မော်ကောကော်။ ရန်ကုန်
“အဲဒီကနေဝင်ငွေရမှန်းသိလာတယ်။ ရလာတော့ ပိုက်ဆံအိမ်ကို လှမ်းလှမ်းပို့တယ်။ အဲဒါနဲ့ အမက ပင်လယ်ထဲမှာ ၂လနီးပါးလောက် လုပ်ခဲ့ရတယ်”
“သူငယ်ချင်းက ကျမကိုပြောတယ်။ လိုက်မလား။ နိုင်ငံခြားသားတွေဆီမှာ ဈေးရောင်းရမယ် လို့ပြောတယ်။ အဲဒီအချိန်မှာ ယောကျ်ားလေးတွေရော ရောင်းလို့မရဘူးလားကျမ မေးတော့ ယောကျ်ားလေးတွေက ပစ္စည်းသယ်ပို့ရတာ။ မိန်းကလေးတွေကျတော့ စကားပြောရတာ အဆင်ပြေလို့ ၊ ပြီးတော့ ထမင်းစားရေသောက် ပြောတတ်ရင် ရတယ်ခေါ်တော့ အမလိုက်လုပ်လိုက်တယ်။ ဟိုရောက်တော့ ပြည့်တန်ဆာလုပ်ငန်း ဖြစ်နေတယ် ” လို့ ပြည့်တန်ဆာ ဘဝရောက်ခဲ့ရပြီး ယခု အေအိုင်ဒီအက်စ် ရောဂါပိုးနှင့် နေထိုင်နေသူ အမည်မဖော်လိုသူ အမျိုးသမီး တယောက်က သူမရဲ့ ဘဝနောက်ကြောင်းကို ပြန်ပြောပြနေပါတယ်။
သူမရဲ့ဖခင်ဟာ သူမငယ်စဉ်ကပင် ဆုံးပါးသွားပြီး မောင်နှမ ၅ဦးရှိပါတယ်။ သူမဖခင်ဟာ စစ်တပ်ကဖြစ်တဲ့အတွက် နေရာအပြောင်းအရွှေ့ကြောင့် သူမတို့မိသားစုမှာ လုပ်တတ်ကိုင်တတ်သော စွမ်းရည်နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။ “အဖေမရှိတော့ အမက မိသားစုတာဝန်ကို ယူရတော့မယ်လို့ သိလာတဲ့အခါမှာ ကြုံတဲ့အလုပ်ကို လုပ်ရတယ်။ အဲဒီတုန်းက ၆တန်းနဲ့ ကျောင်းထွက်လိုက်ပြီး ရှမ်းပြည်နယ် ရပ်ကွက်ထဲမှာ ပြောင်းဖူးထုတ်တဲ့ စက္ကူလေးတွေ ကပ်တာတို့၊ အချဉ်ပေါင်းထုတ်တာတို့ လုပ်တယ်။”
ဖခင်ဖြစ်သူ ဆုံးပါးသွားပြီး တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို သူမက ပြန်ပြောပြပါတယ်။ “မိသားစုက မလောက်မငှ ဖြစ်လာတော့ အဲဒီကနေ တဆင့်တိုး ကိုယ့်အရွယ်နဲ့ မတန်အောင် ပန်းရံသွားလုပ်ရတယ်။ တောင်းထဲကို မြေကြီးတွေ ထဲ့တဲ့အခါ အဲဒါကို သယ်နိုင်မှ နောက်နေ့ အလုပ်ဆင်းရတယ် ဆိုတော့ မနိုင်နိုင်အောင် သယ်ရတယ်။ မနိုင်ရင်တော့ နောက်နေ့ အလုပ်မရတော့ ကိုယ့်မိသားစု ထမင်းမစားရတော့ဘူးပေါ့။ မြေအစိုတွေကိုတမင် တောင်းထဲကိုထည့်ပြီး မခိုင်းတယ်။ ဘိလပ်မြေ တအိတ်ကိုလည်း ကျောအောင့်အောင် သယ်ခဲ့ရတယ်”
သူမတို့ မိသားစုဟာ ဖခင်ဆုံးပြီး တပ်ကပေးထားတဲ့ နေရာဖယ်ပေးရတဲ့အတွက် ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ရန်ကုန်မြို့မှာ စက်ရုံအလုပ်ရုံပေါင်းစုံ လုပ်ကိုင်ရပြီး မောင်ငယ်ညီမငယ်လေးများကို ကျောင်းထားပေးရပါတယ်။
တနေ့သူငယ်ချင်းတယောက်ရဲ့ အချိတ်အဆက်ကြောင့် တရုတ်ကုမ္ပဏီမှ လာဖွင့်သော ဂဏန်းစက်ရုံမှာအလုပ်ဝင်ခဲ့ပါတယ်။
“ဂဏန်းရုံမှာ လုပ်တော့ ဝင်ငွေက အရမ်းရတယ်။ နေ့ရောညရော လုပ်ရတယ်။ ခုနေပြန်တွေးရင် လူတယောက်ရဲ့ နားချိန်ဆိုတာ မလုံလောက်ဘူး။ အိပ်ချိန်ဆိုတာလဲမသိတော့ဘူး။ အရေးကြီးတာက ကိုယ်အချိန်ပိုလုပ်ရင် ပိုက်ဆံရတာကိုပဲသိတယ်။ တကယ်လဲ အမအတွက် ဝင်ငွေက လောက်တယ်။ ကံကဆိုးချင်တော့ ဂဏန်းရုံက ပိတ်ခံလိုက်တယ်”
စက်ရုံပိတ်သွားပြီး အကြပ်အတည်းကြုံနေရတုန်း သူငယ်ချင်းဖြစ်သူက နိုင်ငံခြားသားတွေကို ဈေးရောင်းရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ခဲ့တာကြောင့် ပင်လယ်ကူး သင်္ဘောမှာ ပြည့်တန်ဆာ ဘ၀ ရောက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
“ပြောပြရရင် ပြည့်တန်ဆာလုပ်ငန်းကို ပင်လယ်ထဲက သဘောၤတွေပေါ်မှာလုပ်ရတာ။ အမကအဲဒါကိုသိတော့ပြန်မယ် လုပ်တဲ့အခါမှာ ဘေးကလူတွေက ပြောတယ်။ အုပ်ချုပ်တဲ့ ခေါင်းတွေက ရေထဲကို ကန်ချပြီး သတ်ရင် လူတောင်မသိရဘူး၊ ဒီမှာရဲဆိုတာလဲ မရှိဘူးပေါ့။ နင်သေလိမ့်မယ် ပြောတော့ အမက အဲဒီအလုပ်ကို စလုပ်ဖြစ်တယ်” လို့ သူမရဲ့ ရှောင်လွဲလို့မရတော့တဲ့ အခြေနေကို ပြောပါတယ်။
“အဲဒီကနေဝင်ငွေရမှန်းသိလာတယ်။ ရလာတေ့ာပိုက်ဆံအိမ်ကို လှမ်းလှမ်းပို့တယ်။ အဲဒါနဲ့ အမက ပင်လယ်ထဲမှာ ၂လနီးပါးလောက် လုပ်ခဲ့ရတယ်”
တနေ့ ဂဏန်းရုံပြန်ဖွင့်လိုက်ပြီ ဆိုတဲ့ သတင်းရတဲ့အချိန်မှာ သူမကို ဆက်သွယ်ပေးခဲ့တဲ့ သူငယ်ချင်း က ပြန်ခေါ်တဲ့အတွက်ကြောင့် သူမဟာ ဂဏန်းရုံမှာပဲ အလုပ်ပြန်ဝင်ခဲ့ပါတယ်။ ဂဏန်းရုံက ရတဲ့ ဝင်ငွေနှင့် ပြည့်တန်ဆာဝင်ငွေ ယှဉ်လာသော အခါတွင် သူမရဲ့ မိသားစု၄ယောက်စားစရိတ် ကျောင်းစရိတ်များက သူမအတွက် ရွေးချယ်စရာ မှာ ဝင်ငွေကောင်းသော လမ်းကိုသာ ရွေးချယ်ခဲ့တယ်လို့ ပြောပြပါတယ်။
“တနေ့တော့ အမ ဖောက်သည်တယောက်နဲ့ ဆုံတော့ သူက အမကို ဒီအလုပ်မလုပ်ဖို့ပြောတယ်။ ပြီးတော့ သူနဲ့ ၈လလောက်ပေါင်းလိုက်ရတယ်။ သူက သဘောၤသားဆိုတော့ သဘောၤပြန်တက်သွားတော့ အမက ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ကိုယ့်ကိုယ်ကို ငယ်သေးတော့ ကိုယ်ဝန်ရှိမှန်းမသိခဲ့ဘူး။ ဒီအလုပ်သာ လုပ်ရတာ ဗဟုသုတ မရှိဘူး။ ဦးနှောက်ထဲမှာ ပိုက်ဆံဆိုတဲ့ အရာတခုပဲ ရှိတယ်” လို့ သူမရဲ့ ဘဝကောက်ကြောင်းကို ရင်ဖွင့်နေပါတယ်။
သူမဟာ အမျိုးသားမရှိတဲ့ အချိန် ဝင်ငွေအတွက် ပြည့်တန်ဆာ အလုပ်ကို ပြန်လုပ်ရပါတယ်။ သူမဟာ ကိုယ်ဝန်ကိုလည်းဖျက်ချဖို့ စဉ်းစားထားပေမယ့် အဖမ်းခံရခဲ့တဲ့အတွက် မဖျက်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။
“အမတို့က ဥပဒေကို နားမလည်ဘူး။ အတတ်နိုင်ဆုံးငြင်းသေးတယ်။ ကိုယ်က လုပ်မှမလုပ်ရသေးတာ။ လက်ပူးလက်ကြပ်မိတာ မဟုတ်ဘူး။ တက္ကစီပေါ်မှာ ထိုင်နေရင်းနဲ့ ဖမ်းလိုက်တာ။ အဲဒီအချိန်တုန်းက ဘာအထောက်အထားမှမပါဘူး။ ခုချိန်ဆိုရင် အမတို့က နားလည်နေပြီလေ။ သက်သေမပါရင် ဖမ်းလို့ မရဘူးဆိုတာ သိနေပြီ။ အမအဖမ်းခံရတော့မှ ပြည့်တန်ဆာ လုပ်မှန်း အမေတို့က သိတာ။ အမထောင်တနှစ်ကျခဲ့တယ်။ ထောင်ထဲမှာပဲ ကလေးမွေးခဲ့ရတယ်”
သူမအတွက် ဥပဒေအကာအကွယ်ပေးမှု မရှိခဲ့သလို ဥပဒေ လမ်းကြောင်းကိုလည် မသိရှိခဲ့ရကြောင်း ပြောပါတယ်။
ထောင်ထဲကထွက်လာတဲ့ အချိန်မှာတော့ မိသားစုကစဉ့်ကလျား ဖြစ်သွားကာ ကျူးကျော်ရပ်ကွက်တွေမှာ တဲလေးထိုးပြီး ကန်းစွန်းရွက်လေးတွေကို ခူးရောင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဝဲဂယက်ထဲကတော့ ရုန်းမထွက်နိုင်ခဲ့ပါဘူး။
သူမရဲ့ ကလေး နှစ်နှစ်ကျော် ရှိလာတဲ့အခါမှာ ငွေရေးကြေးရေးအခက်အခဲကြောင့် ပြည့်တန်ဆာ လုပ်ငန်းကို တခါပြန်လုပ်ရပြန်ပါတယ်။ “အမပြန်လုပ်ဖို့ နယ်ဖက်ကို တက်သွားတယ်။ မြိတ်ဖက်ကိုပေါ့၊ အဲဒီကနေပဲ HIV ပိုးရခဲ့တော့တာပဲ။ ၂၀၀၈ ခုနှစ်ကနေ ဆေးသောက်နေရတယ်။ ခုဆိုရင် အမသားလေးက ၁၀ တန်း တက်နေပြီ။ သားလေးကိုတော့ အရိပ်မဲလေး အထင်မခံနိုင်ဘူး” လို့သူမရဲ့ မိသားစုနဲ့ လက်ရှိ ပတ်ဝန်းကျင်အကြောင်းကို သိရပါတယ်။
သူမကိုသိသော ပန်ဝန်းကျင်တွင် နှစ်ခါခွဲခြားခံရကြောင်း ပြောပါတယ်။
“သူက ဒီအလုပ်ကို လုပ်စားတဲ့ မိန်းမပေါ့။ ဒီရောဂါပိုးက သူတို့ဆီက ရတာပေါ့။ တကယ်တော့ အမတို့ ဒီရောဂါကို လက်ခံပြီး လူတကာကို လိုက်ပေးနေတာ မဟုတ်ဘူး။ အမတို့ ခန္ဓာကိုယ် အသန့်အစင်ကနေပြိးတော့ လိင်ဆက်ဆံ တဲ့ သူတွေဆီကနေ ရောဂါရလာတယ်။ အမတို့ မသိလို့ ကွန်သုံးမသုံးခဲ့လို့ ကူးမိရင် ကူးလိမ့်မယ်။ လူတကာကို ရောဂါလိုက်ပေးနေတာ မဟုတ်ဘူး။ အမတို့ဆီကို သူတို့က လာပေးတာ။ အဲဒါကိ အမတို့ရသွားပြီးတော့ သွေးမစစ်ခင် ရောဂါ ရှိမရှိ မသိခင်မှာ ကူးရင်ကူးမှာ ။ သိပြိးရင်တော့ သူများကို ကူးခိုင်မှာမဟုတ်ပါဘူး”
သာမန်အမျိုးသမီးတယောက် အတွက် ခင်ပွန်းဆီမှ ရောဂါရခဲ့သော် ပတ်ဝန်းကျင်ရဲ့ ဂရုဏာ သက်မှုကို ခံရသေးကြောင်း သူမက ခံစားချက်ကို ထုတ်ဖော်လာပါတယ်။
“အမတို့ ပြည့်တန်ဆာမှာ ရောဂါပိုးရှိတာနဲ့ သာမန်အမျိုသမီးမှာ ရောဂါပိုးရှိတာနဲ့ မတူဘူး။ အမတို့ကိုတော့ လုံးဝခွဲခြားဆက်ဆံ ပစ်ပယ်ရှုံ့ချတဲ့လေသံနဲ့ ပြောကြတယ်။ အမတို့ ပြည့်တန်ဆာ လောကထဲမှာ ကြည့်မယ်ဆိုရင် ၁၀ယောက်ထဲမှာ ၉ယောက်လောက်က စီးပွါးရေး အခြေအနေကြောင့် လုပ်ရတယ်။ အဓိက ပစ်မှတ်ကတော့ မိသားစု စားဝတ်နေရေး၊ မိသားစု မရှိတဲ့သူ၊ အရောင်းစားခံရတဲ့သူ၊ အိမ်ဖော်တွေပေါ့။ အဲဒါတွေကြောင့် လုပ်ဖြစ်ရတာပါ”
ပြည့်တန်ဆာတွေ အတွက် ဗဟုသုတတွေလိုအပ်ကြောင်း နှင့် သူတို့ကိုယ်တိုင် လူမှုဘဝကို ပြောင်းလဲသင့်ကြောင်း ပြည့်တန်ဆာတွေအတွက် ပညာပေးလုပ်ငန်းတွေလုပ်ပေးနေတဲ့ INGO တခုမှာ အလုပ်လုပ်နေတဲ့ မမေရီအန်းက ပြောပါတယ်။
“ကျမတို့က ဘယ်လောက်ပဲ ကူညီပေးပါစေ သူတို့ကိုယ်တိုင်က မပြောင်းလဲဘူးဆိုရင် စွမ်းရည်မတက်လာနိုင်ဘူးလေ”
ထို့အပြင် နိုင်ငံတော်က ပြည့်တန်ဆာတွေအတွက် ဥပဒေ အကာအကွယ်တခု ပြဌာန်း လိုက်ပါက အိပ်အိုင်ဗီ ရောဂါ လျှော့ချစေကြောင်း ပြောပါတယ်။
“ဘာလို့လဲဆိုတော့ သူတို့မှာကာကွယ်ဖို့ ကွန်ဒုံးသုံးရင် ဖမ်းကြတယ်။ လွှတ်တော်က မဖမ်းဘူးဆိုပေမဲ့ အောက်ကလူတေါကတော့ သူတို့ဟာ သူတို့ အမှုအရ ဆိုရင် ဖမ်းကို ဖမ်းရမယ်လို့ သူတို့ အဲလို သတ်မှတ်တာရှိတယ်။ အဲဒါကို ဘာလို့ ကြောက်ကြလဲဆိုတော့ သူတို့မှာ ဗဟုသုတ မရှိလို့ပဲ။ အဲဒါကြောင့် အဖမ်းခံရတယ်။ အဖမ်းမခံရရင်လဲ သူတို့က ကွန်ဒုံးမသုံးတော့ဘူး။ ဒါဆိုရင် ရောဂါရလာမယ်။ အဲလိုမျိုးပွင့်ပွင့်လင်း လုပ်ခွင့်ပေးလိုက်မယ်၊ ကျန်းမာရေးအရလဲ အမြဲတမ်း စစ်ဆေးချက်လုပ်ပေးနေမယ် ဆိုရင်တော့ အရမ်းကောင်းတာပေါ့”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021