Home ဆောင်းပါး ပြည်သူ့နှလုံး တုန်လှုပ်သွားစေခဲ့တဲ့ အာဂသားအမိ

ပြည်သူ့နှလုံး တုန်လှုပ်သွားစေခဲ့တဲ့ အာဂသားအမိ

HI
” မေ့မေ့ကိုမဖမ်းနဲ့။ သားသားမာမားက လူကောင်းနော်။ မေ့မေ့ကိုမဖမ်းနဲ့ ခင်ဗျားတို့ကမယုံရဘူး”

ဖေဖော်ဝါရီ ၂၄ ညက အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ Live ဗီဒီယိုတစ်ခုထဲက ကလေးငယ်တစ်ဦးရဲ့ အထက်ပါစကားသံဟာ မြန်မာနိုင်ငံတဝန်းက ပြည်သူတော်တော်များများရဲ့ စိတ်နှစ်လုံးကို ကွဲကြေစေခဲ့ပါတယ်။

အဲဒီနေ့ ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့စာများရေးတင်တယ်လို့ဆိုပြီး ထားဝယ်မြို့ဝန်ထမ်း လိုင်းခန်းမှာ နေထိုင်တဲ့ ဒေါ်မို့ကို လာဖမ်းကြတဲ့အချိန် သူရဲ့သားငယ်က မိခင်ဖြစ်သူအတွက် သူတတ်နိုင်သလောက် ကာ ကွယ် ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ဒေါ်မို့အခန်းကို ရဲအရာရှိ အပါအဝင် ရဲအင်အား ၂၀ ဦးထက်မနည်း ရောက်ရှိလာပြီး အင်အားသုံးဖမ်းဆီးတဲ့ ဖြစ်စဉ်ကို ဒေါ်မို့ရဲ့ အမျိုးသားက သူရဲ့ဖေ့ဘွတ်စာမျက်နှာမှ တိုက်ရိုက်( Live) လွှင့်ခဲ့တာကြောင့် ဗီဒီရိုဖိုင်မှာ နာရီပိုင်းအတွင်း အွန် လိုင်း စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ပြည်သူတွေက တွေ့မြင်ခဲ့ရတာပါ။

ဖေဖော်ဝါရီ ၁ ရက်မှစပြီး တပ်မတော်မှ အာဏာသိမ်းလိုက်တဲ့အပေါ်လက်မခံကြတဲ့ ပြည်သူများက တခဲနက် ဆန္ဒဖော် ထုတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး လူစုခွဲဖြိုခွင်း တာတွေကြောင့် တချို့မြို့ကြီးများမှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဒါ့အပြင် CDM လုပ်တဲ့ဝန်ထမ်းတွေကို ညအချိန်မတော်ဖမ်းဆီးတာ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီးတာတွေ ဆက် တိုက်ပြုလုပ်လာပါတယ်။ အခုဒေါ်မို့ကိုလည်း သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ တပ်မတော်ကို မကောင်းရေးတဲ့အတွက်ဆိုပြီး တိုင်တဲ့သူရှိလို့ လာရောက် ဖမ်းဆီးတာဖြစ်တယ်လို့ နီးစပ်သူတွေက ထင်ကြေးပေးပါတယ်။

ဖမ်းဆီးတဲ့အခါမှာလည်း အမျိုးသမီးတစ်ဦးကို အင်အားအလွန်အကျွံသုံး ဖမ်းဆီးနေတာကို Live ဗီဒီယိုမှာ မြင်တွေ့ရ ပါတယ်။

ဒေါ်မို့မှာ “အသားကိုထိရဲရင်ထိကြည့်” လို့ ပြောဆိုမှုအပေါ်ကို ရဲအရာရှိက ဒေါသတကြီးဖြင့် နောက်လိုက်ပါ ရဲတပ်သား တွေနဲ့ရဲမေတွေကို “လာ…ရဲမေတွေ”လို့ လက်ဟန်ပြပြီး အိမ်ထဲကိုအင်အားသုံးဝင်ရောက်သွားခဲ့တာကိုလည်း တွေ့ရပါ တယ်။

လာဖမ်းသူ ရဲအရာရှိက သူ့မှာ သက်သေပါလာကြောင်းပြောဆိုပြီး ရဲမေများကို အိမ်ထဲသို့ဝင်ရောက်ဖမ်းဆီးရန် အမိန့် ပေး ခဲ့ပြီး ကျန်တဲ့မဆိုင်တဲ့သူများ လိုက်မလာဖို့နဲ့ Live လွှင့်နေတဲ့ ဖုန်းကိုလည်း ဆက်မရိုက်ဖို့ အမိန့်ပေးနေတာကိုလည်း တွေ့ ရပါတယ်။

“ ကြောက်လို့မဟုတ်ဘူးနော်။ ကျွန်မ မဟုတ်တာ ဘာမှမလုပ်တဲ့အတွက် ကျွန်မ မလိုက်နိုင်ဘူး။ ကြောက်လို့မဟုတ်ဘူး နော်။ မကြောက်ဘူး။ ဝင်လာရဲတဲ့သူဝင်လာကြည့်။ တစ်စက်မှမကြောက်ဘူး”လို့ ဒေါ်မို့ကလည်း ပြန်လည်ပြောဆိုပါတယ်။

ဒါ့အပြင် “ရှင်တို့ ကျမရဲ့ Facebook အကောင့်ကို အရင်သွားကြည့်လိုက်ဦး၊ ကျွန်မ ဘယ်မှထွက်မပြေးဘူး။ အဲ့လောက် သွေးမနည်းဘူး” လို့ရဲတွေကို ပြောဆိုပါတယ်။

အဲ့ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အချိန်ကာလတစ်လျောက်လုံးမှာ မိခင်ဖြစ်သူဒေါ်မို့က ရဲရင့်ပြတ်သားစွာ ရဲတပ်ဖွဲ့ဝင် များကို မလိုက်နိုင်ကြောင်းပြောဆိုနေသလို အသက်ရှစ်နှစ်ရှိသေးတဲ့ သားငယ်ကလည်း မိခင်ကိုမဖမ်းဖို့ ကာကွယ် ပြော ဆိုနေတဲ့အသံကို ကြားနေရပြီး ကြည့်ရှုသူတွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

“ မေမေ့ကို မဖမ်းနဲ့နော်။ ခင်ဗျားတို့အေးဆေးပြန်နော်။ သားသား မာမားကလူကောင်းနော်” နဲ့ ဖမ်းဆီးဖို့ ကြိုးစားနေချိန် အခြေအတင် ဖြစ်နေကြတဲ့ တချိန်လုံး ကလေးငယ်ဟာ ငိုယိုပြီး ပြောဆိုနေတာပါ။

မိခင်အတွက် ကာကွယ်ပြောဆိုပေးနေတဲ့ ကလေးရဲ့အသံကို ကြားရတဲ့အခါ ကြည့်ရှုသူ ပြည်သူအများစုက ဝမ်းနည်း ကြောင်းနဲ့ ကလေးငယ်စိတ်ဒဏ်ရာရသွားမှာကို စိုးရိမ်နေကြပါတယ်။ မညှာမတာကလေးငယ်ရှေ့ ကြမ်းတမ်းစွာ လာ ရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ကိုလည်း အပြစ်တင်ကာဒေါ်မို့တို့မိသားစုဘက်မှ ရပ်တည်ကြောင်းကိုလည်း လူမှုကွန်ရက် စာ မျက်နှာတွေမှာ ရေးသားထားကြပါတယ်။

“ အမျိုးသမီးတစ်ယောက်ကို ဓားပြတွေက ဝင်ဆွဲသလို ဝင်ဆွဲတာ ပြောင်းပြန်တွေ ဖြစ်နေတာပေါ့နော်။ လူဆိုးသူခိုးကို ဝင် ဖမ်းတယ်ဆိုရင်တောင် ကလေးလေးရဲ့ ရှေ့မှာ စိတ်ဒဏ်ရာရအောင်လုပ်တဲ့လုပ်ရပ်က အရမ်းရှုတ်ချဖို့ ကောင်းတယ်။ ဘာမှ အပြစ်မရှိတဲ့ ပြည်သူတရပ်ကို လက်နက်အားကိုးနဲ့ ဝိုင်းဖမ်းတာကတော့ ပြောစရာစကားလုံး မရှိလောက်အောင်ပဲ” လို့ အရှိုအမျိုးသမီးအဖွဲ့အစည်းမှ ဒါရိုက်တာ မိုင်သန့်စီဦးက မှတ်ချက်ပြုပါတယ်။

အခုလို ခက်ခဲနေတဲ့အခြေအနေမျိုးမှာ အမှန်တရားဘက်ကရပ်တည်ပြီးမှ မကြောက်မရွံ့နဲ့ အသံထွက်ပေးနိုင်တဲ့ အမျိုး သမီးကိုလည်း အမှန်တကယ်လေးစားမိကြောင်း မိုင်သန့်စီဦးက ဆက်ပြောပါတယ်။

ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေါ်မို့ခင်ပွန်းမှာ ယခင်တပ်မတော်ဘက်မှ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတနင်္သာ ရီတိုင်း၊ ထားဝယ်မြို့သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်နေတာပါ။ သူတို့မှာသားနှစ်ဦးရှိပြီး ဖြစ်စဉ်နေ့က ငိုကြွေးပြီး မိခင်ဘက်မှ ကာဆီးပြောပေးနေသူမှာ သားငယ်လေး ဖြစ်တယ်လို့ မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“ နေတာက လိုင်းခန်းထဲမှာနေပြီး ဖြစ်တာလည်း အဲ့ဒီလိုင်းခန်းမှာပဲ ဖြစ်တာပါ။ မနေ့ကဖြစ်သွားတဲ့ ဖြစ်စဉ်မှာ ဗီဒီရိုဖိုင် မြင် ရတဲ့သူတောင် ဒါကိုမခံမရပ်နိုင်ဖြစ်တော့ ကျနော့်လို နီးစပ်သူဖြစ်တော့ ဘယ်လိုခံစားရလဲ စဉ်းစားကြည့်လိုက်ပါ” လို့ သူက ဆက်ပြောပါတယ်။

ဒေါ်မို့ကို ရဲတပ်ဖွဲ့ဝင်များမှ ခေါ်ဆောင်သွားပြီးနောက် အဖေဖြစ်သူက အမှုကိစ္စလိုက်ပါဆောင်ရွက်နေပါတယ်။ ကလေးရဲ့ နှစ်ဖက် အဘိုးအဘွားများမှာလည်း ရန်ကုန်မြို့မှာ ဖြစ်တဲ့အတွက် စိတ်ချရတဲ့ ဘေးအိမ်မှာ ကလေးနှစ်ယောက်ကို အပ်နှံ ထားပါတယ်။

ဒေါ်မို့ကို ထားဝယ်ရဲစခန်းသို့ ခေါ်ဆောင်ကာ ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်လှစ်ထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ဆိုပါတယ်။

ဖွင့်ထားတဲ့ ပုဒ်မ ၅၀၅ (က)မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၇ အပိုဒ်(၁) အရ ဆင်ခြင်တုံတရားကို ကြည့်၍ အာ မခံပေးလို့ရကြောင်း၊ အသက်ကြီးတာ၊ အမျိုးသမီးဖြစ်တာ ၊ ၁၀ ကျော်သက် အရွယ်မျိုးများမှာ အာမခံပေး၍ ရကြောင်း ပျဉ်းမနားမြို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ပြဌာန်းချက်မှာ ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေ တစ်ခုခုမှ အရာရှိအား (သို့တည်း မဟုတ်) တပ်သားအား စစ်ပုန်ကန်ခြင်းကို သော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်း သော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် (သို့တည်းမဟုတ်) ထိုသို့ ပြုစေ တန်ရာ သည့် အကြောင်းအရာ ရှိလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်ဟု ဖော်ပြထားပါတယ်။

ပုဒ်မ ၅၀၅ (က) အရ တရားသူကြီးဆင်ခြင်တုံတရားနဲ့ အာမခံပေးရပေမယ့် လတ်တလော နိုင်ငံရေး ဖြစ်စဉ်တွေကြောင့် အာမခံရဖို့ကမသေချာပါဘူးလို့ ဥပဒေပညာရှင်တွေကဆိုပါတယ်။

ဖြစ်စဉ်ကို ကြည့်ရှုမိသူတိုင်း ကလေးငယ်အတွက် စိတ်ထဲမကောင်းဖြစ်ကြသလို ရဲတပ်ဖွဲ့ကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး ပြန် လည်အံတုခဲ့တဲ့ တပ်မတော်အရာရှိဟောင်းကတော် ဒေါ်မို့ရဲ့ အောက်ပါစကားသံဟာလည်း ပြည်သူတွေ နားထဲစွဲကျန် ရစ်နေပါတော့တယ်။

“ အောက်တန်းစားတစ်ဖွဲ့ နင်တို့မှတ်ထားနော်။ နင်တို့ကြည့် အမြဲတမ်း အသာဖက်က မရဘူးနော်။မှတ်ထားနော်”

Related Articles