Honest Information (HI)
ဟိုပုံးမြို့က ပအိုဝ်းရွာတချို့ဟာ တောင်ခြေတွေမှာ အများစုနေထိုင်ကြပါတယ်။ ပတ်ပတ်လည်မှာလည်း တောင်တွေ အထပ်လိုက်နဲ့ ကာရံထားတဲ့ တောင်ကြားထဲမှာ နေထိုင်ကြတာ များပါတယ်။
တောင်ခြေတွေမှာ နေထိုင်ရတဲ့အပြင် စိုက်ပျိုးရေးလုပ်ကိုင်တဲ့ နေရာမှာလည်း တောင်ပေါ်တွေမှာ သွားရောက်စိုက်ပျိုး လုပ်ကိုင်ရပါတယ်။ အများစုကတော့ နနွင်း၊ ကော်ဖီ၊ ထောပတ်၊ သနပ်ဖက် စတာတွေကို စိုက်ပျိုးပြီး အသက်မွေးဝမ်း ကျောင်းပြုကြပါတယ်။
မြေပြန့်ဆိုတာ မရှိသလောက် ရှားပါတယ်။ အကုန်လုံးနီးပါးက တောင်စောင်းတွေပေါ်မှာ စိုက်ပျိုးရတာပါ။ တောင်စောင်း ဖြစ်တာကြောင့် စက်ပစ္စည်းတွေ ဝင်လို့မရတဲ့အတွက် ခြံပေါက်၊ မြက်ရမ်း၊ အသီးနှံစိုက်တာ စတာတွေကို လူအင်အားနဲ့သာ ပြုလုပ်ကြရပါတယ်။
ခြံသွားနိုင်ဖို့ အတွက် မနက် ၄ နာရီကျော်လောက်ဆို ထပြီး ထမင်းဟင်းချက်ပြုတ်ရပါတယ်။
လျှပ်စစ်မီးမရသေးတာကြောင့် လေးထောင့်အနေအထားရှိတဲ့ မီးဖိုထဲမှာထင်းကိုအသုံးပြုပြီး ချက်ပြုတ်ရပါတယ်။ အိမ်တိုင်း လိုလိုမှာ အဲဒီလိုမီးဖို ရှိကြသလို ပုံစံလည်း တူကြပါတယ်။
မီးအလင်းရောင် ရဖို့အတွက်ကတော့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေကို အသုံးပြုရပါတယ်။ အဲဒီမီးအားက ထမင်းဟင်းချက်လို့ ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး။
အဘွားကတော့ ထမင်းဟင်းချက်ရင်း ကွမ်းဝါးပြီး ထိုင်စောင့်လေ့ ရှိပါတယ်။ တခါလေ ကွမ်းလည်းဝါး ချက်လည်း ချက်ပေါ့။
ချက်ပြီး ပြုတ်ပြီး ၇ နာရီဆိုမနက်စာစားပြီး ခြံသွားဖို့ ထမင်းထုတ်ပြင်၊ ပလိုင်းလွယ်၊ ပေါက်ပြားထမ်းပြီး သွားကြပါတယ်။
အဘွားကတော့ ပိုနေတဲ့သနပ်ဖက် အညွန့်တွေကို ဖယ်နေပါတယ်။ သနပ်ဖက်လှော်လို့ ရတဲ့ အနေအထားလား ၊ ပိုးကျနေလားဆိုတာကို သွားကြည့်ပြီး လိုအပ်ရင် ဆေးဖြန်းတာတွေ လုပ်လေ့ရှိပါတယ်။
အဘွားက သူစိုက်ထားတဲ့ ဂျူးမြစ်တွေကို မြက်တွေကို ရှင်းနေပြီး ဝယ်သူတွေရှိရင်လည်းတစ်စီး ၁၀၀ နှုန်းနဲ့ ရောင်းပေးတဲ့ အခါလည်း ရှိပါတယ်။
အစိမ်းရောင်လေးနဲ့က ဂျုးမြစ်ဖြစ်ပြီး ခရမ်းရောင်ဖျော့ဖျော့လေးကတော့ ကန်စွန်းဥပင်တွေဖြစ်ပါတယ်။ နုတ်လို့ခက်တဲ့ မြက်တွေ ကို ပေါက်ပြားနဲ့ ပေါက်ရပါတယ်။ ခြံအလုပ်တွေ လုပ်ရင်းနဲ့ ညနေ ၄ နာရီဆို အိမ်ပြန်လေ့ ရှိပါတယ်။
အိမ်ရောက်လျှင်လည်း ရေမိုးချိုးပြီး ရေခပ်တာတွေ ဘုရားပန်းအိုးလဲတာတွေ သန့်ရှင်းရေး လုပ်တာတွေ ပြုလုပ်ကြပါတယ်။ ပြီးတာနဲ့ ထမင်းဟင်း ချက်ပြုတ်စားသောက်ကြပြီး ညနေ ၈ နာရီနောက်ပိုင်းဆို အိပ်ရာဝင်ကြပါတယ်။ အိပ်ရင်လည်း ခေါင်းထဲမှာ “ မနက်ဖြန် ဘယ်ခြံကို သွားရမှာလဲ ဘယ်အလုပ်ကို အရင်လုပ်ရမှာလဲ ဆိုတာကိုပဲ တွေးမိတယ်” လို့ လည်း ဆိုပါတယ်။
တောင်သူတွေ အများစုကတော့ သူတို့ဘဝကို ဒီလိုပုံစံမျိုးနဲ့ပဲ ဖြတ်သန်းသွားလာတာပါ။ ဆန်၊ ဆီ၊ ဆားတွေ ဝယ်ဖို့ ဆိုရင် တောင်ကြီးမြို့ကို တက်လာပြီး ဈေးဝယ်ကြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အသွားအလာ ပိတ်ပင်ထားပြီး မလွတ်လပ်သည့်အပြင် နေရာတိုင်းမှာလည်း စစ်ဆေးရေးဂိတ်တွေလည်း အများပြားရှိလာပါတယ်။ ယခုဆိုရင်ကိုဗစ်-၁၉ ရောဂါ ပျံနှံ့နေမှုကြောင့် ဟိုပုံး တောင်ကြီးစစ်ဆေးရေးဂိတ်အနီး တောင်ကြီးမြို့သို့ သွားမည့် မည်သူမဆို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးရမည် ဖြစ်ပြီး စစ်ဆေးခ ၁၀,၀၀၀ ကျပ်လည်း ပေးဆောင်ရမယ်လို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွေက ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်မှုကြောင့် ဆန်၊ ဆီး၊ ဆားကုန်ရင် တောင်ကြီးကို တက်လာပြီးဈေးသုံးနိုင်ဖို့ အတွက် အခက်တွေ့ နေရပါတယ်။ ဘာလို့လည်းဆိုတော့ ငွေကျပ် ၁၀,၀၀၀ ဆိုတာဟာ တောင်သူတွေရဲ့ ၃ ရက်စာ လုပ်အားခလောက်ဖြစ်နေလို့ပါပဲ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021