Home ဆောင်းပါး ပြည်သူအချင်းချင်း ဖေးမကူနေတဲ့သူတွေ

ပြည်သူအချင်းချင်း ဖေးမကူနေတဲ့သူတွေ

ဒေဝီ။ ။

အမျိုးသားက ဖျားပြီးချောင်းဆိုးနေတော့ လိုအပ်တဲ့ဆေးနဲ့ အိမ်က ကလေးငယ်တွေအတွက် စားသောက်စရာအချို့ကို ထွက်ဝယ်ဖို့ မသီသီ ပိုက်ဆံအိတ်ယူပြီး အပြင်ထွက်ဖို့ ခြေလှမ်းပြင်မိတယ်။

အိမ်ပြင်မရောက်ခင် ခေါင်းထဲအတွေးရောက်တာက သူကမဖျားနာပေမယ့် အမျိုးသားကို ကိုဗစ်လက္ခဏာလို့ ထင်မြင် မိတဲ့အတွက် ကိုယ်တိုင်ထွက်လို့အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် အသိမိတ်ဆွေ တစ်ယောက်ယောက်ကို အကူအညီ တောင်းရမလားလို့ စဉ်းစားနေတုန်း အွန်လိုင်းပေါ်မှာဖျားနာနေတဲ့ လူနာတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူ ပေးမယ်ဆိုတဲ့ ပိုစ့်တစ်ခုကို တွေ့ထားတာကြောင့် မသီသီ ဖုန်းဆက်အကျိုးအကြောင်းပြောပြီး အကူအညီတောင်းလိုက် တယ်။

ဖုန်းဆက်ပြီး လေးနာရီအကျော်မှာတော့ သူ့အိမ်အတွက် လိုအပ်တဲ့ဆေးဝါးနဲ့ စားသောက်ကုန်အချို့ကို လက်အိတ်စွပ်၊ mask နှစ်ထပ်ဝတ် ၊ face shield ဆောင်းထားတဲ့ လူငယ်လေးတစ်ဦးက အိမ်ရှေ့အထိ လာပို့ပေးခဲ့တယ် ။
ဝယ်ယူလာတဲ့ ပစ္စည်းတွေကို အိမ်တံခါးဝမှာ ချထားပြီး ပိုးသတ်ဆေးဖြန်း၊ ကျသင့်ငွေကိုပါ ဆေးဖြန်းပြီး သူပေးတဲ့ အပိုမုန့် ဖိုးကိုတောင်မယူဘဲ နောင်ရက်လိုအပ်တဲ့အခါ အချိန်မရွေးဖုန်းဆက်ဖို့ပြောခဲ့တဲ့အတွက်ကြောင့် မသီသီဝမ်းသာ ကြည်နူးမိ တယ်။

” အိမ်မှာက ဖျားတဲ့သူရှိတော့ ကိုဗစ်ဆိုရင် ကိုယ့်ဆီကူးပြီး အပြင်ထွက်ရင်လည်း အခြားသူတွေဆီ ကူးစက်ချင်ကူးစက်မှာ လေ ဒီလို ကိုဗစ်လူနာတွေကို ကူညီပေးတဲ့ သူတွေရှိတာ ကျေးဇူးတင်စရာ ကောင်းတယ်” လို့ မသီသီကပြောပါတယ်။
စစ်အာဏာသိမ်းမှုကြားထဲမှာ ကိုဗစ်တတိယလှိုင်းကိုပါ ပြည်သူတွေ ခံစားနေကြရတာပါ။ COVID -19 ရောဂါ ကူးစက် ပြန့်ပွားနှုန်းကလည်း များလာပြီး ကူးစက်မှုတွေများလာတာ တစ်အိမ်သားလုံး ဖျားနာတာတွေ ဖြစ်လာတယ်။ ဖျားနာ ပေမယ့် အိမ်မှာပဲ ကုသနေတော့ စားရေးသောက်ရေးအတွက် အခက်အခဲတွေ့လာကြပါတယ်။

ဒီလိုအခက်တွေ့လာမှုတွေကြောင့် ပြည်သူတွေဟာ ပြည်သူချင်းကူညီမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးလာကြပါတယ်။ ဒီထဲမှာ ဖျားနာနေတဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဈေးဝယ်ပေးဖို့ ကူညီ ပေးပါ့မယ်ဆိုတဲ့ လူငယ်တွေရဲ့ ပရဟိတ လုပ်ဆောင်ချက်တွေကိုလည်း ခပ်စိတ်စိတ်တွေ့လာရပြီး အမှန်တကယ် လိုအပ်နေ သူတွေအတွက် အဆင်ပြေတယ်လို့ ဆိုကြပါတယ်။

NLD အစိုးရလက်ထက် COVID -19 ရောဂါ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်တုန်းက အစိုးရက တာဝန်ယူကုသပေးပါတယ်။ အိမ်မှာ ကိုဗစ်လူနာ တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ ဆက်စပ်ထိတွေ့သူအားလုံးကို စင်တာတွေမှာ ကွာရန်တင်းဝင်စေပြီး ကုသပေး၊ အဟာရပြည့်ဝတဲ့ အစားအသောက်တွေပါ နေ့စဉ်ကျွေးမွေးတဲ့အတွက် မိသားစုတွေမှာ စိတ်မပူပန်ခဲ့ရဘူး။

ဒါပေမဲ့ ခုကိုဗစ်တတိယလှိုင်းမှာတော့ ပိုးတွေ့လူနာကိုကုသပေးမဲ့ ဆေးရုံတွေ၊ ဆက်စပ်ထိတွေ့တဲ့သူတွေကို စောင့်ရှောက် ပေးမဲ့ ကွာရန်တင်း စင်တာတွေမရှိတော့ဘူး။ ဒီတော့ လူနာတွေဟာ အိမ်မှာပဲ ကိုယ့်ဘာကိုယ် ကုသနေကြရတာပါ။

ဒီလိုအခက်အခဲတွေကြားဒုက္ခများနေတဲ့ပြည်သူတွေအတွက် ပြည်သူအချင်းချင်းကူညီဖေးမမှုအဖြစ် ပရဟိတစိတ်ရှိတဲ့လူ ငယ်တွေက တဦးချင်းဖြစ်စေ၊အဖွဲ့လိုက်ဖြစ်စေ ကိုဗစ်ဖြစ်နေလို့ အပြင်မထွက်နိုင်တဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေစားသောက်စရာတွေကို အခကြေးငွေ မယူဘဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြတာပါ။

မင်္ဂလာဒုံမြို့နယ်တွင်းက ဖျားနာနေတဲ့ လူနာတွေကို ကူညီဈေး ဝယ်ပေးနေတဲ့ အသက် ၂၂နှစ်အရွယ် မရွှန်းရွှန်းက ” ညီမ တို့က ငွေအားနဲ့အများကြီးလှူတာတွေ မလုပ်နိုင်ဘူး။ တစ်ဖက်ကနေ ဒါလေးများလုပ်ပေးရင် သူတို့အတွက် အဆင်ပြေနိုင် မလားဆိုတဲ့စိတ်နဲ့ ဈေးဝယ်ပေးတာလုပ်ဖြစ်တာ” လို့ ဆိုပါတယ်။

မရွှန်းရွှန်းတို့ မြို့နယ်မှာလည်း ကိုဗစ်ဝေဒနာခံစားရတဲ့ မိသားစုတွေ အများအပြားပါ။ ဖျားနာလို့ အပြင်မထွက်နိုင်တဲ့ မိသားစု တွေအတွက် ကာယဒါနအနေနဲ့ လိုအပ်တာတွေကို ဝယ်ယူပို့ဆောင်ပေးတာတွေကို ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယပတ်က စကူညီပေးဖြစ်ခဲ့ပြီး မိသားစုနှစ်စုကို ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။

ကိုဗစ်ကြောင့် ဖျားနာနေသူတွေ အပြင်မထွက်နိုင်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စားသောက်စရာတွေကို ဝယ်ယူ ပေးမယ်ဆိုပြီး သူက အွန်လိုင်းမှာ အမည်နဲ့ ဖုန်းနံပါတ်တင်ထားတဲ့အတွက် ဖျားနာနေလို့ အပြင်မထွက်နိုင်တဲ့ မိသားစု တွေက သူ့ဆီကိုဖုန်းဆက်ပြီး လိုအပ်တာတွေကို စာရင်းပေးပို့ပြီး မှာကြတယ်။ သူက ပစ္စည်းစာရင်းအတိုင်း ဝယ်ယူပြီး အိမ်အရောက်သွားပို့ ပေးပါတယ်။

မှာကြတဲ့သူတွေထဲ နွမ်းပါးတဲ့ မိသားစုတွေလည်းရှိတော့ သူတို့မှာတာအပြင် လိုအပ်မယ်ထင်တဲ့ အဟာရ စားစရာ အချို့ ကိုလည်း ကိုယ့်အိတ်စိုက်ပြီး ဝယ်လှုတာမျိုးတွေလည်းရှိတယ်လို့ မရွှန်းရွှန်း ကပြောပါတယ်။

မရွှန်းရွှန်းက တစ်ဦးတည်း လုပ်ဆောင်နေတဲ့အတွက် သူထေိုင်တဲ့ မင်္ဂလာဒုံမြို့နယ်အတွင်းပဲ ကူညီဝယ်ပေးတာပဲ လုပ် နိုင်ပါသေးတယ်။ သူတစ်ယောက်ထဲ သွားလာဝယ်ခြမ်းပေးရတာဖြစ်တဲ့အတွက် ပစ္စည်းများရင်တော့ သယ်ဆောင်ရတာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
ဒီလိုဝယ်ယူပြီးတဲ့ အခါမှာလည်း အချင်းချင်း ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေဖို့ Mask နှစ်ထပ်တပ်တာ၊လက်သန့်ဆေးရေ အသုံးပြုတာ ၊လက်ဆေးတာ၊ဝယ်လာတဲ့ပစ္စည်းတွေကို ပိုးသတ်ဆေးဖြန်းတာ၊ ပိုက်ဆံတွေကိုလည်း ပိုးသတ်ဆေးဖြန်းပြီးမှ ကိုင်တွယ်တာတွေပြုလုပ်ရတယ်လို့မရွှန်းရွှန်းကပြောပါတယ်။

” ကိုယ်ကလည်း သွားလာနေတော့ သူတို့ကိုမကူးစက်အောင် ကိုယ့်ကိုလည်းမကူးစက်အောင်တော့ ကာကွယ်ရတာပေါ့။ ခြံရှေ့မှာပဲ ပစ္စည်းချိတ်၊ သူတို့ရှေ့မှာပဲ စပေရေးဖြန်း၊ လက်ဆေးလုပ်တယ် “လို့ မရွှန်းရွှန်းကပြောပါတယ်။

ဒီလို နာမကျန်းလူနာတွေကို တတ်နိုင်တဲ့နေရာက ကူညီပေးတာက ရန်ကုန်၊ မန္တလေးတို့သာမက နယ်မြို့အချို့တွေမှာ လည်း လုပ်ဆောင်လာကြပါတယ်။

မန္တလေးမြို့က ကိုဗစ်လူနာတွေလိုအပ်တာကို ကူညီဝယ်ယူပေးနေတဲ့ မခွာညိုရတနာက ” ငွေရေးကြေးရေးမတတ် နိုင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာ။ ဒီအချိန်မှာ အကုန်လုံးက ခက်ခဲနေတာဆိုတော့ ဝင်ကူညီဖြစ်တာ” လို့ ဆိုပါတယ်။

မန္တလေးမြို့မှာလည်း ကိုဗစ်လူနာတွေက တနေ့တခြား များလာတော့အပြင်မထွက်နိုင်တဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ ဆေးဝါး၊ စားသောက်စရာတွေကို ကူညီဝယ်ယူပေးဖြစ်ခဲ့တာဖြစ်ပြီး မန္တလေးမှာ သူ့လို ကူညီနေတဲ့လူငယ်တွေ အများ အပြားရှိတယ်လို့ ဆိုပါတယ်။

မခွာညိုရတနာက ကိုဗစ်ဖြစ်ပွားနေလို့ အပြင်မထွက်နိုင်တဲ့ မိသားစုတွေကို ကူညီပေးနေတာ တစ်ပတ်ခန့်ရှိပါပြီ။ ဒီအတော အတွင်း နာမကျန်းလူနာ ခုနှစ်အိမ်လောက်ကို လိုအပ်တာတွေကူညီဝယ်ယူပေးခဲ့တယ်လို့ ပြောပါတယ်။

နာမကျန်းသူတွေက အဓိကအနေနဲ့အကိုက်အခဲပျောက်ဆေးလို အိမ်သုံးဆေးဝါးတွေ၊ အောက်စီဂျင်တိုင်းကိရိယာ၊ သွေးချိုဆီးချို တိုင်းကိရိယာတွေမှာတာများပြီး၊ လူနာစားချင်တဲ့ စားသောက်စရာတွေနဲ့ အလှုရှင်တွေလှုဒါန်းပေးတဲ့ စား သောက်စရာတွေကို အခကြေးငွေမယူဘဲ ကူညီပို့ဆောင်ပေးတာ ဝယ်ယူပေးတာတွေ လုပ်ပေးတယ်လို့ မခွာညိုရတနာက ပြောပါတယ်။

“အများစုမှာတာကဆေးဝါးဆိုတော့ လိုတဲ့ဆေးဝါးကို အချိန်ပေးပြီးရှာပေးတယ်။ နောက်စားစရာက အလှုရှင်တွေ ပေးတာကို သွားယူပြီးပို့ပေးတယ်။ လူမမာတွေ နေ့ချင်းစားချင်တဲ့ စားစရာတွေဝယ်ပြီးပို့တယ်”လို့ သူကပြောတယ်။

ဒီလိုကူညီရာမှာ တချို့က အမှန်တကယ် နာမကျန်းသူရှိလို့ ဆက်သွယ်အကူအညီတောင်းပေမယ့် အချို့က နာမ ကျန်းဖျားနာသူမရှိဘဲ တမင်သက်သက်လိုချင်တာတွေဝယ်ယူခိုင်းတာရှိတဲ့အတွက် နောက်ပိုင်းမှာ ဖုန်းဆက် အကူ အညီတောင်းလာ သူတွေကို သေချာမေးမြန်းပြီးမှ ကူညီရတယ်လို့ ၎င်းကဆက်ပြောတယ်။

ဒါ့အပြင် အများစုက ငွေသားထက် K-PAY နဲ့ပဲ ပြန်ပေးတာများတော့ ပြန်ဝယ်တဲ့အချိန်ဆိုင်က K-PAY လက်ခံရင်အဆင် ပြေပေမဲ့ ဒီလိုမဟုတ်ဘဲ ငွေကြေးပဲလက်ခံတဲ့အခါ အပြင်မှာငွေပြန်လဲရတော့ ရာခိုင်နှုန်းအနည်းငယ်ကို စိုက်ရတာတွေရှိ တယ်လို့ဆိုပါတယ်။

” ဒီလိုတွေကူညီလို့ လုံးဝအခကြေးငွေမယူပါဘူး။ ဆီဖိုးကအစ ကိုယ့်အိတ်ထဲကစိုက်တယ်။ ကျနော်တို့ ကူညီပေးပြီးတဲ့အခါ လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြတယ်၊ ဒီပီတိပဲစားတယ်၊ ကျနော်ကိုယ်တိုင်ပေါ့စတစ်မဖြစ်မချင်း ကူညီပေးသွားမှာ” လို့ မခွာညိုရတနာ ကပြောပါတယ်။

ဒီလိုဈေးဝယ်ကူတာ ၊ဆေးဝယ်ပေးတာတွေအပြင် ပြည်သူတွေဟာ ခက်ခဲကြပ်တည်းနေပေမဲ့ ဖျားတာနေတဲ့ မိသားစုတွေ ဆီကို ကိုယ်တတ်နိုင်သလောက် စားစရာတွေ ချက်ပြုတ်ပို့ဆောင်ပေးနေတာတွေလည်းရှိပါတယ်။

နာမကျန်းသူတွေ အဟာရဖြစ်စေပြီး ခံတွင်းတွေ့စေမဲ့ ကြက်ပေါင်း၊ဆန်ပြုတ်၊ထမင်းဟင်းနဲ့ ကြာဇံပြုတ်၊ ခေါက်ဆွဲပြုတ် ၊ပဲကု လားဟင်းတို့လို စားဖွယ်သောက်ဖွယ်တွေကို ပြည်သူ အချင်းချင်းကူညီတဲ့အနေနဲ့ အိမ်နီးနားချင်းတွေက အိမ်ရှေ့ ချိတ်ဆွဲ ပေးခဲ့တာ ရပ်ဝေးရပ်နီးက စေတနာရှင်တွေက ပို့ဆောင်လှုဒါန်းတာတွေလည်း ရှိပါတယ်။

ဖျားနာပြီးနေမကောင်းလို့ ဘာမှမလုပ်နိုင်တဲ့သူတွေအတွက်တော့ ဒီလိုလှုဒါန်းမှုက ခန္ဓာအတွက်အဟာရ ဖြစ်စေသလို စိတ်အဟာရလည်း ဖြစ်စေပါတယ်။

” ဟိုရက်က တောင်ဒဂုံဂရုမှာ လင်မယားနှစ်ယောက်လုံးဖျားနာလို့ စားစရာဝယ်ပေးဖို့ အကူအညီတောင်းတဲ့ပိုစ့်တွေ့တော့ ဖျားနာပြီးဘာမှမလုပ်နိုင်တဲ့ လူနာတွေကို အစားအသောက်ကူညီပေးဖို့ စဉ်းစားမိပြီး စီစဉ်ဖြစ်တယ် ” လို့ တောင်ဒဂုံမြို့နယ် နေ မခြူးရတနာထွန်းကပြောပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းက ဖျားနာလူနာ၊ကိုဗစ်လူနာတွေ အပြင်ထွက်ဈေးဝယ်ဖို့ အဆင်မပြေတဲ့ မိသားစုတွေအတွက် အဟာရဖြစ်စေမဲ့ အစားအစာတွေကို သူငယ်ချင်းတွေနဲ့စုပေါင်းပြီးဇူလိုင် ၁၇ ရက်မှာ စတင်ပို့ဆောင်လှုဒါန်းခဲ့တယ်လို့ မခြူးရတနာထွန်းကပြောပါတယ်။

” အဟာရလှုတာကို ညီမတို့ ဒီနေ့ (ဇူလိုင် ၁၇) စလုပ်ခဲ့တယ်။ လူမမာတွေ စားရလွယ်တဲ့ ကြာဇံပြုတ်ကို ဘာသာ ခြားတွေပါ စားလို့ရအောင် စီစဉ်ပေးမယ်။ ချဉ်စပ်စားချင်သူတွေလည်း ချဉ်စပ်လေးထည့်ပေးမယ်၊” လို့ မခြူးရတနာ ထွန်းကပြောပါတယ်။

သူတို့ နေထိုင်ရာမြို့နယ်လူမှုကူညီရေးအသင်းက အကူအညီပေးနေတဲ့ ကိုဗစ်လူနာတွေနဲ့ အဟာရလိုအပ်လို့ သူတို့ကို ဆက်သွယ်ထားတဲ့ မိသားစု ငါးဆယ်စာအတွက် အခမဲ့ပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောတယ်။

နာမကျန်းလူနာတွေအတွက် နေ့စဉ်အဟာရ ပေးပို့ချင်ပေမဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ရတာဖြစ်တဲ့ အတွက် တစ်ပတ်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ်ရအောင် လှုဒါန်းပေးပို့မယ်လို့ မခြူးရတနာက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းက ကိုဗစ်လူနာတွေ အပြင်မထွက်နိုင်တာတွေအတွက်ဈေးဝယ်တာတွေလည်း လုပ်ဆောင်ပေး မှာဖြစ်ပြီး ဆေးဝါးကတော့ တချို့ဆေးတွေက ဆရာဝန်ညွှန်ကြားမှ သောက်သုံးတာ အကောင်းဆုံးလို့ ယူဆထားတဲ့ အတွက်ဆေးဝါးဝယ်ပေးဖို့တော့ စဉ်းစားနေတုန်းပဲလို့ ဆိုပါတယ်။

လက်ရှိမှာတော့ COVID-19 တတိယလှိုင်းဒဏ်အလူးအလဲခံနေရတဲ့ မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်ပွားတဲ့ ဦးရေတိုးပွားနေသလို သေဆုံးသူတွေလည်း တဖြည်းဖြည်းများလာပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာလည်း ကိုဗစ် ကာကွယ် ကုသရေးအတွက် ထိထိရောက်ရောက် မလုပ်ပေးနိုင်သလို ပြည်သူတွေလိုအပ်တဲ့ အောက်ဆီဂျင်လိုမျိုး ကိုတောင် တားမြစ်ပိတ်ပင်တာတွေ ပြုလုပ်နေတာပါ။ ဒီတော့ ပြည်သူအချင်းချင်းကပဲ ဝိုင်းဝန်းကူညီတဲ့နည်းနဲ့ လုပ်ဆောင် နေရ တယ်။

လူနာတွေကို အကူညီပေးသူတွေကတော့ ဒီလိုအခြေအနေကနေ အမြန်ဆုံးကျော်လွှားစေချင်ပြီး ကောင်းမွန်တဲ့ ကုသ စောင့်ရှောက်မှုတွေ ရရှိဖို့မျှော်လင့်နေကြပါတယ်။ အဲ့ဒီလို ကောင်းမွန်တဲ့ အနေအထား မရောက်မချင်းလည်း ပြည်သူတွေ အတွက် လိုအပ်နေတဲ့နေရာတွေကို ကူညီတာတွေ ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့ ယင်းတို့က ဆိုပါတယ်။
မရွှန်းရွှန်းကတော့ ” ပြည်သူတွေအဆင်ပြေတဲ့ အနေအထားမရောက်မချင်း ဆက်လုပ်ပေးမယ်။ ” လို့ ဆိုပါတယ်။

Related Articles