Home ဆောင်းပါး ကိုဗစ်ရေး နိုင်ငံရေးတွေကြားက ဝမ်းရေးခက်ရတဲ့ ငပလီကမ်းခြေကဘဝများ

ကိုဗစ်ရေး နိုင်ငံရေးတွေကြားက ဝမ်းရေးခက်ရတဲ့ ငပလီကမ်းခြေကဘဝများ

ခိုင်ရီ။ ။
ဒီနွေဦးမှာ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ စိတ်သောကဖြစ်စရာ နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာတစ်နိုင်ငံလုံးက မြို့တိုင်းနယ်တိုင်းလိုလိုမှာ သင်္ကြန်ပွဲတော်ကို အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

သင်္ကြန်မှာ မပျော်ပါးကြဖို့နဲ့ ငွေဆောင်၊ ချောင်းသာနဲ့ငပလီလိုကမ်းခြေတွေကိုလည်း သွားရောက်မလည်ပတ်ကြဖို့ကို ဖေ့ဘွတ်လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ နှိုးဆော်တိုက်တွန်းခဲ့ကြတာတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာကျော် ငပလီကမ်းခြေမှာတော့ ခရီးသွား ဧည့်သည်တွေနဲ့ စည်စည်ကားကား ရှိခဲ့ပါတယ်။

သင်္ကြန်ကာလမှာ မမျှော်လင့်ဘဲ ငပလီကမ်းခြေကို ဧည့်သည်တွေ အစုလိုက်အဖွဲ့လိုက် ရောက်လာတဲ့အခါမှာတော့ လာမယ့် မိုးတွင်းအတွက် စားနပ်ရိက္ခာတော့ ဖူလုံပြီဟဲ့လို့ သက်ပြင်းချနိုင်တဲ့ ငပလီကမ်းခြေကအိမ်ရှင်မတွေထဲမှာ မခိုင် လေးတယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူဟာ ငပလီကမ်းခြေတစ်လျှောက်မှာ ကောက်ညှင်းထုတ်တွေ ရောင်းတဲ့ သူတစ်ယောက်ပါ။

“ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးနေကြတာဆိုတော့ ဒီသင်္ကြန်မှာလာနိုင်ကြမယ်လို့ မထင်ခဲ့ဘူး” လို့ ဒီနှစ်သင်္ကြန်အပေါ် သူတွေး ထင်ခဲ့တဲ့ အတွေးတစ်ခုကို မခိုင်လေးကပြောပြပါတယ်။

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေဟာ ခရီးသွားလုပ်ငန်းတွေကနေ ဒေသအတွက် ဝင်ငွေရရှိနေတာဖြစ်လို့ မိုးလေကင်း လွတ် တဲ့ ခရီးသွားရာသီကိုသာ အားကိုးအားထားပြုပြီး ဝင်ငွေရှာဖွေရပါတယ်။ အလုပ်အကိုင်နဲ့ ဝင်ငွေရှားပါးတဲ့ မိုးတွင်း ကာလမှာတော့ ပွင့်လင်းရာသီက ရှာဖွေစုဆောင်းထားသမျှငွေနဲ့ စားသောက်ကြရပါတယ်။

သင်္ကြန်ကာလပြီးပြီဆိုရင် မိုးရာသီအတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငရုတ်သီးခြောက်၊ မန်ကျည်းသီး၊ ငါးနီတူ စတဲ့ အစားအစာတွေကို မိုးတွင်း ၄လ၊ ၅ လစာလောက် စုဆောင်းထားလေ့ရှိကြတယ်။ မိုးရေချိန်လက်မများပြီး မပြတ်အောင် ရွာတဲ့အတွက် ဒီလို ကြိုတင်စုဆောင်းထားတဲ့ စားနပ် ရိက္ခာတွေနဲ့ မိုးကာလကိုဖြတ်သန်းကြတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ခရီးသွားလုပ်ငန်းတွေ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ အောက်တိုဘာလ လောက်ဆိုရင် ခရီးသွားတွေနဲ့ စတင်ပြီးစည်ကားလာလေ့ရှိတဲ့ ငပလီကမ်းခြေဟာ တနှစ်တာကာလနီးပါး လူသူ ပြတ်လပ်ပြီး ခြောက်ကပ်ကပ်ဖြစ်နေခဲ့ပါတယ်။

ဒီနှစ်အစပိုင်းမှာတော့ ငပလီက ခရီးသွားလုပ်ငန်းတွေဟာ ပြန်လည် စတင်ကြဖို့အရှိန်ယူခဲ့ကြတယ်။ ဟိုတယ်ကြီးတချို့ ဟာလည်း ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည် ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ကြတယ်။

ဒါပေမယ့် ဖေဖော်ဝါရီ ၁ ရက်မှာတော့ မျှော်လင့်မထားတဲ့ စစ်တပ်အာဏာသိမ်းမှုကြီးနဲ့ ကြုံတွေ့လိုက်ရပါတယ်။ နိုင်ငံရေး မတည်မငြိမ်မှုတွေဖြစ်ပြီး အစိုးရယန္တာရားကြီးတစ်ခုလုံးရပ်တန့်သွားသလို ဘဏ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းအပါအဝင် စီးပွာရေးကဏ္ဍတစ်ခုလုံးလည်း တုန့်ဆိုင်းသွားခဲ့ပါတယ်။

ဒါကြောင့် မခိုင်လေးလို ငပလီကမ်းခြေတလျှောက်မှာ ခရုပန်းခိုင်ရောင်းသူ၊ ငါးကင်၊ ပုစွန်ကင်ရောင်းသူ၊ ပင်လယ်စာ ချက်ပြုတ်ရောင်းချသူစတဲ့ ကမ်းခြေကို အမီပြုနေကြသူတွေဟာ လာမယ့် မိုးတွင်းစားဝတ်နေရေးအတွက် စိုးရိမ်သောက တွေ ဝင်ခဲ့ရပါတယ်။

ဒီလိုစိုးရိမ်သောက ဝင်မယ်လိုလည်းဝင်စရာပါ။ မနှစ်က ကိုဗစ်နှိပ်စက်မှုကြောင့် ငပလီကမ်းခြေမှာ ကောက်ညှင်းထုတ် ရောင်းတဲ့ မခိုင်လေးဟာ လုပ်ငန်းတွေရပ်လိုက်ရပြီး ဝင်ငွေမရှိဖြစ်ခဲ့ရတယ်။ စားဝတ်နေရေးအတွက် အကျပ်အတည်းကြုံ လာရတယ်။ ဒါကြောင့် “ရှိတာလေး ရောင်းချစားသောက်ရတယ်၊ ချေးငွေလေးတွေနဲ့ စားသောက်ရတယ်”လို့ သူက ရှင်းပြတယ်။

ကိုဗစ်မဖြစ်ခင်ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ပြည်တွင်းစစ်ပွဲတွေက ငပလီကမ်းခြေရဲ့ ခရီးသွားလုပ်ငန်း တွေကို အနည်းနဲ့အများ ဆိုးကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ အဲဒီနောက် အဆိုးဆုံးအခြေအနေကတော့ ကိုဗစ်ကပ်ရောဂါ ဘေးပါပဲ။ အခုကိုဗစ်ဒဏ်ခံရပြီး စစ်တပ်အာဏာသိမ်းတာကိုပါ ထပ်ပြီးကြုံရတာကြောင့် သူတို့အဖြစ်က မြွေပူရာ ကင်းမှောက် ခံရတဲ့ အဖြစ်ပါ။

ကိုဗစ်မတိုင်ခင် ပုံမှန်အတိုင်းလည်ပတ်နေတဲ့ ခရီးရာသီအချိန်တုန်းကဆိုရင် မခိုင်လေးတို့မိသားစုရဲ့ စားသောက်ပြီး စရိတ် နှုတ်လိုက်ရင်တောင် ကောက်ညှင်းထုတ်ရောင်းရတဲ့ အမြတ်ငွေဟာ ကျပ်သိန်း ၃ဝ ကနေ ၄၀ ဝန်းကျင်အထိ ကျန် လေ့ရှိတယ်။

အဲဒီငွေနဲ့ အိမ်သုံးစရိတ်၊ ကလေးပညာရေးစရိတ်၊ မိသားစုကျန်းမာရေးစရိတ် စတာတွေမှာသုံးတယ်။ အဲဒီငွေဟာ သူတို့ မိသားစုအတွက် လောက်ငှတဲ့အပြင် အသင့်အတင့် စုနိုင်ဆောင်းနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားနဲ့ ဆက်စပ်တဲ့ အလုပ်တွေအားလုံး ရပ်တန့်သွားတဲ့အခါမှာတော့ မခိုင်လေးတို့လို ကမ်းခြေကို အမှီပြုနေရသူတွေအားလုံး ဝင်ငွေတွေ ရပ်သွားခဲ့တယ်။ အရင်နှစ်နွေရာသီတွေက စုဆောင်းထားတာလေး ရောင်းချ၊ ပေါင်နှံစားသောက်ကြသလို၊ အတိုးနည်းနည်းနဲ့ချေးပေးတဲ့ ပုဂ္ဂလိက အသေးစားငွေချေးလုပ်ငန်းတွေကနေ ချေးငှားသုံးစွဲကြရတာတွေလည်း ရှိပါတယ်။

ငပလီကမ်းခြေ မြပြင်ရပ်ကွက်ကမ်းခြေမှာ ခရုပန်းခိုင်တွေ၊ ငပလီအမှတ်တရ အကျီတွေနဲ့ လက်မှုပစ္စည်းလေးတွေ ရောင်းချ တဲ့ မအိအိသူ(အမည်လွှဲ)ဆိုရင်လည်း ကိုဗစ်မဖြစ်ခင် ပုံမှန်ကာလတွေမှာ သူ့အမျိုးသားဖြစ်သူက ဧည့်ဆွဲလှေလေး မောင်းပြီး၊ သူက ဈေးဆိုင်လေးရောင်းတဲ့အတွက် မိသားစု ၅ယောက်ရှိတဲ့ သူတို့မိသားစု အဆင်ပြေ လောက်ငှခဲ့ကြ ပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် တနှစ်လောက် ဝင်ငွေရပ်သွားတဲ့အခါမှာတော့ သူ့ကို ယုံကြည်သူတချို့ထံက ချေးငှားသုံးစွဲ ရတာတွေ ရှိလာပါတော့တယ်။

“ အခုလှေရောင်းလိုက်ရပြီ၊ လှေရောင်းပြီး ယူသုံးထားတဲ့ အကြွေးဆပ်ရတယ်” လို့ မအိအိသူက ပြောပြတယ်။

ဒီနှစ်သင်္ကြန်မှာ ထင်မှတ်မထားဘဲ ဧည့်သည်တွေလာလည်ကြလို့ အတန်အသင့် ဈေးရောင်းချလိုက်ရတဲ့အတွက် ဧည့်သည် တည်းခိုလည်ပတ်မှုပိုများတဲ့ ငပလီ၊ မဇင်စတဲ့ နေရာတဝိုက်က ငါးကင်ရောင်းသူ၊ ကောက်ညှင်းထုတ်ရောင်းသူ၊ ဘောကွင်းငှားသူ၊ ရခိုင်မုန့်တီရောင်းသူ စတဲ့ ဈေးသည်တွေလည်း အတန်အသင့် ဝင်ငွေလေးရလိုက်ကြတယ်။

“ ဒီသင်္ကြန်တွင်း ရက်ပိုင်းလေးမှာ ဘောကွင်းလည်းငှားရတယ်၊ ငါးကင်ရောင်းတဲ့လူတွေဆို သုံးလေးသိန်းဖိုးလောက် ရောင်းလိုက်ရတယ်၊ မိုးတွင်းစားဖို့သောက်ဖို့လေးရသွားတာပေါ့”လို့ ငပလီကမ်းခြေမှာ ဘောကွင်းငှားတဲ့ အမျိုးသမီးတဦး က ပြောပြတယ်။

တချို့အတွက် မိုးတွင်းစာ လောက်ငှသွားသလို၊ တချို့အတွက်ကျတော့လည်း အရင်ယူထားတဲ့ ကြွေးဟောင်းတွေကို ဆပ်နိုင်လိုက်တဲ့အတွက် လာမယ့်မိုးတွင်းမှာ ကြွေးသစ်ယူသုံးလို့ရသွားတယ်လို့ မခိုင်လေးက ပြောပြတယ်။

သူက “ဒီသင်္ကြန်လေးနည်းနည်း ရောင်းလိုက်ရလို့ အမေ့ကိုတောင် အမေရေ ဒီနှစ်တော့ ထမင်းမငတ်တော့ဘူး၊ ရှိတာလေး မကုန်တော့ဘူးလို့ ပြောရတယ်၊ မိုးစာအတွက်ပူပင်ရတာ မိန်းမတွေပဲလေ”လို့ ပြောပြပါတယ်။

အခု သင်္ကြန်ကာလရက်ပိုင်းမှာ လာလည်ကြသူအများစုက ပြည်မကခရီးသွားတွေမဟုတ်ကြသလို၊ နိုင်ငံခြားသားခရီးသွား တွေမဟုတ်ကြပါဘူး။ အဓိကလာလည်ကြတဲ့ ဧည့်သည်တွေကတော့ အရင်နှစ်တွေက ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည် နယ် မြောက်ပိုင်းဒေသက ရခိုင်တိုင်းရင်းသားတွေပါ။ သူတို့ဟာ ပြည်တွင်းစစ်ကြောင့် သင်္ကြန်အပါအဝင်၊ မြန်မာ့ရိုးရာ ပွဲတော်တွေကို မဆင်နွှဲကြရတာကနေ ဒီနှစ်သင်္ကြန်မှာတော့ ငပလီကမ်းခြေကို ကားကြီး ကားငယ်နဲ့ လာရောက်လည်ပတ် ခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားဧည့်သည်အများစု တည်းခိုလေ့ရှိတဲ့ မူလရေသူမရုပ်တုရှိရာ ငပလီကမ်းခြေတဝိုက်မှာ ခရီးသွားတွေနဲ့ စည်ကားခဲ့ပေမယ့် ဟိုတယ်အများစုရှိရာ မြပြင်ကမ်းခြေဘက်မှာတော့ ခရီးသွား ကျဲပါးခဲ့ပါတယ်။ နိုင်ငံခြားသား ဧည့်သည် တွေ အဓိက အားကိုးပြီးရောင်းချရတဲ့ ခရုပန်းခိုင်၊ ခရုပုတီးတွေရောင်းတဲ့ မအိအိသူတို့အတွက်ကတော့ လာမယ့် မိုးတွင်း အတွက် ရတတ်မအေးနိုင်ပါဘူး။

အမျိုးသမီးမိတ်ဆွေ ၂ယောက်နဲ့ စပ်တူဖွင့်ထားတဲ့ သူတို့ရဲ့ဆိုင်လေးက ပစ္စည်းတွေက သင်္ကြန်မှာလာလည်သူတွေက သိပ်စိတ်မဝင်စားပါဘူး။ သူတို့ဟာ ပုံမှန်လို ခရုပန်းခိုင်၊ ငပလီအမှတ်တရအင်္ကျီနဲ့ လက်မှုပစ္စည်းတွေချည်းပဲ ရောင်းမယ် ဆိုရင် တွက်ချေမကိုက်နိုင်ဘူးဆိုတာ ကြိုတွေးမိတဲ့အတွက် ငါးကင်၊ ပုစွန်ကင်နဲ့ ဘောကွင်းငှားတာ တို့ကိုပါ တွဲပြီး လုပ်ကိုင်ခဲ့ကြတယ်။

“သင်္ကြန်မှာရောင်းလိုက်ရတာက ၃ ယောက်ခွဲယူကြတော့ ဆန် ၂ အိတ်လောက်စီ ရလိုက်တယ်၊ ဒါက မိုးတွင်းထိ မခံဘူးလေ”လို့ မအိအိသူက ဆိုတယ်။

ကိုဗစ်ကာလတလျှောက် ရှိတာလေးရောင်းချ၊ မရှိတော့တဲ့အခါ ချေးငှားသုံးစွဲခဲ့ကြပြီး အခုတော့ သူတို့မိသားစုပိုင်ဆိုင်တဲ့ ဧည့်ဆွဲလှေလေးတစင်းကိုပါ ရောင်းချလိုက်ရတဲ့ မအိအိသူဟာ လာမယ့် မိုးရာသီကို ကျော်ဖြတ်နိုင်ဖို့ စိတ်မောနေပါတယ်။

တကယ်တော့ ဒီနှစ်မှာ လူတွေဟာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးကြမယ်၊ ဟိုတယ်တွေပြန်ဖွင့်ကြရင် ခရီးတွေ ထွက်ကြ မယ်၊ တနှစ်ပတ်လုံး အိမ်တွင်းအောင်းနေရတဲ့ မြန်မာပြည်အနှံ့က ခရီးသွားတွေ လာလည်ပတ်ကြတော့မယ်လို့ သူတို့အား လုံး မျှော်လင့်နေခဲ့ကြတာပါ။

ဒါပေမယ့် မျှော်လင့်မထားဘဲ ကြုံတွေ့လိုက်ရတဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ ကသောင်းကနင်း အဖြစ်အပျက်တွေ ကြောင့် ဧည့်သည်တွေ ရောက်လာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ အခုဆိုရင် ဒီနှစ်အတွက် ခရီးသွားရာသီကုန်ပြီလို့ ပြောရမှာပါ။

အာဏာသိမ်းပြီး ရက်ပေါင်း၇၀ကျော် ကာလတိုအတွင်း ဆုံးရှုံးလိုက်ရတဲ့ လူပေါင်းများစွာရဲ့အသက်တွေ၊ မိသားစုဝင်တွေရဲ့ ပူဆွေးသောက ဖြစ်စရာတွေကို ကိုယ်ချင်းစာနာထောက်ထားတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဘဲ တိတ်ဆိတ်စွာ ကျော်ဖြတ်နေကြချိန်၊ ငပလီကမ်းခြေမှာ ဒီလို ပျော်ရက်ကြလေခြင်းဆိုတဲ့ အပြစ်တင်သံတွေ၊ ဝေဖန်သံတွေ ရှိခဲ့ကြပါတယ်။ အဲဒီအပြစ်တင်သံတွေရဲ့ နောက်မှာလည်း ဒေသခံ လက်လုပ်လက်စားလူတန်းစားတချို့အတွက် တမိုးတွင်းစာ စားနပ်ရိ က္ခာလေး ဖူလုံခဲ့ရတာတော့ မြေပြင်က ပကတိလက်တွေ့အဖြစ်အပျက်ပါပဲ။

ဒါပေမယ့် အညာနွေပူပူ၊ ဖုန်ထူထူပေါ်ကို မိုးပြေးကလေးဖြန်းလိုက်သလိုပါပဲ။ မကြာခင် မိုးတွင်းကာလကို ဖြတ်သန်းကြရ ပါတော့မယ်။

“ မိုးတွင်းကို ဖြတ်ဖို့အတွက် အခုကတည်းက စဉ်းစားပြီး စိတ်ညစ်လို့ မတတ်နိုင်တော့ဘူး၊ အိမ်မှာ ကျောင်းသား ၂ယောက် လည်းရှိတယ်၊ မိုးတွင်းမှာ လုပ်စရာအလုပ်လည်း မရှိဘူး၊ ဘာလုပ်ရမယ်မှန်းမသိတော့ဘူး”လို့ မအိအိသူက လေသံပျော့ ပျော့နဲ့ ညည်းညူတယ်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြတဲ့ မြန်မာပြည်တဝှမ်းက ပြည်သူပေါင်းများစွာရဲ့ အသက်တွေ ဆုံးရှုံး တဲ့အထိ စစ်တပ်နဲ့ ရဲတို့က အကြမ်းဖက်နှိမ်နင်းခဲ့တာတွေကြောင့် မြန်မာပြည်ကို ခရီးမသွားသင့်တဲ့နိုင်ငံ အဆင့် (၄) အဖြစ် အမေရိကန်က သတ်မှတ်လိုက်ပါတယ်။ ဒါဟာ လက်တွေ့ဘဝတွေကို သက်ရောက်မှုရှိနိုင်မလား။

လာမယ့် နွေရာသီမှာ သူတို့မျှော်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာလည်မလား၊ ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်မလားဆိုတာ ဒီသင်္ကြန်မှာ ဧည့်သည်လာလို့ ဈေးရောင်းချလိုက်ရတဲ့အတွက် မိုးစာဖူလုံလိုက်သူတွေရော၊ မိုးစာမဖူလုံလိုက်လို့ လာမယ့် မိုးတွင်းအတွက် ပူပင်သောကရောက်နေတဲ့ အိမ်ရှင်မတွေအတွက်ပါ မမျှော်လင့်ရဲတဲ့ အရာတခုဖြစ်နေပါတယ်။

လာမယ့်မိုးရာသီမှာ မိသားစုစားဝတ်နေရေး၊ ကလေးတွေကျောင်းထားနိုင်ရေးအတွက် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မအိအိခိုင်မှာ အဖြေမရှိသေးပါဘူး။ စက်ရုံအလုပ်ရုံမရှိ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ ငပလီဒေသက အခြေခံလူနေမှု ဘဝတွေအားလုံးနဲ့ ထပ်တူကျမယ့် စကားတခွန်းကို သူက အခုလို ခပ်သွက်သွက်ပြောချ လိုက်တယ်။

“ကျမတို့က ဒီနယ်ခံသား၊ ဒီနေရာမှာ ဒါပဲလုပ်စားတတ်တာ၊ ခရီးသည်အသွားအလာမရှိရင် ဝင်ငွေမရှိတော့ဘူး”

Related Articles