Home သတင်း ဗစ်တိုးရီးယားအတွက် အမှုအသစ်ထပ်ဖွင့်ဖို့ ဘာကြောင့်လိုအပ်သလဲဟု ဖခင်ဖြစ်သူ မေးခွန်းထုတ်

ဗစ်တိုးရီးယားအတွက် အမှုအသစ်ထပ်ဖွင့်ဖို့ ဘာကြောင့်လိုအပ်သလဲဟု ဖခင်ဖြစ်သူ မေးခွန်းထုတ်

မိုးမိုး

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အကုန်ချပြပြီးဖြစ်သည့်အတွက် အမှုအသစ်ထပ်ဖွင့်ရန် အဘယ်ကြောင့် လိုအပ်သည်ကို ဗစ်တိုးရီးယား မိသားစုဝင်များမှ နားမလည်ကြောင်း ပြောသည်။

“အချက်အလက် အသစ်ရရင် အမှု ပြန်ဖွင့်ပေးပါပြောနေတာက အချက်အလက်တွေက အစ်ကိုတို့ ရထားတဲ့ အချက်နဲ့ သူတို့ ရထားတဲ့ အချက်တွေက အတူတူ ပဲလေ။ ဘာမှ ထူးပြီး ရထားတာ မရှိဘူး” ဟု ဖခင်ဖြစ်သူက ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်း သစ်က တရားရုံးတော်ရှေ့မှောက်တွင် စစ်ဆေးခဲ့ပါလျက် တရားခံ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိဘဲ အမှုရပ်ဆိုင်းခဲ့ရသောကြောင့် တရားမျှတမှု နစ်နာဆုံးရှုံးခဲ့ရခြင်းအပေါ် ပြန်လည်စိစစ် သုံးသပ်ပေးရန် အစီစဉ်ရှိ မရှိကို ကြယ်ပွင့်မပြမေးခွန်းအဖြစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ထိုမေးခွန်းအပေါ် ပြည်ထောင်စု တရားသူကြီးချုပ်မှ အမှုနှင့်ပတ်သက်ပြီး “တရားရုံးသို့ အမှုသစ်ထပ်မံစွဲဆိုတင်ပို့ထားခြင်း မရှိကြောင်း” စာဖြင့် ဇွန်လိုင်လ ၂၈ ရက်နေ့ နေ့စွဲဖြင့် ပြန်လည်အကြောင်းကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲအတွင်း ဗစ်တိုးရီးယား အမှုတိုးတက်မှုအခြေအနေများအား သတင်းထောက်များ မေးမြန်းခဲ့ပြီးသည့်နောက်တွင် သက်သေခံအသစ်များ ရရှိပါက အမှုဆက်လက်စုံစမ်းစစ်ဆေးရန် ဆောင်ရွက်သွားမည့်အကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် 7Day News အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။

ဤကဲ့သို့ သက်သေခံအသစ်များထပ်မံတင်ရမည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရစဉ်ကာလအတွင်း ရှိသမျှ သက်သေများကို အစွမ်းကုန်တရားရုံးသို့ တင်ပြပြီးဖြစ်သဖြင့် လက်ရှိအခြေ အ နေမှာ မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကို ယခု အချိန်ထိ တွေဝေနေဆဲ ဖြစ်တယ်လို့ ကာယကံရှင် မိသားစုဝင်များ က ဆိုသည်။

“အမှုစဖြစ်တော့ အစ်ကို့ အမျိုးသမီး ညဘက် ၂ နာရီထိုးကြီး အမှုသွားဖွင့်တော့ ရဲစခန်းက ပြောလိုက်တာက တရားခံ လက်ညိုးထိုးမပြနိုင်ရင် မလွယ်ဘူးလို့ တခါတည်း ပြောခဲ့တာ” လို့ ဖခင်ဖြစ်သူက အမှုစတင်ဖွင့်ခဲ့စဉ်က အခြေအနေကို ပြန် ပြောပြသည်။

စုံစမ်းစစ်ဆေးပိုင်ခွင့်နှင့် တရားစွဲ အဖွဲ့အစည်းမှာ အစိုးရ၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်းနှင့် မိမိတို့မှာ နစ်နာသူ ကာယကံရှင် ဖြစ်၍ တရားစွဲ အဖွဲ့အစည်း မဟုတ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင် သံသယတရားခံ အောင်ကြီးကို သက်သေခိုင်လုံမှုမရှိခြင်းကြောင့် ပြန်လွှတ်လိုက်ပြီးနောက်ပိုင်း လိင်အကြမ်းဖက်ကျူးလွန်သူ တရားခံအား ဖော်ထုတ်နိုင်ခြင်းမရှိသေးသည့်အပြင် သမ္မတမှ အမှုမှန်ပေါ်ပေါက်ရေးစောင့်ကြည့်နေသော်လည်း ယနေ့အချိန်ထိ အမှုနှင့်ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှု တစုံတရာ မရှိသေးပေ။

Author: Moe Moe

Related Articles