Home ဆောင်းပါး မြို့ပြနေပြည်သူတွေရဲ့ စိုးထိတ်နေ့စွဲများ

မြို့ပြနေပြည်သူတွေရဲ့ စိုးထိတ်နေ့စွဲများ

ဒေဝီ။ ။

တစ်မြို့ နယ်တည်းဖြစ်ပေမယ့် ရပ်ကွက်ခြားတဲ့ အမဖြစ်သူနေအိမ်ကို ကိစ္စတစ်ခုကြောင့် ဆိုင်ကယ်ကယ်ရီငှားပြီး ထွက်လာ တဲ့ မမြတ်သူ (အမည်လွှဲ) တစ်ယောက် ခပ်လှမ်းလှမ်းမှာ စစ်သားနဲ့ရဲတွေကို လှမ်းမြင်လိုက်တဲ့အတွက် ဆိုင်ကယ်ကို ပြန်လှည့်ခိုင်းဖို့ အတွေးဝင်လာခဲ့တယ်။

သူစီးလာတဲ့ ဆိုင်ကယ်နဲ့ဆို အိမ်ခုနှစ်အိမ်စာလောက်ပဲ ဝေးတဲ့အကွာအဝေးမှာ စစ်သားနဲ့ရဲ ၁၀ ယောက် လောက်ပါဝင်တဲ့ အဖွဲ့တစ်ခုက ကားတွေဆိုင်ကယ်ကို တားပြီး ရှာဖွေစစ်ဆေးနေတာပါ။

ဒါပေမယ့် မမြတ်သူမှာ ပိုက်ဆံအိတ်နဲ့ ဖုန်းကလွဲပြီး ဘာပစ္စည်းမှ မပါတဲ့အပြင် ရုတ်တရက် ပြန်လှည့်သွားတာတွေ့ရင် လည်း သင်္ကာမကင်းဖြစ်ပြီး လှမ်းပစ်မလားဆိုတဲ့အတွေးကြောင့် ကယ်ရီမောင်းသူကို ဘာမှမပြောတော့ဘဲ နေခဲ့တယ်။

ကံကောင်းစွာနဲ့ သူမ စီးလာတဲ့ဆိုင်ကယ်က စစ်ဆေးမခံရဘဲ ပုံမှန်တိုင်းမောင်းလာခွင့်ရခဲ့တဲ့အတွက် အမဖြစ်သူအိမ်ကို ချောချောမောမောရောက်ခဲ့တယ်။

မမြတ်သူ ထိတ်လန့်မိတာက ရှာဖွေစစ်ဆေးနေစဉ် အမှားအယွင်းတခုခု ဖြစ်ပြီး ဖမ်းဆီးခံရမှာ၊ ဒါမှမဟုတ် အခြားအဖွဲ့တွေ က စစ်သားနဲ့ရဲကို လာပစ်ခတ်ချိန် ကိုယ့်ကိုပါ ထိခိုက်သွားမလားဆိုတဲ့ အတွေးတွေကြောင့်ပါ။

” အပြင်ထွက်တဲ့အချိန် သူတို့ကို မြင်တာနဲ့ ဘာရယ်မဟုတ်ဘူး စိတ်ကလန့်နေတာ၊ နောက်ပြီး ပစ်ခတ်တာတွေ ဗုံးပေါက်ကွဲ ဘာညာလည်း ကြားနေရတော့ ကိုယ့်ထိမလားဆိုတဲ့အတွေးနဲ့ စိတ်ကမလုံခြုံတာအမှန်ပဲ” လို့ရွှေပြည်သာ မြို့နယ်နေ မမြတ်သူကဆိုပါတယ်။

သူနေထိုင်ရာမြို့နယ်အပြင် ရန်ကုန်မြို့က အခြားမြို့နယ်တွေမှာ ပျောက်ကြားဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းစီးတာ၊ နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်တာ၊ ပစ်ခတ်မှုတွေ ဖြစ်နေတာဆိုတော့ ညီအမသုံးယောက်သာနေထိုင်တဲ့ သူတို့ အတွက် အိမ်မှာနေရတာရော၊သွားရလာရတာပါ မလုံခြုံတဲ့စိတ်က ကြီးစိုးနေပါတယ်။

နေ့တိုင်းအပြင်ထွက်အလုပ်လုပ်ရတဲ့ ညီမဖြစ်သူအတွက် စိတ်ပူမိသလို၊ အိမ်မှာကျန်ခဲ့တဲ့ သူတို့ညီအမနှစ်ဦးမှာလည်း အရေးအကြောင်းကိစ္စတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့ပါ။

” အိမ်မှာနေရင်လည်းစိုးရိမ်တယ်။ အွန်လိုင်းကနေကြားနေရတာတွေကြောင့်ပေါ့၊ အပြင်ထွက်ရင်တော့ စိုးရိမ်တာနည်း နည်းလျော့တယ်၊ အပြင်မှာ လူတွေဘာမှမဖြစ်သလိုပဲ သွားလာလှုပ်ရှားနေတော့ မမြင်ရတဲ့သတင်းတွေကိုကြောက်တာ။” လို့မမြတ်သူကပြောတယ် ။

ဒါပေမယ့် သွားတာလာတာတော့ ဂရုစိုက်ရပါတယ်။ ဗုံးပေါက်တာ သေနတ်ပစ်တာတွေကြားနေရတော့ ကားမှတ်တိုင်မှာ ကြာကြာမနေဘဲ ကြုံတဲ့ကားတက်စီးတာ၊ လူများတဲ့နေရာတွေ၊ရဲစခန်းနဲ့ ရပ်ကွက်ရုံးလိုနေရာတွေကို ရှောင်ရှားတာတွေ လုပ်ရတယ်လို့ ဆိုပါတယ် ။

သူကတော့ ရံဖန်ရံခါမှ အပြင်ထွက်ရလို့ ကိစ္စမရှိပေမယ့် နေ့စဉ်ရုံးတက်နေရတဲ့ ညီမဖြစ်သူအတွက်တော့ ပူပန်ရပြီး အသွား အလာဂရုစိုက်ဖို့ လူစုလူဝေးများတဲ့နေရာတွေကို မသွားဖို့တော့ မှာကြားရတယ်လို့ဆိုပါတယ်။

အပြင်ထွက်တဲ့အခါ အကျီကအစ အရောင်ရွေးပြီးဝတ်ရတာ၊ ဆန္ဒပြတဲ့ပုံစံမဖြစ်အောင် ပြင်ဆင်ပြီးသွားတာ၊ ကိုင်ဆောင် နေကျဖုန်းအစား အခြားဖုန်းကို အသုံးပြုတာတွေ ပြုလုပ်ပြီးမှ အိမ်ကထွက်ရတယ်လို့ မမြတ်သူကပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုလက်မခံတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖမ်းဆီး တာ၊ ဆန္ဒပြခေါင်းဆောင်တွေနဲ့ CDMဝန်ထမ်းတွေကို ညအချိန်မတော်ဝင်ပြီး အကြမ်းဖက်ဖမ်းဆီးတာ၊ သံပုံးတီးရုံနဲ့ ရပ်ကွက်ထဲ ဝင်ပြီး အသံဗုံးဖောက် ပစ်ခတ်၊ဆဲဆိုတာတွေကြား ပြည်သူတွေမှာ ညစဉ် ထိတ်လန့်မှုတွေနဲ့ အိပ်စက်နေကြရ ပါတယ်။

လက်ရှိမှာ ဆန္ဒပြမှုတွေ အနည်းငယ်လျော့နည်းသွားပေမယ့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့သတင်းပေးတွေကို တန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်လာတဲ့အတွက် မငြိမ်မသက်မှုတွေကြား ထိတ်လန့်ရ သလို စစ်ကောင်စီ လက်အောက်ခံအဖွဲ့ဝင်တွေပြန်ပြီး အကြမ်းဖက်မှာကိုလည်း ကြောက်ရွံ့ စိုးရိမ်နေရတဲ့အတွက် ပြည်သူ တွေမှာ နေ့ရောညပါ မလုံခြုံပါဘူး။

” လမ်းသွားရင်း တစ်ခုခုဖြစ်မှာစိုးရိမ်ရ စစ်တပ်တွေ့ရင်ထိတ်လန့်ရ၊ သူတို့စနောက်တာခံရနဲ့ စိတ်ညစ်ဖို့ကောင်းတယ်၊ သူတို့ရဲ့ ပျူစောထီးအဖွဲ့တွေက ပြည်သူတွေကို အကြမ်းဖက်မှာကိုလည်း ကြောက်ရတယ်” လို့ မန္တလေးမြို့နေ တယ်လီကွန်းဝန် ထမ်းတစ်ဦးဖြစ်သူ မပန်းအိက ဆိုပါတယ်။

Photo Credit: CJ

မပန်းအိတို့ လမ်းထဲမှာ စစ်တပ်တစ်ခုက တပ်စွဲထားပါတယ်။ အလုပ်သွားတဲ့အခါတိုင်း စစ်တပ်ရှေ့ ကဖြတ်လျှောက်ရတဲ့ အခါ ရံဖန်ရန်ခါ စနောက်ခံရတာ၊ မျက်မှန်းတန်းမိတဲ့စစ်သားတစ်ချို့က နှုတ်ဆက်စကား ပြောတာတွေလည်း ကြုံရတော့ အမြဲစိတ်မသက်မသာဖြစ်ရတယ်။

“အနီးအနားစစ်တပ်ရှိတော့ ပိုကြောက်ရတာပေါ့၊ ဘယ်ကနေပစ်လိုက်မလဲဆိုပြီး ကြောက်တယ်။ တခါတလေ သူတို့က စကားပြောလို့ ပြန်ပြောရင်လည်း အခြားသူတွေက ကိုယ့်ကို ဒလန်လို့ထင်မှာ ကြောက်တယ်” လို့ မပန်းအိကပြောတယ်။

ရန်ကုန်၊မန္တလေးတို့လို မြို့ပြနေရာအချို့မှာရပ်ကွက်ရုံးတွေ မီးရှို့ခံရတာ၊ စစ်တပ်ကိုသတင်းပေးသူတွေကို သတ်ဖြတ်တာ၊ ရပ်ကွက်ရုံးတွေနဲ့ဌာနဆိုင်ရာတွေမှာ ဗုံးပေါက်ကွဲတာ၊ပစ်ခတ်တာ၊ စစ်ကောင်စီနဲ့ အသေးစားတိုက်ခတ်မှုတွေ ဖြစ်တာ တွေက ခပ်စိပ်စိပ်ကြားလာရပါတယ်။

မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ရဲစခန်း၊ရုံးဌာန ၊စစ်ကား၊ စစ်တပ်ဂိတ်တွေ နား မသွားဖို့ ရှောင်ရှားကြဖို့ နှိုးဆော်သတိပေးသလို၊ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ အကြမ်းဖက်မှုလုပ်ရပ် အန္တရာယ်တွေကနေ ရှောင်ရှားဖို့ သတိပေးထုတ်ပြန်တာတွေလည်း ရှိနေပါတယ်။

ဒီလို သတိပေးထားတာတွေကြောင့် ကြောက်ရွံ့မပေမယ့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် မဖြစ်မနေတော့ သွားနေရပြီး သွားတဲ့အခါမှာလည်း ပတ်ဝန်းကျင်ကို ဂရုတစိုက်နဲ့ကြည့်ကာ ကိုယ့်တာဝန်ကိစ္စတွေကို အမြန်ပြီးစီးအောင် လုပ်ပြီး ပြန်ရတယ်လို့ မပန်းအိကဆိုတယ်။

” ဗုံးပေါက်မှာကြောက်လို့ ဘေးဘီဂရုစိုက်ပြီးတော့သွားရတာပေါ့။ လမ်းပေါ် အိတ်အမဲတွေဘာတွေ တွေ့ရင်လည်း သတိ ထားရတယ်။ မလုံခြုံဘူး အလုပ်ကြောင့်သာ သွားရတာ”လို့ မပန်းအိကပြောတယ်။

နေရာအနှံ့ မလုံခြုံတဲ့အခြေအနေတွေကြောင့် အရင်လို ဟိုဟိုဒီဒီမသွားရဲတော့ဘဲ ရုံးဆင်းတာနဲ့ အိမ်တန်းပြန်တာ၊ ယခင် တုန်းကလို ပိတ်ရက်တွေမှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အပြင်ထွက်လည်တာ၊ မုန့်စားတာတွေမလုပ်ဘဲ အိမ်မှာပဲ နေတော့တယ်လို့ပြောတယ်။

ဒါ့အပြင် မပန်းအိတို့အလုပ်က အစိုးရရုံးတွေကို အဝင်အထွက်ပြုလုပ်ရတာတွေလည်းရှိပါတယ်။ အဲ့ဒီအခါမှာလည်း ကြာကြာမနေရဲဘဲ မြန်မြန်ဆန်ဆန်ပြီးစီးအောင် လုပ်ပြီးပြန်ရတယ်။ အပြင်ထွက်တဲ့အခါမှာလည်း ဖုန်းထဲက ဓာတ်ပုံတွေ ရှင်းတာ၊ဖေ့ဘုတ် မက်ဆင်ဂျာအကောင့်တွေ ပြောင်းတာ၊ ပိုက်ဆံကို လိုအပ်သလောက်သာ ထည့်ပြီးသွားရတယ်လို့ ဆိုပါတယ်။

“အပြင်ထွက်လည်းသတိထားရတယ်။ မလိုလားအပ်တဲ့ပြသနာတွေဖြစ်မှာဆိုးလို့ စိတ်ကတော့မလုံခြုံဘူး။ သူတို့ကိုတွေ့ တာ နဲ့ အတတ်နိုင်ဆုံးရှောင်ကြတယ်။”လို့မပန်းအိကပြောတယ်။

နေ့တိုင်းအပြင်ထွက်အလုပ်လုပ်နေရတဲ့ သူ့အတွက် အိမ်ကမိဘတွေကလည်း စိတ်ပူပေမယ့် အလုပ်တာဝန်အရဆိုတော့ ဘာမှမပြောသာပါဘူး။ ဘုရားတရားသာ ပိုလုပ်ခိုင်းတယ်လို့ပြောပါတယ်။

“ကိုယ့်မှာက ကာကွယ်စရာလက်နက်တွေလည်းမရှိဘူးလေ။ ဘုရားစာပဲရွတ်ရတယ်။ ဆရာတော်ကြီးတွေရဲ့ ကျည်ကွင်းတဲ့ အဆောင်ကိုပိုက်ဆံအိတ်ထဲ အမြဲဆောင်ထားတယ်” လို့မပန်းအိကပြောတယ်။

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက မလုံခြုံတဲ့အခြေအနေပါ။ ဒီလိုမလုံခြုံတဲ့အခြေအနေမှာ အပြင်ထွက်သွားလာ၊ အလုပ်လုပ်ရတဲ့ သူတွေလည်း ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ရသလို၊ အိမ်မှာကျန်ခဲ့တဲ့ အိမ်သားတွေအတွက်လည်းစိတ်ပူ ရတယ်။ ဒါ့အပြင် အိမ်မှာကျန်ခဲ့တဲ့ မိခင်တွေကလည်း အပြင်ရောက်နေတဲ့ ကိုယ့်သားသမီးတွေကို အချိန်နဲ့အမျှ စိုးရိမ်ပူ ပန်နေရပါတယ်။

မရမ်းကုန်းမြို့နယ်နေ မသူသူ(အမည်လွှဲ)က ” ဟိုရက်က မရမ်းကုန်းမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်နေတယ်ဆိုပြီး အွန်လိုင်း မှာတက်လာတော့ အမေနဲ့သမီးကို စိတ်ကထင့်သွားတယ်။ ဖုန်းဆက်ကြည့်တော့မှ ကိုယ့်နေရာနဲ့ ဝေးတယ်ဆိုလို့ စိတ်သက်သာရာရတယ်” လို့ ပြောပါတယ်။

သူက အလုပ်ကိစ္စနဲ့ ရန်ကုန်မြို့တွင်းရော နယ်တွေပါ ခရီးထွက်နေရတဲ့အတွက် လမ်းခရီးမှာ စစ်ဆေးတာကလွဲပြီး ကြီးကြီး မားမားခက်ခဲတာတွေ မကြုံရတဲ့အတွက် ကိုယ်တိုင်ထက် အိမ်မှာကျန်ခဲ့တဲ့ အမေနဲ့လေးနှစ်အရွယ် သမီးကိုတော့ စိတ်ပူ တယ်လို့ ဆိုတယ်။

Photo Credit: CJ

” နယ်တွေသွားရင်တော့ နည်းနည်းလန့်တယ်။ တိုက်ပွဲတွေဖြစ်နေတော့လေ၊ ရန်ကုန်မှာတော့ ပေါက်ကွဲတာတွေ ဖြစ်နေ တော့ စိုးရိမ်စိတ်တော့ရှိတာပေါ့၊ PDF တွေက မသွားလာဖို့သတိပေးတဲ့နေရာတော့ မသွားဘူး”လို့ မသူသူကပြောပါတယ်။

သာကေတမြို့နယ်က မိခင်တစ်ဦးဖြစ်သူ ဒေါ်စန်းစန်းက သားနဲ့သမီးအလုပ်သွားတဲ့အချိန် ကိုယ့်မျက်စိကွယ်ရာဖြစ်တော့ ကြိုကြားကြိုကြားလုပ်နေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေပါဝင်ရင်း အဖမ်းခံရမှာ၊ ဗုံးပေါက်ကွဲတဲ့အချိန် မတော်တဆထိခိုက်မိမှာ၊ ဒါမှမဟုတ်လည်း ပေါက်ကွဲတဲ့အချိန် အနီးအနားဝန်းကျင်မှာရှိလို့ သင်္ကာမကင်းဖြစ်ပြီး ဖမ်းဆီးခံရမှာတွေကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

” သူတို့အပြင်သွားတဲ့အချိန် တစ်ခုခုဖြစ်တဲ့အသံကြားတယ်ဆိုစိတ်ပူရတာပေါ့။ သူတို့ကိုလည်း မှာရတယ်။ PDF တွေက မသွားနဲ့လို့ ကြေငြာတဲ့ နေရာတွေဆို ရှောင်ရှားဖို့ “လို့ ဒေါ်စန်းစန်း ကပြောပါတယ်။

အပြင်ထွက်အလုပ်လုပ်နေရတဲ့ သားနဲ့သမီး၊ သမက်တို့ကို စိတ်ပူရတဲ့အပြင် သူနဲ့အတူ အိမ်မှာကျန်ခဲ့တဲ့ သားသမီးနှစ်ဦးနဲ့ မြေးဖြစ်သူအတွက်လည်း စိတ်ပူရပါသေးတယ်။ ရပ်ကွက်ထဲ ဈေးထဲ သွားရင်းလာရင်း ပစ်ခတ်တာတွေ၊ပေါက်ကွဲတာ တွေကြုံရမှာကိုပေါ့။

ပြီးတော့ ရန်ကုန်မှာ မြို့ပြတိုက်ပွဲတွေဖြစ်မယ်ဆိုပြီးပြောကြတော့ ရုတ်တရက်ဖြစ်လာခဲ့ရင် ခင်ပွန်းမရှိတဲ့ သူ့အတွက် ငယ်ရွယ်တဲ့သားသမီးတွေနဲ့ မြေးဖြစ်သူလက်ဆွဲပြီး အထုတ်အပိုးတွေနဲ့ ဘယ်လိုပြေးလွှားရှောင်တိမ်းရမလဲဆိုတာတွေ လည်း စဉ်းစားရတယ်လို့ ဒေါ်စန်းစန်းကပြောပါတယ်။

” စဉ်းစားရင်တော့ စိတ်ပူပန်စရာချည်းပဲ။ နေရထိုင်ရတာသွားရလာရတာ မလုံမခြုံနဲ့ ဒီအခြေအနေက အမြန်ပြီးချင်ပြီ ” လို့ ဒေါ်စန်းစန်းကပြောတယ်။

လက်ရှိမှာ ဟိုနေရာဗုံးပေါက် ဒီနေရာဗုံးပေါက် ပစ်ခတ်မှုတွေနဲ့ မလုံခြုံတဲ့အခြေအနေမှာ ရန်ကုန်မှာစစ်ဖြစ်ရင်ဆိုတဲ့ အတွေး တွေကလည်း မြို့ပြနေသူတွေအတွက် ခြောက်အိမ်မက်ပါ။

ရန်ကုန်မှာက နယ်တွေမှာလို ပြေးပုန်းစရာတောတောင်ရယ်လို့မရှိ၊ ခိုအောင်းစရာ ကတုတ်ကျင်းတူးဖို့ မြေနေရာတွေ မရှိတာတွေကလည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စိမ်ခေါ်မှုတစ်ခုလို့ မြို့ပြနေသူတွေကဆိုပါတယ်။

မမြတ်သူကတော့ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ ရှိနေပေမယ့် ကိုယ့်အနီးအနားဝန်းကျင်မှာ မကြုံတွေ့ရသေးတော့ အရမ်း မကြောက်ရဘဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်လို့ရ သေးပြီး စစ်ပွဲတွေ ဖြစ်ရင်တော့ မြို့ပြလူနေမှုဘဝတွေနဲ့ မလွယ်ဘူးလို့ ငြီးတွားပါတယ်။

” နေရထိုင်ရတာ မလုံခြုံရတဲ့ထဲ ရန်ကုန်မှာစစ်ဖြစ်ရင်ဆိုတာလည်း တစ်မျိုးပူရတာပဲ။ ရန်ကုန်မှာက ပြေးပုန်းစရာ တော လည်း မရှိတော့ နယ်ပဲပြန်ရကောင်းမလားပေါ့ “လို့ မမြတ်သူကပြောပါတယ်။

Related Articles