Home ဆောင်းပါး အမျိုးသမီးများထဲက အမျိုးသမီးများအတွက် ကာကွယ်ပေးရဲ့လား

အမျိုးသမီးများထဲက အမျိုးသမီးများအတွက် ကာကွယ်ပေးရဲ့လား

မတ်လ(၈)ရက်နေ့ဟာ တကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကမ္ဘာအနှံ့က နိုင်ငံအသီးသီးမှာရှိတဲ့ အမျိုးသမီးတွေအပေါ်လေးစားထောက်ခံကြတဲ့သူတွေက ကျင်းပခဲ့တာကြာခဲ့ပါပြီ။

ဒီအမျိုးသမီးနေ့ဖြစ်ပေါ်လာခဲ့တဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၀၈ ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံက အမျိုးသမီးတွေဟာ သူတို့ရဲ့ အလုပ်ချိန်တွေကို လျော့ပေးပြီးတော့ လခတိုးဖို့နဲ့ မဲပေးခွင့်ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုရာကနေ အစပြုခဲ့တာကို တွေ့နိုင်ပါတယ်။ ၁၉၁၀ ခုနှစ် ကိုဘီဟေကင်မြို့မှာကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက်အမျိုးသမီးများညီလာခံမှာ ဂျာမနီနိုင်ငံက
ဆိုရှယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကလဲရာဇက်ဆင်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့ကို တစ်ကမ္ဘာလုံးမှာ တစ်ရက်တည်း သတ်မှတ်စေဖို့အတွက်အဆိုတင်သွင်းခဲ့ပါတယ်။ ဒီလိုတင်ပြဆွေးနွေးပြီး တင်ပြတဲ့အဆိုတင်သွင်းမှုအပေါ်မှာ တက်ရောက်လာတဲ့လူတွေကန့်ကွက်သူမရှိဘဲသဘောတူညီခဲ့ကြပါတယ်။ ၁၉၇၅ ခုနှစ်ကစပြီး မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တသမတ်ထဲ ကျင်း ပလာခဲ့တာ အခုဆိုရင် ၂၀၂၀ ခုနှစ်ကို ရောက်ရှိလာခဲ့ပါပြီ။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးများအပေါ် လုပ်ငန်းခွင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ ပါဝင်ပတ်သက်ခွင့်မရှိဘဲ ခွဲခြားထားမှုတွေနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ ဆန့်ကျင်မှုမျိုး တွေပြုလုပ်ခဲ့တဲ့နေ့ကို အစပြုပြီးကျင်းပခဲ့တာ ကိုတွေ့ရပါလိမ့်မယ်။

လူသားချင်းအတူတူ အမျိုးသမီးများအပေါ်ခွဲခြားမှုမရှိဘဲ အမျိုးသမီးများရဲ့ အရည်အချင်းတွေကိုအသိအမှတ်ပြုပေးဖို့အပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုတွေအားလုံးပပျောက်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွေမှာ အမျိုးသမီးတွေ၊ လူ့အခွင့်အရေးလေးစားသူတွေက တပ်လှန့် နှိုးဆော်လေ့ရှိကြပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို နှစ်စဥ်ကျင်းပတိုင်း အမျိုးသမီးတွေရဲ့စွမ်းပကားကို အသိမှတ်ပြုတာတင်မကဘဲ အမျိုးသမီးများ အပေါ်ခွဲခြားဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေ ပပျောက်အောင်တောင်းဆိုတဲ့ လုပ်ငန်းစဉ်တွေလုပ်လေ့ရှိပါတယ်။

၂၀၂၀ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ရဲ့ဆောင်ပုဒ်ကတော့ `Each for Equal’ “တစ်ဦးချင်း ဆောင်ရွက် ညီမျှမှုအတွက်” ဆိုတဲ့ဆောင်ပုဒ်လေးဘဲဖြစ်ပါတယ်။ ဒီဆောင်ပုဒ်လေးက အမျိုးသမီးအားလုံး တန်းတူညီမျှမှုရရှိဖို့အတွက် အမျိုးသမီး တစ်ဦးချင်းအနေနဲ့ရော လူသားတစ်ဦးချင်း အနေနဲ့ရော ဆောင်ရွက်ဖို့အတွက် တိုက်တွန်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအမျိုးသမီးတွေအပေါ်ဖိနှိပ်မှုကို လေ့လာကြည့်ကြမယ်ဆိုရင် လူမှုရေး ၊ စီးပွားရေး၊ မိသားစုရေးစတဲ့အချက်တွေမကဘဲနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းထဲအထိ ဖိနှိပ်မှုတွေရှိခဲ့ကြတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေမှာ နည်းအမျိုးမျိုးနဲ့ ကြုံတွေ့နေကြရတယ်။ အထူးသဖြင့် စစ်ပွဲဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေကတော့ အကြမ်းဖက်မှုကို ပိုမိုရင်ဆိုင်နေရတာကို လေ့လာတွေ့ရှိရပါတယ်။

မကြာမီက အမျိုးသမီးတွေအပါ်အကြမ်းဖက်မှုတားဆီးရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးရေးဥပဒေမူကြမ်းကို အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး အကြံပေး ကြဖို့အတွက်လဲ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တော်တော်လေးစုံစုံလင်လင်တင်ပြထားတာတွေလဲ တွေ့ရပါတယ်။ ပြစ်မှုပြစ်ဒဏ်တွေလဲ ကောင်းမွန်ပါတယ်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဘာမှမရှိတာကနေ အားကိုးလောက်စရာဥပဒေလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ ဒီအမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေကြမ်းက အမျိုးသမီးတိုင်းရဲ့ တန်းတူညီမျှမှု အတွက် အမှန်တကယ်ဆောင်ရွက်နိုင်ရဲ့လားဆိုတာကိုတော့ ပြန်လည်သုံးသပ် ဆန်းစစ်ဖို့တော့ လိုမှာပါ။

ဒီဥပဒေကြမ်းမှာပါဝင်တဲ့ အမျိုးသမီးဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အရင်ဆုံးသုံးသပ်ကြည့်ရအောင်။ ဥပဒေကြမ်းရဲ့ အမျိုးသမီးဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုထားရကနေ စတင်ကြည့်မယ်နော်။ အမျိုးသမီးဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “အမျိုးသမီးဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူမိန်းမကို ဆိုသည်” ဟု သတ်မှတ်ထားပါတယ်။ဒီလိုသတ်မှတ်ချက်က သာမန်တွေးတဲ့သူအနေနဲ့ဆိုရင် လူမိန်းမ ဆိုတာဟာ လက်ရှိ ကျားနဲ့မဆိုတဲ့ လိင်မတူညီသော အုပ်စုနှစ်စုထဲက အမျိုးသမီးကိုရည်ရွယ်ထားတယ်ဆိုတဲ့အကြောင်း သဘောပေါက်ကြမှာပါ။ ဒါပေမဲ့ဒီလိုအဓိပ္ပာယ်သတ်မှတ်ချက်ကို သေသေချာချာ လေ့လာမယ်ဆိုရင်မွေးရာပါ ကတည်းက အမျိုးသမီးလို မွေးဖွားလာခဲ့တဲ့ အမျိုးသမီးမျိုး၊ အမျိုးသမီးလိင်အင်္ဂါနဲ့ မွေးဖွားခဲ့တဲ့သူမျိုးသာ အကြုံးဝင်တာဆိုတာကို သတိပြုဖို့လိုအပ်ပါတယ်။ ဒီလိုသတ်မှတ်ချက်အရဆိုရင် မွေးဖွားစဥ်တုံးက အမျိုးသားအဖြစ်မွေးဖွားလာပေမယ့် အမျိုးသမီးကဲ့သို့ပြုမူနေထိုင်တဲ့သူမျိုးတွေနဲ့ အမျိုးသမီးလို ပြောင်းလဲခွဲစိတ်ထားတဲ့သူမျိုးတွေကိုတော့ ဒီဥပဒေက ကာကွယ်ပေးနိုင်မှာမဟုတ်သလိုဖြစ်နေပါတယ်။

ဥပေဒကြမ်းမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ “လူမိန်းမ” ဆိုတဲ့ သတ်မှတ်ချက်အတိုင်းဆိုရင် လက်ရှိအခြေ အနေမှာ အကြမ်းဖက်မှုတွေကို အများဆုံးကြုံတွေ့နေရတဲ့ သို့မဟုတ် ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှုတွေကို အများဆုံးရင်ဆိုင်နေရတဲ့ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲ ခွဲစိတ် ဝတ်စားဆင်ယင် နေထိုင်နေသောသူများ Transgender women များမှာတော့ အကြုံးမဝင်ဘူးဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒီလိုလူမျိုးတွေဟာ မွေးဖွားကတည်းက အမျိုးသမီးတွေအဖြစ်မွေးဖွားလာတာမဟုတ်ကြပါဘူး။ ဒါပေမယ့် အမျိုးသားဘဝကနေ အမျိုးသမီးကဲ့သို့ ပြောင်းလဲပြုမူနေထိုင်ကြသူတွေဖြစ်ပါတယ်။သူတို့တွေရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် အမျိုးသမီးတွေကြုံတွေ့နေရတဲ့ စိတ်ပိုင်း၊ရုပ်ပိုင်း၊လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေကို ကြုံတွေ့နေကြရတာပါ။ အကြမ်းဖက်မှုတွေအပြင် ပတ်၀န်းကျင်အစဥ်အလာတွေရဲ့ စနစ်တကျပုံသွင်းမှုတွေကြောင့် ခွဲခြားဆက်ဆံမှုတွေ မုန်းတီးမှုတွေကို နေ့စဥ်ကြုံတွေ့နေရသူလဲဖြစ်ပါတယ်။

အမျိုးသားကနေ အမျိုးသမီးအဖြစ် ပြောင်းလံဝတ်ဆင်နေထိုင်သူဘဲ ဖြစ်ဖြစ်၊ အမျိုးသမီးကနေ အမျိုးသားအဖြစ် ပြောင်းလဲဝတ်ဆင်နေထိုင်သူဘဲ ဖြစ်ဖြစ် နှုတ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို သူတို့တွေက ပိုရင်ဆိုင်ရပါတယ်။ ပြောရမယ်ဆိုရင် နေရာတိုင်းမှာ အကြမ်းဖက်မှုတွေကို အဆိုးဆုံးရင်ဆိုင်နေရတဲ့သူတွေလို့တောင် ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လို သူမျိုးတွေဟာ သဘာဝနဲ့ဆန့်ကျင်တယ်လို့ သတ်မှတ်ယူဆပြီးတော့ လှောင်စရာ၊ ပြောင်စရာအဖြစ်မြင်လာကြတယ်။ ဟာသလုပ်စရာ ရီစရာသတ္တဝါအဖြစ်မြင်လာခဲ့ကြပါတယ်။ လူ့ဘောင်အသိုင်းအဝိုင်းက လက်မခံတဲ့အခြေအနေမျိုးမှာ သူတို့တွေအပေါ် လှောင်ပြောင်မှုတွေ၊ ရှုံ့ချမှုတွေ တခါတလေ အကြမ်းဖက်မှုတွေအထိ သူတို့ရင်ဆိုင်နေရပါတယ်။ တစ်ချိန်ထဲမှာဘဲ သူတို့တွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ ပိုကြုံတွေ့ကြရပါတယ်။

တကယ်တမ်းပြောရရင် လက်ရှိအခြေအနေက အမျိုးသမီးဘဲဖြစ်ပါစေ၊ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲ ၀တ်ဆင်နေထိုင်သူဘဲ ဖြစ်ပါစေ အကြမ်းဖက်မှုကို နေရာတိုင်းမှာ ကြုံတွေ့နေကြတာပါ။ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲ ၀တ်ဆင်နေထိုင်သူတွေရဲ့ ဘဝကို လေ့လာကြည့်ရင် သူတို့အပေါ် သဘာဝနဲ့ ဆန့်ကျင်တယ်လို့ သတ်မှတ်ပြီး လှောင်ပြောင်စော်ကားခွဲခြားလေ့ရှိတဲ့သူတွေဟာ အမျိုးသားတွေသာမကဘဲ အမျိုးသမီးတွေပါဝင်နေတတ်တာကို တွေ့မြင်ရပါတယ်။

ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူတွေဟာ အမျိုးသမီးလို ဝတ်စားနေထိုင်တဲ့အတွက် ဒီလိုနေထိုင်မှုအပေါ် မုန်းတီးမှုကို အခြေခံပြီးတော့ အကြမ်းဖက်ခံရတာပါ။ သူတို့အပေါ် ကျူးလွန်တဲ့သူတွေဟာ မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းတွေဖြစ်တတ်သလို အိမ်ထောင်ဖက်၊ သမီးရည်းစား၊ အတူနေထိုင်သူတွေလဲ ဖြစ်လေ့ရှိပါတယ်။ သူတို့အပေါ်အထင်သေးမှုတွေကြောင့်လဲ လိင်ပိုင်းဆိုင်ရာပြောင်လှောင်မှုတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ အရှက်ခွဲတာတွေကြုံတွေ့ရတာကို အမျိုးသမီးတွေထက်တောင် ပိုရင်ဆိုင်ရတတ်ပါတယ်။ ဥပမာ- အကြောင်းတစ်ခုခုကြောင့် ရဲကဖမ်းဆီးတာဖြစ်ပါစေ၊ အချုပ်ခန်းမှာထိန်းသိမ်းထားတဲ့အခါမျိုးမှာ ဖြစ်ပါစေ၊ သူတို့တွေဟာ အမျိုးသမီးတွေထက် ပိုဆိုးတဲ့အကြမ်းဖက်ခံတာမျိုး တွေ့ရပါတယ်။

အမျိုးသမီးတွေဆိုရင် သူတို့ကို အမျိုးသမီးအကျဉ်းသားတွေနဲ့ထားရှိပါတယ်။ သူတို့အပေါ်မှာ အကျဉ်းသားအချင်းချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြောင်လှောင်မှုတွေကို ခံစားရတာ ရှားပါတယ်။ ဒါပေမဲ့ အမျိုးသမီးကဲ့သို့ပြောင်းလဲဝတ်ဆင်သူတွေဆိုရင်တော့ တာဝန်ရှိတဲ့ သူကိုယ်တိုင်က ဝေဖန်၊ ရှုံ့ချ၊ လှောင်ပြောင်ပြောဆိုတာတွေ ရှိလာတတ်ပါပြီ။ သူတို့ရဲ့ အ၀တ်အစား၊ အမူအရာနဲ့ ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး လှောင်ပြောင်ပြောဆိုတာတွေ၊ အသားယူကိုင်တွယ်တာတွေ၊ အရှက်ခွဲတာတွေကို ရဲတပ်ဖွဲ့ဝင်တွေကရော တခြားအကျဥ်းသားတွေကရော လုပ်ဆောင်လေ့ရှိပါတယ်။ တခါတလေ တခြားအမျိုးသားအကျဉ်းသားများရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊အနိုင်ကျင့်ခြင်းတွေခံစားရပါတယ်။

လူမှုအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု၊ လေးစားမှုကို ပြန်ကြည့်ရင်လဲ အမျိုးသမီးများထက် ပိုမိုအထင်သေးနှိမ့်ချတာကို ခံရတတ်ပါသေးတယ်။ အမျိုးသမီးများထက် လှောင်ပြောင်သရော်ခံရလေ့ရှိပါတယ်။ အမျိုးသမီးတစ်ယောက် သွားလာတဲ့အခါ အလွယ်တကူနှောက်ယှက်မှုရှိတတ်တဲ့တိုင် အလွန်အမင်းလှောင်ပြောင်တာမျိုးဟာ ဆန့်ကျင်ဖက်လိင်ကဲ့သို့ နေထိုင်ဝတ်စားသူတွေထက်စာရင် နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အလွန်အမင်းလှောင်ပြောင်တာမျိုးဟာ ဆန့်ကျင်ဖက်လိင်ကဲ့သို့ နေထိုင်ဝတ်စားသူတွေ အထူးသဖြင့် အမျိုးသမီးကဲ့သို့ နေထိုင်ဝတ်စားသူတွေအပေါ် လှောင်ပြောင်မှုဟာ အင်မတန်ကြမ်းတမ်းပြီး တကယ့်ကို အရှက်တကွဲအကျိုးနည်းဖြစ်စေမယ့် ပြောဆိုမှုတွေ၊ ဆိုးဝါးကြမ်းတမ်းတဲ့ အမူအရာတွေ ပိုများတာတွေ့ရပါတယ်။

ဒါတင်မကဘဲ ဥပဒေရဲ့အကူအညီ ရရှိဖို့အတွက်ဆိုတဲ့နေရာမှာလဲ အမျိုးသမီးကဲံ့သို့ နေထိုင်ဝတ်စားသူတွေမှာ အခက်အခဲ အများကြီးကြုံရပါတယ်။ အကြမ်းဖက်မှုခံစားရခြင်းအတူတူ သူတို့အပေါ်အထင်သေး လှောင်ပြောင်လိုတဲ့စိတ်တွေနဲ့ တန်ဖိုးမထား မလေးစားတဲ့ စိတ်ထားတွေရဲ့ ရလဒ်အနေနဲ့ သူတို့အပေါ်အကြမ်းဖက်မှုပိုမိုများပြားပါတယ်။ ဒီလိုဖြစ်ပွားတဲ့အတွက် ဥပဒေအရ အရေးယူဖို့ တိုင်ကြားတဲ့အခါမှာလဲ အခက်အခဲတွေ ရင်ဆိုင်ရပါသေးတယ်။ သူတို့တိုင်ကြားလာတဲ့အမှုတွေကို အရေးတယူ မဆောင်ရွက်ပေးတာ၊ ထိထိရောက်ရောက်နဲ့ တိတိကျကျဆောင်ရွက်ပေးတာ မရှိတာ၊ တလေးတစားနဲ့ အမှုမှန်ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်မပေးတာတဲ့ သာဓကတွေ အများကြီးပါ။

အခုမူကြမ်းထွက်ပေါ်ထားပြီးသားဖြစ်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးရေး
ဥပဒေကြမ်းကို အတည်ပြုလာပြီးရင်လဲ ထူးထူးခြားခြား ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဥပဒေမှာ ပါဝင်တဲ့ ဥပဒေတွေ၊ အရေးယူမှုတွေ၊ ကျူးလွန် သူအတွက် ပြစ်မှု၊ပြစ်ဒဏ်တွေဟာ အမျိုးသမီးကဲ့သို့ နေထိုင်ဝတ်စားသူတွေကို ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေရဲ့ အမျိုးသမီးဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မှာ သူတို့တွေကကို ထည့်သွင်းသတ်မှတ်ထားခြင်းမရှိလို့ပါ။ ဒီဥပဒေဟာ အားကောင်းတယ်၊ ပြစ်မှုပြစ်ဒဏ် ပြင်းထန်တယ်ဆိုတဲ့အတွက် ကျူးလွန်တဲ့လူတွေကို ထိထိရောက်ရောက်အရေးယူနိုင်တော့မယ်ဆိုပေမဲ့ အမျိုးသမီးကဲ့သို့ နေထိုင်ဝတ်စားသူတွေကတော့ ဒီဥပဒေရဲ့ အကျိုးအမြတ်ရလဒ်ကို ရရှိခံစားခွင့်မှာပါဝင်မှာမဟုတ်ပါဘူး။

ဥပဒေဆိုတာချိုးဖောက်ခံရတဲ့သူတွေ၊ အကြမ်းဖက်ခံရတဲ့သူတွေ၊ တန်းတူညီမျှအခွင့်အရေး မရရှိတဲ့သူတွေ အတွက် တန်းတူညီမျှမှုဖြစ်အောင်၊ ဒါမှမဟုတ်ရင်အကြမ်းဖက်ခံရတဲ့သူတွေကို ကာကွယ်ပေးနိုင်အောင် ပြဌာန်းလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေထဲမှာ အကြမ်းဖက်မှုခံရခြင်းအတူတူ အမျိုးသမီးကဲ့သို့ ပြောင်းလဲနေထိုင်ဝတ်စားသူတွေအပေါ် ကာကွယ်ပေးနိုင်စွမ်းမရှိတဲ့အတွက် သူတို့တွေဟာ ကန့်သပ်ခွဲခြားခံနေရအုန်းမှာပါ။

အမျိုးသမီးတွေထဲမှာ အမျိုးသမီးတွေဖြစ်တဲ့ ဆန့်ကျင်ဖက်လိင်ကဲ့သို့ပြောင်းလဲနေထိုင်ဝတ်စားသူမျိုးတွေကိုလဲ ကာကွယ်ပေးဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုပါတယ်။

Author:

Related Articles