ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုတိယဥက္ကဌ (ယခင်သက်တမ်း)၊ ကရင်အမျိုးသမီး အစည်းအရုံး( KWO) နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) ၏ အကြံပေးပုဂ္ဂိုလ်၊
ပဒိုနော်စီဖိုးရာစိန်နှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်တွေ့ဆုံမေးမြန်းခြင်း
နန်းဆိုင်နွမ်။ ။
မေး။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်ကိုဦးတည်နေပါသလဲ။
ဖြေ။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ အားလုံးသိတဲ့အတိုင်း သွားနေတဲ့လမ်းက ရပ်တန့်နေတာမျိုး ဖြစ်နေတယ်။ အဲဒီအခြေအနေအပေါ်မှာ ဘယ်ကိုဆက်သွားမယ်ဆိုတာကို လောလောဆယ်ကြည့်ရတာတော့ နည်းလမ်းတွေ ရှာနေတာပေါ့။ သွားတဲ့လမ်းက ဘယ်လိုဖြစ်နေလဲဆိုတော့ ဝေဝါးနေပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုသား အစည်းအရုံး (KNU) အနေနဲ့ ဘာကြောင့် ရပ် တန့်ထားသလဲဆိုတာ ဆရာမရဲ့အမြင်ပြောပြပေးနိုင်မလား။
ဖြေ။ ။ ကျမအမြင်အရ KNU ရပ်တန့်ထားတာကတော့ အားလုံးသိတဲ့အတိုင်းပဲလေ။ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်က လက်မှတ်ထိုးပြီးရင် တဆင့်ပြီး တဆင့်တက်မယ်။ အထူးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲကိုသွားမယ်။ သွားရင်း သွားရင်း တပ်မတော်ရဲ့ NCA အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်က တခုဖြစ်လာတယ်။ တပ်မတော်က ချထားတဲ့မူ (၆)ချက်လည်းရှိတယ်။ NCA လက်မှတ် ထိုး (၃)နှစ်ပြည့်တဲ့နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ပြောတာရှိတယ်။ NCA က နိုင်ငံရေးအဖြေ ထုတ်ဖို့ မဟုတ်ဘူးတဲ့။ နောက်တခုက နိုင်ငံရေး စိတ်ဆန္ဒရှိရင် ပါတီထောင်၊ ရွေးကောက်ပွဲဝင်ရမယ်။ စီးပွားရေး စိတ်ဝင်စားရင် ကုမ္ပဏီထောင်ရမယ်။ နောက်တချက်က စစ်ရေး၊ နိုင်ငံကို ကာကွယ်ချင်ရင် တပ်ထဲဝင်ရမယ်။ နောက်အရေးကြီးတဲ့အချက်က ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြောထားတာရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စဉ်းစားချက်နဲ့ တပ်မတော်ရဲ့ ရပ်တည်ချက် ကွာဟနေတယ်လို့ ကျမမြင်တယ်။ ဒါကြောင့် KNU က လည်း ပြန်စဉ်းစားတာရှိလာတယ်လို့ ထင်ပါတယ်။
မေး။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရတယ် လို့ထင်သလဲ။
ဖြေ။ ။ ကျမအမြင်ကတော့ လက်ရှိငြိမ်းချမ်းရးလုပ်ငန်းစဉ်ဟာ ဝေဝါးနေပါတယ်။ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ချထားတဲ့ မူ(၇)ချက်ရှိတယ်။ အဲဒီထဲမှာ ပါထားတဲ့အချက်တွေမှာ ဥပဒေ ဘောင်ထဲဝင်ပြီး နိုင်ငံရေးပါတီထောင်ရန် အဲဒီအချက်က အရေးကြီးတယ်။ အရင်က တိုင်းရင်းသားအဖွဲ့တွေက မစဉ်းစားဘူး။ မဆိုင်ဘူး။ နောက်တော့ တပ်မတော်ပေါ့။ သူချထားတဲ့ မူ(၆)ချက်မှာလည်း ပါတီထောင်ရမယ်။ တပ်မတော်တခုတည်း ရှိရမယ်။ လက်မှတ်ထိုးတဲ့အဖွဲ့တွေကတော့ နိုင်ငံရေးဆွေးနွေးပွဲ တဆင့်ချင်းသွားမယ်။ ပြန် ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုလုံးကို တပ်မတော်က ကိုင်ထားတာရှိတယ်။ ဘာလို့တပ်မတော် ကိုင်ထားသလဲဆိုတော့ အရင်ဦးသိန်းစိန်လက်ထက်ကတည်းက တပ်မတော်က ကိုင်ထားတာ။ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားတွေ ကြိုက်သည့်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီလမ်းကိုသွားမယ်။ အရင်က တပ်မ တော်နဲ့ အစိုးရက တသားတည်းဖြစ်တယ်။ လုပ်ငန်းစဉ်အားလုံးကို တပ်က ကိုင်ထားတယ်။ တဖက်က ပြန်ကြည့် မယ်ဆိုရင် ပြည်သူတွေမျှော်လင့်တဲ့ NLD အစိုးရ တက်လာတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက် ပွဲဝင်တယ်။ ၂၀၁၈ ဖွဲ့စည်းပုံက သူ့ကို ပြန်ကိုင်ထားတယ်။ NLD အနေနဲ့ ကြိုးစားတာရှိတယ်။ တဖက်ကိုကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင် EAOs ဖက်လည်း အားနည်းချက်ရှိတယ်။ NLD ဖက်လည်း အားနည်းချက်ရှိတယ်။ EAO ကလည်း NLD ကို မချဉ်းကပ်သလို NLD ကလည်း EAOs ကို မချဉ်းကပ်ဘူး။ အရင် ဦးသိန်းစိန်ချမှတ်တဲ့ လမ်းကြောင်းကနေ NLD နဲ့ EAOs ဘယ်လို ဆက်သွားမလဲဆိုတာ မရှိတဲ့အခါ NLD ကို တိုင်းရင်းသားတွေ ယုံကြည်မှု လျော့နည်းလာတယ်။ NLD အစိုးရအနေနဲ့ ဆက်လုပ်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်။ သူကြိုး စားထားတွေရှိတယ်။ တပ်မတော်ကကိုင်ထားတော့ တပ်မတော် ဆုံးဖြတ်ချက်ရမှရမယ်။ NLD တက်ပေမယ့်လဲ NLD အာဏာကို မသုံးနိုင်ဘူး။ တပ်မတော်ကပဲ ချုပ်ကိုင်ထားတယ်။
မေး။ ။ အရင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လက်ရှိ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်အချိန်က ပိုခက်ခဲလဲ။
ဖြေ။ ။ ကျမကတော့ ဦးသိန်းစိန်ခေတ်တုန်းက ပါခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တက်လာတော့ ကျမ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါတော့ဘူး။ ဒါပေမယ့် ကျမအပြင်ကနေ သုံးသပ်တာကတော့ တပ်မတော် ရပ် တည်ချက်က အတူတူပဲ။ ရပ်တည်ချက် ပြောင်းလဲမှု မရှိဘူး။ ဦးသိန်းစိန်တုန်းကတော့ တပ်မတော်နဲ့အစိုးရက တခုတည်းဖြစ်တယ်။ တခုတည်းဖြစ်တဲ့အခါမှာ သူကတခုခုဆုံးဖြတ်ရင် ပြဿနာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် တက်လာတော့ NLD အစိုးရနဲ့ တပ်မတော်က သဘောထားတခုတည်းမဟုတ်တော့ဘူး။ ဒါပေမယ့် အား နည်းချက်ကတော့ ဒီအစိုးရက တိုင်းရင်းသားတွေကို ချဉ်းကပ်မှု အားနည်းတယ်။ ချဉ်းကပ်ပေမယ့် တကယ် ဘာကို ဖြစ်ချင်သလဲ ဆိုတဲ့ တိတိကျကျ ချဉ်းကပ်မှုမှာ အားနည်းနေတာ တခုတော့ရှိတယ်။
မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အခင်းအကျင်းနဲ့ပတ်သက်ပြီး ဘယ်အရာတွေကို ပြုပြင်သင့်ပါသလဲ။
ဖြေ။ ။ အခု တိုင်းရင်းသားလက်နက်ကိုင် EAOs ဖက်ကလည်း ပြောနေတာတွေရှိတယ်။ ဘယ်လိုဆက်ပြီး သွားကြမလဲ။ နည်းလမ်းရှာရင်တာ့ ပိုပြီးလုပ်နိုင်မယ်။ NCA ကိုလည်းပြင်ဖို့ စဉ်းစားနေကြတယ်။ ကျမအမြင်က တော့ အခက်အခဲ အဓိကပြဿနာက တပ်မတော်ဖြစ်တယ်။ NCA ကို ဘယ်လောက်ပဲပြင်ချင်ပြင်ချင် တပ်မ တော်က လက်မခံဘူး။ တပ်မတော်ရပ်တည်ချက်က မပြောင်းလဲဘူးဆိုရင် သွားလို့မရဘူး။ တပ်မတော် ရပ်တည် ချက်က ပြောင်းဖို့ ပြင်ဖို့လိုတယ်။ တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တကယ်စိတ်ဆန္ဒရှိဖို့လိုတယ်။ တနိုင်ငံ လုံးပြုပြင် ပြောင်းလဲမှုအတွက် တပ်မတော်က အဓိကဖြစ်တယ်။ နောက်တိုင်းရင်းသားတွေလည်း ပိုပြီးတော့ စုစည်းဖို့လိုတယ်။ တိုင်းရင်းသားတွေမစုစည်းနိုင်အောင်လည်း တပ်မတော်က ခေတ်အဆက်ဆက်က လုပ်ခဲ့တယ်။ တိုင်းရင်းသားတွေအနေနဲ့ သိကြပေမယ့် ပြန်စုစည်းဖို့ ခက်နေတယ်။ အခုဆိုရင် တိုင်းရင်းသားတွေမှာ လက်မှတ် ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ဆိုပြီးဖြစ်နေတယ်။ နှစ်ဖွဲ့စလုံးက ဒါကို ဦးတည်ချက်တခုခုနဲ့ ပြန်စုစည်းဖို့ လိုနေတယ်။
မေး။` ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားရကျေနပ်မှု ရှိလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကို သိပ်အားမရဘူး။ နောက်တခုက ဒေါ်အောင် ဆန်းစုကြည်က သူပြောနေတဲ့ အမျိုးသားပြန်သင့်မြတ်ရေးကို တပ်မတော်နဲ့ပဲ လုပ်နေတယ်။ တိုင်းရင်းသားတွေက ဒုတိယဖြစ်နေတယ်။ တိုင်းရင်းသားတွေကို ချဉ်းကပ်မှုလည်း အားနည်းနေတယ်လို့ ကျမမြင်တယ်။ နှစ်ဘက်စလုံး ပြန်လုပ်မယ်ဆိုရင် တမျိုးဖြစ်သွားမယ်။ နောက်တခု ကျမအမြင်က သူသတ္တိရှိဖို့လိုတယ်။ သူအမြဲတမ်းပြောနေတဲ့ စကားတခုရှိတယ်။ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတွေ သတ္တိရှိရှိ လက်မှတ်ထိုးကြပါလို့ သူပြောတယ်။ ကျမအနေနဲ့လည်း သူ့ကိုပြောချင်တာက သတ္တိရှိရှိနဲ့ စစ်တပ်အပေါ် တခုခုပြောရင် သတ္တိရှိရှိလုပ်ဆောင်ဖို့ လို တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရထားတဲ့ အာဏာကိုလည်း သတ္တိရှိရှိ သုံးဖို့လိုပါတယ်။
ကျမအမြင်က နိုင်ငံတကာတွေရော ပြည်တွင်းရော ငြိမ်းချမ်းရေးလို့ပြောနေချိန်မှာ အမှန်တကယ်တော့ ငြိမ်းချမ်းရေးက မရသေး ဘူး။ အခုအခြေအနေမှာ နိုင်ငံရေးသဘောတူညီချက် ဘာမှမရသေးဘူးလို့ ပြောလို့ရတယ်။ တိုင်းရင်းသားနယ် မြေမှာ ပြန်ကြည့်ရင် ပြည်တွင်းစစ်တွေ ဖြစ်နေသေးတယ် အားလုံးလက်ခံရမယ်။ ပြည်တွင်းစစ်အဆုံးမသတ် တရွေ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး မရှိသေးဘူး။ ငြိမ်းချမ်းရေး မရှိသေးတဲ့အပေါ် နယ်စပ်ဒုက္ခသည်တွေအတွက် ဘယ်သူမှ အာမခံမပေးနိုင်သေးဘူး။ စစ်ပြေးတဲ့ ဒုက္ခသည်တွေလည်း ပြန်ဖို့စိတ်ဆန္ဒမရှိသေးဘူး။ ပြန်ဖို့လည်း အာမခံချက်မရှိသေးဘူး။ သူတို့ထွက်ပြေးနေတဲ့နေရာမှာ စစ်တပ်တွေ ကုမ္မဏီတွေ နေရာယူထားတယ်။ သူတို့ ဘယ်ကို ပြန်ရမှာလဲဆိုတာ သူတို့ကိုယ်တိုင်မသိရသေးဘူး။ ဖြစ်နိုင်ရင် ကျမအနေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ဆက်ထောက်ပံ့မလဲဆိုတာ စဉ်းစားစေချင်တယ်။
မေး။ ။ ဆရာမတို့ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှုနှုန်း က လိုအပ်တယ် ပြောကြတယ်။ ဘာကြောင့် အမျိုးသမီးတွေ ပါဝင်မှုက အရေးကြီးပါသလဲ။
ဖြေ။ ။ ပြန်ကြည့်မယ်ဆိုရင် ဒီစစ်ပဋိပက္ခဖြစ်တဲ့ နိုင်ငံတွေကိုကြည့်ရင် ခံနေရတာက အမျိုးသမီးတွေပဲလေ။ အမျိုးသားတွေက တိုက်နေတာ များတယ်။ အမျိုးသမီးတွေ တိုက်နေတာလည်းရှိပါတယ်။ ဒါပေမယ့် ခံနေရတာ ကတော့ အမျိုးသမီးတွေများပါတယ်။ နိုင်ငံတခု ပြုပြင်ပြောင်းလဲမှုမှာ အမျိုးသမီးတွေပါဝင်မှုက တိုက်ပွဲပဲဖြစ်ဖြစ် စစ်ပဋိပက္ခတွေမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေက ပါဝင်နေတယ်။ အမျိုးသားတွေ တိုက်ပွဲကိုသွားရင် အမျိုးသမီး တွေက နောက်မှာ တာဝန်ယူကြရတယ်။ ဒါကြောင့် အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့က အရေးကြီးပါတယ်။
မေး။ ။ ဆရာမတို့ ခေတ်အဆက်ဆက်ပြောနေတဲ့ အမျိုးသမီး ပါဝင်မှုနှုန်းက အားရကျေနပ်စရာရှိပြီလား။
ဖြေ၊ ။ ကျမတို့အမျိုးသမီးအဖွဲ့တွေ့ ကြိုးစားနေတာ ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေအဖွဲ့တွေ၊ နောက် KNU အဖွဲ့မှာလည်း ကျမတို့ Advocacy လုပ်နေတာ ရှိပါတယ်။ ဖွဲ့စည်းပုံထဲမှာ ထည့်ဖို့ ကြိုးစားနေတာ ရှိပါတယ်။ အခက်အခဲတွေအများကြီးပါပဲ။ ဒီအဆင့်ရောက်ဖို့လည်း တော်တော် ကြိုးစားရမယ်။
EAOs အဖွဲ့မှာ အမျိုးသမီးပါဝင်မှုအားနည်းတယ်။ အစိုးရအဖွဲ့လည်း အားနည်းတယ်။ ကျမအမြင် ဒါကစဉ်းစားချက် ပါ။ အမျိုးသမီးတွေအပေါ် အမျိုးသားတွေရဲ့ စဉ်းစားချက်က မပြောင်းလဲသေးဘူး။ အမျိုးသမီးတွေကို အများက လူမှုရေးကိစ္စပဲ လုပ်ရမယ်။ နိုင်ငံရေးကိစ္စတွေ အမျိုးသမီးတွေ မပါနိုင်ဘူး။ ဆွေးနွေးမှု အသိပညာမရှိဘူးလို့ ထင်ကြ တယ်။
မေး။ ။ဆရာမတို့ရဲ့ KNU အနေနဲ့ရော အမျိုးသမီး ပါဝင်မှု ခေါင်းဆောင်ပိုင်းမှာ လက်ခံလား။
ဖြေ။ ။ တချို့အမျိုးသားတွေက အမျိုးသမီးတွေခေါင်းဆောင်မှုအပိုင်း ပါဝင်နေရင် တမျိုးခံစားရမယ်ထင်တယ်။ အမျိုးသားတွေရဲ့စိတ်ထဲမှာ လက်ခံလို့မရဘူးဆိုတဲ့အခြေအနေရှိနေသေးတယ်။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေး စစ်ရေးတွေ ဆွေးနွေးတဲ့အခါ ပါဝင်လာရင် ဘယ်လိုအရာတွေက ကောင်းမွန် ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေဟာ စစ်ရေးအမြင်ပဲဖြစ်ဖြစ်။ လူမှုရေးပဲဖြစ်ဖြစ် သူတို့က ပိုစဉ်းစားလို့ရမယ်။ အားလုံးမြင် နိုင်တယ်။ အမျိုးသမီးတွေက စဉ်းစားတာ အမြင်ပိုကျယ်တယ်။ အဖက်ဖက်က စဉ်းစားကြတယ်။ တခုလုံးကို ကြည့်လို့ ရပါတယ်။
မေး။ ။ KNU ကရော ခေါင်းဆောင်ပိုင်နေရာမှာ အမျိုးသမီးတွေကို ထည့်သွင်းတာတွေ ရှိပါသလား။
ဖြေ။ ။ ကျမအနေနဲ့က အခုလောလောဆယ် KNU ခေါင်းဆောင်ပိုင်းမှာ မပါတော့ဘူး။ ကျမအမြင်ကတော့ သူတို့အတွေးအခေါ်က ရှိသေးတယ်။ အမျိုးသမီးတွေက ဟိုဟာတွေး ဒီဟာစဉ်းစားဆိုတာကို လက်မခံဘူး။ အမျိုး သမီးပါဝင်မှုကိုတော့ လက်ခံတယ်။ အမျိုးသမီးပါရင်ပြီးရောဆိုတဲ့သဘောပါ။ ဆုံးဖြတ်ချက်အပိုင်းမှာတော့ အမျိုး သမီးပါဝင်မှုကို လက်မခံနိုင်သေးဘူး။ အမျိုးသမီးတွေ ထက်မြက်ရင်ပါမယ်။ အရည်အချင်းရှိလားဆိုတာ ကြည့် တယ်။ တကယ်အရည်အချင်းကြည့်မယ်ဆိုရင် ပါဝင်တဲ့အမျိုးသားနဲ့ အမျိုးသမီးတူရင်တောင် သူတို့က အမျိုးသမီး ကို အရည်အချင်းမရှိဘူးလို့ သတ်မှတ်ကြတယ်။ အဲဒီအတွေးအခေါ်တွေရှိသေးတယ်။ အမျိုးသမီးတွေ ပါဝင်သင့် တယ် ဆိုတာတော့ လက်ခံတယ်ဆိုပေမယ့် ကြိုးစားပြီး တွဲခေါ်တာတွေ မရှိဘူး။
မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာရင် ဘယ်လိုတွေ ကောင်းမွန်တဲ့ရလာဒ်ရမှာလဲ။
ဖြေ။ ။ အမျိုးသမီးတွေက စစ်ထဲမှာ သူတို့ဖြတ်သန်းလာတယ်။ စစ်ကြောင့် သူတို့ ခံလာတာရှိတယ်။ အမျိုးသမီး ပါဝင်မှုက အရေးကြီးတယ်။ အမျိုးသမီးတွေ ဆွေးနွေးချက်၊ ခံစားချက်တွေကို ပိုပြီးတင်ပြလို့ရမယ်။ တခုရှိတာ ဒီ ဘက်မှာ အမျိုးသမီးပါပေမယ့် အစိုးရဘက်က အမျိုးသမီး မပါဝင်နိုင်ဘူးဆိုရင်လည်း နားလည်မှုက မရရှိနိုင်ဘူး။ ဥပမာ စစ်တပ်ဘဲ အမြဲတမ်းပါမယ်၊ ဦးဆောင်မယ်ဆိုရင် စစ်တပ်ရဲ့ သဘောသဘာဝ၊ စစ်တပ်အတွေးအခေါ်ပဲ လွှမ်းမိုးမယ်။ အမျိုးသမီးတွေ ဘယ်လောက်ခံနေရသလဲဆိုတာ သူတို့မမြင်တော့ ဒါတွေ သူတို့က ပြောင်းလဲမှာ မဟုတ်ဘူး။ စစ်တပ်ဘက်လည်း အမျိုးသမီးပါဝင်ရမယ်။ အမျိုးသမီးပါဝင်ရင်လည်း စစ်တပ်အကြောင်းချည်း မဟုတ်ဘဲ အမျိုးသမီးတွေရဲ့ကဏ္ဍတွေ၊ အမျိုးသမီးအခွင့်အရေးတွေ သိဖို့လိုအပ်တယ်။ ပါဝင်လာအောင်လည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုပါတယ်။
မေး။ ။ လက်ရှိ KNU မှာရော အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားပေးလား။ နောက်ပြီးဆရာမအနေနဲ့ KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှာ ဘာလို့ ဆက်မပါဝင်တော့တာလဲ။
ဖြေ။ ။ KNU မှာ အမျိုးသမီးထည့်တော့ထည့်တယ်။ ကျမ မပါလာတာကတော့ ဒီဖြစ်စဉ်ကို သုံးသပ်တာ ရှိ တယ်။ ကျမကို အများစုက ခေါင်းမာတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပျော့ပျော့ပျောင်းပျောင်းမရှိဘူး။ ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်တယ်လို့ ထင်ကြတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ကျမထင်တဲ့အတိုင်းဖြစ်လာပါတယ်။ အရင်ကတော့ ကျမကခေါင်းမာတဲ့အတွက် ငြိမ်းချမ်းရေးကို ဖြောင့်ဖြောင့် မသွားနိုင်ဘူးလို့ ထင်ကြတယ်။ တကယ်တော့ ငြိမ်းချမ်းရေးသော့ကို ဘယ်သူကိုင်ထားလဲ သိသင့်တယ်။ ငြိမ်း ချမ်းရေးက ဆက်သွားလို့မဖြစ်တော့ဘူးဆိုတာ ဘယ်သူကြောင့်လဲ။
မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုပူပန်မှုတွေရှိလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ကျမမလိုချင်ဘူး။ တကယ်တိကျတဲ့ ငြိမ်းချမ်းရေးကိုသာ လိုချင်တယ်။ အခုက စကားလုံးငြိမ်းချမ်းရေးလို့ ကျမမြင်တယ်။ ကျမကတော့ ငယ်ငယ်ကတည်းက တိုက်ပွဲမှာ ပြေးလွှားတာတွေ လုပ်ခဲ့တယ်။ ဘာမှ မယူခဲ့ရဘူး။ တိုက်ပွဲဖြစ်ရင် ဘာမှ မပါဘဲ ထွက်ပြေးရတာဆိုတော့ အမျိုးမျိုးစိတ်ပူတယ်။ စစ် တပ်က ဘယ်အချိန်လာမလဲ။ ငယ်ငယ်ကတည်းက စိတ်မလုံခြုံဘူး။ ငြိမ်းချမ်းရေးအပေါ်မှာလည်း စိတ်ပူမှု ဖြစ် တယ်။ တကယ်ရော အာမခံချက်ရှိမလား။ အသက်လုံခြုံမှု ရှိမလား။ ဒီလိုစိတ်ပူမှုတွေက လွှမ်းမိုးနေတုန်းပါ။
မေး။ ။ ဆရာမအနေနဲ့ နောက်ဆုံး ဘာများ ထပ်ပြီးတော့ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျမပြောချင်တာက အမျိုးသမီးတွေ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပါဝင် နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ အမျိုးသမီးအား ပါမှပဲ ပြောင်းလဲမှုရှိမယ်။ ဖြစ်နိုင်ရင် တနိုင်ငံလုံးက အမျိုးသမီး တွေ စုစုစည်းစည်းနဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက်၊ အမျိုးသမီးအမြင်နဲ့ ပြုပြင်ပြောင်းလဲမှု ကို ပြသနိုင်ဖို့ တိုက်တွန်းချင်တယ်။ အမျိုးသမီးတွေရဲ့ စုစည်းမှုက ပြောင်းလဲမှုတခုဖြစ်လာပါမယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021