Home ဆောင်းပါး သက်ငယ်မုဒိမ်းကျူးလွန်သူများ တသက်တကျွန်း ထောင်ဒဏ်ကျခံရတော့မည်လား

သက်ငယ်မုဒိမ်းကျူးလွန်သူများ တသက်တကျွန်း ထောင်ဒဏ်ကျခံရတော့မည်လား

Photo: www.burmese.equalitymyanmar.org

နန်းဆိုင်နွမ်။          ။

သက်ငယ်မုဒိမ်းကျူးလွန်သူများအား ထောင်ထဲတွင် သေသည့်အထိနေရမည့် ထောင်ဒဏ်တသက် ချ မှတ်သည့် ရာဇသတ်ကြီး ဥပဒေအားပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုပြဌာန်းကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။

ထိုပြဌာန်းချက်ကို ၂၀၁၉ ခုနှစ်၊ မတ်(၂၆)ရက်နေ့ နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် နိုင်ငံတော်သမ္မတက “  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျွနု်ပ်လက်မှတ်ရေးထိုးသည်” ဟု ဆိုကာ ဥပဒေကြမ်းကို အတည်ပြုပြဌာန်းကြောင်း ဖော်ပြထားသည်။

သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးပြင်ဆင်လိုက်သည့် ဥပဒေကြမ်းတွင် မူလရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၆)အရ ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်သည် အသက်ငယ်ရွယ်သူများနှင့် မသန်စွမ်းများအပေါ် ပြုကျင့် သည့် မုဒိမ်းမှုများအတွက် လုံလောက်မှုမရှိသည့်အပြင် ကြိုတင်ဟန့်တားနိုင်သည့် အနေအထားလည်း မရှိသဖြင့် ပြစ်ဒဏ်တိုးမြှင့်လိုက်သည့် ဥပဒေကြမ်းဖြစ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၇၆)တွင် ပုဒ်မခွဲ(၃)အဖြစ် ဖြည့်စွက်ထားပြီး ယင်းပုဒ်မခွဲ၌ ‘မည်သူမဆို မသန် စွမ်းသူမိန်းမကိုဖြစ်စေ၊ အသက်(၁၂)နှစ်အောက် မိန်းကလေးကိုဖြစ်စေ မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် နှစ်(၂၀)ဖြစ်စေ၊ ထောင်ဒဏ်တသက်ဖြစ်စေ ချမှတ်ခြင်းခံရမည်’ ဟု ဖြည့်စွက်ပြင်ဆင်ခြင်း ဖြစ်သည်။

ထို့ပြင် ပုဒ်မခွဲ(၂)အဖြစ်  ‘မည်သူအဆို အသက်(၁၂)နှစ်အောက် မဟုတ်သော မိမိ၏ဇနီးမယားအား မုဒိမ်းမှုကျူးလွန်လျှင် (၂)နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် ခြင်းခံရမည်’ဟု ဖြည့်စွက်ထားသည်။

ပုဒ်မခွဲ(၁)တွင်မူ ‘ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ပုဒ်မခွဲ(၂)နှင့် (၃)တို့တွင် ပြဋ္ဌာန်းထားသည့် မုဒိမ်းမှု အမျိုးအစားများမှလွဲ၍ ကျန်မုဒိမ်းမှုအားလုံးကို ထောင်ဒဏ်နှစ်(၂၀)ဖြစ်စေ၊ (၁၀)နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်’ဟု ဥပဒေကြမ်း၌ ဖြည့်စွက်ပြင်ဆင် ထားသည်။

မြန်မာနိုင်ငံမှာ အသက်(၁၀)နှစ်အောက် မိန်းကလေးငယ်များတွင် သက်ငယ်မုဒိမ်းမှု မကြာခဏဖြစ်ပွား ကာ  သက်ငယ်မုဒိမ်းနှင့်ပတ်သက်ပြီး ထောင်ဒဏ်တသက်ချမှတ်ရန် အမျိုးသမီးအရေး၊ လူ့အခွင့်အရေး တက်ကြွဆောင်ရွက်သူတွေက တောင်းဆိုခဲ့သည်။

သက်ငယ်မုဒိမ်းမှုသည် တနှစ်ထက် တနှစ်လျော့ကျမှု မရှိသည့်အပြင် ပိုမိုများလာသည်ကိုလည်း တွေ့ရ သည်။

မတ်(၁၄)ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင် ဒဏ်အနှစ်(၂၀)မှ ထောင်ဒဏ်တသက် (ထောင်ထဲတွင် သေသည့်အထိနေရန်) ဟု အတည်ပြုခဲ့သည်။

လက်ရှိတွင် မုဒိမ်းမှုများကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ(၃၇၆)၏ ပြစ်မှုပြစ်ဒဏ်များ တိုးမြှင့်ပြီး ရာဇသတ် ကြီး ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအဖြစ် ပဲခူးတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင် သိန်းက တင်းသွင်းခဲ့ခြင်းဖြစ်သည်။

ဥပဒေကြမ်းတွင် အသက်(၁၂)နှစ်အောက် ကလေးငယ်များနှင့် မသန်စွမ်းမိန်းကလေးများအပေါ် မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ်အနှစ်(၂၀)မှ ထောင်ဒဏ်တသက်ထိ ချမှတ်ရန် ပြဌာန်းထားသည်။

ထိုဥပဒေကြမ်းကို အသက်(၁၂)နှစ်အောက်ကလေးနှင့် မသန်စွမ်းမိန်းကလေးများအပေါ် မုဒိမ်းမှုကျူးလွန် လျှင် ထောင်ဒဏ်အနှစ်(၂၀)နှင့် လွှတ်ရက်မရှိ ထောင်ဒဏ်တသက်ချမှတ်သည့်အပေါ် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးဆောင်ရွက်သူများက ထောက်ခံကြသော်လည်း  အသက်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများလည်းရှိနေသည်။

“ ကျမတို့ကြားထဲမှာ မသေချာတာတခုက သက်ငယ်လို့ပြောရမယ့် ဒီအသက်အပိုင်းအခြားကို သတ်မှတ် တဲ့နေရာမှာတော့ နည်းနည်းရှုပ်ထွေးနေတယ်။ (၁၂)နှစ်အောက်ဆိုရင် ထောင်ဒဏ်အနှစ်(၂၀)နဲ့ ထောင် ထဲမှာ တသက်လုံးနေ၊ (၁၂)နှစ်အထက်နဲ့ (၁၈)နှစ်ကတော့ ထောင်ဒဏ်အနှစ်(၂၀)ဆိုပြီး ဒီလိုသတ်မှတ် လိုက်တယ်” ဟု အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသည့် Triangle Women အဖွဲ့တည်ထောင်သူ မခင်လေးက ပြောသည်။

နိုင်ငံတကာ စံနှုန်းများအရ အသက်(၁၆)နှစ်အောက်ကို ကလေးသူငယ်ဟု သတ်မှတ်ထားပြီး လက်ရှိ  သက်ငယ်မုဒိမ်းပြင်ဆင်သည့်ဥပဒေမှာ အသက်(၁၂)နှစ်အောက်ဟု သတ်မှတ်ထားသဖြင့် အသက် အပိုင်းအခြား သတ်မှတ်ခြင်းအပေါ် အနည်းငယ်ရှုပ်ထွေးနေခြင်းဖြစ်သည်။

“ တချို့သေဒဏ်အထိ တောင်းဆိုတဲ့သူကတော့ သဘောကျမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က တော့ သေဒဏ်အထိ မဟုတ်ဘူး။ သူ့ဘဝအတွက်လုံလောက်တဲ့အရာဖြစ်ပြီး တသက်ကျသွားတဲ့အရာမှာ လျော့ရက်တွေမရှိဘဲနဲ့ တကယ်ကို တိကျခိုင်လုံတဲ့အမိန့်ဖြစ်ဖို့ကတော့ ပိုကောင်းတယ်” ဟု လူ့အခွင့်အ ရေး ဆောင်ရွက်နေသည့် ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

ဆက်လက်ပြီး အဆိုပါဥပဒေကြမ်းသည် (၁၂)နှစ်အောက် မိန်းကလေးဟုသာ ဖော်ပြထားပြီး (၁၂)နှစ် အောက် ယောကျ်ားလေးများလည်း မုဒိမ်းမှုကျူးလွန်ခံနေရသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“ (၁၂)နှစ်အောက် ယောကျ်ားလေးတွေလည်း စော်ကားခံရတာရှိတယ်။ အဲဒီလိုမျိုး ယောကျ်ားလေးတွေ စော်ကားခံရတာကို အကာအကွယ်မပေးထားတာကို တွေ့ရတယ်”ဟု ကလေးသူငယ်အခွင့်အရေး လုပ် ဆောင်နေသူတဦးအနေဖြင့် သူကထောက်ပြသည်။

လိင်ပိုင်းဆိုင်ရာစော်ကားသူများသည် မည်သည့် အမျိုးသား၊ အမျိုးသမီးကိုမဆို အန္တရာယ်ပြုနိုင်သည်ကို အားလုံးသဘောပေါက်ဖို့ လိုအပ်ကြောင်းလည်း ဦးအောင်မျိုးမင်းက ထပ်လောင်းပြောသည်။

ကလေးသူငယ်ဆိုင်ရာဥပဒေတွင် မည်သူ့ကို ကျူးလွန်သည်ဖြစ်စေ၊ ကလေးဆိုသည့်ရှုထောင့်မှ ကြည့် ကာ  ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ဦးအောင်မျိုးမင်းက ဆိုသည်။

“ လိင်မှုဆိုင်ရာ ထိပါးစော်ကားတာ ကလေးတိုင်းအတွက် ဖြစ်နိုင်တယ်ဆိုတဲ့စိတ်က မိသားစုတိုင်း  ပတ် ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးအလေးထားဖို့ လိုအပ်တယ်။ သက်ငယ်မုဒိမ်းလို့ ပြောလိုက်ရင် မိန်းက လေးတွေသာမက ယောကျ်ားလေးတွေပါ ခံရနိုင်တယ်ဆိုတာကို ထည့်သွင်းပြောကြားပေးဖို့ လိုအပ်ပါ တယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုလိုက်သည်။

ထို့အပြင် တရားသူကြီး၏ဆင်ခြေတုံတရားဟုဆိုရာတွင်  လျော့ရက်မရှိ လုံးဝလွှတ်ငြိမ်းချမ်းသာခွင့်မရှိစေ ရန် ကြိုးစားဆောင်ရွက်သွားရဦးမည်ဟုလည်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

လက်ရှိပြင်ဆင်လိုက်သည့် သက်ငယ်မုဒိမ်းဥပဒေနှင့်ပတ်သက်ပြီး အသက်(၁၂)နှစ်အောက် မိန်းကလေး ကို သက်ငယ်မုဒိမ်းကျူးလွန်ပါက ထောင်ဒဏ်အနှစ်(၂၀) ထောင်ဒဏ်တသက်ချခံခြင်းကို တရားသူကြီး ၏ ဆင်ခြေတုံတရားအရ အမှန်တကယ်ကျင့်သုံးရမည်ဟုလည်း မခင်လေးက ပြောဆိုလိုက်သည်။

“ (၁၂)နှစ်အောက်က ပိုပြီးပြင်းပြင်းထန်ထန် ချသင့်တယ်။ ထောင်ထဲမှာပဲနေ၊ လွှတ်ရက်မရှိဆိုတာပိုပြီး သင့်တော်တယ်လို့မြင်ပါတယ်။ အရင်က ချတဲ့ဟာတွေ (၁၈)နှစ်အောက်ချမှတ်တဲ့အခါမှာ တရားသူကြီးရဲ့ ဆင်ခြေတုံတရားဆိုတာနဲ့  ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ထားပေမယ့် တကယ်လည်း အနှစ်(၂၀) ချတဲ့ သူရှိသလို မချတဲ့သူလည်းရှိပါတယ်” ဟု မခင်လေးက ထောက်ပြလိုက်သည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုများ မကြာခဏဖြစ်ပွားကာ ထိုအမှုများကို လေ့လာကြည့်လျှင် ဆင်းရဲ နွမ်းပါးသူများ၊ ကျေးလက်တောရွာများတွင် အဖြစ်များကြောင်း ဥပဒေတင်သွင်းခဲ့သူ ဦးအောင်သိန်းက ပြောသည်။

‘‘သက်ငယ်မုဒိမ်းမှုတွေက တော်တော်လေးဖြစ်နေတယ်။  ကလေးတွေကို လုံခြုံမှုမပေးနိုင်ရင် ကျွန်တော် တို့နိုင်ငံအတွက်မကောင်းဘူး။ ဒါကြောင့် စံပြုလောက်တဲ့ပြစ်ဒဏ်ကို မြှင့်ပြီးတော့လုပ်တာပါ’’ ဟု ဦး အောင်သိန်းက ဆက်ပြောသည်။

ဆက်လက်ပြီး “ မုဒိမ်းပြုကျင့်နေစဉ် ပြုကျင့်ခံရသူသေဆုံးသွားပါက  ကျူးလွန်သူသည် မုဒိမ်းမှုဖြင့် အရေး ယူခံရမည့်အပြင် ထောင်ဒဏ်(၇)နှစ်အထိ ကျခံနိုင်သည့် လူသတ်မှုဖြင့်လည်း ငြိစွန်းနေသဖြင့် သေဒဏ်ချ မှတ်ခြင်း ခံရနိုင်ကြောင်းလည်း သူကဆိုသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို တသက်တကျွန်းသေဒဏ်အထိပေးရန် တောင်းဆိုကြသူများက ထောင် ဒဏ်အနှစ်(၂၀)မှ ထောင်ဒဏ်တသက်တကျွန်း လွှတ်ရက်မရှိ သတ်မှတ်ခြင်းကို သဘောမကျကြပေ။

“ထောင်ထဲမှာနေရင် နိုင်ငံတော်က ထမင်းကျွေးနေရဦးမယ်။ ထောင်ဝန်ထမ်းတွေလည်း အလုပ်ရှုပ်နေ ဦးမယ်။ ကုန်ကျစရိတ်လည်းများတယ်။ ထိုကုန်ကျစရိတ်ကို မိဘမဲ့ကလေးတွေကိုလှူသင့်တယ်” ဟု အ သက် (၃၅)နှစ်အရွယ် ရန်ကုန်မြို့နေ မအေးနီက ပြောသည်။

သက်ငယ်မုဒိမ်းကျူးလွန်သူကို မသေမချင်း သေဒဏ်ပေးလိုက်မှသာ နိုင်ငံတော်အတွက် ကောင်းမွန်မည် ဖြစ်သလို ကလေးငယ်များ၊ အမျိုးသမီးများအတွက်လည်းလုံခြုံမည်ဟု မအေးနီက ကောက်ချက်ချသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ဧပြီလအထိ သက်ငယ်မုဒိမ်းမှုပေါင်း (၂၀၀၀)နီးပါး ဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

Related Articles