Home ဆောင်းပါး တစ်ဦးချင်းဆောင်ရွက် ညီမျှမှုအတွက် – Each for Equal

တစ်ဦးချင်းဆောင်ရွက် ညီမျှမှုအတွက် – Each for Equal

ရွှေရည်လင်းထင်။ ။

မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့(International Women’s Day)အဖြစ် သတ်မှတ်ပြီး ကမ္ဘာနဲ့ အဝှမ်း အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ ချီတက်လမ်းလျှောက် ဂုဏ်ပြုပွဲတွေ ကျင်းပလာခဲ့ကြတာ နှစ်ပေါင်း (၁၀၀) ခန့် ရှိခဲ့ပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂကနေ အဲဒီနေ့ကို တရားဝင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ် ပေးခဲ့တာက ၁၉၇၅ ခုနှစ်မှာပါ။ ဒီကနေ့မှာ အမျိုးသမီးများနေ့ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်အောင် အခမ်းအနားတွေ ပြုလုပ်ဖန်တီးပေးနိုင်ခဲ့ကြပေမယ့် အမှန်တကယ်တော့ ပျော်ရွှင်စရာကောင်းတဲ့ အကြောင်းအရာတွေကြောင့် ဒီနေ့ဒီရက် ဖြစ်တည်ခဲ့ရတာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က အမျိုးသမီးတွေ ခံစားကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ မှုရေးဆိုင်ရာ မညီမျှမှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အခွင့်အရေးဆိုင်ရာ တိုက်ပွဲတွေအတွင်းကနေ သန္ဓေတည်ခဲ့ရတာပါ။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာအဝှမ်း ကျင်းပနေကြတာနဲ့ တပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံက အမျိုး သမီးအရေး လှုပ်ရှားဆောင်ရွက်နေသူ အဖွဲ့အစည်းများအနေနဲ့လည်း ပုံမှန် မိမိတို့လှုပ်ရှားဆောင်ရွက်နေကျ အမျိုး သမီးစွမ်းရည်မြှင့်တင်ရေးပညာပေးခြင်း၊ အမျိုးသမီးကဏ္ဍတိုးတက်ဖို့ အကြံဉာဏ်များ စုစည်းနိုင်မယ့် ဆွေးနွေးပွဲစကားဝိုင်း များပြုလုပ်ခြင်း၊ အသိပညာပေး စာအုပ်များထုတ်ဝေခြင်း၊ လက်ရှိအစိုးရကို အမျိုးသမီးကဏ္ဍနဲ့ပတ်သက်ပြီး ပိုမိုအလေး ထားလုပ်ဆောင်စေဖို့ တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းတွေအပြင် ဒီလိုနေ့ရက်မျိုးတွေကို အခွင့်အလမ်းအဖြစ် အသုံးပြုပြီး နိုင်ငံတကာက ချမှတ်လိုက်တဲ့ Themes ကို အကိုးအကားပြုရင်း မိမိတို့နိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီအောင် ပြောင်း လဲပြင်ဆင်ပြီး အသုံးပြုကြသလို၊ အဖွဲ့အစည်းတစ်ခုချင်းစီအလိုက်လည်း မိမိတို့လုပ်ဆောင်နေတဲ့ အလုပ်တွေနဲ့ ချိတ် ဆက်ပြီး အသုံးပြုကြတာတွေလည်း ရှိပါတယ်။ ဒီနှစ် ၂၀၂၀ အတွက် အရပ်ဖက်အဖွဲ့အစည်းတွေ အသုံးပြုတဲ့ Themes ကတော့ #Each for Equal “တဦးချင်းဆောင်ရွက် ညီမျှမှုအတွက်”ပဲ ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးသာယာလှပဖို့၊ တရားမျှတတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ ခွင့်တူညီမျှ သာတူညီမျှတဲ့ အခင်းအကျင်းမျိုး ရရှိပိုင်ဆိုင်နိုင်ကြဖို့အတွက် တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းဟာ အရေးပါသူများဖြစ်ကြောင်းနဲ့၊ တာဝန်ရှိကြသူများဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်တဲ့ ဆောင် ပုဒ်တစ်ခုအဖြစ် နားလည်သဘောပေါက်ရပါတယ်။ ကမ္ဘာမြေပေါ်မှာ နေထိုင်တဲ့ ခန္ဓာဗေဒကွဲပြားမှုအရ အမျိုးသား၊ အမျိုး သမီး၊ လိင်စိတ်တိမ်းညွတ်မှုအပေါ် ခံယူနေထိုင်သူ အမျိုးသမီး၊ အမျိုးသား စသည်ဖြင့် အားလုံးကို အတူတူစုရုံး လိုက်နိုင်မယ့် စည်းရုံးလှုံ့ဆော်နိုင်တဲ့ ဆောင်ပုဒ်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းစီကောင်းမှ တစုတဖွဲ့လုံးကောင်းမယ်၊ တစုတဖွဲ့စီကောင်းမှ တမြို့တရွာကောင်းမယ်၊ တမြို့တရွာစီကောင်းမှ တတိုင်းတပြည်ကောင်း မယ်၊ တတိုင်းပြည်ချင်းစီ ကောင်းမွန်မှလည်း တကမ္ဘာလုံးကောင်းမွန်လာနိုင်တာမို့ အခြေခံ အကျဆုံး သဘောတရား တခုပဲလို့ မှတ်ယူမိပါတယ်။

ဒီကနေ့ မြန်မာအမျိုးသမီးတွေ ခံစားကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပြဿနာတွေကို ပြန် ဆန်းစစ်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နုံနဲ့မှုကြောင့် ဖြစ်ရတာမျိုးမဟုတ်ဘဲ အဲဒီစွမ်းရည်တွေကို ထုတ်ဖော်ပြသခွင့်ရဖို့နေရာ နည်းပါးရှားပါးမှုနဲ့ ထုတ်ဖော်လုပ်ဆောင်နိုင်တဲ့ အရည်အချင်း၊ အရည်အသွေးတွေကိုလည်း လူ့အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမှုအားနည်းလို့ပဲလို့ သုံးသပ်မိရပါတယ်။ မြန်မာအမျိုးသမီးတွေဟာ ပညာတတ်လည်း တတ်တဲ့အလျောက်၊ အတန်းပညာချို့တဲ့လည်း ချို့တဲ့တဲ့အလျောက် ရရှိရောက်ရှိတဲ့နေရာမှာ မိမိတို့နိုင်တဲ့ ဝန်ထက် ပိုမို ထမ်းဆောင်နေရတယ်ဆိုတာ မြင်သာပါတယ်။ ထမ်းဆောင်ရတယ်ဆိုကတည်းက စွမ်းဆောင်နိုင်လို့ပါ။ ထိုကဲ့သို့ ထမ်း ဆောင်စွမ်းဆောင်နေရပါလျက် “မှီခို”ဆိုတဲ့ စကားလုံးတလုံးအောက်မှာ ငုပ်လျှိုးနေရတဲ့ အခြေအနေမျိုးပါ။ သာမန်စကား လုံးလေးပေမယ့် လက်တွေ့နဲ့တော်တော်ကင်းကွာတယ်လို့ပဲ သုံးသပ်ရမှာပါ။ အဲဒီလို အသုံးအနှုန်းတွေဟာ နှစ်ပေါင်း များစွာ ကြာလာတော့ လူ့အဖွဲ့အစည်းကြီးတခုလုံးမှာ အမှန်တရားကြီးတခုလို လက်ခံလာခဲ့ကြပြီး အမျိုးသားများတင် သာမက အမျိုးသမီးများကိုယ်တိုင်ကပါ မိမိတု့ိကိုယ်တိုင် မောကြီးပန်းကြီး ထမ်းရွက်နေရပါလျက် မှီခိုဆိုတဲ့ စကား လုံးအောက်မှာ ပျော်ဝင်ခဲ့ကြရပါတယ်။

လူ့အဖွဲ့အစည်းလို့ သုံးနှုန်းလိုက်တာနဲ့ လိင်ကွဲပြားမှုအရ အမျိုးသားရော၊ အမျိုး သမီးပါ အကျုံးဝင်နေပါတယ်။ ခေတ်အဆက်ဆက် အမျိုးသမီးတွေအတွက် တရားမျှတမှုကင်းမဲ့တယ်ပဲဆိုဆို၊ ဒီကနေ့ထိ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတုန်းလို့ပဲပြောပြော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ဓလေ့ထုံးတမ်းတွေအရ အမျိုးသားတွေ ကို ရှေ့တန်းတင်ခြင်း၊ အမျိုးသမီးတွေအပေါ် နိုင်လိုမင်းထက် ပြုနိုင်သယောင် သင်ကြားလမ်းညွှန်ခဲ့ကြတဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ လူ့အဖွဲ့အစည်းကြီးထဲမှာ စိမ့်ဝင်ခဲ့ရပါတယ်။

တပြိုင်နက်တည်းမှာပဲ အမျိုးသမီးတွေဟာလည်း အမျိုးသမီးဖြစ်နေရခြင်းကိုက အဖိနှိပ်ခံရတော့မယ့်သူတွေ၊ ဘာမဆို အရာရာ ကိုယ်ကသာ အနစ်နာခံရမယ်ဆိုတဲ့သူတွေ၊ လင်နဲ့ သားကို မိမိတို့ဘာသာတရားကို ကိုးကွယ်ယုံကြည်ကြသလို အလုပ်အကျွေးပြုရမယ့်သူတွေအဖြစ် အယူအမှတ် ခံခဲ့ရပြီး၊ အဲဒီ အမှတ်အယူတွေဟာ အမျိုးသမီးတွေကိုယ်တိုင်ရဲ့ အတွင်းစိတ်သဏ္ဍန်မှာပါ ကိန်းအောင်းလာခဲ့ရပါတယ်။ အမျိုးသမီးတဦးအဖြစ် မွေးဖွားလာခဲ့ပြီဆိုကတည်းက ဖိနှိပ်ခံရဖို့၊ ခွဲခြားဆက်ဆံခံရဖို့ ခွင့်ပြုပေးလိုက်ရတဲ့အပြင်၊ အဲဒီ ခွင့်ပြုမိန့်ကို ကိုယ်ကိုယ်တိုင်ကပါ “ဟုတ်တာပေါ့၊ ငါက မိန်းကလေးဖြစ်နေတာကိုး”ဆိုပြီး ထပ်ဆင့်ထပ်ကဲ အတည်ပြု ပေးလိုက်ရသလိုတွေ ဖြစ်ရပါတယ်။ တပြိုင်နက်တည်းမှာပဲ အမျိုးသမီးတွေကို ဖိနှိပ်အောင်၊ ခွဲခြားဆက်ဆံတဲ့ အပြုအမူ မျိုးကို လုပ်မိအောင် ဖခင်သာမက၊ မိခင်ကပါ မိမိတို့ရဲ့ သားသမီးတွေကို ထပ်မံလမ်းညွှန်ပြသကြပြန်ပါတယ်။ ဒါကြောင့် လည်း လူ့အဖွဲ့အစည်းကြီးတခုလုံးက လက်ခံခွင့်ပြုထားတယ်လို့ သုံးနှုန်းရတာပါ။

တကယ်တော့ ကျမတို့ ကမ္ဘာ့အမျိုးသမီးတွေ၊ မြန်မာ့အမျိုးသမီးတွေ ခေတ်အဆက်ဆက်မှာ အင်မတန်ကို ပင်ပန်းခဲ့ကြ ရပါပြီ။ Women In Development (WID) ကနေ Women and Development (WAD)၊ အဲဒီကနေ Gender and Development (GAD) စတဲ့ ချဉ်းကပ်မှုအဆင့်ဆင့် တွေးခေါ်စဉ်းစားသုံးသပ်ပြီး ပြောင်းလဲပြီးလည်း ကြိုးစားဆောင်ရွက် ခဲ့ကြပါတယ်။ Each for Equal ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း GAD ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ကိုက်ညီမှုရှိတဲ့ ရှေ့ဆောင်ပေးနိုင် တဲ့ စကားရပ်တခုလည်း ဖြစ်ပါတယ်။ ကျမတို့အားလုံး အကျေအလည် နားလည်ခဲ့ကြပြီးသားဖြစ်တဲ့ အမျိုးသမီးအရေး အတွက် အမျိုးသမီးတွေကသာ ဦးဆောင်နိုင်မယ်၊ လုပ်ဆောင်နိုင်မယ်ဆိုတာကတော့ ငြင်းဆိုလို့မရတဲ့ အမှန်တရားပါပဲ။

အဲဒီလိုလုပ်ဆောင်ရာမှာ မှန်ကန်တဲ့နည်းလမ်း၊ ဖြစ်နိုင်ချေရှိတဲ့နည်းလမ်း၊ နီးစပ်တဲ့နည်းလမ်း စတဲ့ထောင့်ပေါင်းစုံကနေ တရားမျှတတဲ့ နည်းလမ်းပေါင်းစုံကို တွေးတောကြံဆလုပ်ဆောင်နိုင်ဖို့တော့ အထူးလိုအပ်ပါတယ်။ အမျိုးသမီးတွေ ကြုံ တွေ့ခံစားနေရတဲ့ အခက်အခဲတွေဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းခံတွေကို ရှာဖွေရမှာဖြစ်သလို အဲဒီပြဿနာတွေ ဖြစ်ပေါ်စေဖို့ ပါဝင်ပတ်သက်လာသူနဲ့ အဲဒီပြဿနာတွေကို ဖြေရှင်းရာမှာ ပါဝင်လုပ်ဆောင်နိုင်သူ (Stakeholders) အား လုံးကိုပါ ထည့်သွင်းစဉ်းစားကြဖို့လည်း လိုအပ်ပါတယ်။ အဲဒီ Stakeholders တွေကိုလည်း အမျိုးသမီးအရေးဆိုတာ ငါတို့ အားလုံးနဲ့ သက်ဆိုင်ပါလားဆိုတဲ့ စိတ်ခံစားမှုမျိုး ရရှိလာအောင် စည်းရုံးလှုံ့ဆော်ပေးနိုင်ဖို့ကလည်း အဓိကကျပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာ နည်းလမ်းပေါင်းစုံ၊ ချဉ်းကပ်မှုပေါင်းစုံနဲ့ ကြိုးစားလုပ်ဆောင်ပြီး အမျိုးသမီးထုရဲ့ အကျိုးကို ဖော် ဆောင်နိုင်ဖို့ အဓိကဦးတည်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါမှလည်း တစ်ဦးချင်းဆောင်ရွက် ညီမျှမှုအတွက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ အမျိုးသမီးထုတစ်ရပ်လုံးအတွက် ညီမျှမှုကို တစ်ဦးတစ်ယောက်စီတိုင်းက ပါဝင်လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

တကယ်တော့ ကျမတို့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို ဖိနှိပ်မှုတွေဖြစ်စေတဲ့ ရိုးရာဓလေ့တွေ၊ အစဉ်အလာတွေ ကြားထဲကနေပဲ အမျိုးသမီးတွေကို တန်ဖိုးထားစေတဲ့ အလေ့အထတခုကတော့ မိခင်ကို အလေးထားကြစေဖို့ သွန် သင်ဆုံးမှုတွေပါပဲ။ ဒီသွန်သင်မှုတွေကို ကျမတို့ ဆုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေကို အလေးထားတာဟာ မိခင်ကို အလေးထားတာဖြစ်ကြောင်း၊ အမျိုးသမီးတွေကို အနိုင်အထက်ပြုမှုဟာ မိခင်ကို အနိုင်အထက်ပြုမှုဖြစ်ကြောင်း စတဲ့ သွန်သင်မှုမျိုးတွေကို လူ့အဖွဲ့အစည်းတွင်း စိမ့်ဝင်ဖို့ အထူးအရေးကြီးပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေ ကိုယ် တိုင်ကရော အမျိုးသမီးတွေကို အလေးထားတတ်စေဖို့ သင်ကြားပေးရမှာပါ။

အမျိုးသမီးတွေကို တန်ဖိုးထားတတ်စေဖို့ လူတွေရဲ့ နှလုံးရည်ပိုင်းဆိုင်ရာကို လေ့ကျင့်သင်ကြားပေးသလို တပြိုင်နက် တည်းမှာလည်း ထိရောက်တဲ့ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းကာကွယ်ပေးဖို့လည်း လို အပ်ပါတယ်။ ရေးဆွဲထားတဲ့ ဥပဒေတွေဟာလည်း မိမိတို့နိုင်ငံတွင်းက ကျေးလက်တောရွာနေ၊ မြို့နေအမျိုးသမီးများ အပြင် ပဋိပက္ခဒေသတွေက အမျိုးသမီးတွေရဲ့ အခြေအနေတွေကိုပါ အကျုံးဝင်နိုင်ဖို့လည်း အထူးအရေးကြီးပါတယ်။ ပြ ဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေအတိုင်းလည်း အမှန်တကယ်အကောင်အထည်ဖော်ပေးနိုင်မယ့် ယန္တရားတွေကလည်း အရေး ကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ တရားဥပဒေစိုးမိုးမှုဟာလည်း အင်မတန်အရေးပါပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်တည်စေဖို့ လုပ်ဆောင်ကြရာမှာလည်း အမျိုးသမီးတွေအပါအဝင် တိုင်းပြည်အတွင်းက လူတိုင်း ပါဝင်လုပ်ဆောင်ကြရ မှာ ဖြစ်ပါတယ်။ လုပ်ဆောင်ပါဝင်နိုင်ဖို့ အခွင့်အလမ်း၊ အခွင့်အရေးတွေကိုလည်း ဖွင့်ပေးထားတဲ့ အခင်းအကျင်းမျိုးရှိဖို့ လည်း လိုအပ်ပါတယ်။

Each for Equal “တစ်ဦးချင်းဆောင်ရွက် ညီမျှမှုအတွက်”ဆိုတဲ့ စကားအတိုင်းပဲ အမျိုးသမီး၊ အမျိုးသား တစ်ဦးချင်းက လည်းကောင်း၊ အစုအဖွဲ့တွေကလည်းကောင်း၊ တိုင်းပြည်တစ်ခုရဲ့ အစိုးရတစ်ရပ်ကလည်းကောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက အစိုးရတိုင်းကလည်းကောင်း ကျားမတန်းတူမှုရှိတဲ့၊ ကျားမတန်းတူမှုကို အာမခံပေးနိုင်တဲ့ လှပတဲ့ ကမ္ဘာကြီးဖြစ်အောင် လုပ်ဆောင်နိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။

Author:

Related Articles