Home ဆောင်းပါး မသန်စွမ်းမှုကိုတွန်းလှန်ကာ လက်မှုပညာရှင်ဖြစ်လာသူ

မသန်စွမ်းမှုကိုတွန်းလှန်ကာ လက်မှုပညာရှင်ဖြစ်လာသူ

မေ။ ။

အရောင်အသွေးစုံလင်လှတဲ့ အဝတ်အထည်တွေ၊ လက်မှုပစ္စည်းတွေ၊ အမျိုးသမီးဝတ်လက်စွပ်၊လက်ကောက်၊ နားကပ်၊ ဆွဲကြိုး စတဲ့ ပစ္စည်းမျိုးစုံပြသရောင်းချနေတဲ့ ဆိုင်ခန်းငယ်လေးကမြင်သူတိုင်းကို စွဲဆောင်နေပါတယ်။  

ရောင်းချတဲ့ပစ္စည်းအများစုက လက်မှုပစ္စည်းတွေဖြစ်ပြီး ကချင်ရိုးရာအငွေ့အသက်တွေအများဆုံးပါဝင်ပါတယ်။

ဆိုင်ထဲမှာတော့ အမျိုးသမီးတစ်ဦးဟာ လက်မှုပစ္စည်းတစ်ခုကို စိတ်ဝင်တစား ပြုလုပ်နေပါတယ်။ အမျိုးသမီးထိုင်နေတဲ့ဘေး မှာတော့ ချိုုင်းထောက်တစ်ခု ထားထားပါတယ်။

သူကတော့အသက် ၄၃ နှစ်အရွယ် ကချင်တိုင်းရင်သူတစ်ဦးဖြစ်သလို မသန်စွမ်းအမျိုးသမီးတစ်ဦးဖြစ်တဲ့  မ Lဆိုင်းအောန်ပါ။

မLဆိုင်းအောန်ဟာ Companions Handmade Accessories နာမည်နဲ့ အဝတ်အထည်တွေ၊လက်ကိုင်အိတ်တွေ  လက်မှု ပစ္စည်းမျိုးစုံကို ပြုလုပ်နေသူတစ်ဦးပါ။  

ပုလဲ၊ ကျောက်စိမ်း၊ ပယင်း၊ သစ်သား၊ သဘာဝကျောက်တွေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ၊ သိုးမွှေး၊အုန်းခွံစတဲ့ ပြန်လည်အသုံးပြုနိုင်တဲ့အရာတွေကို အသုံးပြုပြီး  လက်မှုပစ္စည်းလေးတွေကိုဖန်တီးပါတယ်။ သူဖန်တီးထားတဲ့ လက်မှုပစ္စည်း တွေရဲ့ ဒီဇိုင်းတော်တော်များများက ကချင်ရိုးရာအငွေ့အသက်တွေလွှမ်းခြုံနေပါတယ်။

မLဆိုင်းအောန်ဟာ အသက်နှစ်နှစ်အရွယ်မှာ နေမကောင်းတဲ့အတွက်ဆေးထိုးရာကနေ ပိုလီယိုအကြောပျော့ မသန်စွမ်းဖြစ်ခဲ့ ရတယ်။ အဒေါ်မိသားစုနဲ့အတူနေထိုင်ရင်း မသန်စွမ်းသူဖြစ်တဲ့အတွက်  ပြောင်းရွေ့သွားလာဖို့ခက်ခဲတဲ့အတွက် အတန်းပညာ ကို အခြေခံအတန်းအထိသာ တက်ခဲ့တယ်။

“ ငယ်ဘဝကတော့ အိမ်မှာပဲနေတာများခဲ့ပါတယ်။ တစ်ခါတစ်လေ ကိုယ်အပြင်ထွက်ရင် ကိုယ့်ကိုအထူးအဆန်းလို ကြည့်တာ ခံရတာများတော့ အပြင်လည်းမသွားချင်ခဲ့ပါဘူး။” လို့ မLဆိုင်းအောန်က ငယ်ဘဝခံစားချက်တွေကို ပြောပါတယ်။

မသန်စွမ်းသူတစ်ဦးဖြစ်တာကြောင့် ခွဲခြားဆက်ဆံမှုတွေကို မသိမသာခံစားခဲ့ရတဲ့အတွက် အိမ်တွင်းအောင်းအနေများခဲ့တယ်။ အဲ့ဒီကတစ်ဆင့် လက်မှုပညာကိုစိတ်ဝင်စားလာခဲ့တယ်။

အိမ်အလှဆင်ရတာတွေကို စိတ်ဝင်စားခဲ့ပြီး တစ်ချောင်းထိုးသိုးမွှေးထိုးနည်းတွေကို အိမ်မှာပဲသင်ယူခဲ့တယ်။ ဒါ့အပြင် ဂျပန်စာ ကို စိတ်ဝင်စားတဲ့အတွက် အိမ်မှာဆရာမခေါ်ကာသင်ယူခဲ့တယ်။

၂၀၀၂ခုနှစ်မှာတော့ Mandalay HITO Center မှာ လက်မှုပန်းထိုးလက်ချုပ်အပ်နဲ့ အဝတ်အထည်ချုပ် လုပ်တာတွေကို သင်ယူ ခဲ့ပြီး ၂၀၀၅ခုနှစ်မှာ အဒေါ်ဖြစ်သူရဲ့လမ်းညွှန်မှုနဲ့ AAR Japan မသန်စွမ်းသင်တန်းကျောင်းမှာ စက်ချုပ်သင်တန်း တက်ရောက် ခဲ့တယ်။  

အဝတ်အထည်တွေကို လက်ခံချုပ်လုပ်ရင်း ၂၀၁၅က စတင်ပြီး လက်မှုပစ္စည်းတွေ၊ လက်ကိုင်အိတ်တွေ၊ ဟန်းမိတ် fashion accessories တွေကို ပြုလုပ်ရောင်းချခဲ့တယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်ဝန်းကျင်တွေမှာ မသန်စွမ်းအဖွဲ့အစည်းတွေကစီစဉ်တဲ့ သင်တန်းတွေမှာလက်မှုပညာနဲ့ ပတ်သက်တာ တွေကို တခြားမသန်စွမ်းအမျိုးသမီးတွေအတွက် မျှဝေသင်ကြားပေးခဲ့ဖူးတယ်။

လက်ရှိမှာတော့ ကိုယ်ပိုင်နာမည်နဲ့ လက်မှုပစ္စည်းတွေရောင်းချရင်း အသက်မွေးဝမ်းကျောင်းပြုနေပြီဖြစ်တယ်။

မLဆိုင်းအောန်ဟာ မသန်စွမ်းအမျိုးသမီးဖြစ်ပေမယ့် ကိုယ့်အစွမ်းအစကို အားကိုးရပ်တည်နိုင်တဲ့အပြင် မိသားစုနဲ့ လူမှု ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့အလုပ်တွေ လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသချင်သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီလိုရပ်တည်နိုင်ဖို့က ထင်သလောက်မလွယ်ကူပါဘူး။ စိတ်ဓာတ်ကိုအကောင်းဆုံးပြင်ဆင်ရသလို စိတ်သွားတိုင်း ကိုယ်ပါဖို့ လည်း ကြိုးစားရပါတယ်။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းတဲ့အတွက် စိတ်နဲ့တင်းပြီး အရာရာကိုအရှုံးမပေးချင်တဲ့စိတ်နဲ့ လျှောက်လှမ်းနေတယ်လို့  မLဆိုင်းအောန်ကဆိုပါတယ်။

“ စိတ်ကျတာတော့ သန်စွမ်းသူတွေထက်ပိုပါတယ်။ စိတ်နဲ့ခန္ဓာနှစ်ခုပေါင်းပြီးလျှာက်ရတဲ့အတွက် စိတ်ကျတာနဲ့ ခန္ဓာကိုယ် ကလည်းမလိုက်နိုင်ပါဘူး။” လို့ သူက ဖွင့်ဟပါတယ်။

တခါတရံလည်း စိတ်ဓာတ်ကျချိန်တွေရှိကာ ဒီအချိန်တွေမှာတော့ စိတ်အေးချမ်းစေတဲ့သီချင်းနားထောင်တာ၊ စားချင်တဲ့ ဟင်း တွေချက်စားတာ၊ကိုယ့်ထက်အဆင်မပြေတဲ့ ဘဝတွေကိုတွေးပြီး ပိုသန်မာတဲ့သူဖြစ််အောင် အားတင်းနေထိုင်တယ်လို့ဆိုပါ တယ်။

မသန်စွမ်းအမျိုးသမီးတစ်ဦးအနေနဲ့လည်း ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဖြတ်သန်းနေပြီး ကိုယ့်အလုပ်ပေါ်မှာသာ အာရုံစိုက်ကာ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေကို လျစ်လျူရှုထားတယ်လို့ဆိုပါတယ်။

“ ဘဝကိုအဓိပါယ်ရှိရှိနဲ့ ကိုယ်လုပ်နိုင်တာ ကြိုးစားလုပ်ရင်းဝေမျှရင်း ရှင်သန်ရတာကကြည်နူးစရာပါ။” လို့ သူကခံယူထားပါ တယ်။

သန်စွမ်းသူတွေတောင် အလုပ်အကိုင်ရှားပါတဲ့အခြေအနေမှာ မသန်စွမ်းသူတစ်ဦးအတွက် စားဝတ်နေရေးအတွက် ရုန်းကန် ရတာမလွယ်ကူလှပါဘူး။

ရန်ကုန်မြို့မှာနေထိုင်တဲ့အတွက် အိမ်ငှားနေထိုင်ရတဲ့အခါ စရိတ်ကြီးမြင့်တာကြောင့် စရိတ်နည်းတဲ့အထပ်မြင့်မှာ ငှားရမ်း နေထိုင်ပြီး အထပ်မြင့်ကို နေ့စဉ်အတက်အဆင်းလုပ်ရင်း ဖြတ်သန်းနေရပါတယ်။

ငယ်စဉ်က ရွယ်တူကလေးတွေ ပြေးလွှားဆော့ကစားနေချိန်မှာ အိမ်ထဲကပဲငေးပြီး စိတ်အားငယ်ခဲ့မိပေမယ့် လက်ရှိမှာတော့ မသန်စွမ်းဖြစ်တည်မှုအတိုင်း ဘဝကိုအကျိုးရှိရှိဝါသနာပါတဲ့ အသက်မွေးပညာ၊လက်မှုပစ္စည်းလေးတွေဖန်တီးရင်း၊ လှပတဲ့ အထည်လေးတွေချုပ်လုပ်ရင်း အချိန်တွေကိုအကောင်းဆုံးအသုံးချကာ ကောင်းမွန်စွာဖြတ်သန်းနေပါတယ်။

မLဆိုင်းအောန်အနေနဲ့လည်း အနာဂတ်မှာ မသန်စွမ်းအမျိုးသမီးတွေအနေနဲ့ ဘဝပိုမိုမြင့်မားလာပြီး အလုပ်အကိုင် အခွင့် အလမ်းတွေပိုရရှိအောင် လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပိုမိုပါဝင်လာနိုင်အောင် တစ်နိုင်သလောက်ကြိုးပမ်း သွားမယ်ဆုံးဖြတ် ထားပါတယ်။

“ မသန်စွမ်းသူတွေအတွက် အလိုအပ်ဆုံးက ခွဲခြားဆက်ဆံမှုအနည်းဆုံးနဲ့ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းကသာ ကောင်းမွန်တဲ့ထောက်ပံ့ကူညီပေးခြင်းဖြစ်တယ်။” လို့ မL ဆိုင်းအောန်က ဆိုပါတော့တယ်။

Author:

Related Articles