Home ဓါတ်ပုံ အက်ဆေး မော်ချီးဒေသမှ အမျိုးသမီးများ

မော်ချီးဒေသမှ အမျိုးသမီးများ

အဓိက ချောင်းတစ်ခုဖြစ်သည့် မိုလိုချောင်းတွင် ရေနှင့်ပါလာသော ခဲအပိုင်းစများကို ဆေးနေသော ဒေသခံအမျိုးသမီးများ
မော်ချီးဒေသရှိ ခဲလုပ်ငန်းလုပ်နေသည့် နေရာအချို့
မော်ချီးဒေသရှိ တောင်စောင်းတလျှောက် တွေ့ရသော ခဲတွင်းများနှင့် လူနေအိမ်များ
ခဲတူးဖော်မှုကြောင့် ပြိုကျခဲ့သော နေရာတခု
နေ့စား ခဲဆေးလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံ ကရင်အမျိုးသမီးတစ်ဦး
မော်ချီးဒေသတွင်းရှိ အမျိုးသမီးအများစုမှာ မုဆိုးမများ ဖြစ်ကြသည်။
အမျိုးသမီးအများစုမှာ ခဲဆေးခြင်း၊ ကျောက်ကပ်ထုခြင်း စသည့် နေ့စား/ပုတ်ပြတ်အလုပ်များကို လုပ်ကိုင်ကြသည်။
ညအချိန် ကျောက်ကပ်ထုနေသော အမျိုးသမီးများ
ခဲများပါဝင်သော ကျောက်ကပ်များ (ကျောက်ခဲများ)
ခဲတွင်း (ခဲကျင်း) တခုအတွင်း တနေရာ
ခဲကျင်းတခု အပြင်ဘက်တွင် မြေစာများ ၀ယ်ယူနေသော အမျိုးသမီးတဦး။
သန့်စင်ထားပြီးသော ခဲများ
အများသုံး ဘုံဘိုင်ရေကန်မှ သုံးရေ သယ်ယူနေသော အမျိုးသမီးများ
ဒေသခံများ သုံးစွဲသည့် ရေဘုံဘိုင်
ခဲတွင်းတခုထဲမှ သုံးရေ သွယ်တန်းထားသော ရေပိုက်
ဝန်ထမ်းမရှိသည့်အချိန်များသော ကျေးရွာကျန်းမာရေးဆေးခန်း
ဒေသခံ အမျိုးသမီးအများစုသည် ကျန်းမာရေးအသိပညာနည်းပါးကြသည်ဟု ဒေသခံများကဆိုသည်။

မယ်လွန်း။           ။

ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်ရှိ မော်ချီးဒေသသည် အမြင့်ပေ ၂၀၀၀ မှ ၅၀၀၀ အတွင်းရှိသော တောင်တန်းဒေသဖြစ်သည်။ မော်ချီးဒေသရှိ  မော်ချီးသတ္တုမိုင်းသည် အင်္ဂလိပ်အစိုးရလက်ထက်ကတည်းမှစတင်ကာ ယခုအချိန်အထိ ကမ္ဘာ့အဆင့်တန်းဝင် သတ္တုတွင်းထွက် ထွက်ရှိရာ ဒေသတခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည့်အပြင် တိုင်းပြည်၏ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့်တနေရာမှ ပံ့ပိုးလျှက်ရှိသည်။

သို့သော် ထိုဒေသရှိ အမျိုးသမီးများ၏ ဘဝမှာမူ နေ့တဓူ၀ စားဝတ်နေရေးအတွက်ကိုပင် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရပြီး အခြား ကျန်းမာရေး ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ နိမ့်ကျသည့် အခြေအနေများကိုလည်း ရင်ဆိုင်နေကြရသည်။ ဒေသခံအများစုမှာ ခဲကျင်းပိုင်ဆိုင်မှု မရှိသလောက်နည်းပါးပြီး နေ့စား ခဲလုပ်ငန်းလုပ်ဆောင်သူများဖြစ်ကြသည်။ မော်ချီးဒေသတွင် ဒေသခံ အမျိုးသမီးများမှာ ကရင်လူမျိုးများဖြစ်ပြီး အလုပ်ကိုင်ရှားပါးရာ မြန်မာနိုင်ငံ နယ်အသီးသီးမှ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အမျိုးသမီးများလည်း လာရောက်လုပ်ကိုင်ကြသည်။

ခဲတွင်းထဲတွင် အများအားဖြင့် အမျိုးသားများသာ ဝင်ကြပြီး ယခုနောက်ပိုင်းတွင် အန္တရာယ်များသောကြောင့် အမျိုးသမီးများကို ဝင်ခွင့် ပိတ်ပင်ထားသည်။ ခဲလုပ်ငန်းကြောင့် လုပ်ငန်းတွင်း မတော်တဆမှုများ၊ အရက်သေစာသောက်စားမှုများကြောင့် အမျိုးသားအများစုမှာ အသက်ဆုံးရှုံးကြသောကြောင့် မော်ချီးဒေသတွင် အမျိုးသမီးအများစုမှာ မုဆိုးမများဖြစ်ကြသည်။

အမျိုးသမီးအများစုမှာ ခဲဆေးခြင်း၊ ကျောက်ကပ်ထုခြင်း (ကျောက်တွင် ကပ်နေသည့် ခဲများကို ထုခြင်း) စသည့် နေ့စားအလုပ်များ၊ ပုတ်ပြတ်အလုပ်များကို လုပ်ကိုင်ကြသည်။ မော်ချီးဒေသသည် မုဆိုးမများကို ကာကွယ်ပေးသော နေရာဟု ဒေသခံများက ယုံကြည်ကြသကဲ့သို့ ခဲများ အခြောက်ခံသည့်အခါ ထဘီများဖြင့် လှန်းခြင်းသည် ခဲအလေးချိန်စီးသည်ဟု ယုံကြည်ကြသည်။

မော်ချီးဒေသရှိ ရေအရင်းအမြစ်များမှာ ခဲတွင်း၊ ခဲလုပ်ငန်းနှင့် မလွတ်ကင်းသောကြောင့် သုံးရေအတွင်း ခဲဆိပ်များ ပါဝင်နေသည်ဟု ဒေသခံ လူမှုအဖွဲ့အစည်းများက ဆိုသည်။

မော်ချီးဒေသတွင်း ကျေးရွာပေါင်း ၅၀ ကျော်ရှိသည့်အနက် လိုခါးလို ကျေးရွာကြီးတခုတွင်သာ ဆေးရုံကြီးတခုရှိပြီး အခြားတောင်တန်းပေါ်ရှိ ကျေးရွာအချို့တွင် ကျန်းမာရေးဆေးခန်းများ ဖွင့်ပေးထားသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် မြေပြိုသည့်အန္တရာယ်များကြောင့် တာဝန်ကျသည့် ကျန်းမာရေးဆရာများပင် ပုံမှန် တာဝန်ထမ်းဆောင်လေ့မရှိဟု ဒေသခံများမှ ဆိုသည်။

ဒေသခံ အမျိုးသမီးအများစုသည် ကျန်းမာရေးအသိပညာနည်းပါးကြပြီး ရွေ့ပြောင်းကုသပေးသည့် စေတနာ့ဝန်ထမ်း ကိုယ်ထူကိုယ်ထ ကျန်းမာရေးအဖွဲ့ (Mobile clinic) ရောက်ရှိမှသာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြသည်ဟု ဒေသခံများမှ ဆိုသည်။

Related Articles