Home ဆောင်းပါး ကမ္ဘာကြီးက အားတက်သရော ပါဝင်လုပ်ဆောင်ပေးဖို့ လိုအပ်နေတဲ့အရာ

ကမ္ဘာကြီးက အားတက်သရော ပါဝင်လုပ်ဆောင်ပေးဖို့ လိုအပ်နေတဲ့အရာ

(အိမ်ထောင်ဖက်နှင့် မိသားစုဝင်များ၏ အကြမ်းဖက်မှုဖြင့် (၁) နှစ်အတွင်း အမျိုးသမီး(၅)သောင်းသေဆုံး)

ဘာသာပြန်- သွေး (စစ်ကိုင်း)၊

ယမန်နှစ်အတွင်း ကမ္ဘာတဝှမ်း အမျိုးသမီး (၅၀၀၀၀)သည် ၎င်းတို့၏အိမ်ထောင်ဖက်များ (သို့မဟုတ်) ပတ်သက်ခဲ့ဖူးသူများ ၏နှိပ်စက်မှုများကြောင့် သေဆုံးနေရကြောင်းနှင့် ယင်းပမာဏမှာ အမျိုးသမီး(၁)သိန်းတွင် (၁.၃) ဦးသေဆုံးနေရ ခြင်းဖြစ်ပြီး၊ အဆိုပါကိန်းဂဏန်းကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ အမျိုးသမီးများနှင့် မိန်း ကလေးများအား လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုနှင့် ဆက်စပ်နေသည့် လူသတ်မှုဖြစ်စဉ်များ မှတ်တမ်းပြု လေ့လာသုံးသပ် သည့်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ကမ္ဘာ့တိုက်ကြီးများအလိုက် စာရင်းချကြည့်ပါက အာဖရိကတိုက်တွင် ဖြစ်ပွားမှုမှာ အမျိုးသမီး(၁)သိန်းတွင် (၃.၁)ဦး၊ အမေ ရိကားတိုက်တွင် (၁.၆)ဦး၊ သမုဒ္ဒရာနှင့် ဆက်စပ်နေသည့် ဒေသများတွင် (၁.၃)ဦး၊ အာရှတိုက်တွင် (ဝ.၉)ဦး၊ ဥရောပတွင် (ဝ.၇) ဦး ရှိကြောင်း သိရသည်။

အဆိုပါစာရင်းမှာ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည့် ဖြစ်စဉ်များအရ ဖော်ပြခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် (၁)နှစ်အတွင်း ပေါ်ပေါက်ခဲ့သော အမျိုးသမီးများ သတ်ဖြတ်ခံရသည့်အမှု (၈၇၀၀၀) မှုကိုအခြေခံ၍ တင်ပြခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၅၈)ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယင်းပမာဏ၏(၄၂)ရာခိုင်နှုန်း (သို့မဟုတ်) သတ်ဖြတ်မှုပေါင်း (၂၇၀၀၀) တွင် ကျူးလွန်သူများ မှာ မိသားစုဝင် မဟုတ်သူများဖြစ်ကာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ဘာသာရေး ကိုးကွယ်ယုံကြည်မှုများနှင့် ဆက် စပ်ပြီး သတ်ဖြတ်မှုများ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ကမ္ဘာနှင့်တဝှမ်း အမျိုးသမီးများ သတ်ဖြတ်နေရသည့် ဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သက်ပြီး UNODC ၏ သုတေ သနနှင့် အနာဂတ်ရေးရာ လေ့လာဆန်းစစ်မှုဌာနခွဲ အကြီးအကဲအင်ဂျီလာမီ (Angela Me) နှင့် တွေ့ဆုံမေးမြန်းမှုကို ကောက်နှုတ်တင်ပြပါသည်။

မေး။ ။ အခုလို ကမ္ဘာတဝှမ်း အမျိုးသမီးများ သတ်ဖြတ်ခံနေရတာနဲ့ ပတ်သက်ပြီး စာရင်းဇယားတွေ ဘယ်လို ကောက် ယူခဲ့ပါသလဲ။

ဖြေ။ ။ ကျမတို့က နိုင်ငံတွေကို အမျိုးသမီးတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပေးဖို့ တောင်းခံပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်ခံရမှုတွေကို စနစ်တကျ စီစစ်ခွဲခြားပါတယ်။ အဲဒီလို ခွဲခြားစီစစ်ရာမှာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အိမ်ထောင်ဖက်နဲ့ မိသားစုဝင် တော်စပ်မှု၊ ဆက်စပ်ပတ်သက်မှုတွေကိုပါ ခွဲခြားစိစစ်ပါတယ်။

မေး။ ။ အဲဒီလို စိစစ်ကြည့်လိုက်တော့ တွေ့ရတဲ့ကိန်းဂဏန်းအချက်အလက်တွေက ခင်ဗျားကို အံအားသင့်သွားစေပါ သလား။

ဖြေ။ ။ ဒီလိုစိစစ်လိုက်တော့ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတွေအပေါ် သူတို့ရဲ့ခင်ပွန်းနဲ့ မိသားစုဝင်တွေက ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို အထင်အရှားဖြစ်သွားစေတာပါပဲ။ ဒီလိုသတ်ဖြတ်မှုဖြစ်စဉ်တွေက ကမ္ဘာ့ဒေသတိုင်းမှာ ဖြစ်ပွားကျူးလွန်နေတာလည်း ဖြစ်သလို ဆက်လက်ပြီး ဖြစ်ပွားနေမှာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း အမျိုးသမီး(၄၈၀၀၀)ဦး သတ်ဖြတ်ခံခဲ့ရတယ်၊ အခုလည်း ဒီလေ့လာချက်က ဖြစ်စဉ် အစဉ်အလာ နဲ့ အလွန်နီးစပ်ပါတယ်။

ဒီလိုအမျိုးသမီးတွေကို သတ်ဖြတ်မှု ကျူးလွန်တာဟာ မတော်တဆအခြေအနေတရပ်ရပ်ကြောင့် မဟုတ်ဘဲ အကြမ်းဖက်မှု ကို စဉ်ဆက်မပြတ်ပုံဖော်လုပ်ဆောင်လာတာလည်း တွေ့ရပါတယ်။ အဲဒီအချက်ကို သေချာသုတေသနပြု လေ့လာနိုင်ခဲ့ တာပါ။
ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ မိသားစုဝင်များကြား အမျိုးသမီးတွေအပေါ် အမျိုးသားတွေက ကျူးလွန်ခွင့်ပြုထားတာလည်း တွေ့ရပါတယ်။ အဲဒီလိုအခြေအနေမှာ အမျိုးသမီးတွေဟာ သူတို့ကိုယ်ကို အကာအကွယ် တစုံတရာရဖို့ ရှာဖွေပေမယ့် လည်း သူတို့ရဲ့လူမှုအသိုက်အဝန်းက ဒါမှမဟုတ် ဒီလိုရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တရားမျှတရေးဖော်ဆောင်မှုက သူတို့ ကို ဘယ်လိုမှ အကာအကွယ် မပေးနိုင်ခဲ့ကြပါဘူး။

မေး။ ။ ယောက်ျားတွေက သူတို့ မိန်းမတွေကို သတ်ဖြတ်တဲ့ ကျူးလွန်မှုတွေချည်းပဲလား။

ဖြေ။ ။ အမျိုးသမီးတွေ သတ်ဖြတ်ခံရတာဟာ သူတို့ရဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် အရင်က ပတ်သက်ခဲ့တဲ့ အမျိုးသား တွေချည်းပါ။ ကျမတို့လေ့လာဆန်းစစ်ခဲ့တဲ့ စာရင်းတွေထဲမှာတော့ အမျိုးသမီးအချင်းချင်း နှစ်သက်ချစ်ခင်သူတွေဟာ သတ်ဖြတ်မှုထဲမှာ လုံးဝမပါတာလည်း တွေ့ရပါတယ်။

နောက်ထပ်သတ်ဖြတ်မှုတစ်ခုက Honor Killing (ဂုဏ်သိကအတွက်သတ်ဖြတ်မှု)ပါ။ မိသားစုဆွေမျိုးဝန်းကျင်ကို အရှက်ရ စေတဲ့အပြုအမူကြောင့် အမျိုးသမီးကို သတ်ဖြတ်ပစ်တာမျိုးဖြစ်ပြီး အဲဒီလို သတ်ဖြတ်ရာမှာတော့ အများအားဖြင့် အမျိုးသား တွေ ဖြစ်ပေမယ့် တခါတလေတော့ အမျိုးသမီးတချို့ပါဝင်နေတာ တွေ့ရပါတယ်။

မေး။ ။ မိန်းကလေးနဲ့ အမျိုးသမီးတွေမှာ ဘယ်အရွယ်တွေကို ကျူးလွန်တာ ပိုများလဲ။

ဖြေ။ ။ ဘယ်အရွယ်တွေကို ပိုပြီးကျူးလွန်တယ်ဆိုတာတော့ ပြောဖို့ ခက်ပါတယ်။ ကျမတို့ တွေ့ရတာကတော့ မိန်းက လေးအရွယ်၊ အမျိုးသမီးကြီးငယ်အရွယ် အားလုံးမှာ ဒီလိုသတ်ဖြတ်မှုတွေ တွေ့ရတာပါပဲ။ တချို့သတ်ဖြတ်ခံရတာက အရွယ်ငယ်ငယ်မိန်းကလေးတွေပါ။ မိန်းကလေးရဲ့ မိဘတွေက သူတို့သမီးလက်ထပ်တဲ့ ခင်ပွန်းကို ပေးအပ်ရတဲ့ မင်္ဂလာ ကြေးကိစ္စ မကျေနပ်လို့ မိန်းကလေးကို Dowry Killing (မင်္ဂလာကြေးကြောင့်သတ်ဖြတ်မှု) အဖြစ် သတ်ဖြတ်ကြတာ လည်း တွေ့ရတယ်။ အထူးသဖြင့်တော့ လက်ထပ်ပြီးစ ဒါမှမဟုတ် လက်ထပ်ပြီး (၁)နှစ်အတွင်းမှာ ဒီလိုသတ်ဖြတ်မှု ဖြစ်ပွား တာ တွေ့ရတယ်။ သတို့သားရဲ့ မိသားစုက မင်္ဂလာကြေးနည်းလို့ ဆိုပြီး ခြိမ်းခြောက်တယ်၊ မလိုတမာစကားတွေ ဒါမှမဟုတ် ဖိနှိပ်ချိုးဖဲ့စကားတွေ ပြောဆိုစောင်းမြောင်းတယ်ပေါ့။ ကျမတို့ စုံစမ်းတွေ့ရရတဲ့အထဲမှာ မီးဖိုချောင်အတွင်း မတော်တဆမှု ဖြစ်ပြီး မီးရှို့သတ်ဖြတ်ခံတာတွေ အများကြီးတွေ့ရတယ်။ မင်္ဂလာကြေးကိစ္စနဲ့ ပတ်သက်ပြီး သတ်ဖြတ်တာတွေ၊ ပြဿနာ တွေဟာ နောက်ထပ်နှစ်အတော်ကြာထိ ရှိနေဦးမှာပါပဲ။ အိန္ဒိယရာဇဝတ်မှု ပြဋ္ဌာန်းချက်မှာတော့ လက်ထပ်ပြီး ၇ နှစ်အတွင်း ဖြစ်ပွားတဲ့ ဖြစ်ရိုးဖြစ်စဉ်ထက် ထူးခြားတဲ့ သေဆုံးရမှုတွေကို တရားစွဲဆိုနိုင်တယ်လို့ ဖော်ပြထားတာလည်း လေ့လာတွေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ အိန္ဒိယမှာ မင်္ဂလာကြေးနဲ့ ပတ်သက်ပြီး အမျိုးသမီး (၇၀၀၀)လောက် သတ်ဖြတ် တာ ခံခဲ့ရပါတယ်။ သတ်ဖြတ်ရတဲ့ စွပ်စွဲချက်တွေထဲမှာ မကောင်းဆိုးဝါး၊ စုန်းမ၊ မိစ္ဆာမ စတာတွေ ပါဝင်ပြီး အဲဒီထဲမှာ အ သက်အရွယ်ကြီးသူ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

မေး။ ။ မကောင်းဆိုးဝါးမ၊ စုံးမ၊ မိစ္ဆာမ ဆိုတာတွေက ဘာတွေလဲ။

ဖြေ။ ။ အဲဒီလိုစွပ်စွဲချက်တွေနဲ့ သတ်ဖြတ်ခံရတာတွေက အာဖရိက၊ အာရှနဲ့ ပစိဖိတ်ကျွန်းစုတွေရဲ့ ကျေးလက်ဒေသ တွေမှာ အများဆုံးတွေ့ရပြီး အဲဒီဒေသတွေမှာ ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေ၊ ကျိန်စာတွေကို ယုံကြည်တဲ့ အစဉ်အလာရှိနေ ပါတယ်။ အဲဒီလို ယုံကြည်မှုတွေကနေ ဖိနှိပ်သတ်ဖြတ်တဲ့အထိ ဖြစ်လာတာပါ။ အထူးသဖြင့်တော့ မိသားစုဝင်တွေကို မှီခို အသက်ရှင်နေရတဲ့ အသက်အရွယ် ကြီးရင့်သူအမျိုးသမီးတွေ၊ မုဆိုးမတွေဟာ သတ်ဖြတ်ခံရဖို့ ပစ်မှတ်ဖြစ်လာတာပါပဲ။ “Witch” လို့ခေါ်တဲ့ စုန်းမဆိုတာ လူမှုအသိုက်အဝန်းအတွင်း ဒါမှဟုတ် တစ်ဦးတစ်ယောက်အတွက် ကံဆိုးမိုးမှောင်ကျမှု တွေ ဆောင်ယူလာနိုင်သူ၊ ကြမ္မာဆိုး ဖြစ်အောင် ပြုစားတတ်သူလို့ မှတ်ယူကြတာပါ။

မေး။ ။ ယောက်ျားတွေက သူတို့ရဲ့မိန်းမတွေကို သတ်ဖြတ်ပြီးတဲ့နောက် သူတို့ဟာ နောင်တပူပန်တာဖြစ်တာမျိုးရော တွေ့ရလား။

ဖြေ။ ။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ထောင်သွင်းအကျဉ်းချခံထားရတဲ့ သတ်ဖြတ်သူ ယောက်ျားအတော်များများနဲ့ အင် တာဗျူး မေးမြန်းကြည့်တော့ သူတို့ဖြေကြတာက “ဒါ… ကျနော့် အပြစ်မဟုတ်ဘူး၊ သူ့ဖာသာသူ ဓားပေါ်ကို မှောက်ရက် လဲကျတာ…” လို့ ပြောတာမျိုး၊ ဒါမှမဟုတ် “သူ့လည်ပင်းကို ညှစ်သတ်တုန်းက ကျုပ်ကိုယ်ကျုပ် ဘယ်လောက်သန်မာ တယ်ဆိုတာ မသိပါဘူး” လို့ ပြောတာမျိုးတွေ့ပါတယ်။

မေး။ ။ ဒီလို ကျား/မ ခွဲခြားပြီး ကျူးလွန်ခံနေရတဲ့ သတ်ဖြတ်မှုမျိုး လျော့နည်းအောင်လုပ်ဖို့ တိုးတက်မှု တစုံတရာရှိ လား။

ဖြေ။ ။ သူတို့ရဲ့အတွေးအခေါ်ခံယူမှုနဲ့ ပြစ်မှုဖြစ်ပွားမှုတွေက သူတို့ရဲ့ ဓလေ့ထုံးတမ်းနဲ့ အစဉ်အလာယုံကြည်မှုမှာ နက် နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလေတော့ သူတို့ဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်မှာတော့ မဟုတ်ဘူး။ သို့ပေမယ် နိုင်ငံ အတော်များများကတော့ ဒီလိုအနေအထားကို ကျော်လွန်နိုင်ဖို့တော့ ကြိုးပမ်းနေကြတာပါပဲ။ လက်တင်အမေရိက (၁၈) နိုင်ငံမှာတော့ အမျိုးသမီးတွေကို အမျိုးသမီးဖြစ်လို့ဆိုတဲ့အမြင်နဲ့ သတ်ဖြတ်နေမှုကို ရာဇဝတ်မှုလို့ ပြဋ္ဌာန်းထားတာ တွေ့ရပါ တယ်။ ဒီအချက်ကိုက အမျိုးသမီးတွေကို သတ်ဖြတ်တာမျိုးကို လက်မခံနိုင်စရာ ဖြစ်တယ်ဆိုတာ ရှင်းလင်းမြင်သာစေတဲ့ အချက်ပါပဲ။
နည်းနည်းထပ်ဖြည့် ပြောရရင်… ကမ္ဘာ့နိုင်ငံ အတော်များများမှာ တခြားနိုင်ငံက ကောင်းမွန်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေကို အတုယူ မှီငြမ်းပြုပြီး သူတို့ ဥပဒေမှာ ထည့်သွင်းတာတွေ၊ ဥပမာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးမျိုး၊ အမျိုးသမီးများ အား သူတို့ခင်ပွန်းသည်တွေရဲ့ အကြမ်းဖက်မှုကို အကာအကွယ်ပေးတာမျိုးတွေပါ။ အဲဒီနိုင်ငံတွေမှာတော့ ရဲတပ်ဖွဲ့နဲ့ ရှေ့ နေများကို အမျိုးသမီးများအား ဥပဒေရေးရာအရ အကာအကွယ်ပေးရေး သတိပြုလုပ်ဆောင်ပေးစေဖို့ သင်တန်းတွေ ပေးနေတာလည်း ရှိပါတယ်။

ပြီးတော့ အသိပညာပေးရေး အစီအစဉ်တွေလည်း လုပ်ဆောင်နေတာလည်း ရှိပါတယ်။ ဥပမာ- ဘဟားမားမှာ ဆိုရင် အိမ်တွင်း အကြမ်းဖက်မှုလျော့နည်းစေရေး အခြေခံကျောင်းတွေမှာ စီစဉ်ဟောပြောတာတွေ ရှိပါတယ်။ Healthy Teen Relationship Campaign လို့ ခေါ်တဲ့ လူငယ်လူရွယ်များကြား မျှတသော ချစ်သံယောဇဉ် လှုပ်ရှားမှုတွေ ပြုလုပ်ပါတယ်။ ကျောင်းသားကျောင်းသူတွေကြား အချင်းချင်း မျှတတဲ့ ချစ်သံယောဇဉ်ဆိုတာ ဘယ်လိုမျိုးဖြစ်တယ်၊ ဘယ်လိုမျိုးဆိုရင် မျှတတဲ့ ချစ်ခြင်းသံယောဇဉ်မဖြစ်ဘူး ဆိုတာတွေ အပါအဝင် စိတ်ခံစားမှုကြောင့် ပြစ်တင်ကျိန်းမောင်းနိမ့်ချတာတွေ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို သတိပြုမိစေဖို့ အသိပညာပေး လှုပ်ရှားလာတာ တွေ့ရပါတယ်။

မေး။ ။ အဲဒီလို လှုပ်ရှားဆောင်ရွက်တာတွေ၊ အသိပညာပေးတာတွေအပြင် တခြား ဘာတွေလုပ်ပြီး ကူညီပေးနိုင်ဦး မလဲ။

ဖြေ။ ။ ရှင့်အနေနဲ့ဆိုရင် အမျိုးသား လူကြီးတွေ၊ လူငယ်တွေနဲ့ အသိပညာပေးရာမှာ ပါဝင်စေချင်ပါတယ်၊ ပြီးတော့ အမျိုးသမီးများအား အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ တကယ့် အိုင်ဒီယာတွေ ရှိစေချင်ပါတယ်။ ပြီးတော့ ရှင့်မှာလည်း အနေ အထား အမျိုးမျိုးကြားက အကြမ်းဖက်ခံ အမျိုးသမီးတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်နိုင်ပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းက အကြမ်းဖက်လာလို့ အကူအညီတောင်းလာရင် ရာဇဝတ်မှုအရ အရေးယူ နိုင်ဖို့ အကာအကွယ်ပေး၊ ကူညီပေးတာတွေ လုပ်နိုင်သလို လူမှုရေးအကူအညီနဲ့ တခြားနေရာဒေသတစ်ခုမှာ နေထိုင်နိုင် အောင် ကူညီပေးနိုင်တဲ့အပြင် ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး နှစ်သိမ့်ဆွေးနွေး အကြံပေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး သတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ကျန်ရှိနေတဲ့ သား သမီးတွေကိုလည်း ကူညီစောင့်ရှောက်တာ လုပ်ပေးနိုင်ပါတယ်။ သူတို့ဟာ အကာအကွယ် လိုအပ်နေတယ်၊ ထောက်ပံ့မှု တွေနဲ့ စာနာပေးမှုတွေ လိုပါနေပါတယ်။ ဒါတွေကတော့… ကျမတို့အပြင် ကမ္ဘာကြီးပါ အားတက်သရော ပါဝင်လုပ်ဆောင် ပေးဖို့ လိုအပ်နေတဲ့ အချက်တွေပါပဲ။

(ရေးသားသူ Diane Cole သည် The Wall Street Journal ၊ The Jewish Week နှင့် The Psychotherapy Networker စသည်တို့တွင်လည်း စာအများအပြား အဆက်မပြတ် ရေးသားနေသူဖြစ်ပြီး၊ After Great Pain: A New Life Emerges စာအုပ်ကို ရေးသားသူဖြစ်သည်။)

Ref: www.npr.org တွင် ဖော်ပြထားသည့် U.N. Report: 50,000 Women A Year Are Killed By Intimate Partners, Family Members ကို ဘာသာပြန်သည်။

Author:

Related Articles