Home ဆောင်းပါး “တိုက်ပွဲဆက်ဝင်ဖို့ စိတ်ဒဏ်ရာတွေကို ခွန်အားအဖြစ်ပြောင်းလဲနိုင်ခဲ့ကြတဲ့ အမျိုးသမီးများ”

“တိုက်ပွဲဆက်ဝင်ဖို့ စိတ်ဒဏ်ရာတွေကို ခွန်အားအဖြစ်ပြောင်းလဲနိုင်ခဲ့ကြတဲ့ အမျိုးသမီးများ”

Honest Information (HI)
“ တံခါးကြီးကိုဖွင့်ပြီးတော့ သေနတ်တွေနဲ့ချိန်ပြီးတော့အကန်ခံရတဲ့ မြင်ကွင်းကိုတော့အခုချိန်ထိမမေ့ဘူး ”

ဆန္ဒပြပွဲမှာပါဝင်ခဲ့တုန်းက အဖမ်းခံရတဲ့ အဖြစ်အပျက်တွေကို မမေလေး(အမည်လွဲ)က ပြန်ပြောပြနေတာပါ။

မမေလေးဟာ မတ်လ(၁၀)ရက်နေ့က မြောက်ဥက္ကလာမြို့နယ် ကန်သာယာသပိတ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး နှစ်ညနဲ့သုံး ရက်အကြာမှာတော့ ပြန်လွတ်လာခဲ့ပါတယ်။ ပြန်လွတ်လာခဲ့ပေမယ့်အဖမ်းခံရစဉ်က အဖြစ်အပျက်တွေကိုတော့ မမေလေး တစ်ယောက် ဖျောက်ဖျက်လို့မရနိုင်ခဲ့ပါဘူး။

သပိတ်စစ်ကြောင်းကိုဖြိုခွင်းတဲ့အတွက် ဆန္ဒပြသူတွေဟာနီးစပ်ရာအိမ်တွေထဲ ထွက်ပြေးပုန်းရှောင်ကြရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ မမေလေးအပါအဝင်ပုန်းနေသူ တော်တော်များများဟာ ရိုက်နှက်ခံရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ နိုင်ငံတဝန်းက ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ ကျည်အစစ်တွေနဲ့ပစ်ခတ်ပြီး အကြမ်းဖက်နှိမ်နင်းတာတွေ ပြုလုပ်နေတာကြောင့် ဖေဖော်ဝါရီလ ၁ ရက် နေ့ ကနေ မတ်လ၁၈ရက်နေ့အထိ ကျဆုံးသူ ၂၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၁၄ ဦးနီးပါး ပါဝင်ပါတယ်။

ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရလို့ ရိုက်နှက်ခံရသူတွေ၊ ဖမ်းဆီးခံရပြီးတော့ ပြန်လွှတ်လာတဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အနည်းနဲ့အများ ခံစားနေကြရတယ်လို့ ဆိုကြပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လွှတ်လာတဲ့ အမျိုးသမီးတွေဟာ ဖမ်းဆီးခံရစဉ်က အဖြစ်အပျက်တွေမေ့ပျောက်မရတာ၊ ညဘက် အိပ်မ ပျော်တာ စတဲ့ပြဿနာတွေကိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

မြောက်ဥက္ကလာမှာနေထိုင်တဲ့ မမေလေးဟာ အရင်ရက်တွေမှာတော့ တခြားမြို့နယ်တွေက သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး အဖမ်းခံရတဲ့နေ့မှာတော့ ကိုယ့်မြို့နယ်က သပိတ်မှာပါဝင်ရင်း အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းဖြိုခွင်းခံရတဲ့အခါ နီးစပ်ရာအိမ်ကိုဝင်ပုန်းရာကနေ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဖမ်းတဲ့အချိန် ခြေထောက်ကို အကန်ခံခဲ့ရတဲ့အတွက် အခုထိ အညိုအမဲစွဲနေတုန်းပဲလို့ မမေလေးကပြောပါတယ်။

“ ပုန်းနေတဲ့အိမ်ကို ရောက်လာကြပြီး တံခါးမဖွင့်ရင် ပစ်မယ်လို့လုပ်တဲ့အခါကျတော့ တံခါးနားကတစ်ယောက်က ဖွင့်ပေး လိုက်ရတယ်။ ဖွင့်ပေးလိုက်ပြီးတော့ သေနတ်နဲ့လိုက်ချိန်ပြီးတော့ မထွက်လာရင်ပစ်မယ်ဆိုပြီးတော့ လုပ်တယ်” လို့အဖမ်းခံ ရတဲ့ အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။

ဖမ်းဆီးတဲ့အချိန်မှာလည်း ရဲတပ်ဖွဲ့ဝင်နဲ့စစ်သားတွေဟာ ရိုက်နှက်တာအပြင် ဆဲဆိုတာတွေလည်းပြုလုပ်တယ်လို့ သူက ပြောပြပါတယ်။ ဖမ်းဆီးခံရတဲ့ မိန်းကလေးအများစုဟာလည်း ရိုက်နှက်ခံကြရပါတယ်။

ဆန္ဒပြပွဲတွေမှာစတင်ပါဝင်ပြီဆိုကတည်းက ဒီလိုဖြစ်စဉ်တွေအတွက် ကြိုတွေးပြီးသားဖြစ်ပေမယ့် တကယ်ရင်ဆိုင်ရတဲ့ အခါမှာတော့ တုန်လှုပ်မိတယ်လို့ မမေလေးက ဆိုပါတယ်။

အသက် ၁၅နှစ်အရွယ် မသီရိဟာလည်းတာမွေသပိတ်စစ်ကြောင်းနဲ့အတူ မတ်လ ၁၁ရက်နေ့က အဖမ်းခံခဲ့ရတာဖြစ်ပြီး တော့ ကိုးရက်အကြာမှ ပြန်လည်လွှတ်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။

အဖမ်းခံရတုန်းက အရိုက်ခံရတာကိုလုံးဝမကြောက်ခဲ့ပေမယ့် တခြားသူတွေအရိုက်ခံရတာကိုတော့ လုံးဝမကြည့်နိုင်ဘဲ စိတ်ထိခိုက်ရတယ်လို့ မသီရိက ဝမ်းနည်းစွာပြောပြပါတယ်။

“ ညီမရိုက်ခံရတာကိုလည်းမကြောက်ဘူး။ သူများတွေရိုက်ခံရတာကိုတော့စိတ်မကောင်းဖြစ်တယ်။ မျက်လုံးထဲမှာ အခုထိ မြင်ကွင်းဖြစ်နေတာက အဖမ်းခံရတုန်းက မိန်းကလေးတွေကို တုတ်တွေနဲ့ရိုက်တာတွေ အဲ့မြင်ကွင်းတွေကို မျက်လုံးထဲက လုံးဝမထုတ်နိုင်ဘူး” လို့ သူကဆိုပါတယ်။

ဒါပေမယ့် အဖမ်းခံရတာကို နောင်တရတာမျိုးမဖြစ်ဘဲ ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် ဆုံးဖြတ်ချက်တွေပိုခိုင်မာလာ တယ် လို့ အသက်၁၅ နှစ်အရွယ် မသီရိက ပြောပါတယ်။

“ အိမ်ကစထွက်ထဲက သေဖို့အထိစဉ်းစားပြီးသွားပြီ။ အဖမ်းခံရလည်းမကြောက်ဘူး၊ ငိုတော့ငိုမိတယ်။ အဖမ်းခံရလို့ငိုတာမ ဟုတ်ဘူး။ အရေးတော်ပုံကျရှုံးသွားမှာကိုကြောက်လို့ငိုတာ။” လို့သူကဆက်ပြောပါတယ်။

ပြန်လွတ်လာတဲ့အခါမှာလည်း ထောင်ထဲမှာတုန်းက ငိုနေတဲ့သူတွေအကြောင်းကိုခေါင်းထဲက ထုတ်မရတာ ၊ အဖမ်းခံရစဉ် က အဖြစ်အပျက်တွေကို ပြန်တွေးမိတာ စတဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအချို့ခံစားရတယ်လို့ မသီရိကဆိုပါတယ်။

“ အိမ်ပြန်ရောက်တော့ တစ်ညလုံးအိပ်မပျော်တာတွေဖြစ်တယ်။ ဖမ်းခံရတုန်းကရိုက်ခံရတာတွေ အဲ့ဟာတွေပြန်မြင်ပြီး အိပ် မပျော်ဘူး မသိစိတ်ကခြောက်လှန့်နေသလိုမျိုးတွေဖြစ်တယ်” လို့သူကဆိုပါတယ်။

တာမွေအိုးရှင်းရှေ့က သပိတ်စစ်ကြောင်းကို ဖြိုခွင်းပြီး ဝင်ရောက်ဖမ်းဆီးရာမှာ အဖမ်းခံခဲ့ရတဲ့ မရွှေရည် (အမည်လွဲ) က လည်း အဖမ်းခံရချိန်မှာ လက်ပြန်ကြိုးတုပ်ခံခဲ့ရတဲ့အတွက် အခုထိဒဏ်ရာဖြစ်နေတုန်းပဲလို့ ပြောပြပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်နေ့ကအဖမ်းခံခဲ့ရပြီး ၂၈ရက်နေ့မှာ ပြန်လွတ်လာခဲ့ပင်မယ့် အဖမ်းခံရတုန်းက ဖြစ်ရပ်တွေကို မမေ့နိုင် သေးဘူးလို့ မရွှေရည်ကဆိုပါတယ်။

“ ပြေးတဲ့အချိန်တွေကို ပြန်တွေးမိပြီးတော့မောလာတယ်။ အဲ့အကြောင်းကိုပဲ ပြန်တွေးမိနေတယ်” လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာကြသူတွေဟာ အဖမ်းခံရတုန်းက အဖြစ်အပျက်တွေကို အမှတ်ရနေပြီး မကောင်း တဲ့စိတ်ခံစားချက်တွေ ခဏခဏဖြစ်ပေါ်နေတယ်လို့ အဖမ်းခံရတဲ့ မိန်းကလေးတွေကဆိုပါတယ်။

အတိုင်ပင်ခံစိတ်ရောဂါကုဆရာဝန်ကြီး(ငြိမ်း) ဒေါက်တာဌေးအောင်က “ Trauma (စိတ်ဒဏ်ရာ)လိုမျိုး ဒီလိုမျိုးတွေက ရ နေပြီဆိုရင် ခေါင်းထဲကနေဖျက်ပစ်ရတာမလွယ်ဘူး။ ကိုယ်ကအိမ်ထဲမှာနေပင်မယ့် ဒိုင်းဒိုင်းဆိုတဲ့အပြင်က အသံတွေ ကြား ရရင်လည်း ပြန်ပြီးအမှတ်ရတာဖြစ်ချင်ဖြစ်မယ်။ အပြင်ကငြိမ်းချမ်းနေပင်မယ့်လည်း အိပ်ခါနီးမှာ စိတ်တွေကရောက် သွား ပြီး အဲ့ဒါတွေပြန်အမှတ်ရတာရှိမယ်။အဲ့ဒါတွေဖြစ်တတ်တယ်” လို့ ပြောပါတယ်။

ဒီလိုပြန်တွေးပြီး လန့်တာမျိုးတွေဖြစ်ပြီဆိုရင် ပြန်မတွေးမိအောင် အတတ်နိုင်ဆုံးနေတာ၊ positive (အပြုသဘော) ဖြစ်နိုင် တဲ့အတွေး တွေးတာတွေ လုပ်သင့်တယ်လို့ ဒေါက်တာဌေးအောင်က အကြံပြုပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကအထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက စစ်ပွဲတွေ၊ ပဋိပက္ခတွေဖြစ်လာတိုင်းမှာ စစ်တပ်ဟာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုကို ဗျူဟာတစ်ခုအဖြစ် အသုံးပြုလေ့ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။

“ ဒီလိုမျိုး ပဋိပက္ခတွေဖြစ်လာတိုင်းမှာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို လက်နက်တစ်ခုအဖြစ်အသုံးချတယ်။ အဲ့လိုအသုံးချတဲ့ဟာတွေ တိုင်းရင်းသားဒေသတွေမှာရှိတယ်။ မြို့ပေါ်မှာတော်လှန်ရေးအောင်မြင်ဖို့ တိုက်ပွဲဝင်နေတဲ့ အမျိုး သမီးထုတင်မကဘဲ လူမျိုးစုံကိုနည်းမျိုးစုံနဲ့အကြမ်းဖက်မှုတွေလုပ်မယ်။ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေလုပ်မယ် ဆိုတာ သူတို့ရဲ့ဗျုဟာပေါ့ စစ်ပွဲထဲမှာ သူတို့သုံးနေကျဗျူဟာတစ်ခုဖြစ်တယ်။” လို့နော်ဆဲဆဲကသုံးသပ်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလုံးဝရှုတ်ချတဲ့အပြင် အခုလက်ရှိ အကြမ်းဖက် ဖြိုခွင်းမှုတွေပြုလုပ်နေသူတွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတယ်လို့ နော်ဆဲဆဲက ဆို ပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်တွေဟာ စိတ်ဒဏ်ရာတွေ ရခဲ့ပေမယ့်လည်း တွေဝေကြောက်ရွံ့ မနေကြပါဘူး။ အဲ့ဒီစိတ်ဒဏ်ရာတွေကို ခွန်အားအဖြစ်ပြန်လည်အသုံးချကာ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြ တုန်းပါပဲ။

“ ညီမတို့နိုင်မှာ ကျိန်းသေတာဖြစ်တဲ့အတွက် ညီမတို့ရဲ့ အချိန်တွေ၊ငွေတွေ၊ အသက်တွေရင်းထားတဲ့အတွက် ကိုယ်စိုက်တဲ့ အပင်ကအသီးတော့ပြန်စားရဦးမှာပဲ အဲ့အတွက်တိုက်ပွဲဆက်ဝင်သွားမယ်” လို့ မမေလေးက သူ့ယုံကြည်ချက်ကို ပြောပါ တယ်။

အခုတိုက်ပွဲကို အနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်က ကြောက်စိတ်တွေကို ချေဖျက်နိုင်တဲ့အပြင် အဲဒီယုံကြည်ချက်ကြောင့် လည်း ဆက်လက်တိုက်ပွဲဝင်ဖို့ ခွန်အားတွေရခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးငယ်တွေက ဆိုပါတယ်။

မမေလေးကတော့ စိတ်ပူပန်နေတဲ့ သူ့မိဘတွေကို ယခုလို မှာထားပါသေးတယ်။

“ အိမ်ကအဖေနဲ့အမေကိုလည်းပြောထားတယ် ။ ဖမ်းခံရရင်လည်းစိတ်မပူနဲ့ အချိန်တန်ရင်ပြန်ထွက်လာမှာပဲ ချက်ချင်း မဟုတ်ရင်တောင်။ ဘာလို့ဆိုညီမတို့ကဒီပွဲမှာနိုင်မှာလေ။ ပြီးတော့တခုခုဖြစ်သွားရင်လည်း အိမ်မှာဂုဏ်ယူစွာနဲ့ ဓာတ်ပုံချိတ် ထားလိုက်လို့ပြောပြီးထွက်ခဲ့တာ”

Related Articles