပြောနေခဲ့တာဖြစ်တယ်။

“ စိတ်ခန္ဓာမလုံခြုံမှုနဲ့တော့ကြုံရတယ်။ စောင့်ကြည့်ခံနေရတော့တစ်နေရာထဲ အကြာကြီးနေလို့မရဘူး။ အိမ်က ငါးနေရာ၊ အဆောင်က တစ်နေရာပြောင်းနေခဲ့ရတယ်။ သတိရတာကတော့ တခါတလေထမင်း ဆက်မစားနိုင်တော့တဲ့ အထိပဲ။ အိပ်လည်းမပျော်တော့ဘူး။”လို့ ပျက်ယွင်းလာတဲ့သူရဲ့စားသောက်နေထိုင်မှုကို ဒေါ်မိုးစန္ဒာကြူက ပြောပြပါတယ်။

သားကို သတိရစိတ်နဲ့ သားရှိတဲ့အကျဉ်းထောင်ဝန်းကျင်မှာ နေထိုင်တာက သူ့စိတ်ခန္ဓာကိုယ်လုံခြုံမှုရှိတယ်လို့ ခံစားရစေ ကြောင်းနဲ့ ဒီအတွက် သားဖြစ်သူလည်း မိခင်မေတ္တာကြောင့် စိတ်လုံခြုံမှုကိုခံစားရမှာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ ဘယ်လောက်ပဲစိတ်ဓါတ်ကြံ့ခိုင်ပါတယ်ပြောပြော လူဆိုတာ သေဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ဘယ်သူ မဆို စိတ်ကတော့အားငယ်တာပဲ။ အပြင်မှာ သူ့အတွက် တစ်စုံတစ်ယောက်သောသူသည် ပူပန်သောကနဲ့ရှိနေတယ်။ သူ့အနီး နားမှာရှိတယ်ဆိုတာက သူရဲ့စိတ်လုံခြုံမှုကို ဖြစ်စေပါတယ်။”

ဒါ့ကြောင့် ဒေါ်မိုးစန္ဒာကြူက သူလည်း သားအတွက်စိတ်ဓါတ်ကြံ့ခိုင်မှုရှိအောင် ပြင်ဆင်ထားသလို ဘဝတူမိခင်တွေကို လည်း အကျဉ်းကျသားသမီးတွေကို အပြစ်မတင်ဖို့နဲ့ စိတ်အားတက်စေမယ့်စကားပြောပေးဖို့ အကြံပြုထားပါတယ်။

အကြောင်းကတော့ ကိုဝေမိုးနိုင် အခုလိုအဖမ်းခံရတာ၊ နိုင်ငံရေးလုပ်တာ မတားမြစ်ခဲ့တဲ့မိခင်ရဲ့အလိုလိုက်မှုကြောင့်လို့ အများက ပြစ်တင်ဝေဖန်ခြင်းကိုခံခဲ့ရတာပါ။

ဒေါ်မိုးစန္ဒာကြူကတော့ သားကိုငယ်စဉ်ကတည်းက စာပေနဲ့ရင်းနှီးကျွမ်းဝင်စေလို့ နိုင်ငံရေးသမားဖြစ်သွားတာကို မှားသွား တယ်လို့ တခါမှမတွေးဖူးဘူးကြောင်းနဲ့ သားကိုဖြစ်လာနိုင်တာကိုပြောပြပြီး ဆုံးဖြတ်ခွင့်ကိုတော့ အပြည့်အဝပေးတာက အမှားမဟုတ်ဘူးလို့ ဆိုပါတယ်။

“ သူရဲ့ဘဝ၊ သူရဲ့အတွေးအခေါ်အရ နိုင်ငံရေးကို စိတ်ဝင်စားတာ အပြစ်မဟုတ်ပါဘူး။ လူဆိုတာ ဒီတိုင်းပြည်၊ ဒီနိုင်ငံထဲ မှာနေနေတာ ဒီတိုင်းပြည်ရဲ့ကောင်းကျိုးကိုလုပ်တဲ့သူမှန်သမျှဟာ အပြစ်မဟုတ်ဘူးလို့ ခံယူထားတယ်။ ဖြစ်လာတာက တော့ သူရဲ့ကံတရားပေါ့။”လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် သူ့ရဲ့သားဟာ တော်လှန်ရေးသမားဆိုတာထက် ကောင်းတာကိုလုပ်ဖို့၊ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဖို့ သတ္တိရှိ ဖို့ ဒီလိုအနေအထားနဲ့ ကြီးပြင်းလာတဲ့လူငယ်ဖြစ်လို့ ဂုဏ်ယူတယ်ဆိုတာထက်ပိုတဲ့ အဖိုးတန်လူငယ်တစ်ယောက်ပါလို့ မိခင်က မှတ်ချက်ပြုပါတယ်။

အမေများနေ့မှာ သူလိုချင်တဲ့ဆန္ဒကတော့ မိခင်တိုင်းမှာရှိနေတဲ့ဆန္ဒနဲ့ထပ်တူရှိနေပြီး သားကလည်း အများရဲ့ဆုတောင်း မေတ္တာနဲ့ ကျော်ဖြတ်လာနိုင်မယ်လို့ ယုံကြည်ထားကြောင်း ဒေါ်မိုးစန္ဒာကြူက ဖွင့်ဆိုနေပါတော့တယ်။

Author:

Related Articles