Home ဆောင်းပါး နိုင်ငံရေးပဋိပက္ခတွေကြား အမျိုးသမီးတွေကို အသက်အန္တရာယ်ချိန်းခြောက်နေတဲ့ အွန်လိုင်းမှုခင်းများ

နိုင်ငံရေးပဋိပက္ခတွေကြား အမျိုးသမီးတွေကို အသက်အန္တရာယ်ချိန်းခြောက်နေတဲ့ အွန်လိုင်းမှုခင်းများ

သန့်ရှင်းထွန်း

အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆားပြင်ကြီးရွာက နေအိမ်တစ်လုံးကို နိုဝင်ဘာ ၂ ရက်နေ့က ရွာသားချို့စုစုရုံးရုံး ရောက်ရှိနေကြပါတယ်။

အဲဒီအိမ်ထဲက အမျိုးသမီးတချို့ရဲ့ငိုသံတွေလည်း မကြားတချက်ကြားတချက် ထွက်ပေါ်နေပါတယ်။ သူတို့ဟာ အသက် ၁၇ နှစ်အရွယ် ၁၁ တန်းကျောင်းသူ မငြိမ်းအေး(အမည်လွှဲ)ရဲ့ နာရေးကြောင့် ငိုနေကြတာ ဖြစ်ပါတယ်။

လူ့ပတ်ဝန်းကျင်မှာ နာရေးဖြစ်တာမဆန်းပေမယ့် မငြိမ်းအေးရဲ့နာရေးက ထူးခြားနေပါတယ်။ မငြိမ်းအေးဟာ မိမိကိုယ်ကို ကြိုးဆွဲချသေ ဆုံးခဲ့တာဖြစ်ပြီး သူမသေခင်မှာ စာတစ်စောင်ကိုလည်း ရေးသားခဲ့ပါသေးတယ်။

“ အဲဒီစာကို သူ့သေဆုံးခဲ့တဲ့နေရာအနီးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ သူဘာတွေကြုံတွေ့ခဲ့ရလို့ ဒီလိုသတ်သေသွားတယ်ဆိုတာ သူကိုယ် တိုင်ရေးသားခဲ့တဲ့စာပါ။”လို့ သေဆုံးသူအမျိုးသမီးငယ်ရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

သူရေးသားခဲ့တဲ့စာအရ အမျိုးသမီးငယ်ဟာ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အမည်မသိအမျိုးသားတစ်ဦးက သူ့ရဲ့ပုံတွေကို သူငယ်ချင်း တွေဆီမှာ အရှက်ခွဲမယ်ဆိုတဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်မှုကြောင့် သတ်သေခဲ့ရတာလို့ ရေးသားထားပါတယ်။

တရားဥပဒေစိုးမိုးမှုဆိတ်သုဉ်းလာပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ လုံးဝမရှိတော့တဲ့ ရခိုင်ပြည်နယ်အပါအဝင် မြန်မာ နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ အွန်လိုင်းပေါ်က အသရေဖျက်မှုပေါင်း ၂,၄၈၅ မှုရှိခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်မှာ ထုတ်ဝေတဲ့ ကြေးမှုံသတင်းစာမှာ ဖော်ပြထားပါတယ်။

အခုလို အွန်လိုင်းပေါ်က အသရေဖျက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတာကတော့ အသက်အရွယ်မျိုးစုံအမျိုးသမီးတွေ ဖြစ်ပြီးတော့ အသက်အရွယ်ငယ်သေးတဲ့ မငြိမ်းအေးကတော့ ခြိမ်းခြောက်မှုဒဏ်ကို မခံနိုင်တော့ဘဲ သူ့ဘဝသူ နိဂုံးချုပ်သွားတဲ့အဆင့်ထိ ဖြစ်ခဲ့ပါ တယ်။

လက်ရေးမလှမပနဲ့ရေးထားတဲ့ မငြိမ်းအေးရဲ့ စာထဲမှာတော့ “ဖေ့စ်ဘုတ်က လူတစ်ယောက် ပေါက်ကရပြောပြီးတော့ ကျမ ပုံတွေယူပြီး သူငယ်ချင်းတွေဆီမှာ အရှက်ခွဲမယ်ပြောတယ်။ Video Call တွေလည်းခေါ်တယ်။ ကျမအရှက်ရမှာကြောက်လို့ ကိုယ့်ဟာကိုယ် သတ် သေသွားတယ်” လို့ ရေးသားထားပါတယ်။

မငြိမ်းအေးမှာ အစ်ကိုငါးဦးရှိပြီးတော့ သူဟာ အငယ်ဆုံးတစ်ဦးတည်းသော သမီးဖြစ်တာကြောင့် မိသားစုရဲ့ အလိုလိုက်ခြင်းကိုခံရတယ် လို့ မငြိမ်းအေးမိခင်က ပြောပါတယ်။  

“ ရွာမှာမှာနေကြတာဆိုတော့ အနေအေးကြတယ်။ ရိုးသားကြတယ်။ အိမ်နဲ့ပြသနာဆိုတာလည်းမရှိဘူး။ သူ့အစ်ကိုတွေကလည်း အကုန် လုံး အလိုလိုက်ထားကြတာ။” လို့ မငြိမ်းအေးရဲ့ မိခင်က ပြောပါတယ်။

မငြိမ်းအေးမသေခင် ရေးသားခဲ့တဲ့စာမှာလည်း “အိမ်နဲ့လည်း ဘာမှပြသနာမဖြစ်ပါ။ ကိုယ့်အကြောင်းနဲ့ကိုယ် သတ်သေသွားတာပါ။ တောင်းပန်ပါတယ် အမေ၊အဖေ လောကအလယ်မှာ အမေနဲ့အဖေကို နှစ်ယောက်တည်းထားခဲ့ရတဲ့အတွက်။”လို့ ဆက်ရေးထားပါတယ်။

စနစ်ဆိုးတွေကို ဖြတ်သန်းနေကြရတဲ့ မြန်မာနိုင်ငံထဲက အမျိုးသမီးတွေဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ၊ အသ ရေဖျက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အွန်လိုင်းပေါ်က ခြိမ်းခြောက်ခံရမှုတွေဟာ နိစ္စဒူဝ ရှိနေတယ်လို့ ရခိုင်အခြေစိုက်အမျိုးသမီးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဒီဖြစ်စဉ်တွေက နိုင်ငံရေးတဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်။ နိုင်ငံရေးကြောင့် အမျိုးသမီးအဖွဲ့တွေက သူတို့အလုပ်ကို သူတို့မလုပ်ကြ ရဘူး။ အဲဒီအချိန်မှာ အမျိုးသမီးအဖွဲ့တွေနဲ့ အမျိုးသမီးတွေကြား တိုင်ပင်ခွင့်၊ နှီးနှောခွင့် ဆုံးရှုံးလာတယ်။ ဒီလို အခွင့်အရေးတွေ ဆုံးရှုံး လာတာနဲ့အမျှတဖက်မှာ အမျိုးသမီးတွေကို ထိပါးနှောက်ယှက်တာတွေက မျိုးစုံဖြစ်လာတာဖြစ်တယ်။” လို့ သူက ပြောပါတယ်။

မငြိမ်းအေးလို အခုလိုဖြစ်စဉ်ကြုံရလို့ သတ်သေသွားတဲ့ မိန်းကလေးငယ်တွေ များစွာရှိနိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အမျိုးသမီးအရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေအပါအဝင် လူမှုအဖွဲ့အစည်းတွေဟာ အသင်းအဖွဲ့မှတ်ပုံတင်မရှိဘဲ လှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီက အသင်းအဖွဲ့မှတ်ပုံတင်ကို ပြင်ဆင်ခဲ့ပြီး မှတ်ပုံတင်မရှိတဲ့ အသင်းအဖွဲ့တွေရဲ့ လှုပ်ရှားခွင့်ကို ကန့် သတ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာတော့ အသင်းအဖွဲ့မှတ်ပုံတင်မရှိလည်း လှုပ်ရှားခွင့်ရှိကြောင်း ဥပဒေက ခွင့်ပြုပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်ကလည်း စစ်တွေမြို့က အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ  ပွိုင့်ကမ်းခြေ အနီး ပင်လယ်ထဲကိုဆင်းပြီး မိမိကိုယ်ကိုသေကြောင်းကြံသတ်သေခဲ့တယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ပင်လယ်ထဲကိုဆင်းပြီး သေကြောင်းကြံသွားတဲ့သူရဲ့ ဖိနပ်တစ်ရံနဲ့ထီးတစ်လက်ကို ကမ်းစပ်အနီးမှာ တွေ့ခဲ့ရပြီးတော့ ထီးပေါ်မှာ ‘ဆု မြတ်’ ဆိုတဲ့ အမည်ရေးသားထားတာကို တွေ့ခဲ့ရပါတယ်။

“မိမိကိုယ်ကိုသတ်သေတဲ့အထိဖြစ်တဲ့အဆင့်က အဲဒီအမျိုးသမီးငယ်တွေဟာ ဘယ်လောက်ထိခြိမ်းခြောက်ခံရမလဲဆိုတာကို တွေးကြည့် နိုင်ပါတယ်။ ဒါကသာမန်ပြစ်မှုထက် ကြီးမားပါတယ်။” လို့ စစ်တွေမြို့က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ပတ်သက်လို့ မုဒိမ်းကျင့်ခံရတဲ့ဖြစ်စဉ်တွေကိုသာ လူအများစုက အာရုံစိုက်မှုများနေပေမယ့် အခုလို အွန်လိုင်းပေါ်က ခြိမ်းခြောက်ခံရလို့ နစ်နာနေသူတွေ၊ အသက်ဆုံးရှုံးသွားသူတွေရဲ့ ဖြစ်စဉ်တွေကိုတော့ အာရုံစိုက်မှု အားနည်းနေသေး တယ်လို့ အဆိုပါ အမျိုးသမီးငယ်က ပြောပါတယ်။

လူငယ်ဘဝ သမီးရည်းစားထားခဲ့ကြပြီး အဆင်မပြေလို့ လမ်းခွဲခဲ့ကြပြီးနောက် အတူတွဲရိုက်ခဲ့တဲ့ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်ခံခဲ့ရတဲ့ မသဲစု (အမည်လွှဲ)ကတော့ ရည်းစားဟောင်းရဲ့ခြိမ်းခြောက်မှုကို မိဘတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးဖြေရှင်းခဲ့တယ်လို့ ပြောပါတယ်။

“ သူက နှစ်ရှည်လများ တစ်ခုမဟုတ်တစ်ခု နည်းမျိုးစုံနဲ့ ခြိမ်းခြောက်တာပါ။ ညီမကတော့ အမေကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ အမေကလည်း အမျိုးသမီးအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီး တရားဥပဒေလမ်းကြောင်းအရဖြေရှင်းခဲ့တယ်။” လို့ မသဲစုက ပြန်ပြောပြပါတယ်။

အခုလိုမျိုး ခြိမ်းခြောက်မှုတွေ ကြုံလာရင် တစ်ယောက်တည်း မဖြေရှင်းဘဲ မိသားစု၊ သူငယ်ချင်း၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တိုင် ပင်သင့်တယ်လို့ သူက အကြံပြုပါတယ်။

“တစ်ယောက်တည်းကြိတ်ဖြေရှင်းတာက အလုပ်မဖြစ်ဘူး။ ရှက်စရာမလိုဘူး။ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲရမယ်။” မသဲစုက အကြံပေးပါတယ်။

အခုလိုမျိုး အမျိုးသမီးတွေအပေါ် ခြိမ်းခြောက်မှုတွေ လျော့ကျဖို့အတွက် ဒေသတွင်းမှာ အမျိုးသမီးအဖွဲ့အစည်းတွေ အားကောင်းဖို့လိုပြီး ခြိမ်းခြောက်သူတွေကို စိစစ်ဖော်ထုတ်နိုင်ဖို့ အရေးကြီးတယ်လို့ သမီးသုံးဦးရဲ့ဖခင် ဦးအောင်ကျော်စိုးက သူ့အမြင်ကို ပြောပါတယ်။

“နောက်တစ်ခုက အမျိုးသားတွေပေါ့နော်။ သူတို့မှာ အမျိုးသမီးတွေကို လေးစားတဲ့ စိတ်ရှိဖို့လိုတယ်။ ကိုယ့်ရဲ့အမေ၊ အစ်မ၊ ညီမတွေဟာ အမျိုးသမီးတွေဆိုတာကို သတိမလျော့ဖို့လိုတယ်။” လို့ ဦးအောင်ကျော်စိုးက ဆိုပါတယ်။

ဒါပေမယ့် အခုလိုမျိုး ခေတ်ဆိုး၊ စနစ်ဆိုးကြားထဲမှာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်ဖို့ကလည်း စိန် ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင်စစ်အာဏာသိမ်းပြီးနောက်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်တွေ မရကြတဲ့အတွက် အမျိုးသမီးအခွင့်အရေးကာကွယ်ရေးနဲ့ ပတ်သက်လို့ ကမ်ပိန်းလုပ်တာ၊ ဆန္ဒထုတ်ဖော်တာတွေ မလုပ်နိုင်ကြတော့သလို အွန်လိုင်းကမ်ပိန်းကိုတောင် မလှုပ်နိုင်ကြတော့ဘူးလို့ ဦးအောင်ကျော်စိုးက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက အမျိုးသမီးတွေရဲ့ အခွင့်အရေးကာကွယ်ပေးမှုကို အပြည့်အဝမရရှိ ကြသေးပေမယ့် စစ်အာဏာရှင်စနစ်ကျရှုံးပြီး ပေါ်ပေါက်လာမယ့် ဒီမိုကရေစီစနစ်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးကို လုံးဝအကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ လိုမယ်လို့ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးခဲ့တဲ့ မငြိမ်းအေးရဲ့ဖခင်က ပြောပါတယ်။

အွန်လိုင်းပေါ်က အမျိုးသားတစ်ဦးရဲ့ ခြိမ်းခြောက်မှုကြောင့် အသက်ကို စတေးခဲ့တဲ့ မငြိမ်းအေးရေးထားခဲ့တဲ့ စာရဲ့နောက်ဆုံး စာပိုဒ် မှာတော့ အခုလိုရေးသားခဲ့တာတွေ့ရပါတယ်။

“ကျမအရှက်ကို အသက်နဲ့ရင်းပြီး ကာကွယ်သွားတာပါ”

Author:

Related Articles