Home ဓါတ်ပုံ အက်ဆေး ကမ္ဘာ့အပူချိန်မြှင့်တက်နေမှုကို လျော့ချနေတဲ့ ရခိုင်ကအမျိုးသမီးတွေ

ကမ္ဘာ့အပူချိန်မြှင့်တက်နေမှုကို လျော့ချနေတဲ့ ရခိုင်ကအမျိုးသမီးတွေ

သန့်ရှင်းထွန်း။ ။

Photo – သန့်ရှင်းထွန်း

ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာ့အပူချိန်မြှင့်တက်နေမှုကို လျော့ချနိုင်ဖို့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကအမျိုးသမီးတွေ ကိုယ်ထူကိုယ်ထ ကြိုးစားနေကြပါတယ်။

အဲဒီအမျိုးသမီးတွေဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ်က မြစ်ချောင်းတွေနဲ့ ပင်လယ်ကမ်းစပ်တွေမှာ ဒီရေတောစိုက်ပျိုးတဲ့အလုပ်ကို လုပ်ကိုင်နေကြတာဖြစ်ပြီးတော့ သင်္ကြန်ကာလမှာတောင် ဒီရေတောစိုက်ပျိုးတဲ့အလုပ်ကို မရပ်နားဘဲ စိုက်ပျိုးနေခဲ့ကြတယ်လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“နေ့တိုင်းချောင်းကိုဆင်းပြီး ဒီရေတောစိုက်တယ်။ ကျမတို့သဘာဝပတ်ဝန်းကျင်အတွက် ကျမတို့ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ကြောင့်ပါ။”လို့ ဒီရေတောစိုက်ပျိုးဖြစ်ခဲ့ပုံကို အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ဒီရေတောစိုက်ပျိုးတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ အမျိုးသမီးဦးရေ ငါးဆယ်ကျော်ရှိပြီး သက်ငယ်ပိုင်းနဲ့ လူကြီးပိုင်းတွေလည်း ပါဝင်ကြတယ်လို့ ဒီရေတောစိုက်ပျိုးရေးအလုပ်ကို ဦးဆောင်လုပ်ကိုင်နေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီရေတောစိုက်ပျိုးတာနဲ့ ထိန်းသိမ်းတာကို အမ်းမြို့နယ်က ဒေသခံတွေက တစိုက်မတ်မတ်ဆောင်ရွက်နေကြတာတွေ့ရပြီး အမျိုးသမီးတွေ ပူးပေါင်းပါဝင်နေတာက အားရစရာကောင်းတယ်လို့ စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မနက်အစောထပြီး ထမင်းချက်တယ်။ ကျက်ထားတဲ့ ထမင်းကို ချိုင့်မှာထည့်ပြီး ဒီရေတောစိုက်ဖို့သွားတယ်။ ကျမတို့ကမ္ဘာကြီးကျန်းမာဖို့ ကျမတို့နိုင်သလောက်လုပ်ရမှာပဲ”လို့ ဒီရေတောစိုက်ပျိုးတဲ့အလုပ်ကို နှစ်နှစ်ကျော်ထိ လုပ်နေခဲ့သူ မဆန်းလှိုင် ကပြောပါတယ်။

ရခိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လွန်ခဲ့တဲ့၂၉ နှစ်က ရှိခဲ့တဲ့ စံချိန်တင် အမြင့်ဆုံး အပူချိန် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်၃၀ ရက်မှာတော့ ၃၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်သစ်ချိုးတဲ့အထိ ပူပြင်းခဲ့ပါတယ်။

Author:

Related Articles