Home ဆောင်းပါးသတင်းဆောင်းပါး လိုင်းကားပေါ်က အမျိုးသမီးတွေ နေ့စဉ်ဘ၀ လုံခြုံရေး ဖန်တီးပေး

လိုင်းကားပေါ်က အမျိုးသမီးတွေ နေ့စဉ်ဘ၀ လုံခြုံရေး ဖန်တီးပေး

နန်းဆိုင်နွမ်

“စတစ်ကာတွေမြင်တော့ ကာယိန္ဒြေကျူးလွန်ချင်တဲ့ အမျိုးသားတွေတွန့်သွားတာပေါ့” ဟု ရန်ကုန်အနောက် ပိုင်းတက္ကသိုလ်မှ မော်တင်အထိပြေးဆွဲသည့် အမှတ်(၂၁) YBS ဂိတ်မှူး ဦးဌေးလွင်က အားရစွာ ပြောသည်။

ထိုစတစ်ကာများကို နေ့တဓူဝ အမျိုးသမီးများ ကာယိန္ဒြေထိပါးကျူးလွန်မှု အများဆုံးရင်ဆိုင်ကြုံတွေ့နေရသော ရန်ကုန် YBS ဘတ်စ်ကားလိုင်းများပေါ်တွင် တွေ့မြင်ရခြင်းဖြစ်သည်။

ထိုစတစ်ကာများတွင် “ အမျိုးသမီးများအား ကာယိန္ဒြေထိပါးနှောက်ယှက်မှုများရပ်” “ လုံခြုံမှုရှိသော ဘတ်စ် ကားအဖြစ် ဖန်တီးကြပါစို့” စသည့်စာသားများပါဝင်သည်။

“ ဒီလိုလာကပ်ပေးတော့ အမျိုးသမီးတွေလည်းသိ၊ အမျိုးသားတွေလည်း မကျူးလွန်ရဲတော့ဘူး။ ကျူးလွန်ခံရ ရင်လည်း မကြောက်မရွံ့ဘဲ ပြောဖို့လိုပါတယ်” ဟု ဦးဌေးလွင်က ဆက်ပြောသည်။

လိုင်းကားများပေါ်တွင် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအတွက် စတစ်ကာကပ်သည့်လှုပ်ရှားမှုသည် ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း ယာဉ်လိုင်းမှ ဂိတ်မှူးများက ပြောကြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့ရှိ YBS ဘတ်စ်ကားများပေါ်တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု နှင့် အကြမ်းဖက်မှုများ လျော့နည်းစေရန် အသိပညာပေးစတစ်ကာလှုပ်ရှားမှုကို ဒီဇင်ဘာလ(၆)ရက်မှ (၁၆)ရက် အထိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ ကျမတို့ လိုင်းကားပေါ်မှာ လိုက်ကပ်တဲ့ စတစ်ကာတွေထဲမှာ ပါဝင်တဲ့သတင်းစကားတွေကတော့ သင်ဟာ ဘယ်လိုအမျိုးသားမျိုးဖြစ်ချင်ပါသလဲ၊ သင်ဟာ အမျိုးသမီးများကို လေးစားစွာ ဆက်ဆံတတ်သူလား၊ အမျိုး သမီးများကို အနိုင်ကျင့်ဆက်ဆံတတ်သူလား” ဆိုတာတွေဖြစ်ပြီး အကြမ်းဖက်မှုများဖြစ်လာရင် တိုင်ကြားလို့ရ နိုင်တဲ့နေရာတွေနဲ့ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေပုဒ်မများကို ထည့်သွင်းဖော်ပြထားပါတယ်” ဟု မြန်မာ့ အမျိုးသမီးသမဂ္ဂမှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) မယဉ်မျိုးလှိုင်က ဆက်ပြောပြသည်။

ရန်ကုန်မှ အမျိုးသမီးများသည် နေ့စဉ်နှင့်အမျှ ဘတ်စ်ကားများဖြင့်သာ အလုပ်သို့သွားလာခြင်းများရှိပြီး ထိုသို့ သွားလာနေရချိန်တွင် အမျိုးသမီးအများစုသည် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနှင့် အကြမ်းဖက်မှုများကို ကြုံ တွေ့နေကြရသော်လည်း တိုင်ကြားရန်၊ ထုတ်ဖော်ပြောဆိုရန် ရှက်ရွံ့စိုးရိမ်ကြသည်။

“အမျိုးသမီးတော်တော်များများက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတဲ့ အချိန်မှာ ထုတ်ဖော်ပြောဆိုဖို့ ရှက်ကြတယ်၊ ကြောက်ကြတယ်။ ထုတ်ဖော်ပြောဆိုလိုက်ရင် သူတို့ဘက်က ရပ်ပေးမယ့်သူ မရှိမှာစိုးတာရယ်၊ သူတို့ပြောလိုက်ရရင် သူတို့ပဲ ပြန်အရှက်ကြမှာကို ကြောက်ကြတယ်” ဟု မယဉ်မျိုးလှိုင်က ပြောပါသည်။
ထို့အတွက် မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနှင့် အကြမ်းဖက်မှုများကို လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ စတစ်ကာလှုပ်ရှားမှု (Sticker campaign) ကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်ဟု မယဉ်မျိုးလှိုင်က ရှင်းပြသည်။

ထိုလှုပ်ရှားမှုအနေဖြင့် မယဉ်မျိုးလှိုင်နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်များက ရန်ကုန်မြို့အတွင်း ပြေးဆွဲနေ သော YBS ကားအစီးရေပေါင်း (၆၀၀၀) ကျော်ကို အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးမှု ပညာပေး စတစ်ကာများ (၁၀)ရက်အတွင်း လိုက်လံကပ်ခဲ့ကြခြင်းဖြစ် သည်။

“ ဒါကောင်းတာလုပ်တာပဲ။ ကားစီးတဲ့သူတိုင်း ဒီစတစ်ကာတွေ မြင်သွားမယ်။ အမျိုးသမီးတွေအပေါ် အကြမ်း မဖက်ရဘူး။ လိင်ပိုင်းဆိုင်ရာမစော်ကားရဘူး။ ဥပဒေက ဘယ်လိုရှိတယ်ဆိုတာ သိသွားမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (Yangon Region Transport Authority –YRTA) မှ ကြီးကြပ်ရေး ဦးရဲဝင်းက ထိုလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောဆိုသည်။

ထိုသို့ YRTA ၏ ကားများပေါ်ကပ်ခြင်းအားဖြင့် ရန်ကုန်မြို့တွင် နေထိုင်သူများသာမက ရန်ကုန်မြို့၏ ဘေး ပတ်ဝန်းကျင်တွင် နေထိုင်ကြသောသူများပါ ပိုသိသွားပြီး ကားသမားတွေကအစ သိသွားကြမည်ဖြစ်သည်ဟု ဦးရဲဝင်းက ဆက်ပြောသည်။

“ ကားပေါ်မှာ မိန်းကလေးတွေ နှောက်ယှက်ခံရရင် ကားသမားတွေကို ပြောပြပါ။ မရှက်ကြပါနဲ့။ ကားသမား တွေလည်း မိန်းကလေးတွေကို ကိုယ့်နှမ၊ ကိုယ့်အမေ၊ ကိုယ့်အစ်မတွေလို သဘောထားပြီး ကူညီစောင့်ရှောက် ပေးကြပါ” ဟု ဦးရဲဝင်းက မိန်းကလေးများကို အားပေးရင်း တဆက်တည်း ကားမောင်းသူများကိုပါ တိုက်တွန်း လိုက်သည်။

ယခုလှုပ်ရှားမှုပြုလုပ်ခဲ့သည့် အကျိုးသက်ရောက်မှုအဖြစ် အနိမ့်ဆုံး လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုသည် ပြစ်မှု မြောက်သည်ဆိုသည်ကို လူအများသိရှိသွားမည်ဖြစ်ကြောင်း၊ ကျူးလွန်ခံရသည့်အမျိုးသမီးများကလည်း ထုတ် ဖော်ပြောဆိုရဲလာမည်ဖြစ်ကြောင်း မယဉ်မျိုးလှိုင်က သူတို့အဖွဲ့၏မျှော်လင့်ချက်ကို ပြောပြသည်။

“ အကြမ်းဖက်မှုတွေက ချက်ချင်းကြီး လျော့မနည်းသွားရင်တောင် တဦးတယောက်ချင်းက တဖြည်းဖြည်း ချင်းပြောင်းလဲလာမယ်ဆိုရင် ကျမတို့လုပ်ချင်တဲ့ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ ဖြစ်လာမှာပါ။ ဘယ်အရာမှ တော့ ချက်ချင်းကြီးပြုပြင်ပြောင်းလို့ မရဘူး။ အချိန်ယူပြီး အပြောင်းအလဲဖြစ်အောင်တော့ ကျမတို့က ဒီလို လှုပ်ရှားမှုတွေကို ဆက်လုပ်နေရမှာဖြစ်ပါတယ်။ ဒါမှသာ ပြောင်းလဲဖို့ဖြစ်လာမှာဖြစ်ပါတယ်” ဟု မယဉ်မျိုးလှိုင် က ယုံကြည်စွာပြောသည်။

ဆက်လက်ပြီး ရန်ကုန်မြို့နေ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် မကေသီက “ လိုင်းကားတွေ ပေါ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ ပညာပေးမှုတွေ အများကြီးလုပ်သင့်တယ်။ စတစ်ကာ ကပ်တာအပြင် ဟောပြောပွဲတွေကိုလည်း ကားတွေပေါ်မှာ ပြောရင်ကောင်းတယ်” ဟုပြောပါသည်။

“အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ အများဆုံးခံရတဲ့နေရာဟာ လိုင်းကား (ဘတ်)စ်ကားပေါ် ဖြစ်နေတဲ့အတွက် ဟောပြောပွဲတွေ၊ အမျိုးသမီးတွေကို အကြမ်းဖက်ရင် ဘယ်လိုဥပဒေတွေနဲ့ အရေးယူလို့ ရတယ်ဆိုတာတွေ အောက်ခြေဆင်းပြီး ပြုလုပ်ပေးရင်ကောင်းပါတယ်” ဟု သူမက ဆက်ပြောသည်။

“ ကျမတို့တွေမှာက အမျိုးသမီးတွေကို စနောက်ရင် တရားစွဲလို့ရတယ်ဆိုတာ မသိကြသလို တချို့ယောကျ်ား တွေက ပါးစပ်အရသာခံ စနောက်တာတွေလည်းရှိတယ်။ ကျမတို့ လိုင်းကားပေါ်မှာ မပြောနဲ့၊ ဘယ်နေရာမှ လုံခြုံမှု မရှိဘူး” ဟုလည်းဆိုသည်။

လိုင်းကားပေါ်တွင် အမျိုးသမီးများအကြမ်းဖက်မှုနှင့်ဆိုင်သော လှုပ်ရှားမှုများပြုလုပ်ပါက လိုင်းကား(ဘတ်စ်) စီးနေရသော အမျိုးသမီးများအတွက် လုံခြုံမှုရှိလာမည်ဟုလည်း မကေသီက ထပ်မံဖြည့်စွက်ပြောသော်လည်း တချို့ကားသမားများက ထိုသို့ စတစ်ကာကပ်သည်ကို လက်မခံကြောင်း၊ လက်ခံလာအောင် မနည်းပြောဆိုရ ကြောင်း မယဉ်မျိုးလှိုင်က သူတို့၏အတွေ့အကြုံကိုပြောပြသည်။

“ တချို့ကတော့ ဒီလိုလှုပ်ရှားမှုတွေ များများလုပ်ပေးနိုင်ရင် ကောင်းတယ်။ ဒါမှ လိုင်းကားတွေပေါ်မှာ လုံခြုံမှု တွေရှိလာမယ်လို့ပြောတယ်။ ဒါပေမယ့် တချို့ကတော့ သူတို့ကားတွေမှာ စတစ်ကာကပ်ဖို့တောင် လက်မခံတဲ့ သူတွေလည်း ရှိပါတယ်”

အခြေခံလူတန်းစားများမှာ တနေ့ဝင်ငွေ တနေ့စာ ရှာဖွေနေကြရသဖြင့် တခမ်းတနားလုပ်သည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲများ မတက်နိုင်ကြကြောင်း၊ ထို့ကြောင့် လူအများရှိသောနေရာဖြစ်သည့် ဘတ်စ်ကားပေါ် စတစ်ကာ ကပ်သောလှုပ်ရှားမှုများကဲ့သို့ အသိပညာပေးမှုတွေ ထပ်မံပြုလုပ်ပေးစေလိုကြောင်း အမှတ် (၃၅)ကားလိုင်းမှ ဂိတ်မှူး ဦးဝင်းလှိုင်ကလည်း ပြောဆိုပါသည်။

“ လိုင်းကားဆိုတာက လူမျိုးစုံ၊ အလွှာစုံ စီးကြတယ်။ အသက်အရွယ်အစုံဆိုတော့ ဒီလိုလှုပ်ရှားမှုတွေကို များများလာလုပ်သင့်တယ်။ ဒါမှ ပြည်သူတွေ ပိုသိမယ်” ဟု ဂိတ်မှူး ဦးဝင်းလှိုင်က ဆက်ပြောသည်။

လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေကို လူထုပိုသိရှိလာအောင် လှုပ်ရှားမှု (Campaign) တွေ၊ အသိပညာပေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ပြောဆို လိုက်သည်။

“ အကြမ်းဖက်မှုတွေဖြစ်လာရင် ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်သွားဖို့အတွက် သက်ဆိုင် ရာဌာနတွေကို စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်သွားမယ်။ ထိရောက်တဲ့ဥပဒေအကာအကွယ်တွေကိုလည်း ဒီ ထက်ပိုပြီး အသက်ဝင်လာအောင် လုပ်ဆောင်သွားဖို့ စည်းရုံးပြောဆိုသွားမယ်”

ဘတ်စ်ကားစီးခရီးသည်များအနေဖြင့် ယခုကဲ့သို့ ပညာပေးအစီအစဉ်ကို သဘောကျကြောင်း ပြောဆိုကြ သည်ဟု လှုပ်ရှားဆောင်ရွက်သူများက ဆိုကြသည်။

Author:

Related Articles