Home ဆောင်းပါး တစ်ကိုယ်တော်မိခင်တွေကို သောကပွေစေတဲ့ ကလေးပစ္စည်းများ စျေးနူန်းကြီးမြင့်လာမှု  

တစ်ကိုယ်တော်မိခင်တွေကို သောကပွေစေတဲ့ ကလေးပစ္စည်းများ စျေးနူန်းကြီးမြင့်လာမှု  

ဒေဝီ။ ။

စူပါဟီးရိုးဇာတ်ကောင် Sonic အရုပ်လေးကို လိုချင်လို့ တဖွဖွ ပူစာရင်းအိပ်ပျော်သွားတဲ့ သားဖြစ်သူကို ကြည့်ရင်း မဝေ မျက်ရည်ကျမိတယ်။

တခြားကလေးတွေ ဆော့ကစားတာမြင်ခဲ့ရတဲ့ စက်ရုပ်လေးကို ဆော့ကစားချင်လို့ မိခင်ဖြစ်သူကို ပူဆာပေမယ့် သောင်းကျော် ပေးရတဲ့ အရုပ်ကို ဝယ်ပေးဖို့ သူ့အနေနဲ့ ငွေကြေး မတတ်နိုင်သေး။

တစ်ကိုယ်ရည်မိခင်အနေနဲ့ရပ်တည်ပြီး သူတစ်ဦးတည်းဝင်‌ငွေနဲ့ သားဖြစ်သူကို ပြုစုစောင့်ရှောက်ရတဲ့ကာလမှာ သားအမိ နှစ်ဦး နေရေးစားရေးကနေ  ကျန်းမာရေးပညာရေးအထိ ပူပန်စရာတွေချည်းပါပဲ။

” လူတိုင်း ကျပ်တည်းနေတဲ့ကာလမှာ တစ်ယောက်တည်း ရုန်းကန်နေရတဲ့  မိခင်တွေလည်း ပိုခက်ခဲပါတယ်။ ရှိနေတဲ့အလုပ် ကလေးမြဲဖို့တောင် ဆုတောင်းနေရတဲ့ အခြေအနေပဲ။”လို့ အသက်လေးနှစ်အရွယ်သားဖြစ်သူကို တစ်ဦးတည်းစောင့်ရှောက် နေတဲ့ မဝေကပြောတယ်။

အာဏာသိမ်းပြီးနောက်ကြုံရတဲ့ စီးပွားရေးအကျပ်အတည်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေနည်းပါး၊ ပညာရေး ကျန်းမာရေးတွေနိမ့်ကျနဲ့ ပြည်သူတွေမှာ အဖက်ဖက်က ဒုက္ခအခက်အခဲတွေနဲ့ ရှင်သန်နေထိုင်ရတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြား လူတိုင်းအခက်အခဲကိုယ်စီနဲ့ ဖြတ်သန်းနေရတဲ့အထဲ အကြောင်း အမျိုးမျိုးကြောင့် တစ်ကိုယ်တည်းရပ်တည်နေထိုင်ရတဲ့ single mother (တစ်ကိုယ်ရည်မိခင်)တွေမှာ ပိုလို့ကြိုးစား ရုန်းကန် နေရတယ်။

အစအစအရာရာစျေးနူန်းကြီးမြင့်မှုတွေအထဲ ကလေးအသုံးအဆောင်ပစ္စည်းတွေလည်း ကျန်မနေခဲ့ပါဘူး။ မဖြစ်မနေလိုအပ် တဲ့ နို့မှုန့်လို ဒိုင်ဘာလို ကလေးပစ္စည်းတွေကအစ ကစားစရာအရုပ်တွေထိ စျေးနူန်းတွေ နှစ်ဆကျော် သုံးဆ တက်လာတဲ့ အတွက် ကလေးမိခင်တွေမှာ အလုပ်အကိုင် စား၀တ်နေရေးအပူအပြင် ကလေးငယ်တွေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ပါ အနိုင်နိုင် ရုန်းကန်နေကြရပါတယ်။

ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းလုပ်ကိုင်နေတဲ့မဝေက အစစအရာရာကျပ်တည်းတဲ့ကာလမှာ  ရတဲ့ဝင်ငွေလစာနဲ့ သား သမီးကို ပြုစုစောင့်ရှောက်ရတဲ့ သူ့လိုတစ်ကိုယ်ရည်မိခင်တွေအတွက် ပိုခက်ခဲတာအမှန်ပဲလို့ ငြီးတွားတယ်။

အသက် ၂၆နှစ်အရွယ် မဝေက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားတာ သားဖြစ်သူ လသားအရွယ်ကတည်းက။ အလုပ်မယ်မယ်ရရ မရှိဘဲ အရက်နဲ့လောင်းကစားခုံမင်တဲ့ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီး မိခင်ဖြစ်သူအိမ်မှာ နေထိုင်ရင်း သားဖြစ်သူကို စောင့်ရှောက် နေတာပါ။

တစ်ကိုယ်ရည်မိခင်အဖြစ်နေထိုင်မယ်လို့ဆုံးဖြတ်ခဲ့စဉ်က ဘာကိစ္စပဲကြုံကြုံ ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ခွန်အားအပြည့်နဲ့ရှိခဲ့ ပေမယ့် ကြုံရတဲ့ခေတ်အနေအထားအရ ခွန်အားတွေလျော့လာတယ်လို့ သူကဆိုတယ်။

အဲဒီကာလတုန်းက ကိုဗစ်ကပ်ရောဂါတွေရှိနေပေမယ့် နိုင်ငံရေးကလည်းတည်ငြိမ်၊ အလုပ်အကိုင်တွေလည်း ကောင်းတဲ့ အပြင် ကုန်စျေးနှုန်းတွေလည်းကလည်းမတက်တော့ ပုံမှန်ဖြစ်နေတဲ့ကာလမှာ ရတဲ့ဝင်ငွေနဲ့လောက်ငပြီး သူတို့သားအမိဘဝ လည်း  ပုံမှန်အတိုင်းအဆင်ပြေခဲ့တယ်။

သူရုံးသွားတဲ့အချိန် သားဖြစ်သူကို မိခင်နဲ့အခြားမောင်နှမတွေက ကြည့်ရှုပေးထားတော့ အလုပ်ကို စိတ်ဖြောင့်ဖြောင့်လုပ်ပြီး လည်း ဝင်ငွေရှာနိုင်တယ်။

” အဲ့အချိန်တုန်းက မိခင်နို့ပဲ၊ ရုံးသွားတဲ့အချိန်ပဲ နို့ဗူးတိုက်တာ၊ နို့မှုန့်ကလည်း စျေးက တစ်သောင်းဝန်းကျင်လောက်ဆိုတော့  ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေတယ်။ အခုလိုအချိန်မှာသာတိုက်ရမယ်ဆို မလွယ်ဘူး။” လို့မဝေကပြောပါတယ်။

ဒါပေမယ့် ကုန်စျေးနှုန်းတွေတက်လာတဲ့နည်းတူ ကလေးစရိတ်ကလည်း တဖြည်းဖြည်းမြင့်လာတာကြောင့် သူ့အနေနဲ့ စိတ် ညစ်ရတယ်။ စရိတ်စကတွေ တစ်စတစ်စ တက်နေပေမယ့် ဝင်ငွေကတော့ သိသိသာသာတက်မလာပါဘူး။  

စီးပွားရေးမကောင်းဘဲ ဝန်ထမ်းတွေလျှော့နေတဲ့ကာလမှာ သူလည်းမပါဝင်ဖို့ ဆုတောင်းနေရပြီး အဲ့ဒီအတွက်လည်း သူများ ထက် စည်းကမ်းတကျနေပြီး ပိုကြိုးစားနေရတယ်လို့ ဆက်ပြောတယ်။

ဝင်ငွေလစာလေးသိန်းကျော်ကျော်သာရတဲ့ သာမန်ဝန်ထမ်းဖြစ်တာကြောင့် သူများတကာလို အပိုမသုံးနိုင်ပါဘူး။ မိခင်ဖြစ်သူ အိမ်မှာ အခြားသောမောင်နှမတွေနဲ့အတူ နေထိုင်ရတဲ့အတွက် ရတဲ့လစာထဲက စျေးဖိုးပေးပြီးရင် ကျန်တဲ့ငွေကြေးကို သားဖြစ် သူ ကျောင်းစရိတ် မုန့်ဖိုးနဲ့ သူရုံးတက်ဖို့စရိတ် အဖြစ်သုံးစွဲရပါတယ်။

” ကလေးစရိတ်ကလည်း တစ်လတစ်လ တစ်သိန်းကျော်လောက်ကုန်တယ်။ ဒါတောင်သူများကလေးတွေ စားသလို ဝတ်သ လို မဝယ်ခြမ်းပေးနိုင်ဘူး။” လို့ မဝေကပြောတယ်။

ဝင်ငွေလစာရဲ့ သုံးပုံတစ်ပုံနီးပါးကို ကလေးစရိတ်သုံးစွဲနေရပြီး အများသူငှာကလေးတွေလို အဝတ်အစားကောင်းကောင်းတွေ ကျောင်းကောင်းကောင်းတွေမှာ ထားချင်ပေမယ့် သူ့ရတဲ့ဝင်ငွေနဲ့ ချိန်ဆပြီး သင့်တော်ရာကျောင်းတွေမှာသာ ထားရတယ်။

သူ့အနေနဲ့လည်း ရတဲ့ငွေကြေးကိုစိစစ်ပြီးသုံးစွဲနေရတာကြောင့် တခါတရံ ရုံးကသူတွေနဲ့မုန့်စုစားတာ အပြင်ထွက်လည်တာ မျိုးတွေမှာလည်း အပိုမသုံးစွဲနိုင်ဘူးလို့ဆက်ပြောတယ်။

” ရုံးကသူတွေကလည်း နားလည်ပေးကြပါတယ်။ တချို့ဆို ကလေးအတွက်လိုအပ်တာလေးတွေဆို မျှပေးကြတယ်။” လို့ မဝေက ပြောတယ်။

ဒါပေမယ့်သားဖြစ်သူ အရွယ်ရောက်လာတာနဲ့အမျှ ပညာရေး၊ကျန်းမာရေးကစလို့ အစစအရာရာ ငွေကုန်ကြေးကုန်ကျများ လာတာကြောင့် ရတဲ့ဝင်ငွေက မလောက်ငတဲ့အချိန် ဆွေမျိုးမောင်နှမတွေဆီက ချေးငှားသုံးစွဲရတာတွေလည်းရှိပြီး အဲ့ဒီအချိန် ဆိုရင်တော့ စိတ်အပင်ပန်းဆုံးပဲလို့ မဝေကပြောတယ်။

” နဂိုကတည်းက စိတ်အားငယ်ရတဲ့အခံရှိတော့ ဒီလိုအချိန်ဆို တအားဝမ်းနည်းရတယ်။ ကိုယ့်မှာမပြေလည်တော့ အမေက ပေးကမ်းနေပေမယ့် တခြားမောင်နှမတွေ အမြင်မကြည်မှာလည်းစိုးရတယ်။” လို့မဝေကပြောတယ်။

မိဘအိမ်မှာနေထိုင်ပြီး သားဖြစ်သူကို တစ်ကိုယ်တည်း စောင့်ရှောက်ရတဲ့အခါ ငွေကြေးမပြည့်စုံမှုက အစပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှုတွေလည်း ရင်ဆိုင်ရတာတွေလည်းရှိပြီး ကလေးချင်းရန်ဖြစ်ရင်တောင် အိမ်ထောင်ကွဲတာကို အပြစ် လုပ်ပြီး ပြောတာတွေလည်းကြုံရတယ်လို့ ဆက်ပြောတယ်။

လေးနှစ်အရွယ်ရှိလာပြီဖြစ်တဲ့ သားဖြစ်သူမှာလည်း အခြားကလေးတွေလို ဝယ်ချင်စားချင်ဆော့ ကစားချင်တဲ့အခါ သူ့အနေနဲ့ မဖြည့်ဆည်းပေးနိုင်တာတွေလည်းရှိပါတယ်။ အဲ့ဒီအချိန်မျိုးဆို ကလေးကို နားလည်အောင်ရှင်းပြလို့ ကလေးကနားလည်ပြီး မပူဆာတော့ပေမယ့် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။  

“ ကလေးဆိုတော့ သူများအရုပ်အသစ်ဆော့ရင်သူလည်းဆော့ချင် သူများမုန့်စားရင် သူလည်းစားချင်နဲ့ ကိုယ့်မှာမဝယ်ပေးနိုင် မုန့်ကောင်းတာတွေ မဝယ်ကျွေးနိုင်တော့ စိတ်မကောင်းဖြစ်ရတယ်။”လို့ မဝေဝေကပြောပါတယ်။

ခေတ်အခြေအနေအရ ဇနီးမောင်နှံနှစ်ဦးသားရုန်းကန်ရှာဖွေပြီး ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ စိန်ခေါ်မှု အများ ကြီးရှိတဲ့အချိန်မှာ  Single mother တွေအနေနဲ့မိခင်တစ်ဦးတည်း ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး။

မဝေဝေလို တစ်ကိုယ်တော်မိခင်တစ်ဦးဖြစ်သူ အသက်နှစ်နှစ်ကျော်အရွယ်ကလေး မိခင် မငယ်ငယ်ကလည်း ” အိမ်ထောင် ဘက် နှစ်ဦးပျိုးထောင်ရတဲ့ အခြေအနေမှာတောင် ကလေးတစ်ယောက်တာဝန်ကကြီးတော့ ပင်ပန်းရတာ တစ်ယောက် တည်း ပြုစုပျိုး ထောင်ရတဲ့အခါ ပိုပြီးစိတ်ဖိစီးရတယ်။”လို့ ပြောပါတယ်။

မငယ်ငယ်က ကိုယ်ဝန်ဆောင်စဉ်ကတည်းက ခင်ပွန်းဖြစ်သူက အိမ်ထောင်ရေးဖောက်ပြန်တာကြောင့် မီးဖွားပြီးနှစ်လအကြာ မှာ ကွာရှင်းခဲ့တာပါ။  

ကွာရှင်းပြီးနောက် ကလေးတစ်ဖက်နဲ့ နယ်ကမိဘထံပြန်ခဲ့ပါတယ်။ မိဘအိမ်မှာနေထိုင်ရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေရ အောင် အွန်လိုင်းစျေးအရောင်းအဝယ်လုပ်ခဲ့ပေမယ့် ကုန်ပစ္စည်းတွေက စျေးနှုန်းကြီးမြင့်တာ တန်ဆာခတွေစျေးတက်တာ နယ်ဆိုတော့ ပို့ဆောင်ရေးအခက်အခဲတွေကြောင့် စျေးရောင်းတာလည်း ရပ်နားခဲ့ရတယ်။

အွန်လိုင်းစျေးရောင်းတာလည်း အလုပ်မဖြစ်တာကြောင့် ကလေးနှစ်နှစ်အရွယ်ထိ မိဘအိမ်မှာပဲ သားအမိတွေ နေထိုင်ခဲ့ရတဲ့ အတွက် ဝင်ငွေရယ်လို့လည်း သေသေချာချာမရှာဖွေနိုင်တဲ့အခါ စိတ်ဓာတ်ကျမိပါတယ်။

ကလေးက မိခင်နို့တိုက်တော့ နို့မှုန့်ဖိုးမကုန်ပေမယ့် ကလေးသေးခံ(ဒိုင်ဘာ)ဖိုး၊ ဖြည့်စွက်စာနဲ့  မုန့်ဖိုးတင် တစ်လနှစ်သိန်း ကျော် သုံးသိန်းနီးပါးကုန်ကျပြီး ဒီစရိတ်တွေကို မိဘတွေကပေးထားတာကြောင့် မပူပင်ရပေမယ့် သားအမိနှစ်ဦး ရေရှည်ရပ် တည်ဖို့အတွက်က ကိုယ့်ဝင်ငွေနဲ့မှ ဖြစ်မှာလို့ မငယ်ငယ်က ပြောပါတယ်။

အိမ်ထောင်မကျခင်က  မူကြိုကျောင်းတစ်ခုမှာ ဆရာမအဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပေမယ့် အိမ်ထောင်ကျကိုယ်ဝန်ရှိ ပြီးနောက် အလုပ်ကနားခဲ့ရတာပါ။ လက်ရှိမှာသမီးဖြစ်သူက နို့ပြတ်လို့ အလုပ်လုပ်ဝင်ငွေရှာဖို့ လိုအပ်လာပေမယ့် နယ်မှာ ဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတယ်လို့ မ‌ငယ်ငယ်ကပြောပါတယ်။

ရန်ကုန်ပြန်လာပြီး အလုပ်လုပ်ဖို့စဉ်းစားမိပေမယ့်လည်း သားအမိနှစ်ယောက်တည်း ရန်ကုန်လိုနေရာမျိုးမှာ ရပ်တည်ဖို့က လွယ်ကူမှာမဟုတ်ဘဲ နေထိုင်စရာကစလို့ စားဝတ်နေရေးအထိ အစကနေ ပြန်လည်စရမှာဖြစ်ပြီးကလေးထိန်း ကျောင်းဖို့က အစ လိုအပ်ချက်ရှိမှာလို့ မငယ်ငယ်ကပြောတယ်။

” သားအမိနှစ်ယောက်တည်းရှိတာဆိုတော့ ရပ်တည်ဖို့တော့ကြိုးစားရမှာပဲ။ သမီးလေးကလည်း ကိုယ့်ကိုအရမ်းခင်တွယ်တာ သူ့ကိုထားခဲ့ပြီး အလုပ်လုပ်ဖို့ဆိုတာလည်းမလွယ်ဘူး သူစိတ်ဒဏ်ရာရသွားမှာ။” လို့ မငယ်ငယ်က ပြောတယ်။

ဒါပေမယ့်လည်း ကလေးစရိတ်ကလည်း ရှေ့လျောက်တဖြည်ဖြည်းများလာမှာဖြစ်သလို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ထား ချင်တာကြောင့် ကိုယ်ပိုင်ဝင်ငွေရှာဖို့လည်း လိုအပ်နေတယ်လို့ မငယ်ငယ်က ပြောပါတယ်။

” အမြဲတမ်းတော့မိဘကိုမှီခိုနေလို့မဖြစ်ဘူး။ ကိုယ်သားသမီးအတွက် ကိုယ့်မှာပဲတာဝန်ရှိတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမှာ လမ်းပျောက်တယ်။”လို့ မငယ်ငယ်က ပြောပါတယ်။

နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ လူမှုဒုက္ခတွေကြား  အဆင်ပြေပြေနေထိုင်စားသောက်ဖို့ အိမ်ရှိလူကုန် အလုပ်လုပ်မှ တော်တန်ရုံ ဖြစ်မယ့် အခြေအနေအကြား သားသမီးကို တစ်ဦးတည်းစောင့်ရှောက်ရတဲ့ Single mother တွေမှာသူများထက် နှစ်ဆပို ပင်ပန်းရမှာလို့ ကလေးနှစ်ဦးမိခင် မသက်သက်က ပြောပါတယ်။

” ကုန်စျေးနှုန်းတက်သလို ကလေးပစ္စည်းတွေက စျေးအရမ်းတက်တာ။ ကလေးနို့မှုန့်တောင် အကြီးလေးမွေးတုန်းက တစ် သောင်းကျော်လောက်ပဲရှိတာက အခု ငါးသောင်းနီးပါးဖြစ်လာတယ်။ ဒို့လို ပုံမှန်ဝင်‌‌ငွေရှိတဲ့မိခင်တွေတောင် အစစအရာရာမှာ ချွေတာနေရရင် တစ်ယောက်တည်းရှာဖွေနေရတဲ့ အမေတွေဆို ဒီထက်ပိုရုန်းကန်ရမှာ။” လို့ မသက်သက်ကပြောပါတယ်။

တစ်နှစ်ခွဲအရွယ်နဲ့ငါးနှစ်အရွယ် ကလေးနှစ်ဦးရဲ့စရိတ်ကလည်း မသေးဘူးလို့မသက်သက်က ငြီးတွားတယ်။ ကလေးတွေ သောက်တဲ့ နို့မှုန့်၊နွားနို့၊ အဆာပြေမုန့်တွေ အာဏာမသိမ်းခင်ကာလကထက် နှစ်ဆကျော်သုံးဆလောက် စျေးတက်ပါတယ်။

မိခင်နို့အစားထိုး ကလေးတွေသောက်သုံးတဲ့နို့မှုန့်က ကုန်ပစ္စည်းအမျိုးအစားအလိုက် နှစ်သောင်းကျော်ကနေ ငါးသောင်းကျော် အထိ စျေးတက်ပါတယ်။ ဒိုင်ဘာ)နဲ့ အခြားဖြည့်စွက် အစားအစာတွေကလည်း ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ စျေးနှုန်းမြင့်တက်ပါတယ်။

မိခင်နို့တိုက်ကျွေးတဲ့မိခင်တွေအနေနဲ့ နို့မှုန့်ဖိုး ကုန်ကျစရိတ်သက်သာပေမယ့် နို့မှုန့်ကူရတဲ့ မိခင်တွေဆို အဟာရနို့မှုန့်ဖိုးနဲ့ ဒိုင်ဘာ၊ ဖြည့်စွက်စာနဲ့ တစ်လတစ်လ ကုန်ကျစရိတ်က နည်းမှာမဟုတ်ဘူးလို့ ဆက်ပြောတယ်။

သူ့အနေနဲ့လည်း လကုန်လို့ ခင်ပွန်းဖြစ်သူပေးတဲ့ငွေကြေးကို အိမ်အတွက်လိုအပ်တဲ့ မီးဖိုချောင်သုံးပစ္စည်းနဲ့ ကလေးတွေ အတွက် ကျောင်းလခ၊ အဟာရ၊မုန့်နဲ့လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဝယ်ခြမ်းပြီးရင် လစာရဲ့သုံးပုံနှစ်ပုံလောက်က လျော့သွားပါ တယ်။

ကျန်တဲ့လစာတစ်ပုံကို  ဟင်းစားနဲ့အခြားအသုံးစရိတ်တွေ မျှသုံးစွဲပေမယ့် တစ်လတစ်လလောက်ငရုံသာရှိပါတယ်။ ဒီအတွက် လည်း အိမ်စရိတ်အထောက်အပံ့ရအောင် ကလေးနဲ့လူသုံးကုန်ပစ္စည်းတွေကို  အွန်လိုင်းကနေရောင်းချတဲ့ စီးပွားရေးပါ တွဲ ဖက် လုပ်ကိုင်ရပါတယ်။

” လူကြီးတွေက ချွေတာစားလို့ရပေမယ့် ကလေးတွေကိုတော့ အဟာရပြည့်ပြည့်ဝဝနဲ့ကျွေးချင်တဲ့အတွက် စျေးနှုန်းကြီး မြင့်ပေမယ့်လည်း ရသလို ရုန်းကန်ကျွေးမွေးနေရတာပဲ။”လို့ မသက်သက်ပြောတယ်။

ကုန်စျေးနှုန်းတက် မီးပျက်ရေပျက်နဲ့ မကောင်းတဲ့ခေတ်အခြေအနေခါမှာ ကိုယ့်‌သွေးသားကို လူလောကထဲခေါ်ပြီး တာဝန် သိသိ ပြုစုပျိုးထောင်ရတဲ့ မိခင်တွေကို လေးစားမိတယ်လို့လည်း မသက်သက်က ဆက်ပြောပါတယ်။

တစ်ကိုယ်ရည်မိခင်တွေကတော့ မပြေလည်မှုတွေ ရုန်းကန်မှုတွေနဲ့ အပူအပင်တွေကြား တခါတရံ စိတ်အဆင်မပြေမှုတွေရှိ ပေမယ့်လည်း ကိုယ့်ကိုယ်ယုံကြည်ပြီး ချစ်ခင်တွယ်တာတဲ့သူအတွက် အကောင်းဆုံးဖြည့်ဆည်းဖို့ ကြိုးစားသွားမယ်လို့ ဆိုကြ ပါတယ်။

” အလုပ်ကပြန်လာရင်ပင်ပန်းပေမယ့်လည်း ကိုယ်ပြန်လာတာကိုစောင့်ကြိုနေတဲ့သူရှိတယ်ဆိုတဲ့ ခံစားချက်နဲ့တင် ကြည်နူးရ တယ်။ ခက်ခဲပေမယ့်လည်း ကိုယ့်ကလေးအတွက် အကောင်းဆုံး ကြိုးစားသွားမယ်။”လို့ မဝေက ဆိုပါတော့တယ်။

Author:

Related Articles