Home ဆောင်းပါး စစ်တွေကမ်းနားကိုအကျည်းတန်စေသူများ

စစ်တွေကမ်းနားကိုအကျည်းတန်စေသူများ

သန့်ရှင်းထွန်း။ ။

ဘင်္ဂလားပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေနုအေးတို့က သန့်ရှင်းလတ်ဆတ်လှသည်။ အပူချိန်မြင့်မားသည့် နွေရက်များကို သက်တောင့်သက်သာ ကျော်ဖြတ်ရန်အတွက် ပင်လယ်ဘက်ကလေညှင်းတို့၏ အကူအညီက အရေးပါလှသည်။

ရာသီဥတုသာသာယာယာရှိသည့်နေ့မျိုးဆိုလျှင် လမ်းမဘေးဝဲယာတွင် မိသားစုလိုက်၊ အစုအဖွဲ့လိုက် ဖျာခင်းပြီး လေညှင်းခံရန်အတွက် စုဝေးကြသလို နံနက်အစောပိုင်းနှင့် ညနေပိုင်း အပူချိန်လျော့ကျချိန်တွင် အဆိုပါလမ်းမပေါ်တွင် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသော လူအများစုကိုလည်း တွေ့နိုင်သည်။

အဆိုပါနေရာက ရခိုင်ပြည်နယ် စစ်တွေမြို့၏ အထင်ကရလမ်းတစ်ခုဖြစ်သော ကမ်းနားလမ်းဖြစ်ပြီး ဘင်္ဂလားပင်လယ်ကမ်းစပ် အနီးတွင် တည်ရှိသည်။ သာယာလှပသည့် ယင်းနေရာကို အပန်းဖြေလိုသူများ တကူးတက သွားရောက်တတ်ကြပြီး သူငယ်ချင်းအပေါင်းအသင်းနှင့် လမ်းထွက်လျှောက်လိုသူများ အကြိုက်တွေ့သည့် နေရာလည်းဖြစ်သည်။

အရာရာသာယာလှပသည့် ပင်လယ်ကမ်းနားကို ရုပ်ဆိုးအကျည်းတန်စေသည့် အရာတစ်ခုရှိနေသည်။ ထိုအရာက လာရောက်လည်ပတ်သည့် အမျိုးသမီးငယ်များကို ပါးစပ်သရမ်းပြီး သားပြောမယားပြောနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကြသည့် အမျိုးသားအချို့၏ လုပ်ရပ်များပင်ဖြစ်သည်။ အမျိုးသမီးငယ်များအတွက်ကတော့ လေကောင်းလေသန့်နှင့်အတူ ရောထွေးပါလာသည့် အပုပ်နံ့တထောင်းထောင်းထနေသည့် လေကိုရှုရှိုက်ရသလို ဖြစ်နေပြီ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလခန့်က စစ်တွေမြို့ ကမ်းနားလမ်းတွင် လမ်းလျှောက်နေသည့် အမျိုးသမီးငယ်တစ်ဦးသည် ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦး၏ အနားကပ်၍ မဖွယ်မရာစကားပြောခဲ့သည်ကို ကြုံတွေ့ခဲ့ရသည်။

“ပထမတော့ နားမလည်ဘူး။ နောက်ထပ်နှစ်ခါ၊ သုံးခါလောက် အနားကပ်ပြီးတော့ မဖွယ်မရာစကားတွေကို လာပြောတာ”ဟု သူမကပြောသည်။

မတ်လ ၁၈ ရက်ကလည်း ကမ်းနားလမ်းတွင် သွားနေသည့် အမျိုးသမီးငယ်တစ်စုကို အမျိုးသားတစ်စုက မဖွယ်မရာပြောခြင်း၊ မဖွယ်မရာလုပ်ပြခြင်းများကို ကြုံတွေ့ခဲ့ရသူများက ပြောသည်။ အဆိုးရွာဆုံးသော အပြုအမူများထဲမှ တစ်ခုမှာ အမျိုးသမီးငယ်များမြင်သာသည်အထိ အာသာဖြေပြခြင်းထိပင် ဖြစ်သည်ဟုဆိုသည်။

“ကိုယ့်ကိစ္စကိုယ်မရှင်းတတ်၊ မထိန်းတတ်ဘဲ မိန်းကလေးတွေကို Object တစ်ခုလိုမြင်တဲ့ ဖိုဝါဒကြောင့်ဖြစ်တယ်။ အဲလိုပဲ မူးယစ်ဆေးကြောင့်လည်း ပါနိုင်တယ်လို့” ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးငယ်ကပြောသည်။

အမျိုးသမီးများကို နှောင့်ယှက်မှုသည် အပေါ်ယံအားဖြင့် အမျိုးသမီးများ၏ ပြဿနာဟု ထင်ကောင်းထင်နိုင်သော်လည်း အမျိုးသမီး၊ အမျိုးသားအားလုံးကို သက်ရောက်မှုဖြစ်စေပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ပြဿနာဖြစ်သည်ဟု အသက် ၂၅ နှစ်အရွယ် ရခိုင်လူငယ်တစ်ဦးက ပြောသည်။

အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းသည် အမျိုးသမီး၊ အမျိုးသား အပြန်အလှန် မှီခိုအားထားနေကြသော အဖွဲ့အစည်းဖြစ်ပြီး ထိုကဲ့သို့ ထိပါးနှောင့်ယှက်ခံနေရသူ အမျိုးသမီးများသည် တနည်းတဖုံအားဖြင့် အမျိုးသားများ၏ မိခင်၊ အစ်မ၊ ညီမ၊ သမီး၊ သူငယ်ချင်း၊ အိမ်ထောင်ဖက်၊ ချစ်သူရည်းစား၊ လုပ်ဖော်ကိုင်ဖက်နှင့် ဆရာမစသည်ဖြင့် ပုံစံ တမျိုးမျိုးနှင့် ပတ်သက်ဆက်နွယ်နေကြသူများဖြစ်သည်ဟု ၎င်းကဆိုသည်။

“အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အသိပညာပေး ကမ်ပိန်းတွေလုပ်ပေမယ့် တချို့ကဟာသလုပ်ကြတယ်။ ဒါကအမျိုးသမီးတွေအတွက်ရော အမျိုးသားတွေရဲ့ ပြဿနာဖြစ်သလို ရခိုင်တမျိုးသားလုံးကို အရှက်ရစေတဲ့ ပြဿနာဖြစ်တယ်”ဟု အထက်ပါ လူငယ်ကဆက်ပြောသည်။

သို့သော် အဆိုပါ ကမ်ပိန်းများ ပြုလုပ်ခြင်းကြောင့် အမျိုးသားများကြားတွင် နှောင့်ယှက်မှုမလုပ်ရန် အချင်းချင်း ထိန်းသိမ်းမှုတချို့လည်း တွေ့လာရသည်ဟု Woman Generation အဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်က ပြောသည်။

လက်ရှိ လူ့အဖွဲ့အစည်းတွင် တိုးတက်လာသော ခေတ်ကာလကို ယဉ်ကျေးမှုဆိုသော စကားဖြင့် ချိုးနှိမ်ထားချင်ကြပြီး အမျိုးသမီးများ အနှောက်အယှက်မခံရသည့် အနေအထားတခုကိုရောက်ဖို့ လက်မခံချင်ကြသေးဟု ရခိုင်အမျိုး သမီးငယ် မမြတ်စုသွယ်က ပြောသည်။

“အဝတ်အစားမလုံခြုံလို့ဆိုပြီးတော့ ရှုတ်ချနေတာကတော့ မတိုးတက်သေးတာပါ၊ မိန်းကလေးတွေ အတိုအပြတ် ဝတ်တာဖြစ်ဖြစ် ဘယ်လိုပဲဝတ်ဝတ် အနှောက်အယှက်မခံရတဲ့ အနေအထားတစ်ခုကိုရောက်ဖို့ဆိုတာကို သူတို့က လက်မခံချင်ဘူး။ သူတို့က ဆက်ပြီးတော့ စနောက်တာတွေလုပ်ချင်တယ်။”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပိုမိုများပြားလာခြင်း၏ အဓိကအကြောင်းအရင်းမှာ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများ ပိုမိုများပြားလာသည့်အတွက်ဖြစ်သည်ဟု မခင်မြင့်ဇော်က သုံးသပ်သည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည် ကျား-မအခြေပြု အကြမ်းဖက်မှုဖြစ်သည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်သည်ဟု ရခိုင်ရှိအမျိုးသမီးများက ပြောသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက် ယှက်မှုကြောင့် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကျားမတန်းတူမညီမျှမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို များစွာအတားဆီးဖြစ်စေသည်ဟု အမျိုးသမီးငယ်တချို့က ပြောသည်။

“တနေ့ထက်တနေ့ နယ်ပယ်ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ဆိုးဆိုး ဝါးဝါးဖြစ်လာတယ်။ အဲဒီအထဲမှာ အဆိုးဆုံးက သက်ငယ်မုဒိမ်းမှုကိစ္စတွေ အခုချိန်ထိဖြစ်ပေါ်နေတာက တော်တော်ကို အခြေနေဆိုးနေပါတယ်။”ဟု ရခိုင်အမျိုးသမီးရှေ့ဆောင်အဖွဲ့ ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ထောက်ပြသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး) ပုဒ်မ ၃၅၄ တွင် မိန်းမတစ်ဦး၏ ကာယိန္ဒြေကို ပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း၊ လက်ရောက်မှု ကာယိန္ဒြေပျက်စီး တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လျှင် သို့တည်းမဟုတ် ရာဇဝတ် မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ ထိုသူအား နှစ်နှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

အလားတူ ပုဒ်မ ၅၀၉ တွင် မည်သူမဆို၊ မိန်းမတစ်ဦးဦး၏ ကာယိန္ဒြေကို စော်ကားရန်ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင်၊ သို့တည်းမဟုတ် အသံပြုသည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူရာကို ပြသသည်တွင်၊ သို့တည်းမဟုတ် အရာဝတ္ထုတစ်ခုခုကို ပြသသည်တွင် ပြောဆိုသော စကားကိုဖြစ်စေ၊ ပြုသောအသံကိုဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင်၊ သို့တည်းမဟုတ် ပြုသောအမူအရာကိုဖြစ်စေ ပြသောအရာဝတ္ထုကိုဖြစ်စေ ထိုမိန်းမအား မြင်စေရန် ကြံရွယ်လျှင် သို့တည်းမဟုတ် ထိုမိန်းမ၏ ကာယိန္ဒြေကို စော်ကားရန်ကြံရွယ်၍ ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်ဟု ပြဌာန်းထားသည်။

သို့သော်လည်း တရားဥပဒေစိုးမိုးမှုမရှိဘဲ ရုံးချိန်းပေါင်း မြောက်မြားစွာ ချိန်းဆိုနေရသော တရားရုံးများသို့ သွားလိုစိတ် မရှိခြင်းကြောင့် ရခိုင်ပြည်နယ်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် ပတ်သက်၍ တိုင်တန်းခြင်းမှာ မရှိသလောက် နည်းပါးနေပြီး နှောင့်ယှက်မှုများကို ငြိမ်ခံနေရသည့် အနေအထားဖြစ်နေသည်ဟု မခင်မြင့်ဇော်က ဆိုသည်။

ထိုအချက်ကပင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပိုမိုဖြစ်ပေါ်စေရန် တွန်းအားပေးနေသလို ဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။

“အခုရခိုင်မှာ စစ်ကောင်စီတရားရုံးကို တိုင်တန်းလို့ရသလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တရားရုံးတွေမှာ လည်း တိုင်းတန်းလို့ရနေပါပြီ။ ULA/AA ကလည်း ရာဇသတ်ကြီး ဥပဒေကိုပဲ ကိုင်ပြီးလုပ်နေတာဖြစ်လို့လေ”ဟု မခင်မြင့်ဇော် ကပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် အမျိုးသမီးများနှင့် ပတ်သက်၍ တရားရုံးသို့ တိုင်းတန်းသည့်အမှုများတွင် မုဒိမ်းမှုနှင့် အကြမ်းဖက်ခံရမှုတို့ကိုသာ တွေ့ရှိနေရပြီး လင်မယားနှစ်ဦးတွင် အမျိုးသားက အမျိုးသမီးကို အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်ကိုပင် တိုင်းတန်းမှုမရှိသလောက် နည်းပါးနေရာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် ပတ်သက်၍ တိုင်းတန်းမှုမှာ ပို၍အလှမ်းဝေးနေသေးသည်ဟု တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အမျိုးသမီးများအနေဖြင့်လည်း နှောင့်ယှက်ခံရလျှင် ရာဇဝတ်ကြောင်းအရ တိုင်တန်းနိုင်သည်ဆိုသော အသိပညာ ဗဟုသုတများကို သိရှိထားရန် လိုအပ်ကြောင်း ရှေ့နေက ဆိုသည်။

“ရခိုင်မှာ ဉပဒေအထောက်အကူပြုအဖွဲ့တွေရှိနေတယ်၊ ပုဂ္ဂလိက ကူညီပေးနေတဲ့ ရှေ့နေတွေလည်းရှိတယ်၊ လိုအပ်ရင် တိုင်ပင်လို့ရတယ်။ အမှုဖွင့်ချင်ရင် ဥပဒေလမ်းကြောင်းအရ ဘယ်လိုတိုင်တန်းရမယ်ဆိုတာတွေကအစ ကူညီပေးနေ တာတွေရှိတယ်”ဟု တရားလွှတ်တော်ရှေ့နေက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကမ်းနားလမ်းတွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ရှိနေသည်မှာ မှတ်မှတ်ရရ သုံးနှစ်ကျော်ကာလသို့ပင် ကျော်လွန်လာပြီဖြစ်ပြီး မုန့်ဆိုင်များတွင် အလွယ်တကူ မုန့်ဝယ်သကဲ့သို့ပင် အလွယ်တကူ ရရှိနေသော မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုက လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုကို ပိုမိုဖြစ်ပေါ်စေသည့် အကြောင်းရင်းတရပ်ဖြစ်နေသည်ဟု သုံးသပ်ကြသည်။

မကျန်းမာသူများအပါအဝင် လူအများ၏ အပန်းဖြေအနားယူရာ နေရာတခုဖြစ်သော စစ်တွေကမ်းနားလမ်းမပေါ်က သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်များကို အပုပ်နံ့ထနေသော အမှိုက်တစုကြောင့် မညစ်ပတ်စေချင်ဟု လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံခဲရသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“အခုလို မကောင်းတဲ့ အကျင့်ဆိုးတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်းနေထိုင်သွားရင် ကျမတို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းက ပိုပြီး သာယာလှပသွားမှာပါ”ဟု ၎င်းကဆိုသည်။

Author:

Related Articles