Home ဆောင်းပါး အရိုးကွဲအောင်ရိုက်တာ အသည်းစွဲအောင်ချစ်ဖို့တဲ့လား

အရိုးကွဲအောင်ရိုက်တာ အသည်းစွဲအောင်ချစ်ဖို့တဲ့လား

ခင်စုကြည်။ ။

“အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်မယ်” ဆိုတာ ကိုယ်လက်ထပ်ထားတဲ့ အမျိုးသမီးကို အိမ်တွင်းအကြမ်းဖက်တဲ့သူတွေက ဆင်ခြေပေးတဲ့စကားအဖြစ် မဖြူဖြူကယူဆပါတယ်။

“ကျမကတော့ ချစ်တဲ့အနောက်မှာ အဲ့လို ရိုက်နှက်မှုဆိုတာ မရှိဘူးလို့ ကျမ ထင်ပါတယ်” လို့ ခင်ပွန်းဖြစ်သူရဲ့ ရိုက်နှက် နှိပ်စက်တဲ့ ဒဏ်တွေကို ၁၄ နှစ်ကျော်ကြာ ခါးစည်းခံခဲ့ရတဲ့ သူက ပြောပါတယ်။

‘ဘယ်အချိန်ကတည်းက အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်မှုတွေကို စတင်ကြုံတွေ့ခဲ့တာလဲ’ ဆိုတဲ့ မေးခွန်းမေးချိန်မှာတော့ မဖြူဖြူ(အမည်လွှဲ)က ခဏလောက်ငြိမ်ကျသွားပြီး …

“သူ ကျမကို ဓားနဲ့ထောက်ပြီး ခေါ်သွားကတည်းပါပဲ” လို့သက်ပြင်းတစ်ချက်ချကာ ပြန်ဖြေခဲ့ပါတယ်။

အိမ်ထောင်မကျခင်တုန်းက မဖြူဖြူဟာ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အလုပ်ရုံတစ်ခုမှာ အလုပ်လုပ်နေပြီး မနက် ၆နာရီကျော်ဆို အလုပ်သွားဖို့ လမ်းထိပ်ကနေ ကားစောင့်စီးလေ့ရှိပါတယ်။ ဒါကို သိနေတဲ့ အမျိုးသားတစ်ယောက်က အသင့်ယူဆောင်လာတဲ့ ဓားကို ဂျာကင်အင်္ကျီထဲဝှက်ကာ မဖြူဖြူကို ဓားနဲ့ထောက်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

” ကျမနဲ့ အတူအလုပ်လုပ်တဲ့ အစ်မတစ်ယောက်ရဲ့သူငယ်ချင်း။ သူနဲ့ခင်တာ ၂လ လောက်ပဲရှိမယ်။ သူ့ပုံစံကလည်း ကျမ ကြိုက်တဲ့ပုံစံမဟုတ်ဘူး။ ခေါ်သွားတဲ့ညကတည်းက ကျမကို ကင်ပွန်းချဉ်ရွက် ဟင်းတွေနဲ့ လောင်းတယ် ကျမကထမင်းမစားတော့။ ကျမလည်း မလိုချင်ပဲနဲ့ ကြုံခဲ့ရတာဆိုတော့” လို့ မဖြူုဖြူကပြောပါတယ်။

ဒီအဖြစ်အပျက်တွေကတော့ ၂၀၀၁ ခုနစ်နှစ် သင်္ကြန်ကာလမြန်မာ နှစ်ဆန်း ၂ရက်နေ့မှာ ကြုံတွေ့ခဲ့ရတဲ့ မဖြူဖြူရဲ့ အဖြစ်အပျက်ပါ။ တပတ်ခန့် ကြာသည်အထိ သူမကိုခေါ်ဆောင်သွားတဲ့ သူရဲ့ အိမ်မှာ နေခဲ့ရပါတယ်။

“ကလေးမရခင်တုန်းကကျတော့ တစ်လင်တစ်မယားပဲ ကောင်းပါတယ်ဆိုပြီးနေခဲ့တယ်။ ကွဲဖို့ကွာဖို့ကျတော့လည်းရှက်ဖို့ကောင်းတယ်လို့ထင်မိခဲ့တယ်။ ပြီးတော့ ကျမအိမ်ကို ပြန်လာအပ်တော့ အမေကလည်း နေစရာမရှိရင် အိမ်မှာပဲနေဆိုတာနဲ့ အိမ်မှာပြန်နေတယ်”

“အစတုန်းကကျတော့လည်း မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ပေါ့။ ရှက်လို့ဆိုပြီး ငြိမ်နေခဲ့မိတယ်။ နောက်တော့ ကလေးရသွားတော့လည်း ကလေးကို မိဘအစုံနဲ့ထားချင်တယ်။ ကျမရဲ့ အဖေက ကျမ ၉လတည်းကဆုံးသွားတာလေ။ ကိုယ်က ကလေးကို မိဘအစုံအလင်ဖြစ်စေချင်တယ်” လို့ သူမ အိမ်ထောင်သည်ဘဝကို ရွေးချယ်ခဲ့ရပုံကို ပြန်လည်ပြောပြပါတယ်။

မဖြူဖြူဟာ အသက် ၂၅ နှစ်မှာ အိမ်ထောင်ကျခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးချိန်ကစလို့ သူ့မရဲ့ ခင်ပွန်းဖြစ်သူဟာ စိတ်အလိုမကျတိုင်း သူမကို ရိုက်နှက်တာ၊ အိမ်အပြင်ကို ထုတ်ထားတာတွေလည်း ပြုလုပ်လေ့ရှိပါတယ်လို့ သူကပြောပါတယ်။

“ကျောကုန်းကိုဆိုလည်း ဓားနဲ့ ပေါက်တယ်။ ပေါင်မှာဆိုလည်း မှိန်းတွေနဲ့ထိုးထားတာတွေရှိတယ်။
နောက်ဆုံးတစ်ခေါက်တုန်းကဆို ညာဘက် ပုခုံးကိုသစ်သားထိုင်ခုံနဲ့ ထုတယ်” လို့ သူမရဲ့ ပုခုံးပေါ်က ဒဏ်ရာတွေကို မှတ်တမ်းအဖြစ် ယူထားတဲ့ ဓာတ်ပုံတွေကို ပြရင်းပြောပါတယ်။

တခါတရံ မဖြူဖြူရဲ့ ရှည်လျားလှတဲ့ ဆံပင်တွေကို လက်မှာ ရစ်ခွေပြီး ၁၅ပေ ခန့်ကျယ်ဝန်းတဲ့ ဧည့်ခန်းမှာ တရွတ်တိုက်ဆွဲတာတွေပြီး နှိပ်စက်တာတွေကိုလည်း သူမရဲ့ ခင်ပွန်းက ပြုလုပ်လေ့ ရှိပါတယ်လို့ ဆိုပါတယ်။

“မိုးချုပ်မှာကို ကြောက်နေရတယ်။ မိုးချုပ်ရင် ပြသာနာတစ်ခုမဟုတ် တစ်ခုဖြစ်နေရတယ်။
စိုးရိမ်စိတ်နဲ့ နေနေရတယ်။ ပျော်လည်း မပျော်တော့ဘူး” လို့ မဖြူဖြူက သူမ စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ သူ့ ဘဝအကြောင်းကို ပြန်ပြောပြပါတယ်။

 

 

” ဘယ်အချိန်ကိုယ့်ကို ဘာလုပ်မလဲ အဲ့လိုနဲ့ပဲ မိုးလင်းသွားတယ်။ အော်… ဒီနေ့တော့ အဆင်ပြေပြေနဲ့ အိပ်ရတယ်ပေါ့။ တခါတလေကျရင်လည်း တညလုံးမအိပ်ရပဲနဲ့ မျိုးစုံနှိပ်စက်တဲ့ဟာတွေနဲ့ မိုးလင်းသွားတဲ့ ရက်တွေလည်းရှိပါတယ်” လို့ သူကပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်ဆိုတာကို အိမ်တွင်းရေးရာ ပြဿနာတစ်ခုလို့သာ ရှုမြင်ကြလေ့ရှိပါတယ်။
တကယ်တော့ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ နာကျင်စေမှု၊ ခြိမ်းခြောက်မှု၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကစလို့ မုဒိမ်းမှုထိပါ အကျုံးဝင်တဲ့ ပြစ်မှုလို့ဆိုရမှာပါ။

တချို့သော အကြမ်းဖက်မှုတွေ တကြိမ်တခါသာ ကျူးလွန်ကြပေမယ့် အိမ်တွင်းမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေကတော့ နေ့စဉ်နေ့တိုင်း နှစ်ပေါင်းများစွာ ကျူးလွန်နေကြတဲ့ အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။

သူမကို ရိုက်နှက်နှိပ်စက်မှုတွေအတွက် ရဲစခန်းမှာ အမှုဖွင့်ဖို့သွားရောက်တဲ့အခါမှာလည်း လင်မယား ကိစ္စမို့ အရေးတယူ ဆောင်ရွက်ပေးတာမျိုးမရှိသလို ကလေးမျက်နှာထောက်ထားကာ ဆက်ပြီးသည်းခံ ပေါင်းသင်းခိုင်းတဲ့ စခန်းမှူးတစ်ယောက်ရဲ့ စကားကြောင့် မဖြူဖြူ အခက်တွေ့ခဲ့ရပြန်ပါတယ်။

” သူတို့က လူသတ်မှုလောက်ပဲ အမှုလို့ထင်တာ။ ကျန်တဲ့အမှုတွေလောက်ကို အရေးမလုပ်ချင်ကြဘူး” လို့ မဖြူဖြူကတော့ မှတ်ချက်ပြုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုကနေ လွတ်မြောက်ဖို့အတွက် အိမ်ထဲကနေ ထွက်လာခဲ့ပေမယ့် မဖြူဖြူအတွက်တော့ အားပေးကူညီမယ့်သူတွေသာမရှိရင်သူမလည်း ရှေ့ဆက်တိုးဖို့အတွက် မလွယ်ကူလောက်ပါဘူး။

စစချင်းမှာတော့ အလုပ်ကပေးထားတဲ့ နေရာတစ်ခုမှာ ခိုအောင်းနေရင်း တဖက်ကလည်း တရားရင်ဆိုင်ဖို့ ပြင်ဆင်နေရပြန်ပါတယ်။

နောက်ပိုင်းမှာတော့ သူမရဲ့ အိမ်မှာ သူမရဲ့ ကလေးကို ခင်ပွန်းဖြစ်သူနဲ့အတူ ထားခဲ့ရတာကြောင့် ခင်ပွန်းဖြစ်သူက သမီးကိုပါ ထပ်မံ နှိပ်စက်ခဲ့တယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် သမီးဖြစ်သူကိုလည်း အိမ်ကနေ ခေါ်ထုတ်လာခဲ့ပြီး သားအမိနှစ်ယောက် အပြင်မှာပဲ အခန်းငှားနေနေကြရပါတယ်။

သူမမိဘတွေ ပိုင်ဆိုင်တဲ့ အိမ်မှာ သူမနေခွင့်မရပဲ အပြင်မှာ ရှောင်တိမ်းနေထိုင်နေရတာ ဖြစ်တဲ့အတွက် နေစရိတ်စားစရိတ်နဲ့ ကလေးကျောင်းစရိတ်ကအစ တယောက်တည်း ရုန်းကန် ရှာဖွေနေရ ပြန်ပါတယ်။

ဒါကြောင့် စစချင်းမှာတော့ လင်မယားကွာရှင်းလိုမှု၊ သူမကို ရိုက်နှက်နှိပ်စက်မှုတွေအတွက် နာကျင်စေမှု ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ရာမှ နောက်ပိုင်းမှာတော့ သမီးဖြစ်သူကိုပါ ရိုက်နှက်ခဲ့တဲ့အတွက် ကလေးသူငယ်နာကျင်စေမှု၊ မိမိပိုင်နေအိမ်မှ ဖယ်ရှားပေးစေလိုမှုတွေနဲ့ပါ ထပ်မံတရားစွဲဆို ခဲ့ရပါတော့တယ်။

ကလေးသူငယ်နာကျင်စေမှုအတွက်ကတော့ ဒဏ်ငွေသုံးသောင်းကျပ်နဲ့ အဆုံးသတ်ခဲ့ပြီး သူမကို နာကျင်ဒဏ်ရာရစေမှုမှာတော့ ခင်ပွန်းဖြစ်သူက ကွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့ရပါတယ်။

မဖြူဖြူကို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဓာတ်ပုံမှတ်တမ်း၊ ဆေးမှတ်တမ်းတွေနဲ့ တကွ အမှုဖွင့်ကာ နာကျင်စေမှုပုဒ်မနဲ့ တရားစွဲဆိုခဲ့ပေမယ့် မျက်မြင်သက်သေမရှိဘူး ဆိုတဲ့အချက်နဲ့ ခင်ပွန်းဖြစ်သူက လွတ်မြောက်သွားခဲ့ရတာဖြစ်ပါတယ်။

“ လင်မယားရန်ဖြစ်တဲ့အချိန်က အဝတ်လျှော်နေရင်းဖြစ်တယ်။ခင်ပွန်းဖြစ်သူက တွေ့တဲ့ ခုံနဲ့ ကောက်ထုတယ်။ ဒါကို မျက်မြင်သက်သေမရှိလို့ဆိုတဲ့အချက်နဲ့ တရားသေလွှတ်လိုက်တယ်။ ဒဏ်ရာတွေကလည်း ၁၀ ရက်ခြားပြီးတိုင်တာဖြစ်လို့ ယုတ္တိမရှိဘူးလို့ပြောတယ်။ ရဲစခန်း သွားတိုင်တုန်းက ရဲသက်သေလည်းရှိတယ်။ ဆေးစာအတူလိုက်ပါတဲ့ ရဲကလည်း သက်သေ ထွက်ဆိုထားတယ်။ အဲ့ဒါကိုအမှုက တရား သေလွှတ်လိုက်တယ်။ ပတ်ဝန်းကျင်သက်သေကို ထည့်သွင်း မသုံးသပ်တာကတော့ အမျိုးသမီးတစ်ယောက်အတွက် နစ်နာတယ်” လို့ မဖြူဖြူအမှုမှာ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေကဆိုပါတယ်။

အကြမ်းဖက်မှုတွေကနေ ရုန်းထွက်လာပြီး တရားရင်ဆိုင်တဲ့ကာလကတော့ အခုချိန်ထိဆိုရင် ၄နှစ်တာ ကာလအထိ ကြာမြင့်ခဲ့ပါပြီ။ လင်မယားကွာရှင်းလိုမှုနဲ့ မိမိပိုင်နေအိမ်ကနေ ဖယ်ရှားပေးစေလိုတဲ့ တရားမမှုတွေတော့ အခုချိန်ထိ အဆုံးမသတ်နိုင်သေးပဲ ကြာမြင့်နေတာဖြစ်ပါတယ်။

တရားစီရင်ရေးပိုင်းမှာ အချိန်ကြာမြင့်တာကလည်း အကြမ်းဖက်မှုကနေ လွတ်မြောက်အောင် ကြိုးစားနေတဲ့ အမျိုးသမီးတွေအတွက်တော့ နစ်နာမှုတွေရှိစေနိုင်ပါတယ်။

“တရားသူကြီးက အမှုစစ်နေရင်းလည်း စိတ်ပြောင်းပြီး ပြန်ပေါင်းချင်လည်းပြန်ပေါင်းနိုင်တယ်ဆိုပြီး သူတို့ပါးစပ်က ထုတ်ပြောတာမျိုးလည်းရှိတယ်။ ကြားထဲမှာလည်း တရားသူကြီးတွေလည်း ခဏခဏ ပြောင်းတယ်။ ၃ယောက် ၄ ယောက်လောက်ပြောင်းတယ်။အဲ့တော့ အမှုကိုနားလည်အောင် သူတို့ ပြန်ကြည့်နေရတော့ အချိန်က ပိုပိုကြာနေတာပေါ့” လို့ မဖြူဖြူ ကတော့ တရားရင်ဆိုင် ဖြေရှင်းရတဲ့အခါ တွေ့ကြုံရတဲ့အခက်အခဲတွေကိုပြောပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တာဆီးကာကွယ်ရေး ဥပဒေမူကြမ်းမှာတော့
အကြမ်းဖက်နဲ့ပတ်သတ်လို့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ စီးပွားရေး ဆိုင်ရာအကြမ်းဖက်မှုဆိုပြီးဖော်ပြထားပြီး စတဲ့အကြမ်းဖက်မှု တခုခုကို ခြမ်းခြောက်ခြင်းဖြင့်သော်လည်းကောင်း၊ အနိုင်ထက်ပြုခြင်းဖြင့် သော်လည်းကောင်း၊ အခြားတနည်းနည်းဖြင့်သော်လည်းကောင်း အကြမ်းဖက်သည့်ပြုလုပ်မှုကို ဆိုလိုသည်လို့ ဖော်ပြထားပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သတ်လို့ သွေးရင်းမိသားစုတစ်ဦးဦးကဖြစ်စေ အိမ်ထောင်စုဝင် တစ်ဦးဦးကဖြစ်စေ အမျိုးသမီးအပေါ် အကြမ်းဖက်ခြင်းကိုဆိုလိုသည်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေကြမ်းထဲမှာတော့ အိမ်ထောင်ဖက်ကကျူးလွန်တဲ့မုဒိမ်းမှုဆိုတာကိုလည်း ထည့်သွင်းဖော်ပြ ထားပါတယ်။

ဥပဒေကြမ်းထဲမှာပါရှိတဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ ဘေးဖြစ်စေတတ်တဲ့ လက်နက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို အသုံးပြုကာ အမျိုးသမီးကို သေစေရန်၊ နာကျင်စေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန် အနိုက်အထက်ပြုမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ထိပါးစော်ကားမှုသို့မဟုတ် မတရားချုပ်နှောင်ထားမှုအပါအဝင် တနည်းနည်းဖြင့် ပြုလုပ်တဲ့အကြမ်းဖက်မှုကို ဆိုလိုသည်လို့ ဖော်ပြထားပါတယ်။

မဖြူဖြူရဲ့ အိမ်တွင်းအကြမ်းဖက်မှုထဲမှာဆိုရင် ခင်ပွန်းဖြစ်သူရဲ့ ရိုက်နှက် နှိပ်စက်မှုတွေကတော့ ဥပဒေကြမ်းထဲက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေထဲမှာအကျုံးဝင်နေပါတယ်။

အလားတူပဲ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်းကိုလည်း ဥပဒေမူကြမ်းထဲမှာ အခုလို ဖော်ပြထားပါသေးတယ်။

စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာကတော့ အမျိုးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုဖြစ်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိခိုက်နစ်နာစေရန်တမင်ကြံရွယ်လုပ်ဆောင်သော အောက်ပါပြုလုပ်မှုများကို ဆိုလိုသည်လို့ ဖော်ပြထားကာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အခုလို ခွဲခြားဖော်ပြထားပါတယ်။

လွတ်လပ်စွာသွားလာနေထိုင်ခွင့်မပြုခြင်း၊ နှုတ်ဖြင့်အကြိမ်ကြိမ်စော်ကားခြင်း၊ အများသူငှာ ရှေ့တွင်အရှက်ရအောင်ပြုမူပြောဆိုခြင်း၊ မကြာခဏခြိမ်းခြောက်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုထဲမှာ ပါဝင်တဲ့အချက်တွေပဲဖြစ်ပါတယ်။

နောက်ထပ်အကြမ်းဖက်မှုတစ်ခုကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပဲဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုတော့ ဥပဒေမူကြမ်းထဲမှာ အခုလို ဖော်ပြထားပါတယ်။
သွေးဆောင်ဖြားယောင်းခြင်း၊ အဓမ္မတိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အနိုင်ထက် ပြုခြင်းဖြင့် အမျိုးသမီးရဲ့ သဘောတူညီချက် မပါပဲ လိင်ပိုင်းဆိုင်ရာ ပြုမှု ဆောင်ရွက်ခြင်းကိုဆိုသည်။

ဒါတွေဟာ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းအောက်မှာ မဖြူဖြူလို အမျိုးသမီးတွေဟာ အိမ်ထဲမှာပဲ ရင်းနှီးကျွမ်းဝင်သူတစ်ဦးဦးရဲ့အကြမ်းဖက်မှု နည်းမျိုးစုံကို အသုံးပြုကာ အကြမ်းဖက်ခံနေရသူတွေ ဖြစ်နေတယ်ဆို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုဟာ အိမ်တွင်းရေး ပြသာနာတစ်ခုထက်ပိုတဲ့ ပြစ်မှုတစ်ခုဖြစ်တယ် ဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်တဲ့ ဥပဒေသာ ရှိခဲ့မယ့်ဆိုရင်တော့
အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ၊ တရားရင်ဆိုင်ရာမှာ အခက်အခဲတွေရှိနေတဲ့ အမျိုးသမီးတွေ အတွက် အကာအကွယ်ပေးရေးအစီအမံတွေနဲ့အတူ တရားမျှတမှုကို ပိုမိုရရှိနိုင်လိမ့်မယ်လို့ မဖြူဖြူရဲ့ ရှေ့နေကတော့ သုံးသပ်ပါတယ်။

ဒီဥပဒေမူကြမ်းကို လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရေးဆွဲထားတာဖြစ်ပြီး အခုချိန်မှာ ဥပဒေမူကြမ်းအဖြစ် ထွက်ပေါ်လာပြီဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းဟာ အမျိုးသမီးသမီးအပေါ် အမှန်တကယ် အကာကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ် ဖြစ်ဖို့အတွက်က လိုအပ်ချက်တွေရှိနေသေးတာမို့ ထပ်မံ ဖြည့်စွက် ပြင်ဆင်ရမယ့် အချက်များစွာ ရှိနေသေးတယ်လို့လည်း ဥပဒေမူကြမ်းရေးဆွဲရာမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ကျား၊မရေးရာ တန်းတူညီမျှရေး ကွန်ယက်(GEN)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အပါအဝင် အရပ်ဖက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာထားပါတယ်။

ဒါကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေကနေ အမှန်တကယ် အကာကွယ်ပေးနိုင်မယ့် ဥပဒေ တစ်ရပ်ပေါ်ထွက်လာဖို့အတွက်ကိုလည်း အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းက ဆက်လက်လှုပ်ရှားဆောင်ရွက်နေကြတာဖြစ်ပါတယ်။

လက်ရှိ တည်ဆဲဥပဒေအရ ဖြေရှင်းဆောင်ရွက်နေရတဲ့ ဖြူဖြူကတော့ ခင်ပွန်းဖြစ်ခဲ့ဖူးသူရဲ့ အကြမ်းဖက်မှုတွေကနေ ရုန်းထွက်လာနိုင်ခဲ့ပေမယ့် လင်မယား ကွာရှင်းလိုမှု အတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်ပြီး ၄နှစ်တာ ကာလအထိ ဖြေရှင်းမရသေးတဲ့ ပုစ္ဆာလို ရှုပ်ထွေးမှုတွေနဲ့ သူမဘဝကို ရစ်နှောင်ထားဆဲဖြစ်ပါတယ်။

“သူကတော့ အခုချိန်ထိ ပြန်ပေါင်းဖို့ကိုပြောနေတုန်းပဲ။ ကျမ ကတော့ ဆုံးဖြတ်ပြီးပြီ။ ကိုယ့်ကို ချစ်လို့ ရိုက်တယ်ဆိုတာ ကျမကတော့ ချစ်တဲ့အနောက်မှာ အဲ့လို ရိုက်နှက်မှုဆိုတာ မရှိဘူးလို့ ကျမ ထင်ပါတယ်။ ကျမ ကတော့ လုံးဝပြန်မပေါင်းနိုင်ဘူး”

အိမ်တွင်းအကြမ်းဖက်မှုတွေကနေ လွတ်မြောက်ရာလမ်းကတော့ အချိန်ကြာကြာနဲ့ ရှည်လျားစွာ ဖြတ်သန်းသွားနေရတဲ့ ခရီးကြမ်းတစ်ခုလို့ မဖြူဖြူ ဘဝဖြတ်သန်းမှုတွေက သက်သေပြလို့နေပါတယ်။

Author:

Related Articles