Home ဆောင်းပါး “ကျွန်တော်တာဝန်ယူပါရစေ” ဆိုတာက အမျိုးသမီးတွေကို စာနာဖေးမမှုဖြစ်စေပါသလား

“ကျွန်တော်တာဝန်ယူပါရစေ” ဆိုတာက အမျိုးသမီးတွေကို စာနာဖေးမမှုဖြစ်စေပါသလား

ဒေဝီ။ ။

မကြာမီရက်ပိုင်းက မင်းတပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ရိုက်နှက်နှိပ်စက်လို့ လူမြင်မကောင်းအောင် ဒဏ်ရာရတဲ့ပုံတွေကို လူမှုကွန်ရက်မှာ ပြန်လည် မျှဝေတဲ့ပုံတွေထွက်ပေါ်လာခဲ့တာနဲ့တဆက်တည်းမှာပဲ အဲဒီပို့စ်တွေရဲ့အောက်မှာ “ကျွန်တော်တာဝန်ယူပါရစေ” “ယူမည့် သူ မရှိလည်း လက်ထပ်ပါရစေ” ဆိုတဲ့ အမျိုးသားအချို့ရဲ့ မှတ်ချက်တွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။

ဒီလို လူမှုကွန်ယက်စာမျက်နှာမှာ ”တာဝန်ယူမယ်“ ဆိုတဲ့ အပြောအဆိုအရေးအသားအပေါ် အမျိုးသားဘက်ကို ရပ်တည်ထောက်ခံအားပေးပြီး ပြန်လည်မှတ်ချက်ပေး တုန့်ပြန် ရေးသားနေကြတာတွေရှိပေမယ့် အမျိုးသမီးထုတွေကတော့ ဒါကိုလက်မခံပါဘူး။

ဒီလိုတာဝန် ယူမယ်ဆိုတဲ့အတွေးက အမျိုးသမီးတွေ အပျိုစင်ဖြစ်မှ တန်ဖိုးရှိတယ်ဆိုတဲ့ ရှေးရိုးစွဲ အမြင်ကို ရှေ့တန်းတင်ပြီး၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ အမျိုးသမီးက တန်ဖိုးလျော့ကျသွားတယ်၊ အပြစ်အနာအဆာ ရှိတယ် ယူချင်တဲ့သူမရှိဘူးလို့ သတ်မှတ်လိုက်ခြင်း ဖြစ်စေပါတယ်၊

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲ့ သဘောထားကို တစွန်းတစလေးမှ ထည့်မစဉ်းစား ကယ်တင်ရှင်လို ကြားကနေဝင်ပြီး တာဝန်ယူပေးမယ်ဆိုပြီး ဆိုရှယ်မီဒီယာမှာ တက်ရေးတာတွေက တမင်ရည်ရွယ်ပြီးပြောတာဖြစ်စေ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ပြောတာဖြစ်စေဦးတော့ အဲဒီကာယကံရှင် အမျိုးသမီးရဲ့ စိတ်ဆန္ဒနဲ့ အခွင့်အရေးကို လျစ်လျူရှု ပြီး အမျိုးသမီးက တန်ဖိုးမဲ့သွားပြီ၊ ဒီယောကျာ်းတယောက်ယောက်က သူ့ကို လက်ထပ်မှ တာဝန်ယူပေးသူရှိမှ သူ့ဘဝခရီးရှေ့ဆက်နိုင်မယ်ဆိုတဲ့ အမြင်မျိုးသာ သက်ရောက်နေစေတယ်ဆိုတာကိုရော စဉ်းစားမိကြပါသလား။

သူမ အမှားတစ်စုံတစ်ရာမရှိဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အပေါ် အခြားနည်းလမ်းနဲ့ အားပေး ကူညီရမဲ့အစား အမျိုးသားရဲ့လိင်စိတ်ဆန္ဒတစ်ခုနဲ့ ရှေ့တန်းတင်တာဝန်ယူပေးမယ်ဆိုတာက ကျူးလွန်ခံရတဲ့ အမျိုးသမီးအပေါ် နှစ်သိမ့်ရာမရောက်ပဲ ဒီအမျိုးသမီးတွေအပေါ် victim အဖြစ် သတ်မှတ်တာ သနားစဖွယ်အဖြစ်ရှုမြင်တာမျိုးဖြစ်စေပါတယ်။ အနိုင်ကျင့်စော်ကားခံရတဲ့ အမျိုးသမီးတွေကို တာဝန်ယူမယ်ဆိုတာက အမျိုးသမီးတွေအပေါ် အမှန်တကယ်ပဲ စာနာဖေးမမှုဖြစ်နေစေသလားဆိုတာ ပြန်လည်စဉ်းစားသင့်တဲ့အရာပါ။

အဲဒီလို “တာဝန်ယူပေးမယ် ”ဆိုတဲ့ အပြောအဆိုနဲ့အတွေးအခေါ်တွေအစား လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို သာမာန်လူတွေအပေါ်ပြုမူဆက်ဆံသလို တန်းတူပြောဆို ဆက်ဆံပေးတာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်ပေးတာ စတဲ့ နည်းလမ်းတွေနဲ့သာ အကူညီပေးသင့်တယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေက အကြံပြုထားကြ အကြံပြုထားကြ သလို ဒီအပေါ်မှာ သူတို့ရဲ့ အမြင်တွေကိုလည်း စုစည်းဖော်ပြပေးလိုက်ရပါတယ်။

မခင်လေး၊ Founder -Triangle Women Organization
မင်းတပ်ကိစ္စကိုတော့လူမှုကွန်ယက်တွေကနေတော့ကြားရတယ်၊ ဒါပေမဲ့ အခြေအနေမှန်ကို တိတိကျကျမသိဘူးပေါ့၊ ဒီကိစ္စမှာလည်း ဆိုရှယ်မီဒီယာမှာ လူတွေအမျိုးမျိုးပြောဆိုဝေဖန်တာကြား ရတယ်၊ပထမဆုံးတော့ ဒီကိစ္စက ဘယ်လောက်ထိရက်ရက်စက်စက်ဖြစ်ပွားတယ်၊ ဘယ်နှစ်ယောက် ထိ ကျူးလွန်ခံရတယ်ဆိုတာတော့ သေချာမသိဘူး။ ဒီအပေါ်တုန့်ပြန်မှု အမျိုးမျိုးရှိတဲ့ အခါမှာလည်း အမျိုးသားအချို့က စာနာတဲ့ အနေနဲ့တာဝန်ယူမယ်ဘာညာပြောတဲ့ အခါမှာ ကျွန်မအနေ နဲ့ သူတိ့ုစေတနာနဲ့ပြောတယ်လို့ယူဆတယ်၊ဒီအပေါ်မှာ ဆိုးဆိုးရွားရွားမှတ်ချက်မပြုချင်ပါဘူး၊ အားလုံး ပြောကြသလိုပဲ ဂျန်ဒါအမြင်နည်းပြီးတော့ အမျိုးသမီးတွေအပေါ် မြင်တာက အားနွဲ့တဲ့သူတွေပေါ့၊

အမျိုးသားထဲက တစ်ချို့က စာနာစိတ်နဲ့ပြောကြတာဖြစ်တဲ့အတွက် အပြစ်လို့တော့ပြောလို့မရဘူး၊ အားလုံးကို သိအောင် အသိပညာပေးမှုတွေ လုပ်တာအားနည်းလို့ပဲ ကိုယ့်ကိုကိုယ်မှတ်ယူလိုက်တယ်၊ ပြည်သူလူထုအားလုံး အမျိုးသားထုအပါအဝင်ကို ပြောချင်တာက ဘယ်လိုနည်းနဲ့မဆို အကြမ်းဖက်ခံရ တဲ့ အမျိုးသမီးတွေက အမျိုးသားတွေဆီကပဲဖြစ်ဖြစ် အခြားသူတွေဆီကပဲဖြစ်ဖြစ် ဂရုဏာတွေ စာနာမှုတွေ ဖေးမမှုတွေ လိုအပ်တာမှန်ပေမယ့် သူတို့ကို ယူမည့်ယောကျာ်းမရှိလို့ မုဒိန်းကျင့်ခံရပြီးရင် သူတို့ဘဝကြီးက သွားပါပြီ၊ လူပုံအလယ်မှာ မတင့်တယ်တော့ပါဘူးဆိုတဲ့ အမြင်မျိုးကိုတော့ ဖျောက်ဖို့လိုမယ်၊ အကြမ်းဖက်ခံရတဲ့ကိစ္စမှာ ဂုဏ်သိက္ခာလျော့တာ ရှက်ရမှာက ဒီ အကြမ်းဖက်တဲ့ သူတွေပဲဖြစ်တယ်ဆိုတာကိုတော့ များများသိအောင်လုပ်ရမယ်။

ဒါကအကြမ်းဖက်တဲ့သူမှာသာတာဝန်ရှိပြီး သူသာရှက်စရာကောင်းတယ်ဆိုတဲ့ အတွေးအခေါ် ကိုတော့ သိအောင် များများလုပ်ထားရမယ်လို့တော့ မြင်တယ်၊ စစ်တပ်က အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ကိစ္စက အရင်ကတည်းကလည်း ဖြစ်ခဲ့တယ်၊ တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခ ဖြစ်တဲ့အခါ မုဒိမ်းကျင့်တဲ့ဟာကို လက်နက်သဖွယ်အသုံးပြုကြတယ်၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်း ဆိုင်ရာစော်ကားမှုတွေပြုတယ်ဆိုတာ အစဉ်အဆက်ဖြစ်ခဲ့တယ်၊

အမျိုးသမီးတွေက အခုဆိုရင် ရှေ့တန်းကနေနွေဦးတော်လှန်ရေးမှာ ပါဝင်တယ်၊ တိုင်းရင်းသား ဒေသတွေမှာလည်း လက်နက်ကိုင်သင်တန်းတွေတက်ရင်း ပါဝင်တယ်၊အစုံပေါ့ နိုင်ငံရေးမှာရော တော်လှန်ရေးမှာရောတက်တက်ကြွကြွနဲ့ ရှေ့တန်းကပါဝင်နေကြတဲ့ အတွက် အမျိုးသမီးတွေက အားနွဲ့တယ်၊မလုပ်နိုင်ဘူး ၊ ဒီကိစ္စက အမျိုးသမီးတွေနဲ့ သင့်တော်ပါ့မလားဆိုတဲ့ အတွေးအမြင်မျိုးက ဒီချိန်မှာရပ်သင့်ပြီ ၊အမျိုးသမီးများသည်လည်း အမျိုးသားများနဲ တန်းတူစိတ်အားထက်သန်ရာ သူတို့ဝါသနာပါရာ သူတို့ရည်ရွယ်ရာ လုပ်နိုင်တယ်ဆိုတဲ့ အမြင်ရှိဖို့ပဲလိုတယ်၊ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ကိုယ်လုပ်ချင်တဲ့ဟာကို အန္တရာယ်ကင်းကင်းလုပ်နိုင်အောင် လုံခြုံရေးအသိနဲ့ လုပ်နိုင်အောင်သာကြိုးစားဖို့လိုတယ်။

အမျိုးသမီးတွေကို အားပေးချင်တာက အမျိုးသမီးအချင်းချင်းပဲဖြစ်စေကျန်တဲ့သူတွေကပဲဖြစ်စေ အမျိုးသမီးတွေအပေါ်မှာ ကျူးလွန်မှုတွေဖြစ်လာတိုင်းစိတ်ပျက်အားငယ်စရာမလိုပဲနဲ့ဒါဟာ အားလုံး အတူတူတွန်းလှန်နိုင်ရမဲ့ကိစ္စဖြစ်တယ်၊စိတ်ဓာတ်မကျပဲနဲ အကြမ်းဖက်မှုတွေကို တွန်းလှန်ပြီးတော့ မတရားသဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုအပါအဝင်ပေ့ါနော် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တွေကို တွန်းလှန်ဖို့ပဲအာရုံထားစေချင်တယ်၊ကိုယ်က တစ်စုံတစ်ခု ထိပါးစော်ကားခံရပြီဆိုရင်လည်း ဒီကိစ္စဟာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘူး ကမ္ဘာမှာလည်း အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက စက္ကန့်နဲ့အမျှ မိနစ်နဲ့အမျှ ကြုံနေရတယ်၊ငါတို့ တယောက်ထဲမဟုတ်ဘူး အမျိုးသမီးအများစုရဲ့ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ကြုံဖူးတယ်၊အဲ့ဒီအတွက် ငါတို့ဟာ အားလုံးအတူတူပဲ ဘာမှသိမ်ငယ်နေစရာမလိုဘူး အားနဲ့မာန်နဲ့အခြားအမျိုးသမီးတွေလည်းမခံရ အောင်အတူတူရှေ့ဆက်မယ်ဆိုတဲ့ စိတ်မျိုးမွေးဖို့ပဲ အားပေးချင်တယ်။

မစုစုငယ်၊ အမျိုးသမီးအခွင့်အရေးဆောင်ရွက်သူ
မုဒိန်းမှု ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို တာဝန်ယူမယ် ဘာညာပြောတဲ့သူတွေက ကောင်းတဲ့ စိတ်နဲ့ပြောတာလို့ထင်တယ်ပေါ့နော်၊ ဒါပေမဲ့ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေက ဒါကိုဘာကြောင့် ငြင်းလဲဆိုတော့ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေ အရ ကျားနဲ့မ မှာ တန်ဖိုးထားမှုတွေ တန်ဖိုး ထားနှုန်းတွေမတူကြဘူး၊ အမျိုးသမီး ဆိုရင် အပျိုစင်လေးဖြစ်နေရမယ်၊အပျိုစင်ဖြစ်မှုကို အရမ်းတန်ဖိုး ထားတယ်။ တန်ဖိုးထားလွန်းတဲ့ နောက်ကွယ်မှာ မဖြစ်သင့်တဲ့ ဆိုးကျိုးသက်ရောက်မှု တွေရှိမယ်။ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးက အပျိုမစစ်တော့တဲ့ အတွက်ကြောင့်မလို့ ကျန်တဲ့သူတွေက လက်တည့်စမ်းတယ်။ သူက အတွေ့အကြုံ ရှိပြီးသားး၊နောက် အထင်သေးတယ်၊အပျိုမစစ်တော့တဲ့ အတွက် သူ့အသိုင်းအဝိုင်းက ပယ်ချင်ကြတယ် ပေါ့၊အဲ့ဒီလိုဖြစ်တာက မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကိုတိုင်းတဲ့အခါမှာ အပျိုစင်ဖြစ်မှုဆိုတဲ့ တန်ဖိုးနဲ့တိုင်းလို့ ၊သူရဲ့ ကိုယ်ကျင့်တရား သူ့ရဲ့ဂုဏ်သိက္ခာ နဲ့မတိုင်းဘူး၊

သူတို့ကတော့ ဒီအမျိုးသမီး လေးကို နှမချင်းစာနာတယ်၊ စောင့်ရှောက်တယ် ဆိုပြီးယူမယ်ပေါ့ တဖက်ကကြည့်ရင် သူတို့စိတ်ထဲမှာ ဘယ်သူမှတန်ဖိုးမထားလည်း ငါတန်ဖိုးထားတယ်ဆိုပြီး ကောင်းတဲ့ တန်ဖိုးနဲ့ပဲပြောလိုက်တာ၊ .အမျိုးသမီးအခွင့်အရေးရှု့ထောင့်ကကြည့်မယ်ဆိုရင် မဖြစ်သင့်တဲစံနှုန်း ပဲ၊ လူပျိုမစစ်ရင် ဘာမှမဖြစ် ဘူး၊ အပျိုမစစ်ရင်တော့ အကြီးကြီးဖြစ်တယ်၊ဒီလို စံနှုန်းသတ်မှတ်တာတွေကို တွန်းအားပေးစေလို့ ဆန့်ကျင်တာ၊ဟိုဘက်က လူတွေက ဒီမိန်းကလေးကို အားမလျှော့နဲ့ လက်ထပ်ပေးမဲ့ ငါရှိတယ်ပေါ့ ၊အမျိုးသမီးကို သနားစရာ လေး ငါတို့မှမယူရင် လင်ကောင်းသားကောင်းမရတော့ဘူး၊ သူတို့က မကောင်းတဲ့စိတ်နဲ့ ယူတာတော့ မဟုတ်ဘူးနော်၊မြတ်မြတ်နိုးနိုး တန်ဖိုးထားယူမယ်ဆိုတဲ့ စိတ်နဲ့ ပြောကြတာပါ၊အဲ့ဒါက ဘာပြလဲဆို ဒီအမျိုးသမီးက second class အမျိုးသားက လက်ထပ်ယူမှသာလျှင် ဆက်လက်ရပ်တည် ရတော့မယ်လို့ စံနှုန်းကို တွန်းအားပေးတဲ့အတွက် လက်မခံတာ၊ဒီလိုပြောပေးတာ ကျေးဇူးတင်ပေမဲ့ အမျိုးသမီးတွေကို victim လိုမျိုး second class လို မဆက်ဆံစေချင်တာပဲ၊

တကယ်တမ်းတော့ တာဝန်ယူပေးမယ် ..အဲ့လိုပြောမဲ့အစား အဲ့ဒီမိန်းကလေးကို ပတ်ဝန်းကျင်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးခနခန မပြောပဲနဲ့သူ့ကို ရိုးရိုးပဲဆက်ဆံစေချင်တာ ၊တန်းတူပဲဆက်ဆံစေချင် တာ၊ လူမှု အသိုင်းအဝိုင်းမှာ ပြန်ဝင်ဆန့်လာအောင် အားပေးတာတွေလုပ်ပြီး ဒါ သူ့အမှားမဟုတ်ဘူး၊ ကျူးလွန်သူရဲ့အမှားဖြစ်တယ် ဆိုတာ နားလည်ပေးရမယ်၊အမျိုးသားတွေ အနေနဲ့လည်း အမျိုးသမီးက မတရားကျူးလွန်ခံရပေမဲ့ ဒီချိန်မှာ သူက ရှေ့ဆက်သွားနေပြီဆိုတော့အမြင်မျိုးလေး မြင်ပေးရမယ်၊ ခွဲခြားဆက်ဆံတာမျိုးမလုပ်ပဲ ဆက်လက်ရှင်သန် ဖို့အတွက် အားပေးကူညီတဲ့ အသိုင်းအဝိုင်းဖြစ် စေချင်တာ။

ဆလိုင်းစွမ်ပီး၊ ကာတွန်းဆရာ
ပထမဦးဆုံးပြောချင်တာကလိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာအနိုင်ကျင့် စော်ကားတာတွေက လူမှုပတ်ဝန်းကျင်မှာ လက်ခံလို့မရတဲ့အရာပါ။ အခုမင်းတပ်မှာဖြစ်နေတယ်ဆိုပြီး ကြားရတဲ့ဟာက လည်း ရှက်တတ်ရင် အင်မတန်ရှက်ဖို့ကောင်းပါတယ်။ စစ်တပ်ဆိုတာက ကိုယ့်နိုင်ငံသားဖြူသည် မဲသည် ၊ကျား ၊ မခွဲပဲ သူတို့တွေရဲ့ ဘဝကို လုံခြုံအောင်ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်။

ဒီလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ပြီးအနိုင်ကျင့်စော်ကားခံရတဲ့ မိန်းကလေးတစ်ယောက်ကို ယောကျ်ားတစ်ယောက်အနေနဲ့တာဝန်ယူမယ်ပြောဆိုတာတော့ အပိုင်းနှစ်ပိုင်းနဲ့မြင်ပါတယ်။
ပထမဆုံးအနေနဲ့ ကျနော်တို့နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး လွှဲမှားတဲ့ရှေးရိုးစွဲအယူအဆတွေ ရှိတယ်။ ဥပမာ ကိုယ်လက်ထပ်ယူရမယ့် မိန်းခလေးက အပျိုစစ်ဖြစ်မှတို့ဘာတို့ကအစပေါ့။
တကယ်တမ်းကြတော့ လူကလူပါပဲ လူရဲ့တန်ဖိုးက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း မခံရခြင်းတို့ အပျိုစစ်ခြင်း မစစ်ခြင်းတို့မဟုတ်ပဲ လူကို လူလိုမြင်ပြီးသူ့ဖြစ်တည်မှုကို တန်ဖိုးထားဖို့ပါ။

အဓိကဖြစ်သင့်တာတော့ အဲ့လိုလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့သူ မိန်းခလေး ယောကျားလေး မည်သူမဆိုကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတာ လိုအပ်တဲ့ဆေးဝါးအကူအညီ ပေးတာတွေစတဲ့ဟာ တွေ လုပ်ပေးဖို့လိုပါတယ်။ နောက်တစ်ချက်အနေနဲ့ ယောက်ျားလေးတွေဖက်ကထွက်လာတဲ့ အသံဖြစ် တဲ့ ငါတို့ယူရဲပါတယ် ဆိုတာက အခုနပြောတဲ့ ရှေးရိုးစွဲအယူအဆလွှဲမှားတဲ့ဟာကိုတော်လှန်တယ် လို့လဲအကောင်းဖက်က ယူဆလို့ရတယ်။ အဲဒီလိုလူကိုလူလိုမြင်တဲ့ဟာ မည်သည့်ကိစ္စမဆိုရှိတဲ့ အားနည်းချက်တွေအပေါ် ဖြည့်မြင်ပေးတာက ကောင်းပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ လျှော့နည်းအောင် ပညာပေးမှုတွေတော့ အများကြီးလုပ်ရပါဦးမယ်။ ရှိပြီးသား ဥပဒေတွေကို အသက်ဝင်အောင် လုပ်ဖို့လည်းအများကြီးလိုအပ်ပါတယ်။

တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့အပိုင်းကြတော့ ကျား/မ တန်းတူ ရင်ဘောင်တန်းအလုပ်လုပ်နေတဲ့အခု ခေတ်မှာဘယ်သူကဘယ်သူ့ကိုတာဝန်ယူဖို့လိုလို့လဲပေါ့နော်၊ လူအားလုံးကအတူတူပါပဲလို့မြင်ဖို့လို တယ်။ ကိုယ်ကိုတိုင်လည်း အဲလိုအတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု စော်ကားမှုတွေ မလုပ်ဖို့လိုသလို မိမိမိတ်ဆွေတွေကိုလည်း သတိပေးဖို ့ပြောပြဖို့နဲ့ ဖြစ်လာခဲ့ရင် လက်သင့်မခံဘဲ
ကာကွယ်ပေးဖို့လိုပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရရင်ကို အပြစ်လုပ်ထားသလိုလို အားနည်းသလိုလိုမြင်တဲ့အမြင်တွေအကုန်ဖျောက်ရမှာ။ အားနည်းတာ အပြစ်ရှိတာက ခံရသူမဟုတ်ဘဲ ကျူးလွန်သူဆိုတာ မြင်ဖို့လိုတယ် ရှေးရိုးစွဲအမြင်မှားတဲ့ဟာတွေတဖြည်းဖြည်း အကုန်ပြင်ရမှာ။

Related Articles