Home ဆောင်းပါး “၈၈ မှသည် ၂၁ ဆီသို့”

“၈၈ မှသည် ၂၁ ဆီသို့”

Honest Information (HI)။ ။
တရွေ့ရွေ့သွားနေတဲ့စက်လှေပေါ်မှာထိုင်ရင်း ပင်လယ်လှိုင်းလုံးကြီးတွေကိုငေးကြည့်ကာ မအတာလင်းတယောက် လိုက်ပါလာခဲ့ပါတယ်။

စက်လှေပေါ်က အဲ့ဒီအမျိုးသမီးငယ်လေးဟာ ဒီခရီးကိုလိုက်မပါခင် ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ၁၀ တန်းအောင်ရင် သူနာပြုလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်လည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံလို့ လူသိများတဲ့ ၁၉၈၈ တုန်းက စစ်တပ်အာဏာသိမ်းပြီး ဒီမိုကရေစီအရေး တောင်းဆိုသူတွေကို ရက်ရက်စက်စက်ဖြိုခွဲမှုတွေကိုမြင်လိုက်ရချိန်မှာတော့ သူ့အိမ်မက်တွေကို ပြောင်းလဲလိုက်ပါတော့တယ်။

သူနာပြုဖြစ်ချင်တဲ့ မအတာလင်းတယောက် တော်လှန်ရေးအိပ်မက်တွေကိုထမ်းပိုးရင်း လက်နက်ကိုင်ကာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် လွတ်မြောက်နယ်မြေဆီ ထွက်လာခဲ့ပါတော့တယ်။

“ငယ်ရွယ်တဲ့ကျောင်းသူကျောင်းသားတွေ ဒီလိုသတ်ရကောင်းလားသူတို့ကိုလည်း ပြန်တိုက်မယ်ဆိုတဲ့စိတ်နဲ့ တောထဲကိုထွက်လာခဲ့တယ်”လို့ ဒေါ်အတာလင်းက လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

နောက်ထပ်(၃၃)နှစ်အကြာ ၂၀၂၁ အရောက်မှာတော့ ဒေါ်အတာလင်းတို့လို ခက်ခဲတဲ့ဆုံးဖြတ်ချက်မျိုးကိုရွေးချယ်ခဲ့ကြတဲ့ အမျိုးသမီးတွေ အများအပြားပေါ်လာပြန်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာအာဏာသိမ်းလိုက်တဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ဆန့်ကျင်ကြတဲ့ အမျိုးသမီးတွေငယ်တွေဟာလည်း ၁၉၈၈ တုန်းက ဒေါ်အတာလင်းတို့လိုဘဲ စွန့်စားပြီး အာဏာရှင်တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေတွေဆီ ထွက်ခွာနေကြပါတယ်။

မျိုးဆက်နှစ်ခုအကြား အသက်အရွယ်၊ အခြေအနေနဲ့ နိုင်ငံရေးနောက်ခံတွေမတူညီပေမယ့် သူတို့မှာတူညီကြတဲ့ အချက်ကတော့ စစ်အာဏာရှင်ကိုလက်မခံနိုင်ဘူးဆိုတဲ့ ခံယူချက်မျိုးဘဲဖြစ်ပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်တဲ့ နွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေရဲ့ပါဝင်မှုက ဘယ်နေရာမှာမှ နောက်ကျ မကျန်ခဲ့ပါဘူး။

ညဘက်သံဗုံးတီးလှုပ်ရှားမှုတွေက စလို့ ရပ်ရွာလုံခြုံရေးအတွက်ကင်းစောင့်တဲ့တာဝန်တွေအဆုံး အမျိုးသမီးတွေက ကျရာနေရာကနေ တာဝန်ကျေခဲ့ကြပါတယ်။

စစ်တပ်က သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေရှိလာတဲ့အတွက် သပိတ်စစ်ကြောင်းတွေမှာ ရှေ့ဆုံးကနေဒိုင်းကာအဖြစ် ဆောင်ရွက်သူတွေထဲမှာလည်း အမျိုးသမီးငယ်တွေကဦးဆောင်ခဲ့ပါသေးတယ်။

စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခဲ့ကြသလို့ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ တောထဲသွားပြီး စစ်ပညာသင်သူတွေထဲမှာလည်း အမျိုးသမီးတွေ ပါဝင်နေပါတော့တယ်။

စစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်ဖို့အတွက် တော်လှန်ရေးနယ်မြေထဲကို ရောက်နေသူတွေအများအပြားရှိနေပြီး အဲ့ဒီအထဲမှာတော့ အလှမယ်တစ်ဦးဖြစ်တဲ့ ထားထက်ထက်ကတော့ တော်လှန်ရေးနယ်မြေထဲကိုရောက်နေကြောင်း ဖွင့်ဟကြေညာခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ထားထက်ထက်ဟာ မြန်မာ့လက်ရွေးစင် ကျွမ်းဘားအားကစားသမားဟောင်းဖြစ်သလို ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

ထားထက်ထက်ဟာ ဖေဖော်ဝါရီလ အစထဲက ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသူဖြစ်ပါတယ်။ အဲ့ဒီနောက် ဧပြီလမှာတော့ တော်လှန်ရေးနယ်မြေထဲ ရောက်ကာ စစ်သင်တန်းကို တက်ရောက်နေပါတော့တယ်။

သင်တန်းမှာ နေ့စဉ်နံနက် (၄) နာရီကနေ ည(၇)နာရီ (၈)နာရီအထိ လိုအပ်တဲ့လေ့ကျင့်မှုနဲ့ သင်ကြားမှုတွေ ပြုရတယ်လို့ ထားထက်ထက်က ပြည်ပမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာဖြေကြားထားပါတယ်။

တောထဲမှာ အနေအထိုင်အစားအသောက်ဆင်းရဲပေမယ့်လည်း ဖိနှိပ်ခံလူထုကို အာဏာရှင်လက်အောက်က ဆွဲထုတ်နိုင်ဖို့ဆိုတဲ့ စိတ်နဲ့ ဖြတ်ကျော်နေတယ်လို့ ထားထက်ထက်က သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် ပြည်သူတွေကို သတင်းစကားပါးပါတယ်။

“အခုကျွန်မတို့ရဲ့အဓိက ရည်ရွယ်ချက်က တခုထဲပဲ။ အဲ့ဒါကနှစ် (၆၀)နီးပါးလောက်အမြစ်တွယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုး ကျွန်မတို့ရဲ့မျိုးဆက်မှာ အဆုံးထိပျက်သုဉ်းဖို့အတွက် တိုက်ပွဲဝင်ဖို့”လို့ သူ့ကဆိုပါတယ်။

လက်ရှိမှာလည်း တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာလည်း အမျိုးသမီးတွေက ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်အချို့ဆီကသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အစောဆုံးခုခံတော်လှန်ခဲ့တဲ့ Chinland Defense Force မှာ ရှေ့တန်းကနေတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးရဲဘော်ရဲမေ တစ်ဦးပုံကို Chinland Defense Force က မေလက ထုတ်ပြန်ထားတာကိုတွေ့ရပါသေးတယ်။

တော်လှန်ရေးမှာ အသက်ပေးသွားတဲ့အမျိုးသမီးတွေရှိသလို စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးအရေအတွက်ဟာလည်း ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ ဇွန်လ(၂၄)ရက်နေ့အထိ တစ်ထောင်ကျော် အထိရှိပြီဖြစ်ပါတယ်။

ဒါတွေကိုကြည့်ချင်းအားဖြင့် အမျိုးသမီးတွေဟာလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ကျရာ နေရာကနေ ပါဝင်နေကြောင်းဟာ သက်သေထူနေပါတော့တယ်။

အခုလို တော်လှန်ရေးမှာကျရာနေရာက အမျိုးသမီးတွေပါဝင်နေကြသလိုပါပဲ လွန်ခဲ့တဲ့နှစ်သုံးဆယ်က စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ဒေါ်အတာလင်းအတွက် လျှောက်လှမ်းခဲ့ရတဲ့ တော်လှန်ရေးခရီးဟာလည်း ထင်သလောက်မလွယ်ကူခဲ့ပါဘူး။

“ကိုယ်ထင်တာကတော့ ဒီနေ့မနက်ဖြန်သင်တန်းတက် ပြီးတော့တိုက် ၊ပြီးတော့ ပြန်ရမယ်ဆိုတဲ့ စိတ်နဲ့ တောထဲကို ရောက်ခဲ့တယ်။ တောထဲကိုရောက်တဲ့အချိန်ကျမှ ဖြတ်သန်းလာခဲ့ရတဲ့ ဒေသတွေမှာ စစ်တပ်ရဲ့ ရက်စက်ထားမှုတွေ၊ ဒေသခံ ပြည်သူရဲ့ခံစားချက်တွေကို ပိုပိုသိလာတဲ့အခါမှာ လုံးဝကို အောင်မြင်မှုမရမချင်း မပြန်တော့ဘူးဆိုတဲ့ စိတ်ဆုံးဖြတ်ခဲ့တယ်၊ အခက်အခဲတွေ အရမ်းတွေ့ရတယ်”လို့ဒေါ်အတာလင်းကပြောပြပါတယ်။

တောထဲရောက်တဲ့အခါမှာ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ငှက်ဖျားဒဏ်ကိုလည်း အလူးအလဲခံစားခဲ့ရပြီး စစ်သင်တန်းတက်ဖို့အတွက် ယူနီဖောင်းတောင်မရှိတဲ့အခြေအနေကနေစတင်ခဲ့ရပါတယ်။

နေပူကျဲကျဲထဲမှာ လေ့ကျင့်ရေးဆင်းရတာ၊ အစားအသောက်ကိုလည်း တောထဲကသစ်ဥသစ်ဖုတွေကို ရှာဖွေစားသောက်ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်လို့ ဒေါ်အတာလင်းကပြောပြပါတယ်။

“စစ်သင်တန်းစတက်တဲ့အချိန်မှာ ငှက်ဖျားဒဏ်ကိုလည်း ကျော်ဖြတ်လာနိုင်ခဲ့တယ်။ အခုနေငှက်ဖျားတက်နေလည်း ငှက်ဖျားကျသွားတာနဲ့ စစ်သင်တန်းကိုတန်းတက်ရတာပဲ။ အရင်တုန်းက အကြီးအကျယ်ကြီးလို့ထင်ခဲ့ရတဲ့ငှက်ဖျားကို ဘာမှမဟုတ်တော့ဘူးဆိုတဲ့ စိတ်မျိုးကိုရောက်သွားတယ်”လို့ သူ့အတွေ့အကြုံကိုပြန်ပြောပြပါတယ်။

တောင်ယာတွေထဲမှာနေကြရပြီး ရာသီဥတုဒဏ်၊ စားစရာမရှိ၊ နေစရာမရှိတဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်းနဲ့ ကျော်ဖြတ်ခဲ့ကြရပါတယ်။

သင်တန်းစဖို့အတွက် ကိုယ်တိုင်ဝါးခုတ်၊ ကိုယ့်မြေကိုယ်ရှင်း ၊ အမိုးအကာအတွက် နှီးဖျာ ဓနိယက်စတဲ့ သုညအခြေအနေက နေစခဲ့ကြတယ်လို့ သင်တန်းတက်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ ဒေါ်နွယ်ရီက ပြန်ပြောင်းပြောပြပါတယ်။

ငှက်ဖျားဒဏ်တွေအပြင် အာဟာရဓာတ်မပြည့်လို့ဝဲတွေပေါက်တာ၊ ကိုယ်တွေဖောလာတာတွေ၊ ဆေးအလုံအလောက် မရှိတာ စတဲ့အခက်အခဲတွေလည်းရှိခဲ့ပါတယ်။

“ဆောင်းတွင်းဒေါနတောင်တန်းရဲ့ အအေးဒဏ်ကိုခံရတယ်။တစ်ယောက်ကိုခြုံစောင်တစ်ထည်ပဲရတော့ အိပ်ရင်ခြေထောက်ကို လုံခြည်တစ်ထည်ပတ်အိပ်ရတယ်လေ”လို့ ဒေါ်နွယ်ရီက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

သင်တန်းမှာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူ လေ့ကျင့်ရေး၊ ချက်ရေးပြုတ်ရေးတွေကို တပ်ခွဲအလိုက် တာဝန်ယူကြရပါတယ်။

“လူငယ်ဆိုတော့ အတွေ့အကြုံသစ်ရဲဘော်သစ်တွေနဲ့ပျော်နေတာပဲလေ။ ထိကပါး ရိကပါးတောင် အပြောမခံခဲ့ရပါဘူး။ အချင်းချင်းလည်းဖေးမကြတယ်။စောင့်ရှောက်ကြတယ်” လို့ဒေါ်နွယ်ရီကဆိုပါတယ်။

နေ့စဉ် မနက်တိုင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလုပ်ရပြီး အခြေခံသင်တန်းတွေကို စာတွေ့လက်တွေ့ သင်ကြားကြရပါတယ်။

“ မိန်းကလေးဖြစ်တဲ့အတွက် ပြေးတာတို့ တွားတက်တာတို့လောက်ပဲ အခက်အခဲရှိတယ်။ ဒီလောက်ပါပဲ။ ဒါပေမယ့်စိတ်ကဆောင်နေတော့ ရအောင်လိုက်လုပ်ခဲ့တယ်” လို့ဒေါ်နွယ်ရီက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

ဒေါ်နွယ်ရီအတွက်တော့ အိမ်နဲ့အဆက်အသွယ်မရတဲ့အတွက် အိမ်ကိုအစစ်အဆေးရှိလားစသဖြင့် အိမ်ကိုတွေးမိတဲ့ အချိန်တွေကတော့ စိတ်ဓာတ်ကျပြီးစိတ်အားငယ်ရတဲ့အချိန်တွေပဲဖြစ်ပါတယ်။

တောထဲမှာ အခက်အခဲ၊ စိတ်ဓာတ်ကျမှုတွေ မျိုးစုံနဲ့ရင်ဆိုင်နေရပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ရော ကြံ့ကြံ့ခံနိုင်ခဲ့တာကတော့ အာဏာရှင်ကိုပြန်တိုက်မယ်ဆိုတဲ့ စိတ်တစ်ခုထဲကြောင့်ပဲ ဖြစ်တယ်လို့ ဒေါ်နွယ်ရီကဆိုပါတယ်။

“စစ်အစိုးရကို အနိုင်နဲ့ပိုင်းချင်တယ်။ ပြန်ပြီးတိုက်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို အမြဲတမ်းမွေးလာခဲ့တဲ့အတွက် တခြားအခက်အခဲတွေကိုကျော်ဖြတ်လာနိုင်ခဲ့တယ်”လို့ဒေါ်အတာလင်းကဆိုပါတယ်။

အခု နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင်ကိုဖြုတ်ချဖို့အတွက် လက်နက်ကိုင်တော်လှန်ဖို့ တော်လှန်ရေးနယ်မြေကိုသွားပြီး စစ်သင်တန်းတက်ချင်တဲ့ အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးဂရုစိုက်ဖို့၊ သက်လုံကောင်းအောင်လုပ်ထားဖို့နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ထားဖို့ လိုတယ်လို့ အတွေ့အကြုံရှိသူတွေက အကြံပြုပါတယ်။

“အခက်အခဲတွေကတော့ နေရာတိုင်းမှာရှိတယ်။ အခက်အခဲကိုကျော်ဖြတ်နိုင်ဖို့က စိတ်ဓာတ်ပဲ။ လုပ်ချင်တဲ့ စိတ်ဓာတ်နဲ့ပဲကျော်ဖြတ်နိုင်မယ်”လို့ ဒေါ်အတာလင်းတယောက် မျက်လုံးထဲက အားမာန် အပြည့်နဲ့ စကားတွေသွန်ချလိုက်ပါတော့တယ်။

“စစ်သင်တန်းပြီးရုံ သေနတ်မောင်းဖြုတ်တတ်ရုံနဲ့စစ်တိုက်လို့မရဘူး ။ စစ်တိုက်တာခက်တယ်။ စစ်ပွဲနိုင်ဖို့ဆိုတာ နှလုံးရည် လက်ရုံးရည် ဗျူဟာကြွယ်ဝမှာ စစ်တိုက်လို့ရတယ်။ ကိုယ့်ရဲ့အဖွဲ့တွေညီညွတ်မှ စစ်တိုက်တာအောင်မြင်တယ်ဆိုတာသိလာရတယ်။ သေနတ်ပစ်တတ်တာနဲ့စစ်တိုက်လို့မရဘူးဆိုတာ အရမ်းသိစေချင်တယ်”လို့ဒေါ်အတာလင်းက မျိုးဆက်သစ်တွေကို သတင်းစကားပါးပါတော့တယ်။

Related Articles