Home ဆောင်းပါး ဂီတနဲ့ဆေးကုတဲ့သူဖြစ်ချင်တဲ့ သူမနဲ့ မေမေသူရဲကောင်း

ဂီတနဲ့ဆေးကုတဲ့သူဖြစ်ချင်တဲ့ သူမနဲ့ မေမေသူရဲကောင်း

  

ခင်စုကြည်။              ။

“သမီးဖြစ်ချင်တာက ဂီတနဲ့ဆေးကုတဲ့သူဖြစ်ချင်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ အဲဒီလိုလုပ်တာတွေ ကြား ဖူးတယ်။ အဲဒါနဲ့ပတ်သက်ပြီးလေ့လာနေပါတယ်” လို့ သဇင်သီရိခေတ်လို့ခေါ်တဲ့ ချောချောက သူရဲ့အိပ် မက်တခုကို ဖွင့်ဟပြောဆိုလာပါတယ်။  ချောချောဟာ ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးနှစ်ဘာသာနဲ့အောင်မြင်တဲ့သူတယောက်ပါ။ သာမန်သူတွေထက် ခက်ခက်ခဲခဲပိုကြိုးစားရတဲ့ သူမ အတွက် ဒီဂုဏ်ထူးနှစ်ဘာသာကလည်း ကျေနပ်အားရစရာဖြစ်ပါတယ်။

သူမဟာ မွေးဖွားစဉ်တုန်းက ကိုယ်လက်အင်္ဂါ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာသူပါ။ ဒါပေမယ့် (၄)လသား အရွယ်လောက်မှာတော့ သူမရဲ့ လက်မောင်းရိုးစတင်ကျိုးလာပါတယ်။ အဲဒီကစပြီး ဆက်တိုက်ဆိုသလို အရိုးကျွတ်ရောဂါကို ခံစားလာရကာ သူမ အသက်(၆)နှစ်အရွယ်လောက်မှာတော့ ခြေသလုံးရိုးကျိုးခဲ့ပြီး လမ်း မလျှောက်နိုင်တော့တဲ့အထိဖြစ်ခဲ့တာပါ။

ဂီတနဲ့ဆေးကုတဲ့သူဆိုတာကတော့ ကိုယ်တတ်ထားတဲ့ ဂီတအနုပညာနဲ့ စိတ်မကျန်းမာတဲ့သူတွေ၊ ခန္ဓာကိုယ် မကျန်းမာတဲ့သူတွေနဲ့ စိတ်ဓာတ်ကျနေတဲ့သူတွေကို စိတ်ခွန်အားဖြည့်ပေးတဲ့ စွမ်းရည်ရှိဖို့လိုအပ်တာမျိုးပါ။

ဂီတကိုအခြေခံကာ လူတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့အရာလို့လည်း ဆိုနိုင်ပါတယ်။ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့၊ နိုင်ငံတကာအမျိုးသမီးများနေ့၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အခမ်းအနားတွေနဲ့ လေလွှင့်ကလေးငယ်တွေနဲ့ပတ်သက်တဲ့ ပရဟိတ ပွဲတွေမှာ ဝီးချဲလို့ခေါ်တဲ့ လက်တွန်း လှည်းပေါ်ကနေတဆင့် စင်မြင့်ပေါ်ကိုတက်ကာ ဂစ်တာတလက်နဲ့ ဖျော်ဖြေနေတဲ့ ချောချောရဲ့ အနုပညာ ကတော့ ချီးကျူးစရာပါ။

“မွေးလာတုန်းက အကောင်းတိုင်းပါပဲ။ ဘာမှမဖြစ်ဘူး။ လူကောင်းအတိုင်းပဲမွေးလာတယ်။ (၄)လ သမီး အရွယ်မှာ ဘယ်ဘက်လက်မောင်းရိုး စကျိုးတယ်။ နောက်ပိုင်းမှာ အရိုးတွေဆက်တိုက်ကျိုးတယ်။ ခြေသလုံးရိုး ကျိုးတာကျတော့ အတန်းထဲမှာ ဆရာမက မတ်တပ်ရပ်ခိုင်းတော့ အားလုံးမတ်တပ်ရပ်နေတဲ့အချိန်မှာ ထောက်လိုက်တော့ ကျိုးသွားတာ။ မွေးရာပါနှလုံးရောဂါကနေဖြစ်လာရာကနေ အရိုးကျွတ်ရောဂါပါဖြစ်လာ တယ်။ တခုခုနဲ့ထိလိုက်ပြီဆိုတာနဲ့ အရိုးကျိုးတာတွေဖြစ်တယ်။ အခန့်မသင့်ရင်ကျိုးတတ်တယ်။ အခုတော့ ကျိုးတာတွေ ဘာတွေမရှိတော့ပါဘူး” လို့ဆိုပါတယ်။

ချောချောဟာ ငယ်စဉ်ကတည်းက ကျောင်းက စာစီစာကုံးပြိုင်ပွဲ၊ ကွန်ပျူတာပြိုင်ပွဲ၊  အက်ဆေးပြိုင်ပွဲတွေနဲ့ တခြားပြိုင်ပွဲတွေမှာလည်း ထူးထူးချွန်ချွန်နဲ့ ဆုတွေရရှိခဲ့ပြီး (၈)တန်းနဲ့ (၁၀)တန်းမှာလည်း အထူးချွန်ဆုံး ကျောင်းသူဆုကို ရရှိခဲ့ပါတယ်။ ကျောင်းပညာရေးမှာလည်း ထူးချွန်သလို ဝါသနာပါရာ ဂီတအနုပညာမှာလည်း ခေသူမဟုတ်ပါ။

သူမဟာ(၃)တန်းအရွယ်လောက်မှာ ဂစ်တာတီးတာကို စတင်သင်ကြားခဲ့ပြီး မသန်စွမ်းအဖွဲ့တစ်ခုကပြုလုပ်တဲ့ ပရဟိတပွဲမှာ သီချင်းဆိုရာကနေ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်လာခဲ့ပါတယ်။

သူမ (၅)တန်းအရွယ်လောက်မှာတော့ Future Music Band ဆိုတဲ့ ဂီတအဖွဲ့ကို တည်ထောင်ပြီး အဖွဲ့နဲ့အတူ ပရဟိတပွဲတွေမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။ အခုဆိုရင်တော့ ကိုယ်ပိုင်သံစဉ်တွေနဲ့ သီချင်းတွေကို ရေးစပ်ပြီး ဖျော်ဖြေရတဲ့အထိ အောင်မြင်မှု ရရှိနေခဲ့ပါပြီ။

ချောချောမှာ အစ်ကိုနှစ်ယောက်ရှိပါတယ်။ သူမကတော့ အငယ်ဆုံးသမီးပါ။ အစ်ကိုအကြီးဆုံးကတော့ ပညာရေးကို ထောက်ပံ့ပေးသလို အစ်ကိုအငယ်ကတော့ Idiots Music Band က Bass ဂစ်တာတီးတဲ့သူလည်း ဖြစ်တာကြောင့် သူမရဲ့ ဂီတအနုပညာကို အထောက်အကူဖြစ်စေခဲ့ပါတယ်။

“သက်ငယ်မုဒိန်းနဲ့ပတ်သက်တဲ့ပွဲတွေ အမျိုးသမီးကော်မတီကလုပ်တဲ့ ရင်ခွင်မဲ့ကလေးငယ်တွေအတွက်ပွဲတွေ လမ်းဘေးလေလွှင့်ကလေးငယ်တွေအတွက် လှူဒါန်းတဲ့ပွဲတွေမှာလည်း ပါဝင်ကူညီခဲ့ပါတယ်။ သမီးတို့သာ မိဘအစုံအလင်နဲ့နေရပေမယ့် တချို့ကလေးတွေကျတော့ မိဘတွေမရှိဘူး။ ခိုးကိုးရာမဲ့ကြတယ်။ တခြားသူ တွေရဲ့ ကဲ့ရဲ့ခြင်းတွေ ရှုတ်ချခြင်းတွေခံရပြီးတော့ သူများတွေ အထင်သေးပြောဆိုတာတွေကိုလည်း ခံနေရ တယ်။ အဲဒီလိုမျိုးတွေလည်း ကြားနေရတော့ စာနာစိတ်နဲ့ ကူညီပေးဖြစ်တာပါ။ လမ်းလေးကလေးငယ်တွေကို ကူညီရင်းနဲ့လည်း ဒီလိုပရဟိတစိတ်တွေ ပိုပြီးဖြစ်ပေါ်လာခဲ့တာပါ”

အခုလို သူမဝါသနာပါရာလမ်းကို တည့်တည့်မတ်မတ်လျှောက်လှမ်းနိုင်ဖို့ အဓိက လမ်းပြပေးသူကတော့ သူမရဲ့ မိခင် အငြိမ်းစားကျောင်းဆရာမ ဒေါ်မဉ္ဇူ ဖြစ်ပါတယ်။

ချောချောရဲ့ အမေဟာ အရင်က ကမာရွတ် (၂) ကျောင်းက ကျောင်းဆရာမတယောက်ဖြစ်ပြီး သမီးဖြစ်သူ ချောချောရဲ့ အရိုးရောဂါအခြေအနေကြောင့် ကျောင်းထွက်ကာ အငြိမ်းစားဘဝနဲ့ သမီးကို ပြုစုစောင့်ရှောက်ခဲ့ ပါတယ်။

သမီးတယောက်အတွက် မိခင်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုတော့ ဒေါ်မဉ္ဇူက အခုလိုပြောပါတယ်။

“မိဘဆိုတာ ကလေးကိုယ်ပူပြီး ဖျားရင်တောင် နေမထိထိုင်မသာဖြစ်တာလေ။ ကျမကလေးက အရိုးတွေ ကျိုး တယ်။ အဲဒီရောဂါဖြစ်တာကို (၃)နှစ်လောက်မှသိတာ။ ငယ်ငယ်တုန်းကတော့ လက်တွေကျိုးတာ (၄)လက တည်းက စကျိုးတယ်။ တောက်လျှောက်ကျိုးနေတာ ဘာကြောင့်မှန်း မသိခဲ့ဘူး။ နောက်တော့ ဆရာဝန်ကြီး တယောက်နဲ့ တွေ့တော့မှ ဒီရောဂါမျိုးဆိုတာ သိခဲ့တာ”

ကျောင်းတတ်နေတဲ့ကာလတလျှောက်လုံး ကျူရှင်မယူပဲ မိခင်ဖြစ်သူရဲ့ သင်ကြားပေးမှုအောက်မှာပဲ ကြိုးစားခဲ့ ရပါတယ်။ ချောချောရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်သွားတဲ့အခါမှာတော့ အမေဖြစ်သူဟာ အပြင် ပုဂ္ဂလိ က ကျောင်းတခုမှာ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အခုတော့ သူမရဲ့အမေဟာလည်း အလုပ်က နေ အနားယူလိုက်ပြီး သူမရဲ့ အနုပညာအလုပ်တွေကို ထောက်ပံ့ပေးသလို မိခင်ကိုယ်တိုင်ကလည်း ပရဟိတ လုပ်ငန်းတွေကိုကိုယ်တိုင်လုပ်ဆောင်နေပါတယ်။

ချောချောရဲ့မိခင်ဟာ မိခင်တယောက်အဖြစ်လည်း ပြုစုစောင့်ရှောက်ခဲ့သလို ဆရာမတယောက်အဖြစ်နဲ့လည်း လမ်းပြသင်ကြားပေးခဲ့သူပါ။ သူမရဲ့မိခင်ဟာ ရန်ကုန်မြို့ရဲ့ အမျိုးသမီးရေးရာကော်မတီမှာလည်း ပါဝင်လှုပ်ရှား နေသူတယောက်ဖြစ်ပါတယ်။

ချောချောဟာ မူလတန်းအရွယ်မှာတော့ ပညာသင်ကြားရတဲ့အခါ အခက်အခဲမရှိခဲ့ပေမယ့် အလယ်တန်းရောက် တဲ့အခါ မူလတန်းကျောင်းကနေ အထက်ကျောင်းကိုပြောင်းရပါတယ်။ အ့ဒီအချိန်မှာတော့ ချောချောအတွက် အခက်အခဲတခုရှိလာပါတယ်။ ဒါကတော့ အထပ်မြင့်တဲ့ကျောင်းဆောင်ပေါ်တွေတက်ဖို့ သူမအတွက် မလွယ် ကူလှပါဘူး။

ဒါကြောင့် ချောချောရဲ့ကျန်းမာရေးအခြေအနေနဲ့ အဆင်ပြေမယ့် ကျောင်းကို မိခင်ဖြစ်သူက ကြိုးစား ရှာဖွေရ ပါတော့တယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်ကို သွားရောက်လည်ပတ်ရင်း အခုတက်ခဲ့တဲ့ကျောင်းဆောင်ကိုတွေ့ပြီး ချောချောအတွက် အဆင်ပြေမယ်လို့စဉ်းစားမိပြီး မင်္ဂလာတောင်ညွှန့်ကျောင်းကနေ ပြောင်းရွေ့လာခဲ့ပါတယ်။ မင်္ဂလာတောင် ညွှန့်ကျောင်းမှာ ရခဲ့တဲ့ ပညာသင်ဆုကိုတော့ စွန့်လွှတ်လိုက်ရပါတယ်။

ဒါပေမယ့် သူမတို့ထင်ထားသလို ကျောင်းတက်ရတဲ့အခါ အဆင်ပြေချောမွေ့မှုတော့ မရှိခဲ့ပါဘူး။ (၅)တန်းကို စတက်ရတဲ့နှစ်မှာပဲ(၅)တန်းအဆောင်ဟာ ကျောင်းရဲ့အပေါ်ဆုံးထပ်ကိုရောက်နေပါတယ်။ အစပိုင်းမှာ အဆင် ပြေအောင်ကြိုးစားတက်ပေမယ့် မိုးတွင်းရောက်လာတဲ့အခါမှာတော့ သူမအတွက် ပိုအခက်တွေ့ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ သူမရဲ့မိခင်ကပဲ သူမအတွက် ကျောင်းကဆရာမတွေနဲ့ တိုက်ပွဲဝင်ခဲ့ရပြန်ပါတယ်။

“ဆရာမကိုသွားပြောတော့လည်း ကိုယ့်အပြစ်ပဲဖြစ်တာပေါ့။ ကျောင်းအပ်တုန်းက ကိုယ်က သေသေချာချာ မပြောလို့ဆိုပြီး။ အဲဒီတုန်းက တော်တော်စိတ်ဆိုးတာ။ အဲဒီတော့ ဆရာမတွေကို ပြောလိုက်တယ်။ မြေညီထပ် ဒါမှမဟုတ် ပထမထပ်ကို မပြောင်းပေးရင် ဒေါက်တာစိုင်းမောက်ခမ်းဆီ တိုက်ရိုက်ကို သွားပြောမယ်ဆိုပြီး ကျမနေ့လည်(၁၂)နာရီလောက်မှာပြောလိုက်တော့ ညနေကျတော့ အမေရေ သမီးတို့ပထမထပ်ကို ပြောင်းရပြီ ဆိုပြီး ပြောလာတယ်။ အဲဒီတုန်းကတော့ ကိုယ့်သမီးအတွက် ဖိုက်ခဲ့ရတာပေါ့နော်။ တကယ်လည်း လိုအပ်လို့ ပြောတာ။ အပိုလုပ်တာလည်းမဟုတ်ဘူးလေ”

အခုလို သူမရှေ့ကနေ ကာဆီးထားတဲ့ အတားအဆီးတွေကို မားမားမတ်မတ်နဲ့ ရပ်တည်ဖြေရှင်းပေးခဲ့တာ ကြောင့် သူမရဲ့ မိခင်ဟာ သူမရဲ့ စံပြပုဂ္ဂိုလ်တယောက်လို့ ချောချောက ဂုဏ်ယူစွာနဲ့ ပြောပါတယ်။

“အမေက သမီးကိုအမြဲတမ်းအနောက်ကနေ လိုက်ပံ့ပိုးပေးတယ်။ အမေလုပ်ပေးလို့သာ သမီးဒီလိုဖြစ်လာတာ ပါ။ အမေက သမီးဘဝရဲ့တခုလုံးပါပဲ။ ဘာနဲ့မှနှိုင်းပြလို့မရဘူး။ အမေသမီးကို မုန်းသွားမှာ အကြောက်ဆုံးပဲ။ သမီးမေမေကတော့ သမီး အားအကျဆုံးအမျိုးသမီးပါပဲ ”

သူမရဲ့အမေကလည်း သူမရဲ့သမီးဟာ မသန်စွမ်းဖြစ်ပေမယ့် ဘဝကိုအရှုံးမပေးပဲ အောင်မြင်အောင် ကြိုးစား နေတဲ့သူတယောက်ဖြစ်တာကြောင့် သမီးအတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ဆိုပါတယ်။

“ကိုယ့်သမီးက သူများလို သန်သန်စွမ်းစွမ်းလည်း မဟုတ်ဘူးလေ။ မသန်စွမ်းပေမယ့်လည်း  သန်စွမ်းတဲ့ အမျိုး သမီးငယ်လေးတွေကြားထဲမှာ ဒီလိုမျိုး ထူးထူးချွန်ချွန်အောင်မြင်တယ်၊ ကြိုးစားနိုင်တယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာမိတာပေါ့ကွယ်”လို့ ဒေါ်မဉ္ဇူက ပြောပါတယ်။

အခက်အခဲတွေကြားက ကြိုးစားနေရပေမယ့်လည်း တခါတလေတော့ ချောချောမှာလည်း စိတ်ဓာတ်ကျစရာ တွေ ရှိနေပါတယ်။ မသန်စွမ်းဖြစ်တဲ့သူမကို ပတ်ဝန်းကျင်ကမြင်တဲ့အမြင်တွေဟာလည်း သူမအတွက် ခက်ခဲစေ ခဲ့ပါတယ်။

“တခါလေတော့လည်း စိတ်သွားတိုင်းကိုယ်မပါဘူးပေါ့နော်၊ ခရီးတွေသွားရင်လည်း ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့အလုပ်ဖြစ်တာကြောင့် ဇွဲနဲ့လုပ်ဖြစ်တယ်။ တခါတလေကျရင် ကိုယ်ကိုပွဲတွေမှာ တခါမှမတွေ့ ဖူးတဲ့သူတွေကျတော့ မထင်ကြဘူး။ စင်ပေါ်ရောက်ရင် ဟုတ်ပါ့မလား လုပ်ရောလုပ်နိုင်ပါ့မလားဆိုတဲ့ အထင် သေးတဲ့မျက်လုံးတွေနဲ့ အမြဲတမ်းအကြည့်ခံရတယ်။ သွားတိုင်းအဲဒီလိုအကြည့်ခံရတယ်”

ဒါပေမယ့် မိခင်ဖြစ်သူကတော့ သူမအတွက် ခွန်အားတွေပေးနေဆဲပါ။ သူမရဲ့ မိခင်က သူမကို ဆုံးမနေကျ စကားကတော့ “လောကမှာ မဖြစ်ဘူးဆိုတာ မလုပ်သေးလို့။ အလုပ်တခုကို စနစ်တကျနဲ့ စိတ်ပါဝင်စား လုပ်ရင် မအောင်မြင်ဘူးဆိုတာ မရှိဘူး” ဆိုတာပါပဲ။

အားနည်းချက်တွေရှိပေမယ့်လည်း မိခင်ရဲ့တွန်းအားပေးမှုတွေကြောင့် ချောချောဟာ အခုဆိုရင် ထူးချွန်တဲ့ အမျိုးသမီးတွေထဲကမှ မသန်ပေမယ့်စွမ်းတဲ့ ထူးချွန်တဲ့အမျိုးသမီးငယ်ဆိုပြီး အသိမှတ်ပြုခြင်းကို ခံနေရသူ တဦး ဖြစ်နေပါပြီ။

မသန်စွမ်းကလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိခင်တွေအတွက် ချောချောရဲ့မိခင်က အခုလိုအားပေးစကား ပြောပါတယ်။

“ကိုယ့်မှာ မသန်စွမ်းကလေးကို ပိုင်ဆိုင်ထားရတယ်ဆိုပြီး သိမ်ငယ်နေစရာမလိုပါဘူး။ ကလေးတိုင်းမှာ ကိုယ် ပိုင်အရည်အချင်းတွေရှိတယ်။ အဲ့ဒီအရည်အချင်းကို အုပ်ထိန်းသူတွေအနေနဲ့ သေချာလေ့လာပြီး မြှင့်တင်ပေး ပါ။ အဲ့ဒါဆိုရင် ကျမတို့ရဲ့ကလေးတွေဟာ ဘယ်သူ့ကိုမှ တာဝန်မပိုစေတဲ့ အကျိုးပြုမယ့် ကလေးတွေ ဖြစ်လာ ပါလိမ့်မယ်လို့ အားပေးချင်ပါတယ်”

Related Articles