Home သတင်း ကိုဗစ်ကာလအတွင်း Hotline ကတဆင့် အိမ်တွင်းအကြမ်းဖက်မှုအတွက် အကူညီတောင်းခံမှု ပိုမိုများပြားလာ

ကိုဗစ်ကာလအတွင်း Hotline ကတဆင့် အိမ်တွင်းအကြမ်းဖက်မှုအတွက် အကူညီတောင်းခံမှု ပိုမိုများပြားလာ

ရွှေရည်။ ။

ကိုဗစ် 19 ကာလတွင်း အိမ်တွင်းအကြမ်းဖက်မှုအတွက် အကူအညီတောင်းခံမှုဟာ ပုံမှန်အချိန်တွေထက် ပိုများလာတယ်လို့ Hotline ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။

ရန်ကုန်မြို့ထဲမှာတင် ၉ ရက်အတွင်း အိမ်တွင်းကြမ်းဖက်မှုပေါင်း ၁၅ မှုရှိတယ်လို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) အဖွဲ့က ပြောပါတယ်။

“ မတ်လ၂၃ မှ မတ်လ ၃၁ ရက်နေ့အထိ ဆိုလို့ရှိရင် ဟော့လိုင်းတွေမှာ စုစုပေါင်းက ၃၅ မှုရှိတယ်ပေါ့နော်။ ၃၅ မှုထဲကမှ အိမ်တွင်းအကြမ်းဖက်မှုက က ၁၅ မှု။ အဲဒါ ကျမတို့ ရန်ကုန်ရုံး တခုတည်းပေါ့နော်။ ကျန်တာကတော့ လှိုင်သာယာလည်း ရှိသေးတယ်ရှင့်” လို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) က တရားလွှတ်တော်ရှေ့နေ ဒေါ်မေဝိုင်းဖြူက ပြောပါတယ်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ဟာ တရားဥပဒေဆိုင်ရာ အကူအညီတွေကို ၂၄ နာရီ ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းခံနိုင်ဖို့ Hotline တွေကို ယခင်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

“အခုရက်ပိုင်း Stay at Home၊ အိမ်မှာနေပါလို့ ပြောလိုက်တဲ့ နောက်ပိုင်းမှာ ကျမတို့ဆီကို ဖုန်းဆက်တဲ့ အမှုဟူသမျှက အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) တွေ အများစုဖြစ်နေတာကို ကျမတို့တွေ့ရတယ်။ ပုံမှန်အနေအထားထက်ကို များနေတာ တွေ့ရတယ်” လို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုပါတယ်။

လက်ရှိမှာတော့ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ Hotline တဆင့် ဆက်သွယ် အကူအညီတောင်းခံလာတဲ့ အမှုတွေအတွက် သက်ဆိုင်ရာ မြို့နယ်တွေမှာ paralegal (ရှေ့နေကို အကူအညီ ပေးရန်သင်တန်းပေးထားသူ) တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးပြီး ရဲစခန်းမှာ အမှုဖွင့်တာမျိုးတွေ လုပ်ဆောင်ပေးတယ်လို့ သိရပါတယ်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) အပြင် အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့အခါ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ဖို့အတွက် Hotline ဖွင့်ထားတဲ့ အခြားအမျိုးသမီးအဖွဲ့အစည်းအချို့လည်း ရှိပြီး Covid ကာလအတွင်း အကြမ်းဖက်မှုကြုံရတဲ့အခါ လူအပြင်ထွက်ပြီး အကူအညီတောင်းခံဖို့ ခက်နေရင် Hotline ကတဆင့် အချိန်မရွေး ဆက်သွယ် အကူအညီတောင်းဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မကြာခဏ နှိုးဆော်ကြေညာမှုတွေကိုလည်း ယခုကာလအတွင်း ပိုမိုတွေ့မြင်လာ ရပါတယ်။

ကိုဗစ်ရောဂါကာလမှာ ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုအပေါ် အခွင့်ကောင်းယူပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ ရှိနေတယ်လို့ Triangle Women Support Group မှ ဖွင့်လှစ်ထားတဲ့ တို့အိမ်စင်တာမှ တာဝန်ရှိသူ ဒေါ်သီတာအေးကဆိုပါတယ်။

“လက်ထက်ဖို့၊ ယူဖို့ စီစဉ်ပြီးပြီ၊ ဧည့်ခံပွဲလုပ်ဖို့စီစဉ်ပြီးပြီ ဒီရာသီမှာ လုပ်ခွင့်မရှိဘူးဆိုပြီး တခါတည်း အမျိုးသမီးကို မယူတော့ပဲ ထွက်ပြေးတာတွေ ရှိတယ်ပေါ့နော်။ မိခင်ဖြစ်သူကလည်း သားကို လုံးဝ ဝှက်ထားပေးတယ်။ တကယ်တော့ မိန်းကလေးမှာကျတော့ ကိုယ်ဝန်ကျန်နေခဲ့တာ။ အဲဒီပြဿနာတွေ ရှိတယ်။ နောက်တခုက ကျမတို့ဆီမှာ မုဒိမ်းမှု တခုဖြစ်သွားတယ်။ ကလေးကို အပြင်မထွက်နဲ့ ဆိုပြီးတော့ အိမ်ထဲမှာပဲ ထားခဲ့တယ်။ ဒီကာလမှာတော့ ရောဂါတွေဘာတွေကူးမှာဆိုလို့လေ။ ဒါပေမယ့် မိဘတွေကျတော့ ရှာဖွေ စားသောက်ရတဲ့ အခါမျိုးရှိတယ်ဆိုတော့ အပြင်သွားနေချိန်မှာ ဘေးအိမ်ကနေပြီးတော့ မုဒိမ်းကျင့်လိုက်တာမျိုးတွေ ရှိတယ်။ နောက်တခုက စီးပွားရေး ကြပ်တည်းတယ်။ အရောင်းအဝယ်မကောင်းတော့တဲ့ အခါကျတော့ အိမ်မှာ ဟင်းကောင်းကောင်း မချက်နိုင်တော့ဘူး။ အဲဒီအခါမှာ ယောကျာ်းက သူ့ကို ကန်ချလိုက်ပြီးတော့ သောင်းကျန်းတာပေါ့။ အဲဒီအမျိုးသမီးက ၃ ညလောက်တောင် မအိပ်ရဘူး။ ယောကျာ်းသောင်းကျန်းမှုကြောင့်ပေါ့နော်။ အဲလိုမျိုးလည်း ရှိတယ်ပေါ့နော်။ ကျမတို့က အဓိက ကတော့ ကာယကံရှင်တွေ သွားချင်တဲ့ လမ်းကြောင်းပေါ်မှာ မူတည်ပြီးတော့ ကူညီမှုတွေပေးပါတယ်” လို့ အဖွဲ့ Hotline ကတဆင့် အကူအညီတောင်းခံလာမှုနဲ့ပတ်သက်ပြီး ဒေါ်သီတာအေးက ပြောပြပါတယ်။

ဒီလို နေရာတိုင်းမှာ အသွားအလာကန့်သတ်နေတဲ့ကာလမှာ အခွင့်ကောင်းယူပြီး ကျူးလွန်သူ အမျိုးသားတွေအနေနဲ့ အကြမ်းဖက်မှုတွေ ပိုမိုပြုလုပ်လာမှာကို အမျိုးသမီးအဖွဲ့တွေ၊ ဥပဒေရေးရာ ကူညီပေးရေးအဖွဲ့တွေကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

“အမျိုးသမီးတွေအနေနဲ့ အပြင်ထွက်ပြီးတော့ တိုင်တန်းဖို့အတွက်နဲ့ သူတို့မှာ အကန့်အသတ်တွေရှိနေတဲ့ အနေအထားမှာ ဒီတဖက်က အကြမ်းဖက်သူအနေနဲ့ ပိုပြီးတော့ အတင့်ရဲပြီးတော့ မလိုလားအပ်တဲ့ ဆိုးဝါးတဲ့အကြမ်းဖက်မှု တွေဖြစ်ပေါ်လာမှာကို ကျမတို့ စိုးရိမ်မှုတော့ ရှိတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုပါတယ်။

သက်ဆိုင်ရာ Hotline တွေကနေတဆင့် တိုင်ကြားမှုတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှုတွေအပြင် ကာမလိမ်လည်မှု၊ မုဒိမ်းမှု စတဲ့ အကြမ်းဖက်မှုတွေလည်း ပါဝင်တယ်လို့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့တွေက ဆိုပါတယ်။

အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ၊ လိင်ပိုင်းဆိုင်ရာ တခုခု ကျုးလွန်မှုတွေ ပြုလုပ်လျှင် ပုဒ်မ ၃၂၃ (သာမန်နာကျင်စေမှု)၊ ပုဒ်မ ၃၂၄၊ (ဘေးဖြစ်စေသောလက်နက်ဖြင့် နာကျင်စေမှု)၊ ပုဒ်မ ၃၂၅ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ ၃၂၆ (ဘေးဖြစ်စေသောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု) စတဲ့ သက်ဆိုင်ရာ ပုဒ်မအသီးသီးနဲ့ သတ်မှတ်ထားတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ဥပဒေ ကြောင်းအရ အရေးယူမှုတွေကို ပြုလုပ်နိုင်ကြောင်း သိရပါတယ်။

အမျိုးသမီးတွေအနေနဲ့ အိမ်တွင်း အကြမ်းဖက်မှု အပါအဝင် တခြား စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး ဥပဒေ ရေးရာ ကုစားရေးအဖွဲ့ (မြန်မာ ) ၀၉ ၂၆၆၆၈၄၄၄၈ / ၀၉ ၂၆၆၆၈၄၄၄၉ ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ၀၆၇ – ၄၀၄၂၂၂ / ၀၆၇ – ၄၀၄၉၉၉ ၊ အခရာ အမျိုးသမီးအဖွဲ့ ၀၉ ၇၉၅၇၀၆၂၆၅ / ၀၉ ၇၈၆၃၇၁၀၅၅ ၊ အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) နှင့် We Women Foundation Myanmar တို့ရဲ့ ဟော့လိုင်း ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ၂၄ နာရီ အကူအညီအကြံဉာဏ် တောင်းခံနိုင်တယ်လို့ သိရပါတယ်။ အခြားအမျိုးသမီးအဖွဲ့အချို့လည်း အရေးပေါ်ဖုန်းနံပါတ်တွေနဲ့အတူ အကူညီလိုအပ်ချိန် တောင်းခံဖို့ အသိပေး ကြေညာမှုတွေလည်း ရှိပါတယ်။

ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကြေညာလိုက်တဲ့ ကိုဗစ် ၁၉ ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူစုလူဝေးကို ရှောင်ရှားပြီး မိမိတို့နေအိမ်ထဲမှာ နေကြဖို့၊ မလိုအပ်ပဲ အပြင်မထွက်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညွန်ကြားချက်တွေလည်း ထုတ်ပြန်ထားကြပါတယ်။ ဒီလို နေအိမ်ထဲမှာ နေထိုင်ကြစဉ်အတွင်း ကမ္ဘာနဲ့တဝှမ်းမှာ ရှိတဲ့ အမျိုးသမီးတော်တော်များများဟာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုခံနေကြရတယ်လို့ နိုင်ငံတကာသတင်းတွေမှာလည်း ဖော်ပြနေကြပါတယ်။

Author:

Related Articles