Home ဆောင်းပါး မုဒိမ်းမှုနဲ့ သဘောတူခွင့်ပြုချက်

မုဒိမ်းမှုနဲ့ သဘောတူခွင့်ပြုချက်

ခင်စုကြည်။ ။


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး ဥပဒေမူကြမ်းထဲမှာ အဓိက အရေးပါတဲ့ အချက်တစ်ခု ပါဝင်ခဲ့ပါတယ်။

အဲဒါကတော့ “သဘောတူညီချက်”ပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ မုဒိမ်းမှုတွေအတွက် ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ်တစ်ခု ဖြစ်လာမယ်လို့ဆိုရမှာပါ။

နိုင်ငံတော်တော်များများမှာလည်း မုဒိမ်းမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အလိုတူခြင်း၊ မတူခြင်းပေါ်မှာသာ အဓိကထား ဆုံးဖြတ်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ မုဒိမ်းမှုဥပဒေမှာတော့ မုဒိမ်းမှုကျူးလွန်နေတဲ့အချိန်မှာ အော်ဟစ် အကူညီတောင်းခဲ့တာမျိုး၊ ရုန်းကန်ငြင်းဆန်ခဲ့တာမျိုး ရှိခြင်း၊ မရှိခြင်းနဲ့ သက်သေတွေပေါ်မှာ အခြေခံ ဆုံးဖြတ်တာဖြစ်ပါတယ်။

အခု ဥပဒေမူကြမ်းထဲမှာပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုတာကတော့ သွေးဆောင်ဖြားယောင်းခြင်း၊ အဓမ္မတိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အနိုင်ထက်ပြုခြင်းဖြင့် အမျိုးသမီးရဲ့ “သဘောတူညီချက်” မပါပဲ လိင်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်တာကို ဆိုလိုတာပဲဖြစ်ပါတယ်။

● ဥပဒေမူကြမ်းထဲမှာ ပါဝင်တဲ့ သဘောတူညီချက်
“လွတ်လပ်သော သဘောဆန္ဒဖြင့်ပေးသည့် သဘောတူညီချက်” ကိုဆိုသည်။ သို့ရာတွင် အောက်ပါ အခြေအနေ တရပ်ရပ်အရ ပေးသော သဘောတူညီခြင်းမပါဝင်ရ။
(၁) သေစေမည် သို့မဟုတ် နာကျင်စေမည်ဟု ကြောက်ရွံ့အောင် ခြိမ်းခြောက်သဖြင့် သဘောတူညီခြင်း၊
(၂) အနိုင်ထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားခြင်းကြောင့် သဘောတူညီခြင်း၊
(၃) လက်နက်ကိုင်တပ်ဖွဲ့ဝင် ဖြစ်သဖြင့် သဘောတူညီခြင်း၊
(၄) မိမိအကျိုးနစ်နာမည်ကို စိုးရိမ်သောကြောင့် သဘောတူညီခြင်း၊
(၅) အကြောင်းအရာအမှန်ကို မသိသောကြောင့် သဘောတူညီခြင်း” တို့ဖြစ်ပါတယ်။

သဘောတူညီချက်ကို အခြေခံကာရေးဆွဲထားတာဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ဥပဒေတစ်ခုရဲ့ အနှစ်သာရ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက မှတ်ချက်ပြုပါတယ်။

Gender Equality Network ရဲ့ ဒါရိုက်တာဖြစ်သူ မမေစံပယ်ဖြူ ကတော့ “တောက်လျှောက်အမျိုးသမီးတွေဟာ ကိုယ်မုဒိမ်းကျင့်ခံရတာကိုတောင်မှ ကျမကို ဘယ်လို မုဒိမ်းကျင့်ပါတယ်ဆိုတာကို တရားရုံးမှာ ကျမတို့က သက်သေပြနေရတဲ့ အနေအထားဖြစ်နေတယ်။ အဲဒီတော့ ဒီအမျိုးသမီး သဘောတူလို့ ကျနော်သူနဲ့ အိပ်ခဲ့တာပါဆိုတာကို အဲဒီအမျိုးသားကရော ဒီအမျိုးသမီး သဘောတူကြောင်း ဘာနဲ့ သက်သေပြမှာလဲပေါ့။ အဲတော့ သဘောတူညီချက်က ဒီဥပဒေရဲ့ အနှစ်သာရပါပဲ။ အမျိုးသမီး သဘောတူ ကျေနပ် ခွင့်ပြုနေသရွေ့ အဲဒါပြစ်မှု မဟုတ်ပါဘူး။ အကယ်၍ အမျိုးသမီးက သဘောမတူ၊ ခွင့်မပြုခဲ့ဘူး၊ သဘောမတူ၊ ခွင့်မပြုမှန်းကို သိရက်နဲ့ ရှေ့ဆက်တိုးခဲ့မယ်ဆိုရင်တော့ အဲဒါ ပြစ်မှု ပါပဲ”

ဥပဒေမူကြမ်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ ၆ နှစ်နီးပါးကြာ ရေးဆွဲထားတာဖြစ်ပြီး ဥပဒေမူကြမ်းရေးဆွဲရာမှာ Gender Equality Network ကတော့ တွဲဖက်အထွေထွေ အတွင်းရေးမှူးအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂရဲ့ Gender Theme Group နဲ့အတူ အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စား Gender Equality Network က နိုင်ငံတကာက ဥပဒေပညာရှင်နဲ့ ပြည်တွင်းက ဥပဒေ ပညာရှင် ၂ဦးတို့ကို ပါဝင်စေခဲ့ပြီး ဥပဒေမူကြမ်းထဲမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဓိကမူကြမ်း စာသားတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို မှီငြမ်း ကိုးကားကာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့အသင့်တော်ဆုံးဖြစ်မယ့် မူကြမ်းတစ်ခုကို အတူတကွ ပူးပေါင်းရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

“ကျမတို့နိုင်ငံမှာ အခုချိန်ထိ သုံးနေတဲ့ ရာဇသတ်ကြီးက အမျိုးသမီးတွေ မုဒိမ်း ပြုကျင့်ခံရရင်တောင်မှ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးက ဒါဟာမုဒိမ်းမှုမြောက်ပါတယ် ဆိုတာကို သက်သေပြနေရတာ။ အဲတော့ ဒီဥပဒေရဲ့ အနှစ်သာရနဲ့ ကျမတို့ပြောတဲ့ သဘောတရားက ဘာလဲဆိုရင် ဒီအမျိုးသမီး သဘောတူလို့ လုပ်လိုက်ပါတယ်ဆိုတာကို ဘာနဲ့သက်သေပြမလဲလို့ ကျူးလွန်တဲ့သူကို တဖန် မေးခွန်းထုတ်စေချင်တာပါ” လို့ မမေစံပယ်ဖြူက ပြောပါတယ်။

သဘောတူညီချက်မပေးနိုင်တဲ့အခြေအနေနဲ့ သဘောတူညီချက်မပေးနိုင်သူများ
ဥပဒေမူကြမ်းထဲမှာ သဘောတူညီချက်နဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါဝင်ခဲ့ပေမယ့် သဘောတူညီချက်ပေးလို့မရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တိတိကျကျရှင်းလင်းထားတာမျိုး မပါဝင် တာကိုလည်း အမျိုးသမီးအဖွဲ့တွေက ထောက်ပြ ပြောဆိုကြပါတယ်။

မုဒိမ်းမှုကို အဓိကဆုံးဖြတ်မှာက သဘောတူညီချက်အပေါ် မူတည်ပြီး ပြစ်မူပြစ်ဒဏ် ချရမှာ ဖြစ်တာကြောင့် ဥပဒေမူကြမ်းထဲမှာ သဘောတူညီချက်နဲ့ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖြည့်စွက်ဖို့ လိုအပ်နေတာပါ။

“ဥပမာ အသက် ၅ နှစ်အရွယ် ကလေးလေးက ဦးဦးကိုချစ်လို့ သဘောတူတဲ့ကိစ္စကို ကလေးက သဘောတူလို့ သူလုပ်ပါတယ်လို့ ကျမတို့က တရားရုံးမှာ ငြင်းချက်ထုတ်လို့မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးသူငယ်ကို ပြုကျင့်တဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုတွေအားလုံးဟာ ကလေးသူငယ်က ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ရာဇဝတ်မှုသာလျှင်ဖြစ်တယ်။ အဲဒီတော့ ကျမတို့က သဘောတူ ခွင့်ပြုချက်မပေးနိုင်တဲ့ သူတွေ၊ သဘောတူခွင့်ပြုချက်ပေးတယ်လို့ ယူဆလို့ မရတဲ့အခြေအနေတွေရှိတယ်” လို့ မမေစံပယ်ဖြူကတော့ ထောက်ပြသွားပါတယ်။

မမေစံပယ်ဖြူ (ဒါရိုက်တာ – Gender Equality Network)
ဓါတ်ပုံ – ခင်စုကြည်

သဘောတူညီချက်မပေးနိုင်တဲ့ အသက်အရွယ်ဆိုတာကို တချို့သောနိုင်ငံတွေမှာ အသက် ၁၈နှစ်အောက် ရှိသလို၊ တချို့နိုင်ငံတွေမှာတော့ အသက် ၁၄နှစ်အောက် အရွယ်တွေကို သတ်မှတ်ထားပါတယ်။ ဒီအရွယ်တွေဟာ ကလေးသူငယ်ဖြစ်တဲ့အတွက် လိင်ဆက်ဆံဖို့ကို သဘောတူညီချက်ပေးနိုင်တဲ့ အရွယ်လို့ မသတ်မှတ်ထားသလို၊ တချို့သော ကိစ္စရပ်တွေမှာဆိုရင်တော့ အသက်အရွယ် အလွန်အမင်းကြီးရင့်သူတွေကို လည်း သဘောတူညီချက် မပေးနိုင်တဲ့သူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။

တချို့သောနိုင်ငံတွေရဲ့ ဥပဒေတွေမှာတော့ ကလေးသူငယ်၊ မသန်စွမ်းသူနဲ့ ဉာဏ်ရည်ချို့တဲ့သူတွေကို ပြုကျင့်တဲ့အမှုတွေဟာ မလျော်သြဇာသုံးပြီး ကျူးလွန်တာဖြစ်တဲ့အတွက် သာမန် မုဒိမ်းမှု ကျူးလွန်ခြင်းထက် ပိုမိုကြီးလေး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို သီးခြားခွဲခြားထားပါတယ်။

နောက်ထပ် သဘောတူညီချက် မပေးနိုင်တဲ့သူတွေထဲမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေ၊ ဥာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေနဲ့ မူးယစ်စေတဲ့ဆေးဝါးတွေကို တိုက်ကျွေးထားသူ ဒါမှမဟုတ် သတိမေ့မြောနေသူတွေကိုလည်း သဘောတူညီချက် မပေးနိုင်တဲ့သူတွေအဖြစ် သတ်မှတ်ထားပါတယ်။

ဒီလိုမျိုး တိကျစွာဖော်ပြထားတဲ့ သဘောတူညီချက် မပေးနိုင်တဲ့ အခြေအနေတွေနဲ့ သဘောတူညီချက် မပေးနိုင်သူတွေကိုတော့ အခုဥပဒေမူကြမ်းမှာ ဖော်ပြထားတာမရှိတဲ့အတွက် အမျိုးသမီးအဖွဲ့တွေဟာ သဘောတူညီချက်နဲ့ပတ်သက်တဲ့ ရှင်းလင်းတိကျတဲ့ ဖော်ပြချက်တွေပါဝင်ဖို့ ဆက်လက်လုပ်ဆောင်ဖို့ကြိုးစားနေကြပါတယ်။

ဥပဒေမူကြမ်းရေးဆွဲရေးမှာ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ အခရာအမျိုးသမီးအဖွဲ့ရဲ့ တည်ထောင်သူ မထားထားကတော့ “အမျိုးသမီးတွေနဲ့ပတ်သက်လို့ဝန်ဆောင်မှုပေးနေတဲ့ သူတွေနဲ့ တရားရေးဘက်က ဘက်တော်သားတွေလည်း သိမှာပါ။ နိုင်ငံတကာရဲ့စံချိန် စံနှုန်းနဲ့အညီ တချို့ဟာတွေထပ်ထည့်ဖို့လိုတာတွေရှိနေတယ်။ ဥပမာ အခုခေတ်မှာ ဆေးပေါင်းစုံပေါ်နေတာ လုံးဝမေ့ထားလို့မရဘူး။ လိင်စိတ်ကြွဆေးတွေက အခု လမ်းဘေးမှာတင် ဝယ်လို့ရနေတယ်။ အဲ့ဒီလိင်စိတ်ကြွဆေးတွေဟာ အရောင်မရှိဘူး။ အနံ့မရှိဘူး။ အရသာမရှိဘူး။ အရမ်းပြင်းတယ်။ သံဗူးအအေးတွေထဲကို ဆေးထိုးအပ်နဲ့ဖောက်ထည့်ထားရင်တောင်သိမှာမဟုတ်ဘူး။ ပီကေတွေ၊ ကော်ဖီတွေ ဒီလိုပေါ်နေတဲ့အချိန်မှာ ပန်းသီးတစ်လုံးထဲဆေးထည့်ထားရင် ပန်းသီးစားရင်းနဲ့ မူးမေ့တယ် ဒါမှမဟုတ် လိင်စိတ်ကြွလာတယ်ဆိုရင် ဦးနှောက်ကိုဆေးတစ်ခုခုက ဒါမှမဟုတ် မူးယစ်ဆေးက လွှမ်းမိုးထားလို့ ထိန်းချုပ်ထားလို့ ပေးလိုက်တဲ့ သဘောတူညီခွင့်ကို သဘောတူညီမှုလို့မမှတ်ယူရဘူး။ အဲဒါလေးကို သေသေချာချာလေးထည့်ဖို့လိုတယ်”

အခုလို မူးယစ်ကြောင့်ဖြစ်စေ၊ လိင်စိတ်ကြွဆေးတွေကြောင့် ဖြစ်စေ ဆင်ခြင်တုံတရား ကင်းမဲ့နေတဲ့ အခြေအနေမျိုးမှာ ပေးတဲ့ သဘောတူညီချက်တွေနဲ့ သတိမေ့မြောသူတွေကို၊ အကြမ်းဖက်တာတွေကိုလည်း ပင်ကိုယ် အကောင်းပကတိအတိုင်း လွတ်လပ်တဲ့ ဆန္ဒနဲ့ ပေးတဲ့ သဘောတူညီခွင့်ပြုချက်လို့ မယူဆကြောင်းကို ဥပဒေမူကြမ်းမှာ အကျယ်တဝင့် တိကျရှင်းလင်းစွာဖော်ပြပေးမှသာ လက်တွေ့မှာ ထိထိရောက် ရောက်ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

သဘောတူညီချက်ကို လွှဲပြောင်းခြင်းနဲ့ ရပ်ဆိုင်းခြင်း
သဘောတူညီချက်ဆိုတာ သဘောတူညီမှုရယူထားတဲ့ နှစ်ယောက်ကြားမှာတင်ထားရှိရမှာဖြစ်ပြီး တခြားသော တစ်စုံတစ်ယောက်ကို လွှဲပြောင်းပေးလို့မရတာပဲဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ သူ့မရဲ့ ချစ်သူအမျိုးသားနဲ့ဖြစ်စေ၊ တစ်ယောက်ယောက်နဲ့ဖြစ်စေ လိင်ဆက်ဆံဖို့အတွက် သဘောတူညီမှု ရရှိထားပြီးကာမှ အဲဒီအမျိုးသားဟာ လိင်ဆက်ဆံဖို့ သဘောတူညီချက်ကို တခြားသူတစ်ယောက်လွှဲပြောင်းတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

“သဘောတူညီချက်ကို လွှဲပြောင်းလို့ကို မရဘူး။ပိုက်ဆံပေးထားတာပဲလေတို့၊ ဒီနေရာမှာ ဒါလုပ်ဖို့ သဘောတူတာပဲလေတို့၊ ငါနဲ့မလုပ်ပဲ နောက်တစ်ယောက်နဲ့ လုပ်ဆိုတာမျိုးမရပါဘူး။ သဘောတူညီမှုကို လွှဲပြောင်းယူလို့မရပါဘူး။ အဲဒါလည်း အများကြီးရှင်းပြနေစရာ မလိုဘူး။ ဒါပေမယ့် ဒီလိုမျိုးတွေ ကျူးလွန်နေတဲ့အတွက် ထည့်ထားပေးရမယ်” လို့ မထားထားကပြောပါတယ်။

နောက်ထပ်တစ်ချက်ကတော့ သဘောတူညီချက်ကို အချိန်မရွေး ရုတ်သိမ်း ရပ်ဆိုင်းနိုင်တယ်ဆိုတာပါပဲ။ လိင်ဆက်ဆံဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမယ့်လည်း တစုံတခုကြောင့် လိင်ဆက်ဆံဖို့ကို ဆက်မလုပ်နိုင်တော့ကြောင်း ငြင်းဆိုလာရင်လည်း သဘောတူညီမှုကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ ဒီအချက်တွေဟာလည်း အခုဥပဒေမူကြမ်းတွေမှာ ပါဝင်ဖို့ လိုအပ်နေသေးတဲ့ အချက်တွေဖြစ်ပါတယ်။

မထားထား ( အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ)
ဓါတ်ပုံ – ခင်စုကြည်

ငြင်းခုန်နေရဆဲ သဘောတူညီချက်
သဘောတူညီချက်ဟာ အခုဥပဒေမူကြမ်းရဲ့ အရေးကြီးဆုံးအချက် ဖြစ်သလို မူကြမ်းရေးဆွဲရာ ကာလတလျှောက်ကနေ အခုချိန်ထိ သဘောတူညီချက်နဲ့ ပတ်သက်လို့ငြင်းခုန်နေရဆဲ ဖြစ်ပါတယ်။

ကာယကံရှင် အမျိုးသမီးဘက်က သဘောတူခဲ့တယ်၊ မတူခဲ့ဘူးဆိုတာကို ဘာနဲ့သက်သေပြမလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြစ်လာစေခဲ့ပါတယ်။

“အမျိုးသားတွေကလည်း ပြောကြတယ်။ အဲ့ဒီတုန်းက သူသဘောတူခဲ့ပြီး နောက်တော့မှ သူသဘောမတူပါဘူးလို့ အမျိုးသမီးက လိမ်ပြောခဲ့မယ် ဆိုရင်ရောပေါ့။ ဒါကတော့ နှစ်ဦးနှစ်ဖက်လုံးကို အပြန်အလှန် စဉ်းစားသင့်တဲ့ ကိစ္စပါ။ အမျိုးသမီး သဘောမတူပဲနဲ့လုပ်ခဲ့တဲ့ကိစ္စကို သူကလည်း အမျိုုးသမီး သဘောတူပြီး လုပ်ပါတယ်လို့ လိမ်ပြောလို့ရတာပဲလေ။ အဲဒီတော့ တကယ်သဘောတူခဲ့လား၊ မတူခဲ့လားဆိုတာကိုကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ပဲ ဆုံးဖြတ်ရမှာပေါ့။ တရားရုံးတွေမှာ ရုံးချိန်းတွေ မြောက်မြားစွာနဲ့ သက်သေတွေကိုစစ်တယ် ဆိုတာ အလကားမှ မဟုတ်ပဲ။ ရှိတဲ့ သက်သေ အထောက်ထားတွေနဲ့ သူ့ရဲ့ အမှုစစ်ဆေးတဲ့ ဖြစ်စဉ်အတိုင်း တရားသူကြီးကပဲ ဆုံးဖြတ်ရမှာဖြစ်နေပါတယ်။ တရားရုံးတောင် မရောက်သေးပဲနဲ့ အမျိုးသမီးက လိမ်တယ်၊ မလိမ်ဘူးဆိုတာကို ငြင်းခုန်ဖို့ရန် အတွက်ကတော့ စောလွန်းနေသေးတယ်လို့ ထင်တာပဲ” လို့ မမေစံပယ်ဖြူကတော့ တုံ့ပြန်ပြောဆိုထားပါတယ်။

နောက်ထပ် ငြင်းခုန်ချက်တစ်ခုကတော့ အမျိုးသမီးက သူမရဲ့ လင်ယောကျ်ားကို စိတ်ဆိုးလို့ဖြစ်စေ၊ နောက်ထပ် အသစ်တစ်ယောက်တွေ့လို့ဖြစ်စေ လီဆယ်တိုင်တန်းတာမျိုး လုပ်နိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ မမေစံပယ်ဖြူက လက်တွေ့ကျတဲ့ စဉ်းစားချက် မဟုတ်ဘူးလို့ ပြန်လည်ငြင်းချက် ထုတ်ခဲ့ပါတယ်။

“ကျမတို့ကို ငြင်းခုန်မှုတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ တကယ့်လက်တွေ့ ယုတ္တိရှိ၊ မရှိကို ပြန်စဉ်းစားစေချင်တယ်။ တကယ့်လက်တွေ့မှာ အမှု တစ်ခုဖြစ်တယ်ဆိုတာ အချိန်ရော၊ ငွေရော၊ အလုပ်အကိုင်တွေ အများကြီးပျက်ပြီးတော့ အမှုကို ရင်ဆိုင်ကြရတာ ဖြစ်တယ်။ တော်ရုံတန်ရုံ နစ်နာတဲ့သူတွေက တရားစွဲတဲ့ လမ်းကြောင်းကို မရွေးချယ်လိုကြပါဘူး။ အဲတော့ တကယ်မုဒိမ်းကျင့်ခံရတဲ့၊ တကယ်နစ်နာတဲ့ အမျိုးသမီးတွေ တောင်မှ အဲဒီလို အချိန်ကုန် လူပင်ပန်းပြီးတော့ နောက်ဆုံးမှာ ဘာမှမဖြစ်စလောက် အပြစ်ဒဏ်လောက်နဲ့ပဲ ပြီးသွားတဲ့ အမှုကိစ္စတစ်ခုကို တော်ရုံတန်ရုံက တရားတဘောင် မရင်ဆိုင်ချင်ကြပါဘူး။ ဒါက လက်တွေ့ပါ”

လိမ်လည်လီဆယ် တိုင်တန်းနိုင်တယ်ဆိုတဲ့ စဉ်းစားချက်တစ်ခုတည်းနဲ့ ဥပဒေထဲမှာ ထည့်သွင်း မရေးဆွဲခဲ့ဘူးဆိုရင် လက်တွေ့မှာ အကြမ်းဖက်ခံနေရတဲ့ အများစုသော အမျိုးသမီးတွေကို နစ်နာစေမှာ ဖြစ်တဲ့အပြင် အမျိုးသမီးတွေကိုလည်း အကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ မမေစံပယ်ဖြူက ဆိုထားပါတယ်။

လိုအပ်ချက်တွေရှိနေဆဲဖြစ်တဲ့ ဥပဒေမူကြမ်း
အမျိုးသမီးများအပေါ်အကြမ်းဖက်မှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း စတင်ရေးဆွဲခဲ့စဉ်က အချက်ပေါင်း ၂၀၀ ကျော်ပါဝင်ပြီး ယခု ဇန်နဝါရီလမှာ ထွက်ရှိလာတဲ့ မူကြမ်းထဲမှာတော့ အချက်ပေါင်း ၇၂ ချက်သာ ပါဝင်လာခဲ့ပါတယ်။

ဒါဟာ အမျိုးသမီးအဖွဲ့တွေနဲ့အတူ ဥပဒေကြမ်းရေးဆွဲစဉ်က ဆွေးနွေးထားကြတဲ့ မူကြမ်းထဲက သုံးပုံ တစ်ပုံ မျှသာ အကျုံးဝင်၊ ပါဝင်လာတာ ဖြစ်ပါတယ်။

“မူလအစ ဥပဒေမူကြမ်းထဲမှာ အကြမ်းဖက်မှု ပုံသဏ္ဍာန်အားလုံးကို ထည့်ပြီး လွှမ်းခြုံနိုင်တဲ့ ဥပဒေဖြစ်ဖို့အတွက် အသေးစိတ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့ မူကြမ်းမှာတော့ တော်တော်များများကို ချုံ့လိုက်တယ်ပေါ့။ ပိုပြီးတော့ တိုသွားအောင်၊ ကျစ်လစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချုံ့လိုက်တဲ့အခါမှာ ကျမတို့ နဂို မူလတုန်းက စဉ်းစားထားတဲ့ စဉ်းစားချက်တွေ ဆွေးနွေးချက်တွေ တော်တော်များများက မလွှမ်းခြုံတော့ဘူးဖြစ်သွားတာပေါ့။ အဲတော့ တချို့တော်တော်များများက အဓိပ္ပါယ်အပြည့်အဝ မပါတော့ဘူး။ နားလည်မှုလွဲစရာတွေ၊ ကိုယ်လိုရာ ကိုယ်ဆွဲပြီးတွေးလို့ရတာတွေ အများကြီးပဲ။ ဟာကွက်တွေ ဖြစ်လာတာပေါ့” လို့ မမေစံပယ်ဖြူက ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးအဖွဲ့တွေအနေနဲ့ ဒီဥပဒေမူကြမ်းအပေါ်မှာ ဖြည့်စွက်အကြံပြုချက်ပေါင်း ၂၈ ချက်ကို အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီးဖြစ်ပါတယ်။ အဲဒီ ၂၈ ချက်ကို ထည့်သွင်းစဉ်းစားပြီး ပြောင်းလဲပြင်ဆင် ရေးဆွဲပေးခဲ့မယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ဥပဒေတစ်ရပ် ဖြစ်လာမယ်လို့ ယုံကြည်ထားကြပါတယ်။

အခုချိန်မှာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ကို ပေးပို့ထားပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့မှာ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပြီး သဘောထားကွဲလွဲမှုတွေ မရှိရင်တော့ ပြည်ထောင်စုလွှတ်တော်ကို ဆက်တက်ဖို့သာ ကျန်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေတစ်ရပ် ပေါ်ထွက်လာဖို့ကတော့ အချိန်အတိုင်းတာတစ်ခုထိ စောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။

“ပွင့်လင်းမြင်သာမှုရှိစွာ ဖြစ်စဉ်တောက်လျှောက်ကို ပြည်သူလူထုပါ သိနေဖို့၊ ပါနေဖို့အရေး ကြီးတယ်။ ကျမတို့အတွက် ဥပဒေကတော့ လက်ထဲရောက်လာပြီ။ ကျမအတွက်ဆို ဒီဥပဒေသည် မရှိလည်းဖြစ်တယ်။ ဒါပေမယ့် ကျမသမီးအတွက် ဒီဥပဒေကောင်းကောင်းရှိမှ ကျမသမီးဘဝလုံခြုံမယ်၊ ကျမ မျက်စိမှိတ်ရတာ ရင်အေးမယ်။ မဟုတ်ရင် ကျမသမီး အနိုင်ကျင့်ခံရမလား၊ ကျမသားကရော သူများကို အနိုင်ကျင့်တဲ့သူ ဖြစ်နေမလား ဆိုတာ စိုးရိမ်ရတယ်။ အမျိုးသားတွေကိုရော၊ အမျိုးသမီးတွေကိုရော ပြောချင်တာက ဒီဥပဒေကို ကြည့်ကြပါ။ အကြံပြုချက်တွေ ပေးပို့ကြပါ။ နားမလည်တာတွေရှိရင်လည်း ထုတ်ဖော်ပြောဆိုကြပါ” လို့ မထားထားကတော့ တိုက်တွန်းထားပါတယ်။

ဥပဒေမူကြမ်းထွက်လာပြီးဖြစ်တာကြောင့်၊ ဒီဥပဒေမူကြမ်းအပေါ် အကြံပြုချက်တွေကို ပေးပို့နိုင်တယ်လို့ ပါရှိတာကြောင့် အမျိုးသမီးအရေး လှုပ်ရှားနေသူတွေသာမက ပြည်သူလူထုအနေနဲ့လည်း ဥပဒေကို ဖတ်ရှုလေ့လာပြီး လိုအပ်တဲ့ အကြံပြုချက်တွေကို ပေးပို့မှသာ မြေပြင်မှာ အမှန်တကယ်လိုအပ်နေတဲ့ ထိရောက်တဲ့ ဥပဒေတစ်ရပ် ဖြစ်လာမယ်လို့ အမျိုးသမီးအဖွဲ့တွေကတော့ တိုက်တွန်းထားပါတယ်။

Author:

Related Articles