Honest Information (HI)
အသက် ၄၀ ကျော်အရွယ် မုဆိုးမတယောက်ဖြစ်တဲ့ မွိုးဘိဟာ သူ့ရဲ့လေးနှစ်အရွယ်သားငယ်ကို ကျောင်းပို့ဖို့အတွက် ပြင်ဆင်ရင်း တစ်ဖက်မှာလည်း သူ့အတွက်လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ထုတ်ပိုးပြင်ဆင်နေခဲ့ပါတယ်။
အရင်နေ့တွေတုန်းကဆိုရင် သားငယ်ကိုကျောင်းပို့ပြီးရင် ပေါက်ပြားထမ်း၊ ပလိုင်းလွယ်ပြီး မွိုးဘိတယောက် စိုက်ခင်းထဲကို တန်းဆင်းလေ့ရှိပါတယ်။
ဒါပေမယ့် ကင်းစောင့်ဖို့အလှည့်ကျတဲ့ ထိုနေ့မှာတော့ ပေါက်ပြားနဲ့ ပလိုင်းအစား ရေနွေးအိုး၊ ရေ၊ လက်ဖက်ခြောက်၊ ရေနွေးကြမ်းနဲ့ အစာပြေသွားရေစာ မုန့်တွေကို သယ်ဆောင်ပြီး မွိုးဘိဟာ ရွာအပြင်က ကင်းတဲဆီထွက်သွားခဲ့ပါတော့တယ်။
မွိုးဘိတို့နေထိုင်ရာ ဟိုပုံးမြို့ နယ်အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသအနီးတဝိုက်က ပအိုဝ်းကျေးရွာတွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွာတိုင်းနီးပါးကင်းစောင့်တာတွေ လုပ်နေကြရပါတယ်။
အဆိုပါအစီအစဉ်ဟာ ပအိုဝ်းဒေသနဲ့အနီးအနားဖြစ်တဲ့ ကယားပြည်နယ်ထဲက လွိုင်ကော်၊ဖယ်ခုံ တို့ဘက်မှာ စစ်ပွဲဖြစ်ပြီး မေလနောက်ပိုင်းမှာ စခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသတွင်းလက်နက်ကိုင် အချို့နဲ့ ဒေသခံ လူငယ်တွေဟာ ကယားပြည်နယ်ထဲမှာ လက်နက်ကိုင်တိုက်ပွဲတွေဆင်နွဲနေကြတာဖြစ်ပါတယ်။
အဲ့ဒီနောက် ပအိုဝ်းကျေးရွာ အများစုက ရွာရဲ့ လုံခြုံနေရေးအရ ဆိုပြီး ရွာအဝင်လေးမှာ တဲလေးထိုးပြီ ကင်းစောင့် တာတွေ ပြုလုပ်ရမည်လို့ ကျေးရွာလူကြီး၊ ဘုန်းကြီးတွေက တစ်အိမ်တစ်ယောက်နှုန်းဖြင့် အစည်းဝေးခေါ်ပြီး အမိန့်ထုတ်ခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် ပါဝင်ပါတယ်။
အဲဒီမြို့နယ်တွေမှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရာနှုန်းပြည့်အနိုင်ရတဲ့အတွက် ပါတီဥက္ကဌက အစိုးရသက်တမ်းနှစ်ဆက် ဒေသဦးစီးအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူနေတာ ဖြစ်ပြီး မြို့နယ်ဦးစီးချုပ်ကနေ ထွက်ရှိလာတဲ့ ဆုံးဖြတ်များ၊ ကိစ္စများကို ကျေးရွာရဲ့ အုပ်စု (အွိုင်း) ဆီကို ပေးပို့ရပါတယ်။
အဲ့ဒီကနေတစ်ဆင့် အုပ်စု (အွိုင်း) ကနေ ကျေးရွာရဲ့ လူကြီး၊ ဘုန်းကြီးမှတဆင့်ကျေးရွာ သူ/သား ထံကိုရောက် စသည့် ပုံစံမျိုးနဲ့ လုပ်ဆောင်ကြပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းစသိမ်းပြီးနောက်မှာတော့ ပြည်ခိုင်ဖြိုးပါတီတစ်ဦးကို စစ်ကောင်စီကဥက္ကဌအဖြစ်ပြောင်းလဲ ခန့်အပ်ထားပါပြီ။
ဒေသခံတွေကတော့ လူကြီး၊ ဘုန်းကြီး ပအိုဝ်းလူကြီးတို့က ကင်းစောင့်ဖို့ အမိန့်ထုတ်တယ်လို့ဘဲ သိထားကြပြီး ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ် မသိကြပါဘူး၊ ပြန်လည်းမမေးရဲတဲ့ အနေအထားပါ။
ဒီလို ကင်းစောင့်ဖို့အတွက် တစ်အိမ်တစ်ယောက်နှုန်း မသွားမနေရစနစ်နဲ့ အိမ်ထောင် ၆ စုပေါင်း တစ်ဖွဲ့ဆိုပြီး အလှည့်ကျ နေ့၊ ည ကင်းစောင့်လာရပါတယ်။ အလှည့်ကတော့ တစ်လလျှင် တစ်ကြိမ်ကျပါတယ်။
အိမ်ထောင်စုများတဲ့ မိသားစုတွေအတွက် အလှည့်ကျကင်းစောင့်ရတာဟာ အခက်အခဲမရှိလှပေမယ့် မွိုးဘိလို ကလေးတယောက်မိခင်မုဆိုးမအတွက်တော့ ပြဿနာရှိပါတယ်။
ကျေးရွာအများစုကတော့ ဒီလိုကင်းစောင့်တဲတွေ ထားကြပြီး အမျိုးသမီးတွေကိုဆို နေ့ဖက်သာ ကင်းစောင့်ရပြီး ညဖက်ဆိုလျှင် ယောင်္ကျားလေးကိုသာ ကင်းစောင့်ခွင့်ပြုကြပါတယ်။ ယောင်္ကျားလေး မရှိတဲ့ အိမ်တွေဆို လူငှားပြီး စောင့်ခိုင်းရပါတယ်။ တချို့ ၁၄ နာရီစောင့်ပေးရင် ၈၀၀၀၊ ၁၀၀၀၀ ထိ လူငှားစောင့်နေရပါတယ်။
ဇူလိုင်လဆန်းရောက်တော့ မွိုးဘိကင်းစောင့်ရမယ့် အလှည့်ကျပါတယ်။ အဲနေ့ကလည်း မွိုးဘိ နေကောင်းခါစဘဲ ရှိသေးတာပါ။
မိုးရာသီချိန်ဆို တောင်ယာကို အဓိက လုပ်ကိုင်ပြီး အလုပ်ပါးတဲ့ အချိန်တွေဆို ကုန်စိမ်းနဲ့ တိုဖူးတွေကို ရောင်းလေ့ရှိတဲ့သူမဟာ ကင်းမစောင့်ချင်လို့ လူငှားရအောင်လည်း ငွေရေးကြေးရေး အခက်ခဲရှိတာကြောင့် နေမကောင်းလည်း သွားစောင့်ရပါတယ်။
“ဝင်ငွေက မရှိ လူထပ်ငှားရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ သွားလို့ အဆင်ပြေနေသေးတယ်ဆိုရင် ကိုယ်တိုင် သွားလိုက်တယ်” လို့မွိုးဘိက ဆိုပါတယ်။
မွိုးဘိ ကင်းတဲရောက်တဲ့အချိန်မှာတော့ အမျိုးသမီးဆိုလို့ သူတစ်ယောက်တည်းသာ ရှိပါတယ်။ ကျန်တဲ့ ၅ ယောက်က အမျိုးသားတွေပါ။ ကင်းတဲထဲမှာ အမျိုးသားတွေသာ ရှိတာကြောင့် ကင်းတဲထဲ သူမနေခဲ့ပါဘူး။ ကင်းတဲရဲ့ အနောက်ဖက်မှာ တစ်ယောက်တည်း သွားထိုင်နေခဲ့ပါတယ်။
“ အဖော်မရှိတော့ တဲအနောက်ဖက်မှာ သွားနေလိုက်တယ်” လို့ မွိုးဘိက ပြောပါတယ်။
ကင်းတဲရဲ့ အနောက်မှာနေပြီး အမျိုးသားတွေ လိုအပ်တဲ့ ရေ၊ လက်ဖက်ခြောက် တို့ကို လိုအပ်ရင် ရွာထဲပြန်ယူ ပေးလိုက်၊ သွားလိုက်၊ လာလိုက်နဲ့ဘဲ လုပ်နေရတဲ့ အချိန်တွေလည်း ရှိပါတယ်လို့လည်း မွိုးဘိက ဆက်ပြောပါတယ်။ ဒီလိုပုံစံမျိုးနဲ့ဘဲ မွိုးဘိတစ်ယောက် ကင်းစောင့်တဲ့ဘ၀ ကျင်လည်နေခဲ့ပါတယ်။
ကင်းစောင့်ဖို့အတွက် ကျေးရွာ အစည်းအဝေးလုပ်တဲ့ အချိန်မှာလည်း အမျိုးသမီးက အများဆုံး ၂ ယောက် ဖြစ်ပြီး အမျိုးသားတွေသာ လာရမည်လို့ အမိန့်ထုတ်ပြောဆို ထားပါတယ်။ ကင်းစောင့်တာကလည်း ၂၄ နာရီ မိုးလင်းပေါက် စောင့်ရတာပါ။
ညနေ ၅ နာရီ ဝန်းကျင်မှာ မွိုးဘိက အိမ်ကို ပြန်လာပြီး ညနေပိုင်း ကင်းစောင့်ပေးမည့် အမျိုးသားကို (၄၀၀၀) ပေးပြီး ခေါ်ရပါတယ်။ မွိုးဘိက တစ်ရက်လုပ်မှ (၄၀၀၀) ရတာပါ။ အဲဒီနေ့ကတော့ ဝင်ငွေ မရှိ၊ ခြံလည်း မသွားရသလို ထွက်ငွေဘဲ ရှိပါတယ်။
ကင်းစောင့်ဖို့အတွက် ဘာမှစိုးရိမ်၊ ကြောက်တာတွေ မရှိပေမယ့် နေ့ဘက်ကို ပိုက်ဆံ သက်သာအောင်ဆိုပြီး သူကိုယ်တိုင် သွားစောင့်ခဲ့ပါတယ်။ ညဘက်မှာ အမျိုးသမီးတွေ စောင့်လို့ မရကြောင်း ကျေးရွာ အာဏာရှိသူက ပြောဆိုထားတာကြောင့် လူငှားရတာပါ။ မွိုးဘိကတော့ အဖော်လည်း မရှိ၊ ညဖက်လည်းဖြစ်တာကြောင့် အမျိုးသားတွေကိုပဲ စောင့်ရပါတယ်။
“ အမျိုးသမီးတွေ ညဘက် မပေးစောင့်ဘူး အမျိုးသားဘဲ စောင့်ရတယ် မိုးလင်းပေါက်ထိစောင့်ရတယ်” လို့ မွိုးဘိက ပြောပါတယ်။ မွိုးဘိကတော့ ဒီလိုကင်းစောင့်ရတာ ဒီအသက်ရွယ်ထိ ပထမဆုံးပါဘဲ။
အမျိုးသမီးတွေ ညဖက်ကင်းစောင့်လျှင် မသင့်တော်ဘူး၊ တစ်စုံတစ်ခုဖြစ်လာရင် ပြန်လည်မခုခံနိုင်ဘူး၊ အားနည်းတယ်လို့ဆိုပြီး ယောင်္ကျားလေးတွေကို ပိုက်ဆံပေးပြီး ခိုင်းရတယ်လို့ မွိုးဘိက ဆက်ဆိုပါတယ်။
အများစုက ကျေးရွာရဲ့ လုံခြုံရေးအရ စောင့်ရတယ်လို သိထားကြပါတယ်။ အဲဒီရွာမှာ မနေထိုင်ဖူးသူ အသိမရှိတဲ့သူ စတဲ့ သူစိမ်းတွေဆိုလျှင် ကျေးရွာထဲကို ပေးမဝင်ရဘူးလို့ သိထားကြပါတယ်။
“ ကိုယ့်ကျေးရွာမှာ မနေထိုင်တဲ့သူ၊ လုံးဝမသိတဲ့သူဆို ပေးမဝင်ဘူးဆိုတာလောက်ဘဲ သိတယ်” လို့ မွိုးဘိက ပြောပြပါတယ်။
မွိုးဘိကတော့ ဘယ်ချိန်မှ အေးအေးချမ်းချမ်းနေရမှာလဲ ဘယ်ချိန်မှ အရင်လို ပုံစံမျိုး ပြန်လည်နေထိုင်ရမှာလဲ။ ရောဂါက တစ်ဖက် ကုန်ဈေးတွေလည်းတက်၊ သွားသွားလာလာလည်း အရင်လို မလွတ်လပ်တော့ ကြာလာတော့ ပြည်သူတွေ ထမင်းငတ်တော့မယ်လို့လည်း သူရဲ့ ခံစားချက်ကို ဆိုပါတယ်။
“ တောင်သူတွေ ထွက်ကုန် ကျတော့ ဈေးပေါတယ် သူများကုန်ဈေးနှုန်းက ဈေးကြီးတယ်၊ ကြာလာတော့ ငတ်ကုန်တော့မယ်” လို့လည်း မွိုးဘိက ပြောပါတယ်။
ယခင်လို ပြန်နေလို့ ရပါစေလို့ ဆုတောင်းတယ်လို့လည်း သူက ဆက်ဆိုပါတယ်။
မွိုးဘိ တင်မကဘဲ ယောင်္ကျားသားမရှိတဲ့ မုဆိုးမ တော်တော်များများသည် ဝင်ငွေမရှိတဲ့ ကြားထဲက ကင်းစောင့်ဖို့ တနေ့ ၈၀၀၀ နဲ့ လူဌားနေရတာပါ။
ဒီလိုမျိုး ညနေပိုင်း ကင်းစောင့်တဲ့ထဲ အမျိုးသားတွေသာ စောင့်ရမယ်လို့ အမိန့်ထုတ်ထားတာကြောင့် ပိုက်ဆံပေးပြီး လူငှားနေရတဲ့ထဲမှာ ကျောက်တလုံးမြို့နယ်က ပအိုဝ်းရွာတစ်ရွာမှာ နေထိုင် အသက် ၅၈ အသက်ရွယ်ရှိတဲ့ မွိုးထွေးတို့ သားမိနှစ်ယောက်လည်း ပါပါတယ်။
မွိုးထွေး၏ သားအမိသည် အသက် ၁၈ နှစ်အရွယ်ရှိ သမီးသည် ကျောင်းထွက်ပြီး အမေကို လုပ်ကျွေးနေပါတယ်။ သူတို့ကတော့ သနပ်ဖက်၊ ကြက်သွန်တွေကို စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
မွိုးထွေးကတော့ ကျန်းမာရေး သိပ်မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ ရွာထိပ်က ကင်းစောင့်ကျပါသည်။ ညပိုင်းကင်းစောင့်ရန်အတွက် အမျိုးသားကို ခေါ်ဌားရမှာမို့ ပိုက်ဆံပေးနိုင်ဖို့အတွက် အဲဒီနေ့ကို အမေက နေ့လည်ဘက် သွားစောင့်ပြီး သမီးက နေ့စားလိုက်ပေးရပါတယ်။
“နေ့ဘက်ကတော့ အမေ သွားစောင့်လိုက်တယ်။ သမီးက နေ့စားလိုက်တော့ တရက်ကို ၅၀၀၀ လောက်တော့ ရတယ်” ဟု မွိုးထွေးက ဆိုပါတယ်။
မွိုးထွေးတို့ဆီမှာတော့ လူငှားရင် ၃၀၀၀ လောက်တော့ ပေးရပါတယ်။ တစ်လကို ၃ ကြိမ်လောက်က တာဝန်ကျပါတယ်။ ဘယ်ချိန်ထိ ရှိနေအုန်းမှာလဲဆိုတာတော့ မသိပေမယ့် ငွေဘယ်လောက် ထပ်ကုန်မှာလဲဆိုတာကို တွေးပူနေခဲ့မိပါတယ်။
“ တစ်လကို ၃ ကြိမ်လောက်ရှိတယ် ပိုက်ဆံတွေလည်း ကုန်နေပြီ” လို့လည်း မွိုးထွေးက ညည်းပါတယ်။
ဒီကင်းတဲကလည်း ဘယ်ချိန်ထိ ဆက်ရှိပြီးတော့ ဒီလိုအခြေအနေတွေကို ဘယ်ချိန်ထိ ရပ်တန့်သွားနိုင်မှာလဲဆိုတာ ဘယ်သူမှ မသိနိုင်တာကြောင့် မြန်မြန်ပြီးပါစေ အေးအေးချမ်းချမ်းနေနိုင်ပါစေလို့ မွိုးထွေးက တောင်းဆုပြုတယ်လို့ သူရဲ့ဆန္ဒကို ဆိုပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021