မြတ်စုမွန်။ ။
မေလ ၉ရက်နေ့က အမေများနေတဲ့။ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ထားတဲ့နေ့မှာ လူတွေဟာ မိခင်တွေရဲ့ ဂုဏ်ကျေးဇူးတွေကို အမှတ်ရကြတယ်။ အမေ့ရဲ့ကောင်းကွက်ကလေးတွေကို ထုတ်ဖော် ချီးကျူးဂုဏ်ပြုကြတယ်။
ကျမကတော့ ကိုယ်ကိုယ်တိုင်အပါအဝင် ရှေးရိုးစွဲအမြင်တွေကြားက အမေတွေအကြောင်း တွေးမိတယ်။ ရှေးရိုးစွဲအမြင် တွေကြားမှာ နေထိုင်ရတဲ့ မိခင်တယောက်ရဲ့အဖြစ်က တကယ်ကို စိတ်ပျက်စရာပါပဲ။
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားပြီး သွေးနုနုကာလတလျှောက်မှာ အိမ်ကအမေအရင်း အပါအဝင် အမျိုးထဲက အဒေါ် တွေရယ်၊ ပတ်ဝန်းကျင်က အဒေါ်ကြီးတွေရယ်က တော်တော်စိတ်ဒုက္ခ ပေးခဲ့ဖူးပါတယ်။
ကျမကိုယ်တိုင် ကိုယ်ဝန်ဆောင်တဲ့ ကာလတလျှောက်မှာ အသက် ၃၀ကျော်ကွာဟတဲ့ ကျမအမေနဲ့ ကျမကြားက စိတ်က သိကအောက် ဖြစ်စရာ ရှေးရိုးအယူအဆဟောင်းတွေအကြောင်းကို အမြဲတမ်းအမှတ်ရနေမိတယ်။ အဲဒီအထဲကမှ ကျမကို စိတ်ပိုင်းဆိုင်ရာအရ ဒုက္ခအပေးခဲ့ဆုံး အဖြစ်အပျက်တခုရှိခဲ့ဖူးတယ်။
၆လဝန်းကျင် ကိုယ်ဝန်လွယ်ထားရတဲ့ ကျမနဲ့ ကျမအမေတို့ အလှူတခုကို အတူတူသွားခဲ့ကြတယ်။ အလှူမှာ တရားနာ ကြတော့ သံဃာတွေက ပရိတ်ရွတ်ကြတယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ဆောင်ထားရတဲ့ကျမက ဘုန်းကံနိမ့်နေတဲ့အချိန် ဖြစ် လို့ ပရိတ်မနာကောင်းဘူး၊ ကလေးပျက်ကျတတ်တယ်ဆိုပြီး ဘုန်းကြီးကျောင်းပေါ်ကနေ ချက်ချင်းဆင်းပေးခဲ့ရတယ်။ အဲဒီ အချိန်မှာ ကျမကို ဝိုင်းကြည့်နေတဲ့လူတွေ၊ ကျမကို ဘုန်းကြီးကျောင်းပေါ်က ဆင်းခိုင်းခဲ့တဲ့ ကျမသူငယ်ချင်းတွေ၊ အဲဒီ အယူအဆကို ပြောပြခဲ့တဲ့ ကျမအမေရယ်တို့ကို ခုလေးတင်ဖြစ်ပျက်ခဲ့သလို အမှတ်ရနေတုန်းပဲ။ စိတ်ထဲမှာ ခုနေတုန်းပဲ။
အဲဒီနေ့က ကျမအမေကို စကားကောင်းကောင်းမပြောဖြစ်ဘူး။ ဒါပေမယ့် ကျမစိတ်ဆိုးသွားတယ်ဆိုတာ သူသိခဲ့တယ်။ သူစိတ်မကောင်းဖြစ်သွားတာလည်း ကျမသိတယ်။ အဲဒီအယူအဆဟာ ကျမအမေဖန်တီးလိုက်တဲ့ အယူအဆအသစ်တခု မဟုတ်ပါဘူး။ သူ့ဘဝတလျှောက်မှာ “လူကြီးသူမတွေက ဒီလိုပြောခဲ့ကြတာပဲ၊ ရှေးထုံးဆိုတာ မပါယ်ကောင်းဘူး”ဆိုတဲ့ စကားတလုံးနဲ့ နေထိုင်ကြီးပြင်းခဲ့တယ်။ သူ ကျမကိုကိုယ်ဝန်လွယ်ထားတုန်းအချိန်မှာရော၊ ကျမရဲ့မိခင်ဖြစ်နေတဲ့ ကာလ တလျှောက်လုံးမှာရောပေါ့။
“ ကိုယ်ဝန်ဆောင်နေတုန်း ရွှေဖရုံသီးမစားနဲ့၊ ၇ နှစ်က ရောဂါ ပြန်ပေါ်တတ်တယ်” ၊ “ကလေးကို မှန်မပြကောင်းဘူး၊ စကား အတတ်တယ်” ၊ “မွေးဆံပင်မထားကောင်းဘူး၊ ကလေးဘုန်းနိမ့်တတ်တယ်” စတဲ့ အယူအဆတွေကို ကျမအမေဆီက မကြာခဏ ကြားရလေ့ရှိတယ်။ ကြားရတိုင်းမှာ ကျမတို့သားအမိ ကတောက်ကဆဖြစ်ရတယ်။ ကျမကို သူ့လို ရှေးရိုးစွဲ အမေတယောက်ဖြစ်အောင် လုပ်နေသလားဆိုတဲ့ အတွေးနဲ့ သည်းမခံနိုင်ဖြစ်ရတဲ့ရက်တွေ များခဲ့တယ်။
“သွေးနုနုမှာ ကြက်ဥ၊ ဘဲဥစားရင် နူတတ်တယ်” ၊ “ကန်စွမ်းဥစားရင် မျက်နှာမှာ အကွက်တွေပေါ်တတ်တယ်” ၊ “မအေက အသီးအရွက်တွေစားလို့ ကလေးကဝမ်းစိမ်းစိမ်းတွေသွားတာ” စတဲ့ စကားလုံးတွေကို အမျိုးထဲက ကလေးအမေ အဒေါ် တွေနဲ့ ပတ်ဝန်းကျင်က အဒေါ်ကြီးတွေဆီကနေ ကြားရလေ့ရှိတယ်။
ညဘက်ကလေးငိုရင် အပမှီတာ၊ သွားရည်ကျရင် ကလေးသူငယ်နာ စသဖြင့် နာမည်အမျိုးမျိုးတပ်ပြီး နည်းလမ်းမျိူးစုံနဲ့ ကုဖို့ စဉ်းစားကြတယ်။ သွားရည်ကျတဲ့ ကလေးကို သူ့ကျင်ငတ်စိုနေတဲ့အဝတ်နဲ့ ပါးစပ်သုတ်ဖို့ ကလေးမိခင်ကို သင်ပေးကြ တယ်။ မိခင်နို့တမျိုးတည်းတိုက်ရဦးမယ့် နုနုနယ်နယ်ကလေးအရွယ်လေးကို ထမင်းဝါးခွံ့ဖို့ သင်ပေးကြတယ်။
ကလေး လေးယောက်မွေးထားတဲ့ ကျမရဲ့ ဝမ်းကွဲအဒေါ်တယောက်ဟာ ကလေးတွေ သူငယ်နာကင်းစင်ဖို့ရည်ရွယ်ချက်နဲ့ အိမ်မြှောင်ကို မီးဖုတ်ပြီး သူ့ရဲ့နို့စို့အရွယ်ကလေးတွေကို ကျွေးခဲ့ဖူးတယ်။
“ အိမ်နံရံကနေ ဇောက်ထိုးဆင်းနေတဲ့ အိမ်မြှောင်ကိုဖမ်း၊ ဗိုက်ခွဲ၊ ရှိန်းခို၊ စမုံနက်စေ့ကို အစာသွပ်ပြီး မီးဖုတ်ကျွေးရင် သူငယ်နာကင်းတယ်လို့ လူကြီးတွေကပြောလို့ ကျွေးခဲ့တာ”လို့ အဲဒီအဒေါ်က ပြောပြတယ်။
လသားနုနု ကလေးမိခင်ဖြစ်တဲ့ ကျမကိုလည်း ဒီလိုနည်းတွေကို ပြောပြပါတယ်။ ကလေးကို စပါးကြီးမြွေရဲ့သည်းခြေကို အရည်ဖျော်ပြီး တိုက်ထားရင် ကလေးကျန်းမာတယ်ဆိုတဲ့ အယူအဆတွေအပါအဝင် သူတို့အဘွားတွေ၊ မိခင်တွေ ခေတ် အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ နည်းတွေကို သွန်သင်ပြပါတယ်။
ဒါဟာ ဘာကိုပြသနေသလဲဆိုရင် ဘယ်သူက တီထွင်လိုက်မှန်းမသိတဲ့၊ ဘာသုတေသနရလာဒ်မှမရှိတဲ့ အယူအဆတွေကို ကျမတို့ ပတ်ဝန်းကျင်က အမျိုးသမီးတွေ လက်ခံကျင့်သုံးနေတယ် ဆိုတာကို ပြသနေတာပါပဲ။ ကိုယ်တိုင်လည်း လက်ခံ ကျင့်သုံးသလို နောက်ထပ် အဲဒီလို မိခင်မျိုးတွေဖြစ်လာစေဖို့ တွန်းအားပေးနေတယ်ဆိုတာကို ပြတာပါပဲ။
ဒါတွေဟာ ကျမတို့ပတ်ဝန်းကျင်က မိခင်တွေကြားထဲက ကလေးအတွက် အကျိုးမရှိ၊ အန္တရာယ်လည်းများတဲ့ ရှေးရိုး အယူ အဆတွေပဲဆိုတာ တဖြည်းဖြည်းနဲ့ နားလည်လာတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေရဲ့ အာဟာရနဲ့ ကျန်းမာ ရေးအတွက် အကျိုးမရှိစေတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာစေတယ်ဆိုတာ သဘောပေါက်လာတယ်။
အဲဒီလိုအယူအဆဟောင်းတွေနဲ့ ရှေးရိုးစွဲအမြင်တွေကြားမှာ ကျမတို့တွေ မွေးဖွားကြီးပြင်းလာခဲ့ရတယ်။ မြန်မာ့လူ့အဖွဲ့ အစည်းထဲမှာ အရိုးစွဲနေတဲ့ အတွေးအမြင်တွေဟာ မိခင်တွေကြားမှာ ပြန့်နှံ့စိမ့်ဝင်နေတာကို မြို့ပြမှာထက် နယ်နဲ့ ကျေးလက်တွေမှာ ထင်ထင်ရှားရှား တွေ့မြင်ရတယ်။ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန် မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တချို့အယူအဆဟောင်းတွေဟာ မျိုးဆက်နဲ့ချီပြီး ဖြုတ်ထုတ်သတ်လုပ်ဖို့ လိုအပ်နေ တယ်ဆိုတာ နယ်မြို့လေးတမြို့မှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖူးတော့မှ ပိုသိလာတယ်။
ကျမ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ စတင်ပြီး ကြားရတာတွေက “ကိုယ်ဝန်ဆောင်ဧည့်သည်တယောက် ညအိပ်ညနေ လာရင်အဲဒီအိမ် လာဘ်တိတ်တတ်တယ်” ၊ “ကိုယ်ဝန်ဆောင်ဆိုတာ ဘုန်းနိမ့်တယ်”၊ “စိုက်ခင်းထဲက သစ်သီးဝလံကို ကိုယ်ဝန်ဆောင်တယောက်က ခူးတယ်ဆိုရင် အဲဒီစိုက်ခင်း ပိုးကျပြီး ပျက်စီးတတ်တယ်”ဆိုတာမျိုးတွေပါပဲ။
ကျမ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ “ကိုယ်ဝန်ဆောင်နေချိန်ဆိုတာ ဘုန်းနိမ့်နေတဲ့အချိန်” ၊ “ကိုယ်ဝန်ဆောင်ချိန်မှာ ခွေးထီးပေါ်ကတောင် ကျော်မသွားကောင်းဘူး” စသဖြင့် ပြောဆိုခဲ့ကြပေမယ့် ကျမဗိုက်ထဲကကလေးဟာ သားယောက်ျား လေးဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ကျမဟာ နေ့ချင်းညချင်း ဘုန်းကံမြင့်သူ ဖြစ်သွားရပြန်ပါတယ်။
အဲဒီတုန်းက ကျမအမေထက် အသက်ကြီးတဲ့ အဘွားတယောက်ဟာ ကျမတို့အိမ်ကို လာလည်ခဲ့တယ်။ ကျမဗိုက်ထဲက ကလေးဟာ သားယောက်ျားလေးဆိုတာ သိသွားတော့ ကျမနဲ့ ထိုင်ခုံတတန်းတည်းမထိုင်တော့ဘဲ အောက်ကို ဆင်းထိုင် တယ်။ ကျမက ဘုန်းကံမြင့်တယ်တဲ့လေ။ တကယ်က ကျမက ဘုန်းကံမြင့်တာမဟုတ်။ ဗိုက်ထဲက သားယောက်ျားလေးက ဘုန်းကံမြင့်တယ်လို့ ယူဆတာ။ တကယ်လို့များ ကျမဟာ သမီးမိန်းကလေးကိုသာ ကိုယ်ဝန်လွယ်ထားရမယ်ဆိုရင် ဘုန်းကံက ၂ဆ နိမ့်ရဦးမယ့် သဘောပါပဲ။
အဲဒီလိုအယူအဆတွေရဲ့ နောက်ဆက်တွဲအဖြစ် လူ့အဖွဲ့အစည်းထဲမှာ ကျား၊မ ဖြစ်တည်မှုအပေါ် ခွဲခြားနှိမ်ချခြင်းတွေ ဖြစ်လာတယ်။ အမျိုးသမီးတွေဟာ ခွဲခြားနှိမ်ချစရာ၊ လှောင်ပြောင်အပြစ်တင်စရာ၊ စော်ကားမော်ကားပြုစရာ အဖြစ် အမြစ် တွယ်လာစေတယ်။
မိခင်ဘဝက မြင့်မြတ်တယ်၊ မြတ်သောမိခင် စသဖြင့် စကားလုံးလှလှတွေ သုံးစွဲနေကြပေမယ့် တကယ့်လက်တွေ့ဘဝ မှာတော့ မိခင်တွေဖြစ်တဲ့ အမျိုးသမီးတွေဟာ ယုတ္တိမရှိတဲ့ အယူအဆဟောင်းတွေနဲ့ ချိုးဖဲ့စော်ကားခံနေကြရတာပါပဲ။ “ပုခက်လွှဲတဲ့လက်က ကမ္ဘာကို စိုးမိုးနိုင်တယ်”လို့ မြှောက်ပင့်သလို ပြောဆိုကြပေမယ့် တကယ်တမ်းကျတော့ လွဲမှား နေတဲ့ အယူအဆတွေနဲ့ ရှေးရိုးစွဲအမြင်တွေဟာ မိခင်လောင်းတွေနဲ့ မိခင်တွေကို အနှောက်အယှက်ပြုနေတာပါပဲ။ လူ့အဖွဲ့ အစည်းဟာ ဒီလိုနည်းတွေနဲ့ ရှေးရိုးစွဲမိခင်တွေကို မွေးထုတ်ပေးနေတာပါပဲ။
ပိုပြီးခေတ်မီလာတယ်၊ ပညာပိုတတ်လာတယ်၊ သတင်းအချက်အလက်နဲ့ အသိပညာဗဟုသုတရရှိနိုင်စွမ်းတွေ တိုးတက် လာတယ်ဆိုတဲ့ ဒီနေ့ခေတ်မှာ အယူအဆဟောင်းတွေထဲက ရုန်းထွက်ရဲတဲ့ မိခင်တွေနဲ့ ရှေးရိုးစွဲ လူကြီးတွေကြားမှာ တချို့ ရှေးထုံးတွေဟာ ပြဿနာအကြီးကြီးတခု ဖြစ်နေပါတယ်။
ကိုယ်တိုင်မိခင်ဖြစ်မှ အမေ့မေတ္တာကို ပိုနားလည်မယ်လို့ လူတွေပြောကြတဲ့အတိုင်းပဲ ကိုယ်တိုင်မိခင်တယောက် ဖြစ်လာ ချိန်မှာ မိခင်တယောက်ရဲ့ ခက်ခဲပင်ပန်းမှုတွေကို ကိုယ်တိုင်နားလည်ခံစား တတ်လာတယ်။ ကိုယ့်အမေတုန်းလည်း ဒီလိုခံ စားရရှာမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်တွေ အလျှင်မပြတ်ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမယ့် သူလက်ခံကျင့်သုံးနေတဲ့ ရှေးရိုးအယူ တွေက ကျမတို့သားအမိကြားမှာ စိတ်ကသိကအောက်ဖြစ်စရာတွေချည်းပါပဲ။
သားသမီးပြုစုပျိုးထောင်ရေးဆိုတာ အနာဂတ်အသစ်တခုကို ဖန်တီးခြင်းသာဖြစ်တယ်ဆိုရင် ကျမတို့ဟာ ဒီလို ရှေးထုံးတွေ အတိုင်း နောက်မျိုးဆက်ကို ပြုစုပျိုးထောင်နေလို့ မရတော့ဘူးဆိုတာ သေချာပါတယ်။ မျိုးဆက်နဲ့ချီ မှားယွင်းနေတဲ့ အတွေးအခေါ်အယူအဆတွေကို ပြုပြင်ပြောင်းလဲလိုတဲ့ ခေတ်အမြင်ရှိတဲ့ မိခင်တွေ၊ ရှေးရိုးစွဲ အမြင်အယူအဆတွေ ကြားကနေ ရုန်းထွက်ရဲ၊ ရုန်းထွက်ရမယ့်လမ်းကိုမြင်တဲ့ မိခင်တွေအများကြီးရှိဖို့လိုအပ်တယ်။ ကိုယ့်ရဲ့ ရှေ့မျိုးဆက် မိခင် တွေက အဲလိုလူတွေ ဖြစ်နေရင်တောင် ကိုယ့်လက်ထက်နဲ့ နောက်မျိုးဆက်ထိ ဆက်ပြီး သယ်ဆောင်မသွားဖို့ လိုအပ်တယ် လို့တွေးမိတယ်။
ကျမတို့ခေတ်မှာ ပါယ်သင့်တဲ့ရှေးထုံးတွေကို အမြစ်ပြတ်အောင် အတူတကွ ကြိုးစားပြီး တော်လှန်ကြဖို့ အမေများနေ့မှာ ဘဝတူ မိခင်တွေကို အားပေးလိုက်ပါရစေ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021