Home ဆောင်းပါး ကရင်နီပြည်ကတော်လှန်ရေးစစ်သမီး

ကရင်နီပြည်ကတော်လှန်ရေးစစ်သမီး

ခွန်း ။ ။

“ ငါတို့သည် ပြည်သူလူထုမှကျွေးသော ထမင်းနှင့်ဟင်းကို စားသုံး၍ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါမည်”

ညာဖက်လက်ကို ဘယ်ဖက်ရင်ဘတ်ပေါ်တွင်တင်ထားပြီး အထက်ပါထမင်းစားသစ္စာကို ကျယ်လောင်စွာရွတ်၍ ရင်ဘတ် ကြီး အားဟန်ချက်ညီညီသုံးချက်တီးပြီးသည်နှင့် မြိန်ရေရှက်ရေ ထမင်းစားသောက်နေကြသည့် ရဲဘော်များထဲတွင် မသူဇာ (အမည်လွဲ) လည်းအပါအဝင်ဖြစ်သည်။

မသူဇာအပါအဝင် မတူညီသည့်နေရာဒေသများမှ လူငယ်များသည် အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင်ဆန့်ကျင်ကြရန် မြန်မာနိုင်ငံအရှေ့ဘက်ရှိ တောင်တန်းများထူထပ်သည့် ကရင်နီပြည် (ကယားပြည်နယ်)ထဲတွင် စုဝေးနေကြခြင်းဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးအတွက် ပေးဆပ်ချင်သည့် စိတ်တခုတည်းကသာ သူတို့အားဤနေရာသို့ရောက်ရှိလာအောင် ဆွဲ ခေါ်ခဲ့ခြင်း ဖြစ်သည်။

ခက်ခဲပင်ပန်းသော်လည်း ယုံကြည်ရာဆီသို့ဆက်ပြီးချီတက်မည့် ရဲဘော်များ၏ထမင်းတနပ်သည် ပြည့်စုံခြင်းမရှိသော် လည်း ရှေ့ဆက်မည့်ခြေလှမ်းများအတွက်အားအင်ဖြစ်စေသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် မသူဇာသည် ကယားပြည်နယ်အတွင်းမှ သပိတ်စစ် ကြောင်း များတွင် နေ့စဉ်ဆိုသလို ပါဝင်ခဲ့သည်။ ဒေသခံအချို့က ကရင်နီပြည်ဟုခေါ်ကြပြီး မြန်မာအစိုးရ အဆက်ဆက်က ကယားပြည်နယ်အဖြစ် သတ်မှတ်ထားသည့် ဒေသသည် စစ်ကောင်စီကို အပြင်းထန်ဆုံးဆန့်ကျင်သည့် နေရာများအနက်မှ တခုဖြစ်သည်။

စစ်အာဏာရှင်စနစ်အားလုံးဝမကြိုက်သည့် ကယောလူငယ်အမျိုးသမီး တဦးအနေဖြင့် အစပထမပိုင်းတွင် အကြမ်း မဖက် သည့် နည်းလမ်းကိုဆွဲကိုင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်။ သို့သော်လည်း စစ်ကောင် စီတပ်သားများက ရက်ရက်စက်စက် ပစ်ခတ်မှုများကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် ပြည်သူများသည် ကရင်နီဒေသ အပါအဝင် နိုင်ငံအနှံ့တွင် အသက်စွန့်ခဲ့ကြရသည်။

အာဏာသိမ်းပြီး နှစ်လပြည့်သည့်အထိ မည်သည့်ထူးခြားမှုများမရှိသည့်အတွက် နောက်ဆုံးတွင် လက်နက်ကိုင်တိုက်ပွဲဝင် ရန် ဆုံးဖြတ်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထဲသို့ဝင် ရောက်ခဲ့ခြင်း ဖြစ်သည်။

“သပိတ်စစ်ကြောင်းမှာ လူငယ်တွေကိုဖမ်းတယ်။ ဦးဆောင်တဲ့သူတွေကိုဖမ်းတယ်။ အိမ်မှာလည်း မနေရဲတော့ဘူး” ဟု မသူဇာက ပြောသည်။

မသူဇာသည် အမျိုးသမီးတစ်ဦးဖြစ်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ် ထဲဝင်ရောက်ဖို့ရန် ဆုံးဖြတ်ချက်ကို မိသား စုများက သဘောမတူခဲ့ကြ။

Photo Credit – ခွန်း

“ပထမအကြိမ်ခွင့်တောင်းတယ် ခွင့်မပြုဘူး၊ ဒုတိယအကြိမ်ခွင့်တောင်းတယ် ခွင့်မပြုဘူး။ ဒါကြောင့် တတိယအကြိမ်မှာ အဝတ်ထုတ်ကိုဆွဲပြီးမနက် (၆) နာရီကတည်းကထွက်လာလိုက်တယ်” ဟု သူမပထမဦးဆုံး ရင်ဆိုင်ကြုံတွေ့ရသည့် အခက် အခဲအားပြောပြနေခြင်းဖြစ်သည်။

မသူဇာနှင့်အတူ အခြားအမျိုးသား (၆) ဦးခန့်သည် လမ်းခရီးတလျှောက် ခက်ခက်ခဲခဲကျော်ဖြတ်၍ မရောက်ဖူးသည့် နေရာ ဒေသတစ်ခုဆီ သွားရောက်ခဲ့ရသည်။ မြူခိုးများပတ်ပတ်လည် ဝန်းရံထားသည့် လေ့ကျင့်ရေးစခန်းဆီသို့စတင် ရောက်ရှိ သည့် အချိန်တွင် အမျိုးသမီးဟူ၍ သူတစ်ဦးတည်းသာရှိခဲ့သည်။

“သင်တန်းသားထဲမှာ မိန်းကလေးဆိုလို့ ကိုယ်တစ်ယောက်ထဲဘဲရှိတယ်။ သုံးရက်မြောက်တဲ့နေ့မှာတော့ မိန်းကလေးတွေ ထပ်ရောက်လာတော့ အရမ်းပျော်သွားတယ်” ဟုဆိုသည်။

ထိုစခန်းထဲမှာပင် မသူဇာတို့သည် အခြေခံစစ်ပညာကိုသင်ကြားခဲ့ကြသည်။ အခြေခံစစ်ပညာသင်ပြီးသည့်နှင့် အိမ်ကိုတစ် ရက် ပြန်ခွင့်ရသည့်အတွက် သူမနေအိမ်လေးထံ ခဏသာအလည်ပြန်ခဲ့သည်။ ခွင့်ရက်ရ၍ အိမ်ပြန်လာသည့်အချိန်တွင် လည်း စစ်ကောင်စီတပ်သာများဖမ်းဆီးခံရမည့်ဘေးနှင့်လည်း ကြုံခဲ့ရသေးသည်။

ထိုနေ့က စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ချက်ခြင်းမြို့ထဲမှ ထွက်ရန်ပြင်ဆင်ခဲ့ရသည်။ အဒေါ်ဖြစ်သူနှင့် တူဝရီးနှစ်ယောက်သား ဆိုင်ကယ်စီးလာစဉ် မီးပွိုင့်တခုတွင် စစ်သားများနှင့်တွေ့ကြုံခဲ့ရကြောင်းကိုလည်း ပြောပြခဲ့သည်။

“ဆိုင်ကယ်မောင်းပြီးသွားတဲ့အချိန်မှာ စစ်သားတွေက ကျမတို့ကိုတားတယ်။ အခြားသူတွေကိုမတားဘူး။ စစ်သားတွေ လာဝိုင်းတာအများကြီးဘဲ။ ငါအဖမ်းမခံနိုင်ဘူးဆိုတဲ့စိတ်နဲ့ ဆိုင်ကယ်ကိုမောင်းပြေးခဲ့တယ်။” ဟုလည်း ရင်ဆိုင်ကြုံတွေ့ရ သည့် ဆိုးဝါးသည့်အခြေအနေတစ်ခုအား သေချာစွာရှင်းပြနေခြင်းဖြစ်သည်။ သူ၏ဖုန်းထဲတွင် မှတ်တမ်းဓာတ်ပုံအချို့ လည်းရှိနေသည့်အတွက် အစစ်ဆေးမခံဘဲ လွတ်အောင်ပြေးထွက်ရခြင်းလည်း ဖြစ်ကြောင်းထပ်မံပြောပြခဲ့သည်။

စခန်းပြန်ရောက်သည်နှင့် မွမ်းမံသင်တန်းအားထပ်တက်ခဲ့ရသည်။ ထိုမွမ်းမံသင်တန်း တက်ရောက်သည့်အချိန်မှစ၍  အိမ်နှင့် ခွာခဲ့သည်မှာ နှစ်ဝက်ခန့်ပင် ရှိနေပြီဖြစ်ကြောင်း ပြောပြခဲ့သည်။

အာဏာသိမ်းမှုဖြစ်ပွားပြီး (၂) လကြာအထိ သပိတ်စစ်ကြောင်းများတွင်ပါဝင်ခဲ့သော မသူဇာအဖြစ်မှ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF တပ်သားအဖြစ် ရောက်လာခဲ့ရသည့် သူ၏ဘဝက ခက်ခဲပင်ပန်းခဲ့ကြောင်း မသူဇာကပြော သည်။ သို့သော်သူရင်ဆိုင်နေရသည့် အခက်အခဲများက ကရင်နီပြည်သူတွေလွတ်မြောက်ရေးအတွက် ဟူသည့်ခံယူချက်ဖြင့် ကြိုးကြိုးစားစား ရှင်သန်ခဲ့ရသည်။

Photo Credit – ခွန်း

တောင်တန်းနှင့်သစ်တောများ ထူထပ်သည့် ကရင်နီဒေသသည် မြေပြန့်ဒေသများထက် အအေးပိုသလို မုတ်သုန်ရာသီဥတု လဲရှိသည်။ မသူဇာတို့ တောတွင်းစစ်သင်တန်းများတက်ချိန်က မိုးရာသီဖြစ်သည့်အတွက် စိုစွတ်အေးမြသည့် ရာသီဥတုနှင့် လည်း ကြုံခဲ့ရသည်။ တောတွင်းရာသီဥတုက လွန်စွာအေးနေသည့်အတွက် ရေခဲသေတ္တာထဲဝင်ပြီး ပြန်ထွက်လာရသကဲ့သို့ ခံစားရကြောင်း သူကတင်စားပြောဆိုသည်။

“မိုးအရမ်းရွာတဲ့ရက်တွေဆိုရင် ရေပေါ်မှာဘဲထမင်းတွေချက်ရတယ်။ ထမင်းမကျက်ဘဲစားရတဲ့ ရက်ဆိုလည်းမနည်း တော့ ဘူး။ မိုးကာလည်းအလုံအလောက်မရှိတဲ့အတွက် မိုးရွာတဲ့ညတွေဆိုရင် အိပ်ရင်လည်း မိုးကာ အောက်မှာရေ တွေရှိတယ်။ အပေါ်ဖက်ကနေလည်း မိုးရည်တွေစီးကျလာတယ်” ဟုဆိုသည်။

ထို့အပြင် မသူဇာသည် စိုစွတ်တောထဲတွင်နေထိုင်ရသည့်အတွက် ကျွတ်ကောင်များ မကြာခဏကိုက်ခံရသည်။ ထိုပင်ပန်းမှု ထိုအခက်ခဲများအားလုံးသည် ပြည်သူလူထုအတွက် ပေးဆပ်နေခြင်းဖြစ်ကြောင်း ခံယူထားသည့်အတွက် ရေပေါ်အိပ်ရင် လည်း အိပ်ပျော်သည်ဟုဆိုသည်။ နောက်ပိုင်းတွင် အလှူရှင်များ၏ ပံ့ပိုးကူညီမှု တွေကြောင့်လည်း နေထိုင်စားသောက်ရ သည်မှာ ပိုမိုအဆင်ပြေလာသည်။

အတွေ့အကြုံမရှိသည့် အမျိုးသမီးတစ်ဦးအနေဖြင့် လေ့ကျင့်ရေးပိုင်းတွင်များစွာ အခက်ခဲရှိခဲ့သော်လည်း အမျိုးသားများ လုပ်ဆောင်နေသည့်အတိုင်း လုပ်နိုင်ရမည်ဟုသည့် စိတ်ဖြင့်ကြိုးစားခဲ့ရသည်။ အခြေခံစစ်ပညာသင်တန်းတွင်များစွာ မခက် ခဲသော်လည်း မွမ်းမံသင်တန်းတွင် ပိုမိုခက်ခဲကြောင်းကိုလည်းရှင်းပြပေးခဲ့သည်။

“ကြိုးနဲ့သစ်ပင်ပေါ်တက်တဲ့နည်းတွေ လေ့ကျင့်ရတယ်။ မြောင်းကျဉ်းကျဉ်းလေးကိုလည်း ခက်ခက်ခဲခဲ ဖြတ်ကူးရတယ်။ ကြိုးတန်းပေါ်သွားရတဲ့အချိန်လည်းရှိတယ်။ အဲ့ဒီအချိန်ဆိုရင် ရင်ဘတ်တွေ လည်ပင်းတွေမှာ ပွန်းပဲ့ကုန်တယ်” ဟုဆိုသည်။

ရာသီဥတုမည်မျှပင် အေးစက်နေသော်လည်း မနက်အစောကြီးထ ဘောင်းဘီတို၊ အင်္ကျီလက်တိုလေးဝတ်ပြီး လေ့ကျင့်ရေး ကွင်းဆီသို့ သွားရောက်လေ့ကျင့်ခဲ့ရသည်။ နောက်ကျလျှင်ဒိုက်ထိုးရသည့်အတွက် ခွဲမှူး၏ ဝီဇီမှုတ်သံကြားသည်နှင့် လေ့ ကျင့်ရေးကွင်းဆီသို့ ရောက်အောင်သွားခဲ့ရသည်။ ရဲဘော်ဟူသည့် အတွက် တစ်ဦးတစ်ယောက် စည်းကမ်းဖောက် ဖျက်ပါ က အားလုံးဆုံးမခံရသည်၊ အားလုံးလည်း အပြစ်ဒဏ်ပေးခံရသည်ဟုလည်း ဆိုသည်။ သူမရောက်ရှိနေသည့် စခန်းထဲတွင် လေ့ကျင့်ရေးလုပ်ရာတွင် အမျိုးသားအမျိုးသမီး တန်းတူလေ့ကျင့်ခဲ့ရသလို၊ ထမင်းဟင်းချက်ပြုတ်ရာတွင်လည်း တာဝန်ကျ အမျိုးသား၊ အမျိုးသမီးများသည် စခန်းထဲရှိ ရဲဘော်များအားလုံးအတွက် အတူတကွချက်ပြုတ်ပေးကြရသည်။

လေ့ကျင့်ရေးစခန်းထဲတွင် နံနက် ၅နာရီခွဲကတည်းကပင် အိပ်ယာထ၊ အဝတ်အစားလဲပြီး တောင်ပေါ်သို့ပြေးတက် ရသည်။ လေ့ကျင့်ရေးကွင်းဆီသို့လည်း နေ့စဉ်သွားနေရသည့်အတွက် ပင်ပန်းသော်လည်း သူမကိုယ့်ကိုကိုယ် ကျေနပ်နေမိသည်။ တစ်ခါတစ်ရံ အိမ်မှာနေရသည့်အချိန်ကို ပြန်လည် အမှတ်ရမိ သည်ဟုလည်းဆိုသည်။

မသူဇာသည် အသက် (၂၁) အရွယ်အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ ငယ်စဉ်ကတည်းကပင် မိဘနှစ်ပါးကွဲကွာ သွားခဲ့ကြ သည့်အတွက် မိခင်ဖြစ်သူနှင့်အတူနေထိုင်ခဲ့ရသည်။ မိခင်မရှိတော့သည့် နောက်ပိုင်းတွင် ဖခင်ဖြစ်သူမှ သူမအား ပြန်လည် ဆက်သွယ်လာခဲ့သည်။ ထိုအချိန်တွင်သူမအသက် (၁၆) နှစ်ပင်ရှိနေပြီဖြစ်သည်။ နှစ်များစွာဝေးကွာခဲ့ ရသည့် ဖခင်ဖြစ်သူနှင့် အဆက်အသွယ်ပြန်ရသော်လည်း တစ်ခါတစ်ရံသာ ဖုန်းပြောဖြစ်သည်ဟု လည်းဆို သည်။

Photo Credit – ခွန်း

“အိမ်ကိုလည်းဖုန်းဆက်ချင်ပေမယ့် အိမ်မှာဖုန်းပြောစရာလူမရှိဘူး။ အဖေကလည်းရပ်ဝေးမှာဘဲရှိတယ်။ ရှိနေတဲ့ညီမလေး ကို လည်း ဖုန်းဝယ်မပေးနိုင်ဘူး၊ ပြောချင်ရင်တောင် ဘေးအိမ်ကအဒေါ်ကြီးကနေတစ်ဆင့်ခေါပြီး ပြောရတယ်” ဟုဆို သည်။

ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့်အတူ ရွေးချယ်ခဲ့သည့်အတွက် စခန်းရောက်သည့်အချိန် ကတည်းကပင် ယခုချိန်ထိ နောင်တ မျက်ရည်ကျခဲ့သည့်အချိန်လည်းမရှိခဲ့ပေ။ သူမရောက်ရှိနေသည့် စခန်းထဲတွင် အမျိုးသမီးများအပြင် LGBT များသည်လည်း ကျရာအခန်းကဏ္ဍတွင် ပါဝင်တော်လှန်နေကြသည်။ ရှေ့တန်းရောက် ရဲဘော်များအတွက် ရိက္ခာများ ပြင်ဆင်ပေးရသည့် အပြင် ကျည်ဆန်များလိုအပ်ပါက သယ်ယူပို့ဆောင်ရေး လည်းလုပ်ဆောင်ပေးရသည်။

“တခြားသောအမျိုးသမီးကိုလည်း ဆွဲခေါ်ချင်တယ်၊ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကာကွယ်ဖို့ စစ်ပညာကို လာပြီး သင်ယူသင့်တယ်” ဟု မျှော်လင့်ချက်နှင်အတူပြောပြလာခဲ့သည်။

မသူဇာနှင့်အတူအခြားသော ရဲဘော်များသည် စစ်ရေးလေ့ကျင့်မှုများအပြင် အားလပ်သည့်အချိန်များတွင် စစ်ဘေးရှောင် ကလေးများအား စာသင်ပေးနိုင်ဖို့ရန်အတွက် ကြိုးစားကြသည်။ သင်ထောက်ကူများစွာ လိုအပ်ချက်ရှိသော်လည်း ကျောင်း နား ထားရသည့် ကလေးများ၏ ပညာရေးအတွက်အပြင် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးနိုင်ရန်အတွက်ရောက်နေသည့်နေ ရာ၊ ရှိနေသည့်အရပ်မှ ကလေးများအား သင်ကြားပေးနေခြင်းဖြစ်သည်။

မသူဇာနှင့်အတူ ကလေးများအားစာသင်ကြားပေးနေသည့် ရဲဘော်များထဲမှာမှ ရဲမေ မဇာခြည်(အမည်လွဲ)သည် ကလေး အပေါ်ထားသည့် သူမ၏ရည်မှန်းချက်အား ယခုလိုပင်ပြောပြလာခဲ့သည်။

“ကျွန်မတို့က စစ်တိုက်ရတဲ့သူတွေဖြစ်တယ်၊ဒါပေမယ့် ကျွန်မတို့ရဲ့ကလေးတွေကိုဆက်ပြီး စစ်မတိုက်စေချင်ဘူး၊ ပြန်လည် ထူထောင်ရေးကာလမှာ ပညာရေးဖက်ကိုပဲတိုးတက်စေချင်တယ်၊ ကျွန်မတို့ရဲ့မျိုးဆက်သစ် ကလေးတွေကို ပညာရေးကိုပဲ လက်ဆင့်ကမ်းမယ်” ဟုဆိုသည်။

“ စစ်တိုက်တာက ကျွန်မတို့ရဲ့မျိုးဆက်မှာပဲ နောက်ဆုံးဖြစ်ချင်ပါတယ်” ဟုလည်း မဇာခြည် ကဆိုသည်။

Author:

Related Articles