Home ဆောင်းပါး အိပ်မက်ဆိုးမှ မနိုးသေးတဲ့ ရှမ်းအရှေ့ဒေသက ဆယ်ကျော်သက်လေးတစ်ယောက်..

အိပ်မက်ဆိုးမှ မနိုးသေးတဲ့ ရှမ်းအရှေ့ဒေသက ဆယ်ကျော်သက်လေးတစ်ယောက်..

နန်းဆိုင်နွမ်။ ။

မြေနီနီပေါ်မှာ ထိုင်ပြီးဆော့ကစားနေကြတဲ့ ကလေးငယ်တွေကြားက ခန္ဓာကိုယ်ပိန်ပိန်သေးသေးလေးနဲ့ မိန်းက လေးငယ်တစ်ဦးကို လှမ်းမြင်လိုက်ရပါတယ်။

ကလေးတွေနဲ့အတူ ထိုင်ဆော့ကစားနေတုန်း ကြည့်လိုက်ရင် မိဘမျက်စိအောက်က သာမန်ကလေးငယ်တစ်ဦး လို့သာထင်ရပေမယ့် သူဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က တရုတ်နိုင်ငံကို အရောင်းစားခံရပြီး ပြန်လွှတ်လာတဲ့ မိန်းက လေးငယ်တစ်ဦးဖြစ်တာက ထူးခြားနေပါတယ်။

သူ့နာမည်က နာမီး(အမည်လွှဲ)ဖြစ်ပြီး ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်မှာ နေထိုင်တဲ့ မိန်းကလေးတစ်ဦးဖြစ် ပါတယ်။

“သမီးတရုတ်အမျိုးသားနဲ့ (၁)လကျော်လောက် အတူနေခဲ့ရတယ်။ သမီးရဲ့ အမေဖက်က အဖွားရဲ့မောင်က ခေါ် သွားတာပါ” လို့ နာမီးက လားဟူဘာသာနဲ့ ဝမ်းနည်းစွာ ပြန်ပြောပြနေပါတယ်။

ဆယ်ကျော်သက်ဆိုတဲ့ အပျိုဝင်ခါစအချိန်မှာ မိန်းကလေးအများစုတို့သဘာဝ အလှအပကို ကြိုက်ကြပေမယ့် နာမီး တစ်ယောက်ကတော့ ပြောင်သလင်းခါနေတဲ့မျက်နှာ၊ ဟောင်းနွမ်းနေတဲ့အဝတ်အစားတွေ ဝတ်ဆင်ထားပြီး အခြား ကလေးငယ်တွေနဲ့အတူ ဆော့ကစားနေတာပါ။

နာမီးရဲ့ မိဘတွေဟာ အိမ်ထောင်ကွဲနေသူတွေဖြစ်ကြပြီး၊ နာမီးကတော့ သူ့မိခင်နဲ့အတူနေထိုင်ပါတယ်။ နာမီးဟာ တတိယတန်းအထိသာ ကျောင်းနေခဲ့ရသူဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတော့ နာမီးဟာ တရုတ်-မြန်မာနယ်စပ်က လက်ဖက်ခြံတစ်ခုမှာ လက်ဖက်ခူးတဲ့အလုပ် ကို လုပ်ကိုင်ခဲ့ပါသေးတယ်။

လက်ဖက်ခူးတဲ့အလုပ်ဟာ တနေကုန်နေပူခံရပြီး လစာအနည်းငယ်သာ ရတဲ့အတွက် ငွေများများရတဲ့ တရုတ် ပြည်မှာ အလုပ်လုပ်ဖို့ သူ့ကိုပို့လိုက်တယ်လို့ နာမီးက လားဟူဘာသာစကားနဲ့ ခပ်တိုးတိုးပြောပြပါတယ်။

“ သမီးလက်ဖက်ခူးတာ ပိုက်ဆံအရ နည်းတယ်။ ဒါကြောင့် သမီးကို တရုတ်ပြည်ထဲ ပို့လိုက်တာပဲ” လို့ နာမီးက ပြောခဲ့တာပါ။

နာမီးကို ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ မိုင်းလား၊ မိုင်းလားမြို့မှ တရုတ်ပြည်မကြီးအထိ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

“ တရုတ်ပြည်နယ်စပ်ကနေ သွားတာ တော်တော်ဝေးတယ်။ ကားတစီးလုံးကလည်း မြန်မာတွေပဲ။ ဘယ်တွေ ရောက်သလဲ မသိဘူး။ သမီးကားမူးတာပဲသိတယ်” လို့ နာမီးက ဆိုပါတယ်။

တရုတ်ပြည်သွားရာလမ်းတလျှောက် မော်တော်ကားအဆင့်ဆင့်နဲ့ တောက်လျှောက်စီးသွားရပေမယ့် ဘယ်နေရာ ဘယ်ဒေသမှန်း မသိရှိဘဲ ရောက်သွားခဲ့တာဖြစ်ပါတယ်။

နာမီးက ကားအကြားကြီး စီးရတာကိုသာ မှတ်မိပြီး တရုတ်ပြည်ကိုရောက်တော့ အမျိုးသားတစ်ဦးရဲ့လက်ထဲကို ချက်ချင်းရောက်သွားခဲ့ပါတယ်။

“အစကတော့ အလုပ်လုပ်ရမယ်လို့ပဲထင်တာ။ ဟိုရောက်တော့ လိုက်ပို့တဲ့သူက တရုတ်အမျိုးသားလက်ထဲ အပ် လိုက်တယ်။ သူက သမီးရဲ့ ယောက်ျားဖြစ်တယ်ဆိုတာ မသိခဲ့ဘူး” လို့ နာမီးက ဆိုပါတယ်။

တရုတ်အမျိုးသားက လိုက်ပို့သူကို တရုတ်ငွေယွမ်(၅)သောင်းပေးလိုက်ပြီး၊ ဘာသာပြန်တဲ့သူကို ယွမ် ၅ထောင်ပေး လိုက်တာ မြင်လိုက်ကြောင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်ပြောနေပါတယ်။

“ သမီးအိမ်ပြန်ရင် ဒီငွေတွေ ပြန်ပေးရမှာလို့ သူကပြောတယ်” လို့လည်း နာမီးက ပြောပါတယ်။

တရုတ်ဘာသာစကားကို နားမလည်ပေမယ့် တရုတ်အမျိုးသားနဲ့ ခေါ်သွားတဲ့သူ ပြောဆိုတဲ့ လက်ဟန်ခြေဟန်နဲ့ စကားကိုတော့ နာမီးက နားလည်သဘောပေါက်ခဲ့ပါတယ်။

တရုတ်အမျိုးသားနဲ့ အတူနေရတဲ့အချိန်မှာ နာမီးအသက်ဟာ (၁၄)နှစ်သာ ရှိသေးပါတယ်။

“ သမီးကိုတော့ သူ(တရုတ်အမျိုးသား)က အနိုင်ကျင့်တာ မရှိဘူး။ ဒါပေမယ့် အတူတူနေတယ်၊ လက်မထပ်ဘူး။ တရုတ်အမျိုးသားနဲ့အတူနေရတယ်” လို့ ညှိုးငယ်စွာပြောပါတယ်။

တရုတ်အမျိုးသားနဲ့ (၁)လကျော် အတူနေထိုင်ခဲ့ရပြီး နာမီးရဲ့ဖခင်ဟာ နာမီး ရှိရာနေရာ ရောက်လာခဲ့ပါတယ်။

“ အဖေက ခဏဆိုပြီး ညာပြီး ပြန်ခေါ်လာတာ။ သမီးလည်း အိမ်ပြန်လည်ဦးမယ်ဆိုပြီး ပြန်လာတာ” လို့နာမီးက ဆိုပါတယ်။ နာမီးရဲ့ဖခင်က သူရှိရာကို စုံစမ်းပြီး ပြန်လည်ခေါ်ယူဖို့ရောက်လာတာပါ။

နားမီး (အမည်လွှဲ) ၊ ဓါတ်ပုံ – နန်းဆိုင်နွမ်

နာမီးအနေနဲ့ ဖခင်ဖြစ်သူကြောင့် မြန်မာပြည်ပြန်ရောက်လာနိုင်ခဲ့ပေမယ့် တရုတ်ပြည်ကို ရောင်းစားခံရတဲ့ သူတို့ ရွာက အခြားမိန်းကလေးတွေ ယနေ့ထိ အိမ်ကို မရောက်လာသေးဘူးလို့ သူက ပြောပြပါတယ်။

“ သူ့(နာမီး)ကို သူ့အဖေက ပြန်သွားခေါ်တာ။ အဲဒီတုန်းက Wechat သုံးတော့ လွယ်သေးတယ်။ နာမီးပြန်လာ ပြီးနောက်ပိုင်း ကျန်သူတွေ Wechat ပိတ်ခံလိုက်ရတယ်” လို့ နာမီးရဲ့ အိမ်နီးချင်းလားဟူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

နာမီးကို ပြန်ခေါ်ဖို့ သူ့ဖခင်က ကျွဲနဲ့ ဝက်တွေကို ရောင်းချပြီး တရုတ်ပြည်အထိ လိုက်သွားခဲ့တယ်လို့ သိရပါတယ်။

“ သူ့ကိုသွားခေါ်တာ ငွေတော်တော်ကုန်ခဲ့တယ်။ ကျွဲတွေ ဝက်တွေရောင်းရတယ်။ နောက် ညာပြီးခေါ်လာရတယ်” လို့ အိမ်နီးချင်းဖြစ်တဲ့ အသက်(၅၀)ကျော် လားဟူအမျိုးသမီးက ပြောပြတာပါ။

နာမီးတစ်ယောက် ရွာပြန်ရောက်လာပြီးနောက်မှာတော့ ဖခင်ဖြစ်သူက တစ်ရွာတည်းသားဖြစ်တဲ့ အသက်(၂၀) ကျော်အရွယ်လူငယ်တစ်ယောက်နဲ့ လက်ထပ်ပေးလိုက်ပါတယ်။

“ အခု သူအိမ်ထောင်ထပ်ပြုလိုက်တယ်” လို့ အဲဒီအိမ်နီးချင်းက ဆက်ပြောပြပါတယ်။

အခုချိန်မှာ နာမီးဟာ အသက်(၁၅)နှစ်အရွယ်သာရှိပြီး အိမ်ထောင်ပြုကာ လယ်ယာလုပ်ကိုင်နေပါတယ်။

အိမ်ထောင်ပြုထားပေမယ့် နာမီးဟာ အိမ်ထောင်သည်ဘဝကို စိတ်မပျော်ရွှင်ပဲ လယ်ယာအလုပ်နားချိန်မှာ အခြား ကလေးတွေနဲ့သာ ဆော့ကစားနေတာကို တွေ့မြင်ရပါတယ်။

“ ပြန်လာပြီး (၂)လကြာတော့ အိမ်ထောင်ပြုလိုက်တယ်” လို့ နာမီးက ခံစားချက်တစုံတရာမရှိတဲ့ မျက်နှာပေးနဲ့ ပြောပြပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်မြို့နယ်ရှိ အမျိုးသမီးတွေဟာ တရုတ်နိုင်ငံကို ရောင်းစားခံရတာများ လာပါတယ်။

တောင်ပေါ်ဒေသက လားဟူအမျိုးသမီးငယ်တွေဟာ ပညာရေးနဲ့ အထွေထွေဗဟုသုတတွေ အားနည်းကြပြီး ရှမ်း အရှေ့ဒေသ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် အခြားသူများရဲ့လိမ်ညာမှုကို အလွယ်တကူခံကြရတယ် လို့လည်း လားဟူအမျိုးသမီးတွေက ပြောဆိုပါတယ်။

“ တရုတ်ပြည်မှာ လစာကောင်းတယ်ဆိုပြီး ညာခေါ်ကြတယ်။ တကယ်တော့ တရုတ်အမျိုးသားတွေဆီ သွားရောင်း စားခံရတာ။ အခုထိ မလွှတ်လာသေးတဲ့ သူတွေလည်းရှိသေးတယ်” လို့ အမည်မဖော်လိုတဲ့ လားဟူအမျိုးသမီး တစ်ဦးက ပြောပါတယ်။

လူကုန်ကူးမခံရခင် ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသမီးငယ်တွေရှိသလို လက်ရှိအချိန်ထိ မကယ်တင်နိုင်သေးတဲ့ အမျိုး သမီးငယ်တွေလည်း ရှိနေပါသေးတယ်။ ကယ်တင်ဖို့ နည်းလမ်းရှာနေကြပါတယ်လို့ သူကဆက်ပြောပြပါတယ်။

“ လက်ရှိမှာ တရုတ်အမျိုးသားဆီကနေ ပြန်ခေါ်ဖို့ အမျိုးသမီး(၂)ယောက်ရှိနေတယ်။ အခု အဆက်အသွယ် ပြတ် နေတယ်။ လိုင်းလည်း မသုံးတော့ဘူး” လို့ သူက စိုးရိမ်မှုနဲ့ပြောပြခဲ့တာပါ။

လူကုန်ကူးမှု ကျူးလွန်သူအများစုဟာ မိမိတို့ရဲ့ ဆွေမျိုးတွေ၊ မိမိတို့နဲ့သိကျွမ်းတဲ့သူတွေ ဖြစ်ကြတယ်လို့လည်း ဆို ကြပါတယ်။ လူကုန်ကူးခံရတဲ့သူတွေဟာ အသက်(၁၃)နှစ်ကစပြီး အသက်ကြီးတဲ့အရွယ်တွေလည်းရှိပါတယ်။

ငယ်ရွယ်တဲ့ အမျိုးသမီးတွေ၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ တရုတ်နိုင်ငံကို လူကုန်ကူးခံရတာ ပိုများ လာတယ်လို့ လူကုန်ကူးမှုနဲ့ တားဆီးရေးအဖွဲ့ (တာချီလိတ်) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဒီမှာက မိန်းကလေးငယ်တွေကို စည်းရုံးရတာလွယ်တယ်။ နောက် မိဘတွေကလည်း ဝင်ငွေရမယ်ဆိုပြီး တရုတ် ပြည်ကိုလွှတ်ကြတာ။ ငွေရဖို့ပဲ သိကြတယ်လေ” လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

ကျေးရွာမှာ အလုပ်အကိုင် မရှိတဲ့အတွက် ဝင်ငွေရှာဖို့ ထိုင်း၊ တရုတ် စတဲ့အိမ်နီးချင်းနိုင်ငံတွေကိုပို့ပြီး အလုပ်လုပ် ကြရတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ လူငယ်များဟာ တရုတ်ပြည်ကို ပိုသွားကြကြောင်း ကလေးမိခင်တစ်ဦးဖြစ်တဲ့ တာချီလိတ်မှာနေထိုင်တဲ့ နန်းစီက ပြောပါတယ်။

“ဒီမှာက ဘာမှ လုပ်လို့မရဘူး။ တခြားနေရာမှာက ပိုက်ဆံရတယ်လေ။ တရုတ်ကို သွားရင် ငွေရတော့ သွားကြ တယ်။ တရုတ်မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားတွေလာခေါ်တာလည်း ရှိသလို၊ အမျိုးတွေကနေတဆင့် ပို့ပေးတာမျိုး လည်းရှိတယ်” လို့ နန်းစီက ရှင်းပြပါတယ်။

တရုတ်ပြည်ကိုသွားပြီး အလုပ်လုပ်ပါက လူကုန်ကူးခံရနိုင်တယ်ဆိုတာ မသိရှိသလို တရုတ်အမျိုးသားတွေနဲ့ လက် ထပ်ရတယ်ဆိုတာတွေလည်း မသိရှိကြဘူးလို့ နန်းစီက ထပ်လောင်းပြောပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်ပြီး လူကုန်ကူးမှုနဲ့ တားဆီးရေးအဖွဲ့က ပညာပေးမှုတွေ အမြဲပြုလုပ်နေတယ်ဆိုပေမယ့် ဗမာစာ၊ ဗမာစကားမတတ်တဲ့ တောင်ပေါ်ဒေသ ပြည်သူတွေကတော့ အခက်ကြုံနေရဆဲပါ၊

ရွာထဲက ကလေးတွေနဲ့ မြေနီနီပေါ်မှာ ဆော့ကစားနေပေမယ့် နာမီးဟာ လက်ရှိမှာ တရုတ်ပြည်က ပြန်လာနိုင်ဖို့ ကုန်ခဲ့တဲ့ငွေကြေးအတွက်လည်း စိတ်ညစ်နေရပါသေးတယ်။

“သမီးကို အဖေက ပြန်လာခေါ်တုန်းက ကုန်ခဲ့တဲ့ငွေတွေ ပြန်တောင်းနေတယ်။ သမီးဘယ်လိုဆပ်ရမှာလဲ”

အသက်(၁၅)နှစ်သမီးလေး နာမီးက “ တရုတ်ပြည်ကို ဘယ်သူမှ ထပ်မသွားစေချင်ဘူး” လို့ တိုးတိတ်စွာပြောပြီး မမျှော်လင့်ပဲ အချိန်မတန်ခင် ကုန်ဆုံးသွားတဲ့ သူ့ရဲ့ငယ်စဉ်ကလေးဘဝလေးကို လွမ်းနေသလားထင်ရအောင် တွေတွေလေး ငေးမောနေပါတော့တယ်။

Author:

Related Articles