Home သတင်း ဆိုင်ကယ်ခိုးမှုများကြောင့် အမျိုးသမီးများ သွားလာရေး အခက်အခဲကြုံနေရ

ဆိုင်ကယ်ခိုးမှုများကြောင့် အမျိုးသမီးများ သွားလာရေး အခက်အခဲကြုံနေရ

Anna/Cherry

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဆိုင်ကယ်သူခိုးများ ပေါများလာခြင်းကြောင့် အမျိူးသမီးများအတွက် သွားရေးလာရေး အခက်အခဲကြုံနေကြရကြောင်းကို ရပ်ကွက်လူကြီးများထံမှ တဆင့်သိရှိရပါသည်။

အမျိူးသမီးများသည် ဈေးသွားဈေးလာ၊ ကလေးကျောင်းကြိုကျောင်းပို့၊ ယာခင်းစိုက်ခင်း သွားလာလုပ်ကိုင်မှုတွင် ဆိုင်ကယ်ကိုအသုံးပြုပြီး လုပ်ကိုင်ကြသည်ဖြစ်၍ ဆိုင်ကယ်ခိုးယူမူခံနေရသော အမျိုးသမီးများသည် လုပ်ငန်းများ နှောင့်နှေးပြီး အခက်အခဲများနဲကြုံတွေ့နေရကြောင်းကို ဆိုင်ကယ်အခိုးခံရသူတဦးဖြစ်သည့် မအဒွဲက ပြောသည်။

“ဆိုင်ကယ်မရှိရင် ခြေတောက်တဖက်မရှိတာနဲ့ တူတယ်။ အမြန်သွားချင်လာချင်ရင်လည်း အခုဆို သွားလို့မရတော့ဘူး။ ဆိုင်ကယ်ပြန်ဝယ်ဖို့ဆိုရင်လည်း ကျွန်မအတွက် ငွေကြေးက ခက်ခဲ။ ဝယ်ထားတာတောင် ၅ လ ဘဲရှိသေးတယ်”

ဆိုင်ကယ်ပျောက်ဆုံးမှုအား ရဲစခန်းသို့ အမြန်တိုင်ကြားသော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း အခြား ဆိုင်ကယ်အခိုးခံရသူ  တဦးဖြစ်သည့် ဒေါ်ဘောက်က ပြောသည်။

“ကျွန်မဆိုင်ကယ်ဆို လိုင်စင်လည်းရှိတယ် အိမ်ကလည်း သံပန်းတခါးသော့ကလည်း အကြီးကြီးခတ်ထားတယ်။ ဆိုင်ကယ်ကို အိမ်သွင်းထဲလည်းထည့်ထားတယ်။ ဇက်သော့၊ ဘီးသော့ လည်းခတ်ထားတယ်။ မနက်ကျတော့ ခြံတခါးသော့ကို ဖြတ်တောက်ထားတာတွေ့တယ်။ ဆိုင်ကယ်ကလည်း ထားထားတဲ့နေရာမှာမရှိတော့ဘူး။ လိုင်စင်ဘီးဆိုတော့ ပျောက်တာသိသိခြင်း ရဲစခန်းကို ချက်ချင်းတိုင်တယ်။ ဒါပေမယ့် ဘာမှမထူးဘူး”

ညမိုးချုပ်တွင် အမျိုသမီးတဦးတည်းသာ ဆိုင်ကယ်စီးသွားလာရာတွင်လည်း သူခိုးများမှ လုယက်မောင်းနှင်သွားကြပြီး အမျိုးသမီးများသည်လည်း အင်အားမမျှခြင်းကြောင့် မိမိအသက်မပါရေးအတွက် လက်လျှော့ပေးလိုက်ရခြင်းများ ဖြစ်နေကြောင်းကိုလည်း သိရှိရပါသည်။

မူဆယ်မြို့တွင်ညတိုင်းလိုလို ဆိုင်ကယ်များပျောက်ဆုံးနေရပြီး တာဝန်ရှိသူ ရဲများသည် တာဝန်ယူမူ နည်းပါးကြောင်းလည်း သိရှိရပါသည်။

“ကျွန်တော်တို့မှာက ညလုံခြုံရေးဆိုတာလည်းမရှိဘူးဆိုတော့ သူခိုးတွေအတွက် ပိုကောင်းသွားတာပေါ့ တရုတ်ပြည်နယ်စပ်မြို့လည်းဖြစ် တရုတ်ပြည်ဂျေဂေါင်ဘက်မှာက လောင်းကစားဝိုင်းတွေရိုတယ် ဆိုတော့ကစားသမားတွေလည်းဖြစ်နိုင်တယ်၊ မူးယစ်ဆေးဝါး သောက်သုံးစားသောက်နေသူများလည်း ဖြစ်နိုင်တယ် အမိုက်ကောက်တဲ့ လူတွေလည်းဖြစ်နိုင်တယ်၊ ဂိမ်းဆိုင်တွေက များတယ်ဆိုတော့ ဂိမ်းရှုံးတဲ့ ကလေးတွေက ကြံရာမရ ရင်ခိုးနိုင်တယ်၊ ဆိုင်ကယ် သူခိုးတွေက အဖွဲ့ဖွဲ့ထားတယ်လို့ ကြားတယ်”ဟု မြို့ခံ တစ်ဦးမှ ပြောပြပါသည်။

ဆိုင်ကယ်အစီး (၇)စီးခိုးဖူးသည့် သူခိုးတစ်ယောက်ကို ဖမ်းမိခဲ့သော်လည်း ဆိုင်ကယ်သူခိုးသည် အသက်မပြည့်သေးသောကြောင့် ပြစ်ဒဏ်မပေးဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း ရဲစခန်းမှတဆင့်သိရှိရပါသည်။

မူဆယ်မြို့တွင် ဒေသခံများသည် ကားထက် ဆိုင်ကယ်ကို အသုံးများကြသည်။ ယခုရာသီအချိန်တွင် ဆိုင်ကယ်များကို အိမ်တိုင်ရာရောက် ခိုးယူခြင်း၊ လမ်မပေါ်တွင် လုယက်ခြင်း အများဆုံးဖြစ်နေပြီး ဆိုင်ကယ်သာမက ရပ်ထားသည့် ကားများ ခိုးယူမှုလည်း အဖြစ်များနေကြောင်း မြို့ခံများမှတဆင့် သိရသည်။

Related Articles