Home ဆောင်းပါး ခြိမ်းခြောက်မှုတွေကြောင့် အပြုံးမပျက်တဲ့ ကောလင်းမြို့က မူးယစ်ဆေးဝါးတိုက်ဖျက်သူဒေါ်မိမိကြီး

ခြိမ်းခြောက်မှုတွေကြောင့် အပြုံးမပျက်တဲ့ ကောလင်းမြို့က မူးယစ်ဆေးဝါးတိုက်ဖျက်သူဒေါ်မိမိကြီး

ခင်စုကြည်

ဆောင်းနံနက်ခင်းတစ်ခုမှာ မြူခိုးမြူငွေ့တွေကျရောက်နေတဲ့ မြက်ခင်းစိမ်းစိမ်းပေါ်က အသုံးပြုပြီးသား အဖြူ ရောင် ဆေးထိုးအပ်တွေနဲ့ အနီရောင်သွေးစတွေဟာ ပန်းခင်းသဖွယ် ပြန့်ကျဲနေပါတယ်။

အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ပလပ်စတစ်ပုံးတစ်လုံးနဲ့ မီးညှပ်တစ်ခုကို ကိုင်ဆောင် ထားပြီး မြက်ခင်းဆီကို ခပ်သုတ်သုတ်လျှောက်လာပါတယ်။

မြက်ခင်းပေါ်က ဆေးထိုးအပ်တွေကို မီးညှပ်နဲ့လိုက်ညှပ်ကောက်ရင်း အသင့်ပါလာတဲ့ ပုံးထဲကိုထည့်လိုက်ချိန် မှာ မလှမ်းမကမ်းက အမျိုးသားတစ်ယောက်ဟာ သူ့လက်မှာထိုးနေတဲ့ ဆေးထိုးအပ်ကိုဆွဲဖြုတ်လိုက်ရင်း..
“ဟဲ့ ကောင်မ ဒီမှာ.. အပ်”
လို့ဆိုကာ သွေးတန်းလန်းနဲ့အပ်တစ်ခုကို ထိုအမျိုးသမီးရှိရာ လှမ်းပစ်ပေးလိုက်ပါတယ်။

ဒါကတော့ ကောလင်းမြို့နယ်၊ ကန်ဘောင်ရိုးက မြက်ခင်းပြင်မှာ ဒေါ်မိမိကြီးကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။

ဆေးထိုးအပ်များ ကောက်သိမ်းနေသော ဒေါ်မိမိကြီး

ဒေါ်မိမိကြီးဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၊ လွှတ်တော်၊ တရားရေးနဲ့ ကောလင်းမြို့နယ်၊ ပြည်သူလူထု တွေ့ဆုံပွဲမတိုင်ခင် မနက်ခင်းမှာ ကောလင်းမြို့ရဲ့ မူးယစ်ဆေးဝါး ပေါများလွန်းတဲ့ အခြေအနေတွေကို တင်ပြ လိုတာကြောင့် သူမကိုယ်တိုင် မနက်အစောကြီးကတည်းက ဆေးထိုးအပ်တွေကို လိုက်ကောက်ပြီး ဝန်ကြီးချုပ် နဲ့တွေ့ဆုံပွဲမှာ ကိုယ်တိုင်သွားရောက်ပြသတိုင်ကြားသွားခဲ့သူဖြစ်ပါတယ်။

“နံပါတ်ဖိုးရောင်းတဲ့လူက ဆေးပြွန်ထဲမှာ ဘယ်လောက်ဖိုးဆိုပြီး ထည့်ထားပြီးသား။ ရော့ပိုက်ဆံပေး၊ ရော့ယူ သွား။ တချို့ဆို ဆိုင်ကယ်ဖြည်းဖြည်းမောင်းပြီးတော့ နောက်ကစီးတဲ့လူက ဆေးသွင်းပြီး အပ်ကိုပစ်ချခဲ့တာ။ အဲဒီတော့ ဆိုင်ကယ်မောင်းရောင်း၊ ဒီလိုလုပ်တဲ့အတွက် အသားထဲဝင်ပြီးသေတာ။ ပြီးခဲ့တဲ့တစ်နှစ်ကဆို အမှတ် (၁) တံတားအောက်မှာ ပိုင်ရှင်မဲ့ ဖိုးသမား အလောင်းတွေဆို ခဏခဏတွေ့တာ၊ ပုပ်ပွမှ နာရေးကူညီမှုအသင်း တွေ ဘာတွေက သွားရှင်းပစ်ရတာ”

အခုလို မူးယစ်ဆေးဝါးအန္တရာယ်ကြီးမားနေမှုကို ဖြေရှင်းပေးဖို့ ဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ကို တင်ပြဆွေး နွေးခဲ့ပြီး ဒေါ်မိမိကြီးနေအိမ်ပြန်ရောက်လာချိန်မှာ နေအိမ်ရဲ့ မလှမ်းမကမ်းက ကောက်ရိုးပုံကို လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး မီးရှို့ထွက်ပြေးသွားခဲ့ပါတယ်။

သုံးစွဲပြီး ဆေးထိုးအပ်များ

ကောလင်းမြို့ဟာ မူးယစ်ဆေးဝါးသုံးစွဲမှု ပျံ့နှံ့နေတာ ထိတ်လန့်ဖွယ်ရာအဆင့်ကို ရောက်နေသလို မူးယစ်ဆေး ဝါးပြဿနာကို ဖြေရှင်းနိုင်ဖို့ အခုလို မီးမောင်းထိုးပြလိုက်တဲ့ ဒေါ်မိမိကြီးအတွက်လည်း အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ စိန်ခေါ်မှုကြီးဖြစ်ပါတယ်။
ဒါပေမယ့် ဒေါ်မိမိကြီးကတော့ ဒီလိုခြိမ်းခြောက်မှုတွေအပေါ်မှာ တုန့်လှုပ်ကြောက်ရွံ့ခြင်း အလျဉ်းမရှိခဲ့ပါဘူး။

သူမနိုင်ငံရေးယုံကြည်မှုအရ ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ယှဉ်လိုက်ရင် အခုလိုဖြစ်ရပ်တွေဟာ သူမအတွက်တော့ သာမန်အတွေ့အကြုံမျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် (၅၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်မိမိကြီးဟာ (၈)လေးလုံးအရေးတော်ပုံကြီးဖြစ်စဉ်က ကောလင်းမြို့ ရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

“မနက်ခင်းကျောင်းသွားတော့ ကျောင်းသူကျောင်းသားတွေကို စစ်ကိုင်းတံတားမှာသတ်ပြီး သေနတ်တွေနဲ့ စစ်သားတွေကထုရိုက်၊ ထိပ်ပေါက်ပြီး ရေထဲမျောသွားတဲ့ပုံတွေ ဓာတ်ပုံခိုးရိုက်ထားတာကို မန္တလေးဂဠုန်နီအ ဖွဲ့က အန်တီတို့ကောလင်းမြို့ကျောင်းကို လာကပ်တာ။ အထက်ဗမာပြည် ကျောင်းသူကျောင်းသားများ ဘာ လုပ်နေကြသလဲ။ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ခဲတံလေးပဲ ကိုင်နိုင်တဲ့ ကျောင်းသားတွေကို ဒီလိုသတ် နေတာ ဒီလိုနေနိုင်လားဆိုပြီး။ ဒါတွေကိုတွေ့တော့ မခံချင်တဲ့စိတ်တွေနဲ့ ပုံတွေကိုကြည့်ပြီး ငိုတဲ့သူကငို ဒေါသ ထွက်တဲ့သူထွက်ပေါ့”

ဒေါ်မိမိကြီးတို့မိသားစုဟာ မြန်မာ့မီးရထားဝန်ထမ်းတွေဖြစ်ပြီး သူမ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာပါဝင်ခဲ့လို့ သူမရဲ့အဖေကို ဝန်ထမ်းဘဝကနေ အလုပ်ဖြုတ်ပစ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ မိသားစုတွေဟာ သူမရဲ့ အစ်ကိုအကြီးဆုံးရှိရာ မြစ်ကြီးနားမြို့ကို ထွက်ခွာသွားခဲ့ကြပြီး သူမကတော့ ကောလင်းမြို့မှာ တစ်ယောက် တည်း ကျန်ခဲ့တာဖြစ်ပါတယ်။

“မိဘတွေက ကြောက်ပြီးတော့ အန်တီ့ကို အိမ်ထောင်စုစာရင်းကပါ ထုတ်ပစ်လိုက်တာ။ ကောလင်းဘူတာမှာ အန်တီ့ကို တစ်ယောက်တည်းထားခဲ့တာ။ လူးလိမ့်နေတာပဲ ငိုတာ..”

“အဲဒီအချိန်က နိုင်ငံရေးကို စိတ်ထဲမှာ တအားရူးသွပ်တဲ့စိတ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေနဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့ ခွဲခဲ့ရတဲ့ခံစားချက်၊ နောက်တစ်ခုက မွေးရာပါ မခံချင်တဲ့စိတ်၊ အဲဒီလိုစိတ်တွေကြောင့် နိုင်ငံ ရေးကို ဆက်လုပ်ဖြစ်သွားတာ။ မိသားစုတွေနဲ့ ၂၀၁၅ ပြီးမှ ပြန်ခေါ်ကြတာ။ အစ်ကိုတစ်ယောက်ကတော့ ခေါ်တယ်။ ကျန်တဲ့ဝန်ထမ်းမောင်နှမတွေက မခေါ်ရဲကြဘူး။ အဖေက ကိုယ့်ကြောင့် အလုပ်ပြုတ်တော့ မိသားစု ဘဝပျက်သွားတာကိုး” လို့ဆိုကာ မျက်မှန်ကိုဖြုတ်ရင်း စီးကျလာတဲ့ မျက်ရည်တွေကိုသုတ်ကာ သူမရဲ့ ငယ် ဘဝအကြောင်းကို ပြောပြပါတယ်။

အခုချိန်အထိလည်း သူမမိသားစုရဲ့ အိမ်ထောင်စုစာရင်းထဲမှာ သူမနာမည်မရှိ။ သူမရဲ့ အိမ်ထောင်စုစာရင်း ထဲမှာလည်း သူမတစ်ယောက်တည်းသာ ရှိပါတယ်။

အရေးအခင်းအပြီး ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပေမယ့်လို့ ဒေါ်မိမိကြီးကတော့ အဖမ်းမခံရအောင် နည်းမျိုးစုံနဲ့ ပြေးလွှားခဲ့တိမ်းရှောင်ခဲ့တယ်လို့ဆိုပါတယ်။

သူမသာ ဖမ်းဆီးခံရရင် ထောင်ဝင်စာလာတွေ့မယ့် မိသားစုဝင် မရှိတာက သူမအဖမ်းမခံရအောင် ရုန်းကန် ဖြတ်သန်းဖို့အတွက် တွန်းအားတွေဖြစ်စေခဲ့ပါတယ်။

ဒေါ်မိမိကြီးရဲ့အစ်ကိုဖြစ်သူ မြန်မာ့မီးရထား ဒီဇယ်၊ လျှပ်စစ်အလုပ်ထိန်း(ငြိမ်း) ဦးမောင်မောင်လတ်ကတော့ သူကိုယ်တိုင် နိုင်ငံရေးမလုပ်ပေမယ့် ညီမဖြစ်သူ ဒေါ်မိမိကြီးရဲ့ လုပ်ဆောင်မှုတွေကို နောက်ကွယ်ကနေ အား ပေးနေခဲ့သူဖြစ်ပါတယ်။

“ ထောက်လှမ်းရေးတွေက အိမ်ကို ခဏခဏလာတယ်။ မုန်တိုင်းတွေ ကျနေလည်း လာတာပဲ။ အိပ်နေတဲ့ အချိန်လည်း လာနှိုးတာပဲ။ ဦးက အစ်ကိုဆိုတော့ အစ်ကိုကြီးအဖအရာဆိုတဲ့အတိုင်း ကိုယ့်ညီမကို သမီးလိုပဲ သဘောထားတယ်။ သူအိမ်ကို ရောက်လာရင်လည်း လက်ခံထားရတာပဲ” လို့ ဦးမောင်မောင်လတ်က ပြောပါ တယ်။

“မိဘတွေနဲ့ညီအစ်ကိုမောင်နှမတွေက သူအန္တရာယ်ဖြစ်မှာစိုးလို့ ဒီအလုပ်တွေကို မလုပ်စေချင်ဘူး။ သူကတော့ မဟုတ်ရင် နည်းနည်းလေးမှ မခံတာ။ သူလုပ်ချင်တာကိုလုပ်တာ။ သူလုပ်ချင်ပြီဆိုရင် အစ်ကိုတွေ၊ အမေတွေ၊ အဖေတွေ ဘယ်လောက်တားတား လက်မခံဘူး။ ဦးတို့တောင် သူ့လိုသတ္တိမရှိဘူး။ ဥပမာ ရွာမှာ သေတဲ့သူကို ဗိုက်ခွဲပြီးမှ မြုပ်ရမယ်၊ ခွဲမယ့်သူ မရှိဘူးဆိုရင် အသုဘကို သူဝင်ခွဲပစ်လိုက်တာ။ မိန်းကလေးဆိုပေမယ့် လုပ်ရဲ ကိုင်ရဲတယ်။ အဖေအမေကို သူဘာပြန်ပြောလဲဆိုတော့ သေတဲ့သူက ကြောက်စရာမလိုဘူး။ ရှင်တဲ့သူပဲ ကြောက်ရတာတဲ့။ သေတဲ့သူက ဘာမှ ပြန်မလုပ်နိုင်ဘူးတဲ့” ဆိုပြီး ညီမဖြစ်သူဒေါ်မိမိကြီးရဲ့ ငယ်ဘဝတစိတ် တဒေသကို ပြန်ပြောပြပါတယ်။

ဒေါ်မိမိကြီး (ဒေါ်အောင်ဆန်းစုကြည်၏ နောက် (ယာ) ဘက်)

ဒေါ်မိမိကြီးဟာ မိသားစုတွေထဲမှာ သတ္တိရှိပြီး ကိုယ်မှန်တယ်ထင်တာ လုပ်တတ်သူလို့ ဦးမောင်မောင်လတ်က မှတ်ချက်ပြုပါတယ်။

BBC, VOA ကို ရေဒီယိုကနေ ခိုးနားထောင်ရတဲ့ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်း စုကြည်ဆိုတာကို စတင်ကြားမိရာကစလို့ ဒေါ်အောင်ဆန်းစုကြည်သာ ပါတီထောင်ခဲ့ရင် ဒီပါတီထဲဝင်မယ်ဆို တဲ့သံန္နိဌာန်ကို ချထားခဲ့သူဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခါစမှာ ဒေါ်မိမိကြီးဟာ ကောလင်း မြို့နယ်ရဲ့အစောဆုံးပါတီဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဒေါ်မိမိကြီးဟာ စစ်ကိုင်းတိုင်းရဲ့ တိုင်းဆက်သွယ်ရေး တာဝန်ခံအနေနဲ့ ဗဟိုမှာ တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။

“ရန်ကုန်မှာ အဆောင်ငှားနေလည်း နိုင်ငံရေးသမားမှန်းလည်းသိရော မောင်းထုတ်ရော။ အန်တီ့မှာ နေရေး အတွက် အခက်အခဲရှိတော့ ဗဟိုကိုတင်ပြတယ်။ အမေစုကနေ ဘဘဦးတင်ဦးကိုပြောတော့ ဘဘက ဘုန်းကြီး ကျောင်းကို လိုက်ပို့ပေးတယ်။ တိုင်းက တစ်လ(၃)သောင်းပေးတယ်။ တခါတလေလည်း မပေးနိုင်တဲ့အခါကျ တော့ ငတ်တာပေါ့။ ဘုန်ကြီးကျောင်းရောက်မှ ထမင်းနပ်မှန်အောင်စားရတဲ့ဘဝပေါ့” လို့ ဒေါ်မိမိကြီးက သူမ တွေ့ကြုံခဲ့ရတာတွေကို ပြောပါတယ်။

တစ်ကိုယ်တည်းသမားဖြစ်တဲ့ ဒေါ်မိမိကြီးအတွက် သူမအဖွဲ့ဝင်ထားတဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အားကိုးယုံကြည်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒေါ်မိမိကြီး၏ နေအိမ်နံရံပေါ်မှ မှတ်တမ်းဓာတ်ပုံများ

သူမရဲ့နေအိမ်မှာတော့ နံရံအပြည့်ချိတ်ဆွဲထားတဲ့ သူမလှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပုံရိပ်တွေနဲ့ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကို တွေ့မြင်ရပါတယ်။

“အန်တီတို့ခေတ်တုန်းက ရုံးသွားပြီဆို ပင်နီတောင် မဝတ်ရဲဘူး။ ရုံးရောက်တော့မှ ဖွက်(ဝှက်)ပြီးထည့်လာတဲ့ ပင်နီလေးကို အိမ်သာထဲသွားလဲပြီး ဝတ်ရတာ။ ရုံးကပြန်ရင်လည်း အိမ်သာထဲမှာ ပင်နီကိုပြန်လဲခဲ့ရတယ်။ နိုင်ငံ ရေးသမားမှန်း မသိအောင်နေခဲ့ရတာ။ ဒါပေမယ့် အဲဒီတုန်းက နိုင်ငံရေးလုပ်ရတာ တအားပျော်တယ်။ တအား လည်း စည်းလုံးညီညွှတ်ကြတယ်”

ဗဟိုမှာ တိုင်းဆက်သွယ်ရေးတာဝန်ခံအဖြစ် (၇)နှစ် တာဝန်ထမ်းဆောင်ပြီးချိန်မှာတော့ ဇာတိမြို့ဖြစ်တဲ့ ကော လင်းကိုပြန်ကာ CEC တစ်ယောက်အနေနဲ့ ပါတီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေပြီး အမေ့ရိပ် ပညာဒါနကျောင်းကိုလည်း ဖွင့်လှစ်ကာ တတ်စွမ်းသမျှ ကူညီပံပိုးပေးနေပါတယ်။

အခုချိန်မှာတော့ သူမနေထိုင်ရာ ကောလင်းမြို့နယ်၊ ကျွန်းလှကုန်းကျေးရွာမှာ မူးယစ်ဆေးဝါးပြဿနာကို လုံး၀ ပပျောက်သွားအောင် ဆောင်ရွက်ပေးစေချင်တာက သူမရဲ့ပြင်းထန်တဲ့ ဆန္ဒတစ်ခုဖြစ်လာခဲ့ပါတယ်။

သုံးစွဲပြီး ဆေးထိုးအပ်များ

“အန်တီတို့ငယ်ငယ်တည်းက ကျွန်းလှကုန်းတို့၊ ဝရုန်းကုန်းတို့ဆိုတာ နံပါတ်ဖိုးရောင်းတာ။ အဲဒီခေတ်က တည်းက အခုချိန်ထိ နံပါတ်ဖိုးက ပွဲဈေးရောင်းသလို ရောင်းနေတာ။ အခုဆို ကျွန်းလှကုန်းရွာဆိုတာ နာမည် ပျောက်ပြီး ဖိုးရွာဆိုပြီးနာမည်တွင်လို့ ဖိုး (4) လှကုန်းရွာဆိုပြီး ဖြစ်နေတယ်”

သူမရဲ့ဇာတိဖြစ်တဲ့ ကျွန်းလှကုန်းကျေးရွာအပါအဝင် ကောလင်းမြို့နယ်က ဒေသခံတွေနဲ့ နောင်လာနောင်သား တွေအတွက် မူးယစ်ဆေးအန္တရာယ်ကင်းရှင်းပြီး အေးအေးချမ်းချမ်း ရှိစေချင်သလို အရင်အစိုးရအဆက်ဆက် မဖြေရှင်းပေးနိုင်တဲ့ မူးယစ်ဆေးဝါးပြဿနာကို လျော့ကျသွားအောင် ဆောင်ရွက်လိုတာကလည်း သူမရဲ့ပြင်း ထန်တဲ့ စိတ်ဆန္ဒဖြစ်ပါတယ်။

“ဒေါ်မိမိကြီးဆိုတဲ့ကောင်မကို တွေ့တဲ့နေရာမှာ သုံးပိုင်းပိုင်းပြီး သတ်ပစ်မယ်”
“ဒေါ်မိမိကြီးအိမ်ကို နံပါတ်ဖိုးပစ်ပြီး ဖမ်းခိုင်းမယ်”
အခုချိန်မှာတော့ ဒီလို ခြိမ်းခြောက်မှုတွေဟာ သူမနေ့စဉ်ကြုံတွေ့နေရတဲ့အသံတွေပါပဲ။ ဒီလိုခြိမ်းခြောက်မှုတွေ ကို ရင်ဆိုင်ရမယ်ဆိုတာကိုလည်း ဒေါ်မိမိကြီးက ကြိုတင်မှန်းဆထားပြီး ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ပပျောက်ရေး လိုလားသူ ကောလင်းဒေသခံတွေအတွက်တော့ ဒေါ်မိမိကြီးရဲ့လုပ်ဆောင်မှုကို ကျေနပ်အားပေးနေကြသလို မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်ဖို့ကတော့ ဒေါ်မိမိကြီးလို သတ္တိ ရှိတဲ့လူတွေ အများကြီးလိုအပ်နေဦးမှာဖြစ်ပါတယ်။

တနေ့တခြား ကြီးမားလာတဲ့ ကောလင်းမြို့က မူးယစ်ဆေးဝါးပြဿနာနဲ့ သူမရဲ့ အသက်အန္တရာယ်ကို ခြိမ်း ခြောက်တဲ့အထိဖြစ်လာတဲ့ စိမ်ခေါ်မှုတွေကို ရဲရဲရင်ဆိုင်သွားမှာ ဖြစ်သလို သူမယုံကြည်ရာ အလုပ်တွေအတွက် အဖော်မပါလည်း တကိုယ်တည်း လမ်းဆက်လျှောက်နေမယ့်သူကတော့ ကောလင်းမြို့က သံမဏိစိတ်ဓာတ် ပိုင်ရှင် ဒေါ်မမကြီးပဲဖြစ်ပါတော့တယ်။

Author:

Related Articles