Home ဆောင်းပါး မြို့ပြစစ်ဘေးအတွက် ရတက်မအေးကြရသူတွေ

မြို့ပြစစ်ဘေးအတွက် ရတက်မအေးကြရသူတွေ

Honest information (HI)

လူမှုကွန်ရက်အသုံးပြုတိုင်း “မကြာခင်တိုက်ပွဲတွေလာတော့မည်” “D-Dayအတွက်ပြင်ဆင်ထားပါ” ဆိုတဲ့သတင်းတွေ ဖတ်မိတိုင်း ကလေးနှစ်ယောက်မိခင် မသက်သက်လင်းမှာ စိတ်လှုပ်ရှားရသလို၊ စိတ်ပူပန်ရတယ်။

စိတ်လှုပ်ရှားရတာက စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုင်းပြည်မငြိမ်မသက်နဲ့ ပြည်သူတွေမှာ ဒုက္ခပေါင်းစုံ ကြုံတွေ့ရ တဲ့ အခြေအနေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီကို ပြန်တော်လှန်မဲ့အချိန်အတွက် စိတ်လှုပ်ရှားရသလို၊ စိတ်ပူ ပန်ရတာက အသက် ၃၀ ကျော်အထိ ရန်ကုန်မှာနေ ရန်ကုန်မှာ ကြီးပြင်းလာတဲ့ သူ့အတွက် စစ်ပွဲဆိုတာ မကြုံဘူးတော့ ကိုယ့်နေရပ်မှာ တိုက်ပွဲဖြစ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာပါ။

တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေလာမဲ့ တိုက်ပွဲတွေအတွက် လက်လှမ်းမီရာ ရိက္ခာနဲ့ဆေးဝါးတွေ ပြင်ဆင်ထားပေမယ့် ၊ တကယ် စစ်ပွဲဖြစ်ပွားချိန်မှာ သက်ကြီးရွယ်အို မိဘနှစ်ပါးရယ် အရွယ်မရောက်သေးတဲ့ကလေးနှစ်ဦးရယ်နဲ့ သူတို့ဇနီး မောင်နှံ ဘယ်ကိုပြေးလွှားပုန်းရှောင်ရမလဲ။ ပစ်သံခတ်သံတွေကြား ဘယ်လိုနေထိုင် ဖြတ်သန်းရမလဲဆိုတာ စဉ်းစားမိတိုင်း ရင်မောရတယ်။

ဘယ်နေ့ကြုံလာမလဲမသိတဲ့ တိုက်ပွဲတွေကို မြို့ပြနေပြည်သူတွေအဖို့ မဖြစ်သေးတဲ့ အခြေအနေမှာတောင် တွေးပူရချိန် နှစ်ပေါင်းများစွာ စစ်ဘေးဒုက္ခရင်ဆိုင်ရပြီး အိုးအိမ်စွန့်ထွက်ပြေး ပုန်းရှောင်းနေရတဲ့ တိုင်းရင်းသားဒေသကပြည်သူတွေကို ခုချိန်မှာကိုယ်ချင်းစာမိလာတယ်လို့ မသက်သက်လင်းက ပြောတယ်။

” တိုက်ပွဲတွေက ဖြစ်လာမှာပဲဆိုပြီး စားစရာတွေ အရေးကြီး ပစ္စည်းပစ္စယတွေ ပြင်ဆင်ထားပေမယ့်၊ ဘယ်လိုနည်းလမ်းနဲ့ ရောက်လာမှာလဲ ကိုယ်တွေကရောဘယ်လို နေထိုင်ရမလဲ၊ ပြင်ဆင်ထားတဲ့ဟာတွေကရော တကယ်ကြုံလာရင် အသုံးဝင် မလားဆိုတာမသိဘူး”လို့ မသက်သက်လင်းကပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေက အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြလှုပ်ရှားမှုမျိုးစုံနဲ့ ဆန့်ကျင်ခဲ့သလို၊ လက်ရှိမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်တွေကို လက်နက်ကိုင်တော်လှန်ဖို့ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားနက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသအလိုက်ကာကွယ်ရေးတပ်ဖွဲ့တွေက ပြင်ဆင်လာကြတယ်။

စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရင်ဆိုင်တွေ့လာတဲ့အခါ ပြည်သူတွေလည်း အနည်းနဲ့အများတော့ သက်ရောက် မှု ရှိမှာဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမဲ့အခြေအနေကို တောရော မြို့ပြနေပြည်သူတွေပါ တွက်ဆပြီး ကြိုတင် ပြင်ဆင် ထားသင့်တယ်လို့ စစ်ဘေးရှောင်သူတွေက ပြောပါတယ်။

မြို့ပြနေသူတွေအဖို့ တိုက်ပွဲဖြစ်လို့ တိမ်းရှောင်ရတယ်ဆိုတာ နည်းနည်းစိမ်းနေပေမဲ့ တိုင်းရင်းသားနယ်မြေတွေက ဒေသခံ တွေမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရတာ မထူးဆန်းတော့တဲ့ အခြေအနေပါ။

တိုင်းရင်းသားဒေသတွေက ပြည်သူတွေမှာ ကိုယ့်ရပ်ရွာမှာစစ်ပွဲဖြစ်လို့ ထွက်ပြေးတိမ်းရှောင်လိုက် တိုက်ပွဲတွေရပ်လို့ နေရပ် ပြန်လာလိုက် တဖန်ထိုးစစ်ဆင် ပစ်ခတ်လို့ ပြန်ထွက်ပြေးလိုက်နဲ့ စစ်ဘေးဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပါပြီ။

တိုင်းရင်းသားဒေသအချို့က ပြည်သူတွေက စစ်ပွဲတွေကြား ရှင်သန်လာခဲ့တော့ အန္တရာယ်ကြားကနေ ဘေးလွတ်ရာ တိမ်း ရှောင်နိုင်တဲ့အလေ့အကျင့်ရှိခဲ့ပြီး တိုက်ပွဲတွေနဲ့ မရင်းနှီးတဲ့ မြို့ပြက ပြည်သူတွေကတော့ စစ်ပွဲတွေကြား ပိုခက်ခဲမှာ ဖြစ်တဲ့ အတွက် စိတ်ပိုင်းရော ရိက္ခာပိုင်းမှာ ပြင်ဆင်သင့်တယ်လို့ စစ်ဘေးသင့်ဒေသတွေက ပြည်သူတွေက အကြံပြုတယ်။

” တိုင်းရင်းသားနယ်မြေတွေက စစ်ပြေးဖူးတဲ့အတွေ့အကြုံတွေရှိတော့ ကျင့်သားရနေတာရှိမယ်၊ ပြေးစရာတောတောင်တွေ လည်းရှိတယ်၊ စစ်ပွဲနဲ့အလှမ်းဝေးတဲ့ ကျွန်မတို့ ချင်းမှာတောင် တောတွေတောင်တွေရှိနေသေးတော့ အန္တရာယ်နဲ့ရင်ဆိုင် ရပေမယ့် ဘာပဲဖြစ်ဖြစ်ပြေးလွှားပုန်းအောင်းလို့ရသေးတယ်”လို့ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်က စစ်ဘေးရှောင်တစ်ဦး ဖြစ်တဲ့ မရီရီ (အမည်လွှဲ)က ပြောပါတယ်။

မရီရီတို့နေထိုင်ရာ မင်းတပ်မြို့မှာ အာဏာသိမ်းပြီးနောက် နေ့စဉ်ဆန္ဒပြ ဖြိုခွင်းတာတွေ အကြမ်းဖက်ဖမ်းဆီးတာ တွေရှိခဲ့ ပေမယ့် ဒီလိုမျိုးတိုက်ပွဲတွေဖြစ်မယ်ဆိုတာ မတွေးခဲ့မိပါဘူး။

ဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းခဲ့တာကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်မှုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ရော ကျေးလက်တောရွာတွေပါမကျန် ထိုးစစ်ဆင်လာ တဲ့အခါ မြို့ပေါ်နေသူရော ကျေးရွာအချို့က ပြည်သူတွေပါ ဘေးလွတ်ရာရှောင်တိမ်းရပါတော့တယ်။

မရီရီ ကိုယ်တိုင်လည်း စားစရာတွေ၊ အရေးတကြီး စာရွက်စာတမ်းတွေနဲ့ တန်းဖိုးရှိပစ္စည်းတွေ ဘာတခုမှ မယူဆောင်နိုင်ဘဲ ဘေးလွတ်အောင် ပြေးလွှားတိမ်းရှောင်ခဲ့ရပါတယ်။

” ကျွန်မတို့လင်မယားနှစ်ယောက်လုံးဘာမှမယူနိုင်ဘူး၊ ကိုယ့်ခန္ဓာကိုယ်တစ်ခုတည်းနဲ့ ပြေးရတယ်။ မှတ်ပုံတင်တောင်မယူ နိုင်ဘူး။ ရုတ်ချည်းဖြစ်တဲ့အချိန် မြို့ကိုထားပြီးတော့ ဒီလောက်အဆင့်ထိပြေးရမယ်လို့ ဘယ်သူမှလည်း မတွေးထားဘူး လေ” လို့ မရီရီကပြောပါတယ်။

ဘေးကင်းနိုင်မယ်လို့ထင်တဲ့ နေရာရောက်ဖို့ လမ်းခရီးတစ်လျှောက်မှာ ဆွေမျိုးမိတ်ဆွေတွေနဲ့ ချိတ်ဆက်လို့ စားစရာ သောက်စရာတွေယူပြီး စားသောက်ရတယ်။ တချို့စစ်ဘေးရှောင်တွေဆို တောတောင်တွေထဲ ပုန်းအောင်းပြီး ပါလာတဲ့ ရိက္ခာလေးနဲ့ မျှဝေစားသောက်ရတာတွေလည်းရှိပါတယ်။

ယာယီခိုလှုံနိုင်တဲ့ တောင်ပေါ်ကျေးရွာတွေဆီရောက်တော့လည်း ဒေသခံတွေစုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေမျှေ၀ စားသောက်တာ စစ်ဘေးရှောင်တွေအတွက် အနယ်နယ်အရပ်ရပ်က ပေးပို့တဲ့ ရိက္ခာတွေနဲ့ နေထိုင်စားသောက်ရတယ် လို့ မရီရီကပြောပါတယ်။

” မြို့ပေါ်ကပြေးလာတဲ့ လူတွေက ရိက္ခာတွေ မပါလာပေမယ့် ကျေးရွာကဟာတွေကိုစားလို့ရတယ်။ငတ်ပြတ်တဲ့ အဆင့်တော့ မရောက်ဘူး။ ဒါပေမဲ့ စစ်ကောင်စီက ရွာတွေက ရိက္ခာတွေကို ဖျက်စီးသွားတာ၊ ရိက္ခာပို့တဲ့ လမ်းကြောင်းတွေကို ဖြတ် တောက်တဲ့အခါမှာ အခက်အခဲတော့ဖြစ်တယ်။” လို့ မရီရီကပြောတယ်။

ကျေးလက်တောရွာတွေနဲ့ မြို့ပေါ်နေသူတွေမတူတာက ကျေးလက်တောရွာတွေမှာက ဒေသအလိုက် ဆန်၊ဆီ၊ပဲ ၊ပြောင်းနှံ တို့ကို တစ်မိုးတစ်နွေစာ သိုလှောင်သိမ်းဆည်းထားလေ့ရှိသလို၊ ဥယျာဉ်စိုက်ခင်းတွေ တောတောင်တွေကလည်း ရှိတော့ စားနပ်ရိက္ခာအတွက် အဆင်သင့်ရှိကြပါတယ်။ မြို့ပြကလူတွေကတော့ ဒီလိုစုဆောင်းထားတဲ့သူနည်းပါးပြီး ပိုခက်ခဲ နိုင် မယ်လို့ မရီရီက ဆက်ပြောပါတယ်။

ဒါကြောင့် မြို့ပြက သူတွေအနေနဲ့လည်း ရေနဲ့ဆန်၊ဆီ၊ပဲ၊ အလွယ်တကူစားနိုင်တဲ့ အခြောက်အခြမ်းတွေကို ကြိုတင်စု ဆောင်းထားသင့်သလို၊ ဖုန်းအဆက်အသွယ်တွေ၊ ဖုန်းလိုင်းတွေ အသုံးပြုမရရင် အချင်းချင်း ဆက်သွယ်နိုင်မဲ့ နည်းလမ်း တွေပြင်ဆင်ထားသင့်တယ်လို့ မရီရီက ဆိုပါတယ်။

” အဓိကကတော့ ဆန်နဲ့ရိက္ခာခြောက်တွေပဲ၊ ပြီးတော့ မီးဖြတ် ရေဖြတ်လုပ်နိုင်တော့ ရေသန့်တွေကြိုလှောင်တာ၊ ဖယောင်းတိုင် ၊ဆိုလာတွေ ပြင်ထားတာမျိုးပေါ့လို့ “မရီရီကပြောပါတယ်။

ဒါ့အပြင် နေအိမ်ကနေ စွန့်ခွာပြေးရတဲ့ အခြေအနေမှာလည်း ရိက္ခာတွေတပိုင်တနိုင်သယ်ဆောင်ဖို့လိုသလို၊ မိသားစုတွေ တစုတစ်စည်းတည်းပြေးနိုင်အောင်စီစဉ်ထားသင့်ပြီး အကယ်၍ တကွဲတပြားစီ ဖြစ်ခဲ့ရင်လည်း ပြန်ဆုံမယ့် နေရာတစ်ခု သတ် မှတ်ပြီး မိသားစုတွေ သိရှိအောင် ကြိုတင်တိုင်ပင်ထားသင့်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးပြေးလွှားစရာ မလွယ်တဲ့အခါ ဘာသာရေးအဆောက်အဦတွေမှာ ခိုလှုံတာမျိုး လုပ်သင့်တယ်လို့ မရီရီက ပြောတယ်။

စစ်ပွဲတွေဖြစ်တဲ့အခါ သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးသူငယ်တို့က ထိခိုက်နိုင်ချေအမြင့်မားဆုံးပါ။ ဘေးလွတ်ရာ တိမ်းရှောင်တဲ့အခါ မပြေးလွှားနိုင်တာ၊ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်တဲ့အခါ ထိတ်လန့်နိုင်တာတွေကြောင့် ထိခိုက်လွယ်အုပ်စုဖြစ်တဲ့ သူတို့ကို ဦးစားပေးကာကွယ်ဖို့ ပြင်ရမယ်လို့ စစ်ဘေးရှောင်သူတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာ အမျိုး သမီးအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နော်ဆဲဆဲက ပြောပါတယ်။

ကရင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ နော်ဆဲဆဲရဲ့ ငယ်ဘဝက စစ်ဘေးရှောင်ရင်း ဖြတ်သန်းခဲ့ရတာပါ။ နေထိုင်ရာ ရပ်ရွာထဲ စစ်တပ်က ဝင်လာလိုက်၊ ရွာအနီးအနားတိုက်ပွဲဖြစ်လို့ ဘေးလွတ်ရာ ပြေးလွှားလိုက် နေရပ်ပြန်လာလိုက်နဲ့ စစ်ဘေးအန္တ ရယ်ကြားကြီးပြင်း လာခဲ့ရတာပါ။

” ကျွန်မ မှတ်မိခဲ့တာဆို လူရာနဲ့ချီပြီး အိုးတွေ၊ခွက်တွေ၊ကြက်၊ဝက်၊ခွေးတွေ သယ်နိုင်သမျှသယ်လာကြတယ်။ အဖိုးအဖွား တွေရော ကိုယ်ဝန်ဆောင်မိခင်တွေရော ကလေးတွေရော၊ ပြေးရင်းနဲ့ ကလေးမွေးတဲ့သူတွေရော တွေ့ရတယ်။ ပြေးလွှား ရင်း နေမကောင်းဖြစ်တာတွေရော “လို့ နော်ဆဲဆဲက ငယ်ဘဝ စစ်ဘေးရှောင် အတွေ့ကြုံတွေကို ပြန်ပြောပြတယ်။

Photo credit- Min Dat’s IDPs management committee

ငယ်စဉ်ကတည်းက နယ်မြေမငြိမ်မသက်မှု တိုက်ပွဲတွေကြား ဖြတ်သန်းလာခဲ့တဲ့အတွက် စစ်ပွဲဖြစ်လာခဲ့ရင် အဆင်သင့် သယ်ယူနိုင်အောင် နော်ဆဲဆဲတို့ မိသားစုတတွေ ကြိုတင်ပြင်ဆင်ထားရပါတယ်။ ငပိ၊ဆန်၊ဆားနဲ့ အခြားရိက္ခာ ခြောက်တွေကို စုဆောင်းထားရှိပြီး ပြေးလွှားရပြီဆို အရသယ်ပါတယ်။ ကလေးရှိတဲ့ မိခင်တွေဆိုလည်း ကလေးစားနိုင် လောက်တဲ့ အဟာရအစားအသောက်တွေကို ပြင်ဆင်ထားတာမျိုးလုပ်လေ့ရှိတယ်လို့ သူကပြောပြပါတယ်။

ဒါ့အပြင် နေအိမ်တိုင်းလိုလိုမှာ မြေကတုတ်ကျင်းတူးထားပြီး ရုတ်တရက် ပစ်ခတ်လာလို့ ရှောင်ချိန်မရတော့ရင် ကတုတ်ထဲ ဝင်ပုန်းအောင်းတာမျိုးလုပ်ရတယ်လို့ နော်ဆဲဆဲက ဆိုတယ်။

တိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ထားပေမယ့် ရုတ်တရက်ဖြစ်လာတဲ့ အခြေအနေမှာ ဘာမှသယ်ဆောင်ချိန် မရတော့ဘဲ ကိုယ်လွတ်ရုန်းပြေးရတာလည်းရှိပါတယ်။ ဒါပေမဲ့ စစ်ပွဲ အတွေ့အကြုံရှိလာတဲ့အခါ ဘယ်အချိန်မဆို စစ်ပွဲဖြစ်လာနိုင်တယ် ဆိုတဲ့ သတိဝီရိယထားပြီး လိုအပ်တာတွေကို ပြင်ဆင်ထားရှိတယ်လို့ဆိုတယ်။

” တခါတလေကျရင် ပြင်ဆင်ထားသော်လည်း ရုတ်တရတ် ဖြစ်လာတာမျိုးရှိတော့ဘာမှမပါဘဲ ပြေးလိုက်ရတာ မျိုးရှိ တယ်။ ” လို့နော်ဆဲဆဲကပြောပါတယ်။

စစ်ဘေးအန္တရာယ်နဲ့ မကြုံဖူးသေးတဲ့ဒေသက သူတွေကတော့ တိုင်ရင်းသားနယ်မြေတွေလိုမဟုတ်ဘဲ မြို့တည်နေရာ အနေအထားမတူသလို တစ်နေရာနဲ့တစ်နေရာ တိုက်ပွဲဖြစ်လာမဲ့ အခြေအနေမျိုးလည်း မတူတဲ့အတွက် ပိုပြီး ပြင်ဆင် သင့်တယ်လို့ နောဆဲဆဲကပြောပါတယ်။

” မြို့ပေါ်က လူတွေက သူတို့ဒီထက်မက ပြင်ဆင်ရမယ့်အပိုင်းမျိုးရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆိုရင်လည်း ပိုပြီး တော့ သတိထားရမယ်”လို့ နော်ဆဲဆဲက ပြောပါတယ်။

ဒါ့အပြင် စစ်ပွဲပဋိပက္ခတွေတိုင်းမှာ အမျိုးသမီးတွေကို လက်နက်သဖွယ်အသုံးချပစ်မှတ်ထားတာ၊ လိင်ပိုင်းဆိုင်ရာ စော် ကားတာတွေရှိတော့ ဒီအခြေအနေပေါ်တွက်ဆပြီး သတိဝီရိယနဲ့ အစစအရာရာပြင်ဆင်ထားဖို့လိုတယ်ဆို နော်ဆဲဆဲက ပြောပါတယ်။

” သတိဝီရိယနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော အစစအရာရာပြင်ဆင်ရမှာဖြစ်တယ်။” လို့နော်ဆဲဆဲက ပြောပါတယ်။

တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ ပြည်သူတွေကို ချောဆွဲတာ စစ်ဆေးရိုက်နှက်တာ၊ လမ်းပြခိုင်းတာတွေ ရှိသလို၊ အမျိုးသမီးတွေကိုလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေလည်း ကြုံတွေ့ရနိုင်တဲ့အတွက် ဒါတွေကို လည်းသတိပြုဖို့လိုမယ်လို့ ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တစ်ဦးဖြစ်သူ နမ်းမိုခမ်းကပြောပါတယ်။

” ကျွန်မတို့ ကြုံတွေ့ခဲ့တာအရ စစ်ပွဲဖြစ်ပြီဆို စစ်တပ်က ချောဆွဲတာ။ မသင်္ကာရင်ရိုက်နှက်ဖမ်းဆီးတာတွေလည်း ကြုံရ တယ် ၊ အမျိုးသမီးတွေကိုလည်း ထိကပါးလုပ်တာလည်းရှိခဲ့တယ်၊ ဒါကမြို့ပြမှာလည်း မကြုံဘူးလို့ ပြောလို့မရဘူး” လို့ နန်းမိုခမ်းက ပြောပါတယ်။

ဒါ့အပြင် ဘေးလွတ်ရာဆီ တိမ်းရှောင်ပေမဲ့ ပြေးရင်းလွှားရင်း တစ်ဖက်ရန်သူအဖွဲ့အစည်းဆီ လွဲမှားပြီး ရောက်သွားနိုင်ရင် အန္တရာယ်နဲ့ ကြုံတွေ့နိုင်တဲ့အတွက် သက်ကြီးရွယ်အို၊အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် လုံခြုံတဲ့ နေရာစီစဉ် ထား ပေးဖို့ လိုမယ်လို့ သူက ဆက်ပြောပါတယ်။

” သက်ကြီးရွယ်အိုတွေ ကလေးတွေနဲ့ဆိုလည်း ပြေးလွှားရတာဒုက္ခရောက်တယ်၊ မြေမြုပ်မိုင်းတွေလည်း ကြောက်ရတယ်။ တိမ်းရှောင်ရင်လည်း နယ်မြေသတိထားရမယ်။ သူတို့အတွက် အန္တရာယ်ကင်းအောင် ဘယ်မှာလုံခြုံမလဲဆိုတာကို ရပ်ရွာ ကလူတွေကစဉ်းစားပေးဖို့လိုမယ်။”လို့ နန်းမိုခမ်းကပြောပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်ရင်ဆိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဘက်ပေါင်းစုံကနေ ပြင်ဆင်နေပြီး နယ်မြေဒေသအချို့မှာ ရင်ဆိုင်တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ကြားလာရသလို၊ မကြာခင်ကာလ တစ်ခုမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်နိုင်တဲ့အချိန်ရောက်လာမယ်လို့ ပြည်သူတွေကလည်း မှန်းဆထားတယ်။

ဒီလိုအနေအထားမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကလည်း ပဋိပက္ခတွေအတွင်း ပြည်သူများ ဘေးအန္တရာယ် ကင်းဖို့အတွက် ဆန်နဲ့ အခြောက်အခြမ်းရိက္ခာတွေကို အနည်းဆုံးနှစ်ပတ်စာ ပြင်ဆင်တာ၊ အရေးပေါ် သုံး ဆေးဝါးတွေ စုဆောင်းထားတာ၊ နေအိမ်တွေမှာလည်း အလုံခြုံဆုံးနေရာကို ကြိုတင်ရှာဖွေတာ၊ နေအိမ်ကိုစွန့်ခွာရမယ့် အနေ အထားရှိမရှိကို သက်ဆိုင်ရာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်သတင်းရယူဖို့လိုတာ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံရနိုင်တဲ့ဒေသတွေက အရပ်သားပြည်သူတွေအနေနဲ့လည်း နေအိမ်တွင်းလုံခြုံအောင်နေရမယ့် အချက်အလက်တွေကို သိရှိအောင် ထုတ်ပြန်ထားပါတယ်။

အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ မမေသက်ဟန်ကတော့ ” စစ်ပွဲဖြစ်မယ့်အပေါ်စိုးရိမ်မှုသိပ်မရှိဘူး။ ဘာလို့လဲဆိုတော့ အချိန် မရွေး စစ်ဖြစ်နိုင်တဲ့အကြောင်းကို ခေါင်းထဲထည့်ထားတယ်။ စိတ်လည်းအသင့်ပြင်ထားတယ်။ ဒါပေမယ့် စစ်ဖြစ်ရင် ဘယ်နေရာကစမလဲဆိုတာမသိနိုင်ဘဲ ကိုယ့်နေရာက ဗဟိုချက် ဖြစ်မှာတော့စိုးတယ်။” လို့ ပြောပါတယ်။

မမေသက်ဟန်တို့ မိသားစုတွေလည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆေးဝါး၊ တကိုယ်ရေစာအဝတ်အထည် အသုံးအဆောင် တွေနဲ့အတူ မှတ်ပုံတင် ၊ ဘဏ်စာအုပ်၊ အိမ်ဂရန်လို အရေးကြီး စာရွက်စာတမ်းတွေကို တစုတစည်းထဲ ထည့်တာ၊ ရှေးဦး သူနာပြုစုနည်းတွေ လေ့လာတာ လုပ်ထားတယ်လို့ဆိုပါတယ်။

” စားဖို့သောက်ဖို့အတွက် သီးသန့်ရိက္ခာစုထားတာမျိုးမရှိသေးဘူး။ ဆန်၊ပဲ၊အာလူးတွေကို များများဝယ်ထားမယ်လို့တော့ စဉ်းစားထားတယ်။ တစ်ကယ်စစ်ဖြစ်လာရင် ချက်စားဖို့တောင်အခြေအနေပေးပါ့မလားမသိဘူးလေ” လို့ မမေသက်ဟန် ကပြောပါတယ်။

မသက်သက်လင်းအနေနဲ့လည်း ဆန်၊ဆီ၊ဆား ကြက်သွန်၊ အသားငါးအခြောက်အခြမ်းတွေ၊ကလေးအတွက် အဟာရမှုန့် တွေ ၊နို့နဲ့ စားစရာတွေ ဆေးဝါးတွေ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် တကယ်တိုက်ပွဲဖြစ်လာတဲ့အခါ နေအိမ်မှာပဲ နေထိုင်ရ မလား၊ ဘေးလွတ်တဲ့ နေရာပုန်းရှောင်ရမလားဆိုတာ မသိသေးပါဘူး။

နေအိမ်မှာပဲ နေထိုင်ရမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားတဲ့ စားနပ်ရိက္ခာတွေနဲ ဖြေရှင်းနိုင်ပေမယ့် ပြေးလွှားရမယ်ဆို ဘယ် နေရာ ပြေးလွှားတိမ်းရှောင်ရမလဲမသိသလို၊ မိသားစုတွေ ဘေးကင်းရာနေရာကို အန္တရာယ်ကင်းကင်း ရောက်နိုင်မလား ဆိုတာလည်းမသိဘူးလို့ ပြောပါတယ်။ ဒါကြောင့်လည်း သူက ယခုလိုဆိုတယ်။

” အခုကတော့ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်တာတွေတော့လုပ်ထားတာပဲ လာမည့်ဘေးတော့ ပြေးတွေ့ချင်ပြီ။ တကယ်ဖြစ်မှပဲ ရင်ဆိုင်ဖြေရှင်းရတော့မယ် “

Related Articles