Home ဆောင်းပါး သူရဲကောင်းမိခင်တွေရဲ့ အိမ်အပြန်လမ်းကို မျှော်နေကြသူများ

သူရဲကောင်းမိခင်တွေရဲ့ အိမ်အပြန်လမ်းကို မျှော်နေကြသူများ

ခင်ဘုန်းမို့။ ။
ဒီနှစ်မှာ ကျရောက်ခဲ့တဲ့ မေလ ၉ ရက်နေ့ နိုင်ငံတကာအမေများနေ့မှာ အမေနဲ့အတူတူပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတဲ့သူ တွေရှိသလို အမေနဲ့အတူတူ မဖြတ်သန်းနိုင်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။

နွေဦးတော်လှန်ရေးအတွင်း မိခင်မဲ့သွားတဲ့ရင်သွေးတွေ၊ သားသမီးဆုံးရှုံးလိုက်ရတဲ့ အမေတွေ အတွက်ကတော့ အမေများ နေ့ကို ဝမ်းနည်းတသစွာနဲ့ ဖြတ်သန်းခဲ့ကြရပါပြီ။ အဲဒီအထဲမှာ အမေအိမ်ပြန်လာမယ့်နေ့ကို စောင့်မျှော်နေကြသူတွေ လည်းရှိနေပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေပြုလုပ်ပြီး အဲ့အထဲမှာ နိုင်ငံရေးခေါင်း ဆောင်တွေ တက်ကြွလှုပ်ရှားသူတွေ၊ ဆရာဝန်တွေ၊ ဆရာမတွေအပါအဝင် အပြစ်မဲ့တဲ့ ပြည်သူတွေလည်းဖမ်းဆီးခံခဲ့ရပါ တယ်။ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော် ဝါရီလ ၁ရက်နေ့မှ မေလ ၆ရက်နေ့အထိ ဖမ်းဆီးထိန်းသိန်းခံရသူ ၃,၇၇၈ ဦးအထိရှိပြီဖြစ်ပါတယ်။

စစ်တပ်ကဖမ်းဆီးတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေအထဲမှာ မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်လဲ့လဲ့ဝင်းတစ်ယောက်လည်း ပါဝင်ပါတယ်။

ဒေါ်လဲ့လဲ့ဝင်းဟာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့တာမရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလတုန်းကတော့ NLD ပါတီကို ဝန်းရံသူ အဖြစ်ပါဝင်ခဲ့ဖူးတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်လောက်မှာ စစ်သားတွေဟာ နာမည်စာရင်းနဲ့တစ်ကွ နေအိမ်ကို လာ ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ နာမည်နဲ့တိုင်တာလို့ ပြောတယ်။ ဘယ်သူ့ကိုတိုင်တာလဲဆိုတော့ မလဲ့လဲ့ဝင်းကိုတိုင်တာဆိုတော့ တိုင်တဲ့သူကိုဖမ်းဆိုပြီး ခေါ်သွားတယ်”လို့ မသဲသဲက အမေအဖမ်းခံရစဉ်က အဖြစ်အပျက်ကို ပြောပြပါတယ်။

စစ်တပ်က လာရောက်ဖမ်းဆီးစဉ်အခါမှာတော့ အိမ်မှာရှိတဲ့ သံဗုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံနဲ့ စတစ်ကာကို သိမ်းဆည်းသွားတာဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။

အသက် ၅၃ နှစ်အရွယ် ဒေါ်လဲ့လဲ့ဝင်းဟာ သွေးတိုးနဲ့ အစာအိမ်ရောဂါရှိသူဖြစ်တဲ့အတွက် သမီးဖြစ်သူ မသဲသဲက အမေ ကျန်းမာရေးအတွက် အလွန်အမင်းစိုးရိမ်ပူနေပါတယ်။ ရုံးချိန်းသုံးကြိမ် ရှိနေပြီဖြစ်ပင်မယ့် ဒေါ်လဲ့လဲ့ဝင်းဟာ မိသားစုနဲ့ အခု အချိန်အထိတွေ့ခွင့်မရသေးပါဘူး။

“ အမေပြန်လာရင် အမေ့အတွက်မွေးနေ့ပွဲလေး ပြန်လုပ်ပေးချင်တယ်။ မိသားစုသုံးယောက်အတူတူပြန်ဆုံချင်တယ်” လို့ မသဲသဲက မျှော်လင့်ချက်အပြည့်နဲ့ ပြောပါတယ်။

လက်ရှိမှာ အမေမရှိတဲ့အတွက် အစစအရာရာ အခက်အခဲဖြစ်နေပြီး အမေနဲ့တခါမှ ခွဲပြီးမနေဖူးတာကြောင့် တစ်ရက်မှ မပျော်ရွှင်နိုင်ဘူးလို့ မသဲသဲက ငိုကြွေးရင်းနဲ့ပြောပါတယ်။

“ အမေနဲ့အဖေရယ် ညီမရယ်ပဲရှိတာပါ။ မတ်၂၇ဆို အမေမွေးနေ့ပေါ့၊ ပြီးခဲ့တဲ့ ဧပြီ၂ရက်နေ့ ညီမမွေးနေ့တုန်းလည်း အမေ မရှိဘူး။ အမေ့ကိုအရမ်းလွမ်းတယ်” လို့မသဲသဲက မျက်ရည်တွေကြားက ဝမ်းနည်းစွာဆိုပါတယ်။

ဒေါ်လဲ့လဲ့ဝင်းဟာ စစ်တပ်ကလာရောက်ဖမ်းဆီးစဉ်က သမီးနဲ့ယောက်ျားဖြစ်သူကို ဖမ်းဆီးမယ်လို့ထင်ထားခဲ့ပြီး စိတ်ပူ ခဲ့ပေမယ့် သူ့ကိုလာရောက်ဖမ်းဆီးကြောင်းသိရှိတဲ့အခါမှာတော့ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာရင်ဆိုင်သွားခဲ့ တယ်လို့ သမီးဖြစ်သူကပြောပြပါတယ်။

“ မေမေမရှိလို့ ဝမ်းနည်းရပေမယ့် ဒီလိုရဲရဲတင်းတင်းနဲ့ လုံးဝမကြောက်ဘဲ ခေါင်းမော့ပြီးလိုက်သွားတဲ့အတွက် အမေ အတွက် ဂုဏ်ယူတယ်” လို့ မသဲသဲက ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရသူတွေထဲမှာ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ် မိခင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးလည်းပါဝင်ပါတယ်။

ဒေါ်မျိုးမျိုးအေးဟာ ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်အခြေစိုက် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်း ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM) ဦးဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဧပြီလ ၁၅ ရက်နေ့က ရုံးခန်းကိုလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ အာဏာစသိမ်းတဲ့နေ့ထဲက လာဖမ်းမယ်လို့ ကြိုတွက်ထားတာ။ ဆန္ဒတွေပြဘာညာလုပ်တော့လည်း ဘယ်နေ့များ ရောက် လာမလဲဆိုပြီး အမြဲတမ်းတော့အဆင်သင့်ပြင်ထားတာ။ အစထဲကတော့ ဘယ်နေ့ပါမလဲဆိုပြီး ပြင်ဆင်ထားတယ်” လို့ ဒေါ်မျိုးမျိုးအေးရဲ့ သမီးဖြစ်သူ မခြူးသွယ်ကပြောပြပါတယ်။

ဒေါ်မျိုးမျိုးအေးဟာ စစ်တပ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက သူ့အဖွဲ့က အလုပ်သမားတွေနဲ့အတူ စစ်အာဏာ ရှင်ကို သပိတ်မှောက်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာသူ့ကို ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ခံထားရပါတယ်။

ဒေါ်မျိုးမျိုးအေးဟာ ဆီးချိုရောဂါရှိတဲ့အတွက် သူ့ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ မခြူးသွယ်ကဆိုပါတယ်။ အမေ ဖြစ်သူအဖမ်းမခံရခင်ရက်ပိုင်းအလိုမှာ ကတောက်ကဆဖြစ်ခဲ့ပြီး စကားများထားတဲ့အတွက် အမေအဖမ်းခံရတဲ့နေ့ အထိ မျက်နှာတောင်မမြင်လိုက်ရဘူးလို့ မခြူးသွယ်ကပြောပါတယ်။

“ အမေပြန်လာရင် အမေနဲ့ခရီးတစ်ခုလောက်တော့ အေးအေးဆေးဆေးထွက်ဦးမယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ အမေ မရှိတော့ အမေ့တာဝန်တွေ ထမ်းထားရတာဆိုတော့ အမေ့ကျေးဇူးဆပ်ခွင့်ရတယ်လို့ပဲ ခံယူထားတယ်”လို့ မခြူးသွယ်က ဖွင့်ဟပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နည်းအမျိုးမျိုးနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်သူတွေကို ဖမ်းဆီးလျက်ရှိရာ သူတို့ဖမ်းဝရမ်း ထုတ်ထားသူတွေရဲ့နေအိမ်တွေကို လာရောက်ဖမ်းဆီးတဲ့အခါမှာ သားဖြစ်သူကိုမတွေ့လို့ မိခင်ကိုဖမ်းတာ၊ သမီးဖြစ်သူကို လာဖမ်းတဲ့အခါ မတွေ့လို့ ဖခင်ကိုဖမ်းတာ စတဲ့ ဖြစ်ရပ်တွေကို တွေ့နေရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး သုံးလကျော်အတွင်း မိသားစုကို ဓားစာခံအဖြစ် ဖမ်းဆီးမှု ၁၅ မှု ထက်မနည်း ရှိပြီဖြစ်ပါတယ်။

ဓားစာခံအဖြစ်ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၅၈ နှစ်အရွယ် ဒေါ်အမြင့်တစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။ သမီးဖြစ်သူ ကို စစ်တပ်ကလာရောက်ဖမ်းဆီးတဲ့အခါမှာ သမီးကိုမတွေ့တဲ့အတွက် ဒေါ်အမြင့်ဟာဖမ်းဆီးခံခဲ့ရတာပါ။

“ သူတို့ရောက်လာတဲ့အချိန်မှာ ကိုယ်ကလည်း အရမ်းကြောက်နေတာနဲ့ ကိုယ်လည်းရှောင်လိုက်မိတယ်။ အမေ့ကိုဖမ်းသွား လိမ့်မယ်လို့မထင်ထားခဲ့မိဘူး။ နောက်ကျတော့ အသံတွေလုံးဝငြိမ်သွားတယ်။ သူတို့ထွက်သွားပြီလို့ထင်တယ်။ တကယ် လို့သာ အမေရှိနေမယ်ဆိုရင် မီးပိတ်တာ၊ တံခါးပိတ်တာလုပ်နေမယ်။ အဲ့အချိန်မှာ သိလိုက်တယ် အမေပါသွားပြီပေါ့။”လို့ အမေဖြစ်သူအဖမ်းခံရစဉ်ကအဖြစ်အပျက်တွေကို မတာတာက ပြန်ပြောပြပါတယ်။

ဒေါ်အမြင့်ဟာ မေလ၅ရက်နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ယနေ့အထိဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံထားလဲဆိုတာကို မသိရသေးပါဘူး။

ဖမ်းဆီးခံရသူ ဒေါ်အမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်နှစ်သက်သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေတဲ့ သမီးဖြစ်သူ လိုအပ်သမျှကို မညီးမညူလုပ်ပေးခဲ့သလို ရပ်ကွက်ထဲ က သပိတ်မှာပါဝင်တဲ့ ကလေးတွေအတွက်လည်း တတ်နိုင်သလောက်ကူညီခဲ့သူပါ။

စစ်တပ်က မိသားစုကိုဓားစာခံလုပ်ပြီး ဖမ်းဆီးမှုတွေရှိကြောင်း ကြားသိခဲ့ရပေမယ့် ဒေါ်အမြင့်တစ်ယောက်လက်တွေ့ ကြုံရ လိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး။

“ သမီးကိုလာရှာရင် မေ့မေ့ကိုဖမ်းသွားနိုင်တယ်လို့ပြောဖူးတယ်။ ဒါပေမယ့်မေမေကမယုံဘူး။ အဲ့လောက်အထိဖြစ်မှာ မဟုတ်ဘူးလို့ ထင်နေတယ်။ မေမေကခေါင်းလည်းမာတယ်”လို့ မတာတာက မိခင်ဖြစ်သူအကြောင်းကိုပြောပါတယ်။

အမေဖြစ်သူ အခုလိုအဖမ်းခံရတဲ့အတွက် ယူကျုံးမရဖြစ်နေပြီး ကိုယ်တိုင်ပေါ့ပေါ့ဆဆနေခဲ့မိတဲ့အတွက်လည်း နောင်တရမိ တယ်လို့ မတာတာက ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

“ အမေအစားရောစားရရဲ့လား။ အိပ်ရောအိပ်ရရဲ့လား။ သူတို့ဘာတွေများညှင်းပန်းနှိပ်စက်နေမလဲ။ အမေကကျန်းမာရေး လည်းမကောင်းတဲ့အခါကျတော့ အမြဲတမ်းခေါင်းထဲမှာ ဒါကြီးကဝင်ဝင်လာတယ်။ ခရီးသွားနေရင်တောင် အများကြီး သတိ ရတာလွမ်းတာဖြစ်တော့။ အခုအချိန်မှာပိုဆိုးတာပေါ့။ အမေ့အတွက် ဝမ်းနည်းတယ် စိုးရိမ်တယ်” လို့ မတာတာက ဖွင့်ဟပါ တယ်။

ဆက်ပြီး “မေမေနဲ့ပြန်တွေ့တဲ့အခါ မေမေနဲ့နီးနီးကပ်ကပ်နေပြီးတော့ အများကြီး သူဘာမှလုပ်စရာမလိုအောင် ဂရုစိုက်ပေး ချင်တယ်။ စိတ်ချမ်းသာအောင်လုပ်ပေးချင်တယ်။ အမေနဲ့နီးနီးကပ်ကပ်နေဦးမယ်လို့စဉ်းစားထားတယ်” လို့ ဆိုပါတယ်။

ဒီနှစ်ကျရောက်ခဲ့တဲ့ အမေများနေ့မှာတော့ အမေနဲ့အတူတူဖြတ်သန်းခွင့်မရသူ သားသမီးတွေဟာ အမေများနေ့ကို အထီး ကျန်စွာဖြတ်သန်းခဲ့ရင်း သူတို့ရဲ့ သူရဲကောင်းအမေတွေ ပြန်အလာကိုမျှော်လင့်နေပါတော့တယ်။

Related Articles