Home ဆောင်းပါး စိမ်ခေါ်မှုတွေရှိနေသေးတဲ့ ကျန်းမာရေး လုပ်သားများ

စိမ်ခေါ်မှုတွေရှိနေသေးတဲ့ ကျန်းမာရေး လုပ်သားများ

ဓါတ်ပုံ – နန်း မွေခေါင်

နန်းဆိုင်နွမ်။          ။

ကွန်ဟိန်းမြို့နယ်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းက လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေသေးတဲ့ မြို့နယ်တခုဖြစ်ပါတယ်။

မိုးရွာလိုက်တာနဲ့ ကွန်ဟိန်းမြို့နယ်အတွင်းက ကျေးရွာတွေဆီသွားတဲ့လမ်းတွေဟာ ရွှံနွံတွေကြောင့် ခြေမြန်တော် ထော်လဂျီ၊ ကား၊ ဆိုင်ကယ်တွေနဲ့ မသွားရောက်နိုင်တော့ဘူးလို့ အရံသားဖွား ဆရာမနန်းမွေခေါင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနှစ်လောက်ကတော့ နန်းမွေခေါင်အတွက် မေ့ပျောက်လို့ မရနိုင်စရာ အဖြစ်တခု ကြုံခဲ့ရပါတယ်။

ကွန်ဟိန်းမြို့နယ်အတွင်းက ကျေးရွာတရွာမှာ အရေးပေါ်လူနာဆီကို အချိန်မီမရောက်နိုင်တာကြောင့် ကလေးငယ်တဦးသေ ဆုံးသွားခဲ့တာပါ။

အဲဒီဒေသတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ သေရေးရှင်ရေးအတွက် လိုအပ်တယ်ဆိုရင်တောင် အချိန်မီမသွားရောက် နိုင်တဲ့ပြဿနာဟာ ကျေးလက်ဒေသက အရံသားဖွားတွေနှစ်စဉ်ကြုံတွေ့နေရတဲ့ပြဿနာပါလို့ နန်းမွေခေါင်က ဆိုပါတယ်။

ဆရာမနန်းမွေခေါင်ဟာ အရံသားဖွားဆရာမ မဖြစ်ခင်ကတော့ ကျောင်းဆရာမတဦး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ကျောင်းသားတ ယောက် နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့ရတာဟာ နန်းမွေခေါင်ရဲ့ဘဝကို တဆစ်ချိုးပြောင်းလဲစေခဲ့တာပါ။

“ကျမလည်း သာမန်နေမကောင်းဖြစ်ပြီး အအေးမိတယ်လို့ပဲထင်ခဲ့တယ်။ နောက်ပိုင်း သူဆုံးသွားခဲ့တယ်” လို့ အဲဒီတုံးက အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

“ဒါပေမယ့် ဘာဖြစ်လို့နေမကောင်းလဲဆိုတာမသိခဲ့ဘူး”

အခုချိန်ထိ ဒီကျောင်းသားလေး ဘာရောဂါနဲ့ဆုံးသွားတယ်ဆိုတာ အဖြေမသိခဲ့ရပါဘူး။

“ကျမသာ ဆေးကုတတ်ရင်  ကျမစာသင်ပေးတဲ့ ကလေးသေမှာ မဟုတ်ဘူး” လို့ ဝမ်းနည်းစွာနဲ့ နန်းမွေခေါဝ်က ပြောပြပါ တယ်။ သူမသေသင့်ဘဲ သေသွားတာ။ စိတ်အားငယ်မိတယ်။  ဝမ်းနည်းတယ်။ သူက အရမ်းတော်တယ်။ သွက်လက်တယ်။ စာသင်ရင်လည်း ဖျတ်လတ်တယ်”

ဒါနဲ့ပဲ နန်းမွေခေါင်တယောက် ပညာရေးလုပ်သားဘဝကနေ ကျန်းမာရေးလုပ်သား ဘဝကို ပြောင်းရွေ့ခဲ့ပါတယ်။

သူဟာ ၂၀၀၇ ခုနှစ်မှ စတင်ပြီး အရံသားဖွားဆရာမသင်တန်းကို ကွန်ဟိန်းပြည်သူ့ဆေးရုံမှာ တက်ရောက်ခဲ့ပြီး၊ ကျေးရွာမှာ လို အပ်နေတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြန်လည်ပြုလုပ်ပေးသူတဦး ဖြစ်လာခဲ့ပါတယ်။

အခုချိန်မှာတော့ ကွန်းဟိန်းမြို့နယ် ကျိုင်းလွန်းကျေးရွာမှ အရံသားဖွား ဆရာမတစ်ဦးဖြစ်ပါတယ်။

သူဟာ ကျိုင်းလွန်းကျေးရွာ အုပ်စုဝင်တွေဖြစ်တဲ့ တောခေါင်တဲ့ ဒေသတွေကို သွားရောက်ပြီး မွေးလူနာတွေကို ကြည့်ပေးတဲ့ အပြင် ကျန်းမာရေး မကောင်းတဲ့သူတွေကိုလည်း ဆေးကုသပေးနေတဲ့ ကျန်းမာရေးဆရာမတဦးပါပဲ။

ဒါပေမယ့်လည်း ကျန်းမာရေး လုပ်ငန်းတွေကို စိတ်ရှိလက်ရှိ မလုပ်နိုင်သေးပါဘူး။ ပထမဆုံး စိမ်ခေါ်မှုကတော့ လမ်းပန်း ဆက်သွယ်ရေးပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ခန့်ကတော့ အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းတယောက်ဟာ ငွေကြေး မပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကွန်ဟိန်းမြို့အထိ သွားရောက်သားဖွားရန် မဖြစ်နိုင်တာကြောင့် သူ့ရဲ့ ရွာမှာပဲ မွေးဖွားနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။

ကျေးလက်ဒေသကို သားဖွားတွေရောက်မလာခင်မှာပဲ အဲဒီမိခင်လောင်းဟာ ကိုယ်ဝန်ကို ဆုံးရှုံးလိုက်ရတယ်လို့ နန်းမွေခေါင်က ပြောပါတယ်။

အခုချိန်မှာတော့ အရံသားဖွားလက်မှတ်ကို ကိုင်ဆောင်ထားပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ထားတဲ့သူတဦးတော့ မဟုတ်ပါဘူး။

နန်းမွေခေါင်လိုပဲ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ နောက်တယောက်ကတော့ ကျန်းမာရေး ဆရာမနန်းရွှေဟန် ဖြစ်ပါတယ်။

နန်းရွှေဟန်ကလည်း မိုင်းရှူးမြို့နယ် လွိုင်နိုင်းကျေးရွာ အုပ်စု ဝမ့်နမ့်ပွန်းကျေးရွာက အရံသားဖွား ဆရာမတဦးဖြစ်ပါတယ်။

မြို့နဲ့အလှမ်းဝေးကာ မိမိကျေးရွာမှာ ပညာတတ် မရှိတဲ့အပြင် ရွာကိုလာရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးမယ့် ဆရာဝန်လည်း မရှိတဲ့အတွက် ကျန်းမာရေးဆရာမပါ လုပ်ရတယ်လို့  နန်းရွှေဟန်က ပြောပြပါတယ်။

ကျေးလက်ကျန်းမာရေးဆရာမ နန်းရွှေဟန်ကလည်း နန်းမွေခေါင်လိုပဲ အရင်က ကျောင်းဆရာမတဦးဖြစ်ခဲ့သူပါ။

“ကျောင်းဆရာမ လုပ်တုန်းက  ကျေးရွာမှာ ငွေကြေးအခက်အခဲတွေ့တော့ မြို့ကိုမသွားနိုင်။ မြို့ပေါ်သွားဖို့ကလည်း လမ်းပန်း ခက်ခဲတယ်။ နေမကောင်းရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုသနေကြတာတွေ ကိုယ့်ရှေ့မှာ သေဆုံးတာတွေ မြင်ခဲ့ရတယ်” လို့ နန်းရွှေဟန်က ကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ဝမ်းနည်းစွာ ပြန်လည်ပြောပြနေပါတယ်။

မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေမှာ အစိုးရ ခန့်အပ်တဲ့ သူနာပြုဆရာမတွေ ရှိပေမယ့်  ကျေးလက်ဆေးပေးခန်းမှာ အချိန်ပြည့် လာရောက်တာဝန်ယူတာ မရှိဘူးလို့ ဒေသခံ အရံသားဖွား ဆရာမတွေက ပြောဆိုလိုက်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုက ရှမ်းပြည်တောင်ပိုင်းက သားဖွားဆရာမလေးတွေအတွက် တခုတည်းသော စိမ်ခေါ်မှု မဟုတ်ပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနက  ခန့်အပ်တဲ့ သူနာပြုဆရာမတွေဟာ ကိုယ်ဝန်သည်၊ မွေးလူနာနဲ့ မွေးကင်းစကလေးတွေ စာရင်း လာကောက်ပြီး ပြန်သွားတတ်ကြကြောင်းလည်း အရံသားဖွားဆရာမများက ပြောပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနက တယောက်လာထားတယ်။ ဒါပေမယ့် သူက ဒီဇာတိမဟုတ်ဘူး။ သူက တလကို (၂)ရက် (၃)ရက် လောက်ပဲ လာတယ်။ ကျေးရွာမှာ နေရမယ်၊ စားရမယ်၊ အချိန်ပြည့်နေရမယ်ဆိုပေမယ့် သူတို့တွေက မနေဘူး” လို့ နန်း မွေခေါင်က သူမတို့ ကြုံတွေ့နေရတာတွေကို ပြန်ပြောပြပါတယ်။

ဓါတ်ပုံ – နန်း မွေခေါင်

ဒါ့ကြောင့် သူတို့(၂)ဦးကတော့ အဓိက ကိုယ်ဝန်သည်တွေ၊ သားဖွားမိခင်တွေ၊ ကလေးငယ်တွေအတွက် အားကိုးနေရတဲ့ သားဖွားဆရာမတွေဖြစ်နေကြသလို မိမိကျေးလက်ဒေသ ကျန်းမာရေးအတွက်  တဖက်တလမ်းကနေ ထောက်ပံ့ပေးနေရတဲ့ ကျန်းမာရေး ဆရာမတွေဖြစ်နေကြပါပြီ။

လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ဒေသတွေကို မွေးလူနာတွေ သွားကြည့်ဖို့အတွက် အခက်အခဲများစွာ ကြုံတွေ့ရပြီး၊ တခါ တလေ တခြားဝေးလံတဲ့ကျေးရွာက မွေးလူနာတွေ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အရေးပေါ်ဆေးရုံပို့ဖို့ မမှီတော့ ဘဲ  အသက်ပေးဆပ်ကြရတယ်လို့လည်း နန်းရွှေဟန်က  စိတ်မကောင်းစွာ ပြောပြနေပါတယ်။

လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ဒေသ၊ မအေးချမ်းတဲ့နယ်မြေမှာ နေထိုင်တဲ့ ကိုယ်ဝန်သည် မွေးလူနာတွေအတွက်က တော့ အခက်အခဲတွေ စိန်ခေါ်မှုမျိုးစုံ ရှိနေပါတယ်။

“ မိုးရွာတော့ မွေးလူနာအတွက်ရော ကျမတို့သားဖွားတွေအတွက်ရော အခက်အခဲဖြစ်တယ်။ မိုးကရွာ လမ်းကမပေါက်တော့ မွေးလူနာတွေ ရှိတဲ့နေရာကို ခြေလျင်လျှောက်ရတယ်။ ရွှံထဲမှာ(၅)နာရီလောက် လျှောက်ရတယ်” လို့ နန်းရွှေဟန်က ကြုံတွေ့ ခဲ့တာတွေ ပြန်ပြောပြပါတယ်။

ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသက ပြည်သူတွေက မြို့ပေါ်ဆေးရုံတွေကို သွားရောက်ဆေးကုသဖို့ အလွန်ပင် စိတ်ပူပန်ဝန်လေးနေကြပြီး၊ မြို့ပေါ်ဆေးရံကို သွားဖို့ အစစအရာရာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့သိရပါတယ်။

“တကယ်လို့မဖြစ်မနေ သွားရမယ်ဆိုရင်တောင် သူတို့ ကြိတ်မှိတ်ပြီး အိမ်မှာပဲဆေးကု၊ ကလေးမွေးကြတယ်။ မြို့ပေါ် သွား မယ်ဆို ကားခလည်း ပေးရမယ်။ လမ်းကမကောင်း၊ ထော်လော်ဂျီနဲ့သွားရမယ်။ လမ်းကခုန်တော့ မွေးလူနာအတွက်လည်း ခက်ခဲ တယ်။ မိုးရာသီဆို ပိုတောင်ဆိုးသေးတယ်”   လို့ နန်းရွှေဟန်က ပြောပါတယ်။

အစိုးရက သူတို့တွေအတွက် ထောက်ပံ့ပေးမှုတွေ မရှိနေဘူးလို့လည်း ဆရာမတွေက ပြောပါတယ်။ ကျန်းမာရေး ဆရာမတွေ ဟာ ကိုယ့်ကျေးရွာဖြစ်တဲ့အတွက် ကိုယ်တတ်တဲ့ပညာနဲ့ ကျေးရွာပြည်သူတွေကို ပြန်လည်ကုသပေးနေကြတာဖြစ်တယ်လို့ နန်း ရွှေဟန်က ဆိုပြန်ပါတယ်။

ငွေကြေးအပြင် လုံခြုံရေးကလည်း ဆရာမလေးတွေအတွက်တော့ စိမ်ခေါ်မှုတခုပါ။ မွေးလူနာတွေ ညသန်းခေါင်ချိန်လာ ရောက်ခေါ်ယူရင်လည်း ကြောက်စိတ်ရှိပေမယ့် လိုက်သွားရပါတယ်လို့ နန်းရွှေဟန်က ပြောပါတယ်။

“ စစ်ဖြစ်တဲ့နေရာတွေကို သွားတာ ကြောက်တော့ကြောက်တယ်။ အခုခေတ်က ပိုဆိုးတယ်။ ဘိန်းသမားတွေကလည်း များ တော့ ပိုကြောက်ရတယ်။ အသည်းအသန် ရှိရင်တော့ ညရေးညတာလည်း သွားရတယ်။ ဗိုက်နာတာ ကလေးမွေးခါနီးဆိုရင် တော့ မသွားလို့မဖြစ်ဘူးပေါ့” လို့ နန်းရွှေဟန် က ပြောပြပါတယ်။

ဆက်လက်ပြီး “ မွေးလူနာတွေက ကျမကိုပဲ အားကိုးနေရတယ်။ မွေးဖွားခတော့ စေတနာရှိသလောက်ပဲ။  ဒါပေမယ့် ဆေးဖိုး ကတော့ သူတို့ ပြန်ပေးတယ်” လို့  သူမက ထပ်လောင်းပြောပြပါတယ်။

ရှမ်းပြည်နယ် တောင်ပေါ်ဒေသမှာတော့ ကျန်းမာရေးအတွက် လိုအပ်ချက်များစွာရှိနေပြီး အဓိကအနေနဲ့တော့ လမ်းပန်း ဆက်သွယ်မှု၊ နယ်မြေမအေးချမ်းမှုနဲ့ ကျေးလက် ကျန်းမာရေးဆေးပေးခန်း စနစ်တကျ မရှိမှုတွေက ကျေးလက်ပြည်သူတွေ အတွက်  စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်လို့ လည်း  ရှမ်းပြည်နယ် ကျန်းမာရေး ဆရာမများက  ထောက်ပြလိုက်ပါတယ်။

ဒါ့အပြင်  ဝေးလံခေါင်ဖျား ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်နိုင်မှု အားနည်းနေသေးကြောင်း၊  ဆေးကုသရန် စရိတ် မတတ်နိုင်လို့ ပြည်သူတချို့ ဆေးကုသဖို့ ခက်ခဲနေသေးကြောင်း ယခုနှစ် ဖေဖော်ဝါရီ(၆)ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တဦးက ပြောကြားခဲ့ပါတယ်။

ဝေးလံခေါင်းဖျားတဲ့ အရပ်ဒေသတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ရေရှည်တာဝန်ထမ်း ဆောင်နိုင်ရန်အတွက်  ဒေသခံဝန်ထမ်းတွေတွေဖြစ်လာအောင် လေ့ကျင့်ပေးသင့်ကြောင်း တပ်မတော် ကိုယ်စားလှယ်တဦး က အကြံပြုတင်ပြခဲ့ပါတယ်။

ကျေးရွာတွေမှာ ကျန်းမာရေး ဆေးပေးခန်းတွေရှိပြီး ဝေလံခေါင်ဖျားက ကျေးရွာကိုယ်ဝန်သည်တွေ လာရောက်ကလေး မွေးဖွားရင် ညအိပ်စောင့်နိုင်တဲ့ နေရာလေး စီစဉ်ပေးဖို့ တောင်းဆိုချင်တယ်လို့လည်း နန်းမွေခေါင်ပြောပါတယ်။

“ ကျေးရွာတွေမှာ  မွေးခန်းရှိမယ်ဆိုရင် မိုးဘယ်လောက်ရွာရွာ ကိုယ်ဝန်သည်တွေ  ရွွံှနွံထဲ လမ်းလျှောက်စရာမလိုတော့ဘူး ” လို့  နန်းမွေခေါင်က ဆိုလိုက်တာပါ။

Related Articles