Home မေးမြန်းခန်း လုပ်ငန်းခွင်များမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနဲ့ ပတ်သက်ပြီးအရေးယူနိုင်တဲ့ မူဝါဒတွေထားရှိသင့် မှုအပေါ်အင်တာဗျူး

လုပ်ငန်းခွင်များမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများနဲ့ ပတ်သက်ပြီးအရေးယူနိုင်တဲ့ မူဝါဒတွေထားရှိသင့် မှုအပေါ်အင်တာဗျူး

နွေဦးတော်လှန်ရေးကာလအတွင်းမှာအမျိုးသမီးတွေ အ‌ပေါ်လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုဖြစ်ရပ်တွေခပ် စိပ်စိပ်ဖြစ်ပွားလာပါတယ်။ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေ ကြည့်လိုက်ရင်အများစုကလူ့ အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူတွေ ပါဝင်နေကြပါတယ်။ ဒါကြောင့် မီဒီယာ၊ အရပ် ဘက်အဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့အစည်းစတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းခွင်တွေမှာ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုတွေကို အရေးယူနိုင်တဲ့ ဘယ်လိုမူဝါဒတွေထားရှိသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအသီး သီးမှာ ဦးဆောင်ဦးရွက် ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေရဲ့ အမြင်ကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

နန်းဖော့ဂေ

အယ်ဒီတာချုပ်

ကရင်သတင်းဌာန (KIC)

အဖွဲ့အစည်းအသီးသီးနဲ့ လုပ်ငန်းခွင်တွေမှာ လိင်ပိုင်းဆိုင်ရာထိပါးပြုမူနှောင့်ယှက်မှုတွေအပေါ်ဖြေရှင်း၊ အရေး ယူနိုင်တဲ့ အဖွဲ့အစည်းတွင်း မူဝါဒတွေကထားရှိသင့်ပါတယ်။ အဲဒီလိုမူဝါဒတွေ ရေးဆွဲပြဌာန်းထားမှသာ မဖြစ် သင့်၊ မလုပ်သင့်တဲ့ ဖြစ်ရပ်တွေကို ဟန့်တားနိုင်မယ်။ အဲဒီ မူဝါဒဆိုတာတွေကလည်း စာရွက်ထဲ၊ ကွန်ပျူတာထဲမှာ မဟုတ်ဘဲ လုပ်ငန်းခွင်ထဲကပါဝင်သူတွေအားလုံးကို သေချာနားလည်အောင် ရှင်းလင်းပြောပြထားပြီး လက်တွေ့ မှာလည်း မူဝါဒအတိုင်း လိုက်ပါကျင့်သုံးမှသာ ဖြေရှင်းမှုတွေ၊ အရေးယူမှုတွေ ထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်။

အဓိကတော့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေက လုပ်ငန်းခွင်အတွင်းရော၊ လုပ်ငန်းခွင်ပြင်ပ၊ လုပ်ဖော်ကိုင် ဖက်အချင်းချင်းလည်း ဖြစ်တတ်ပါတယ်။ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးတွေနဲ့ ဂျန်ဒါဆိုင်ရာအရေးအရာ တွေ နားလည်သူတွေထဲကလည်း ပြုမူပြောဆိုတာတွေလည်း ရှိကြတယ်။ တကယ်တမ်းက ဒီလိုဖြစ်စဉ်တွေကို ကိုင်တွယ်ဖို့က ခိုင်မာတဲ့ဥပဒေ၊ မူဝါဒတွေ လုပ်ငန်းခွင်ထဲရော၊ လူမှုအဖွဲ့အစည်းထဲမှာ ရှိထားရင်တော့ ပိုကောင်း တာပေါ့။ ပြီးတော့ ကျူးလွန်သူရော၊ ကျူးလွန်ခံရတဲ့သူဘက်ကရော နှစ်ဖက်ထုတ်ပြောတဲ့ အချက်အလက်၊ သက် သေတွေအပြင် ဖြစ်စဉ်ကို အတိုင်းအတာတစ်ခုထိ သိရှိထားတဲ့ ကြားခံလူရဲ့ အခန်းကဏ္ဍလည်း ပါဝင်သင့်တယ် လို့မြင်မိတယ်။ အခုအချိန်၊ အခြေအနေမှာ တရားဥပဒေစိုးမိုးမှုအရ ဘယ်လိုတရားရေး စနစ်နဲ့ ကိုင်တွယ်ရမလဲ ဆိုတာ ဖြစ်စဉ်ဖြစ်တဲ့ နယ်မြေဒေသအပေါ်မူတည်ပြန်တယ်။ တကယ်ကျူးလွန်တာမှန်ရင် ပြုမူသူကပြုမူခြင်း ခံရသူကို အနည်းဆုံးတော့ နစ်နာမှု၊ တောင်းပန်မှုတွေကို အသိသက်သေတွေ ရှေ့မှာဆောင်ရွက်ပေးတာမျိုး လောက် ညှိနှိုင်းဖြေရှင်းသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။

ကျမတို့အဖွဲ့အစည်းမှာတော့ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေနဲ့ ပတ်သက်ပြီး သီးသန့်မူဝါဒမရှိနေသေးပေမယ့် လူ တိုင်းအကျုံးဝင်မှုဆိုင်ရာမူဝါဒ (Inclusive policy) နဲ့၊ လုံခြုံရေးနဲ့။ ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ (Safety and Security policy)ထဲမှာတော့ အချက်အလက်တစ်ချို့ ပါဝင်ထားပါတယ်။ ဘာလို့လဲဆိုရင် လုံခြုံရေးဆိုင်ရာမှာ လည်း စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကလည်း အရေးကြီးတယ်လေ။

ဖြည့်စွက်ပြောချင်တာကတော့ လူတိုင်းဟာ အမျိုးသမီး၊ မိန်းကလေးဖြစ်စေ၊ အမျိုးသား၊ ယောက်ျားလေးဖြစ်စေ၊ လိင်စိတ်တိမ်းညွတ်မှုအရ နေထိုင်သူတွေဖြစ်စေ လူ့ကျင့်ဝတ်အတိုင်း အပြန်အလှန်လေးစားမှုရှိပြီး ခွဲခြားဆက် ဆံမှုမထားဘဲ လုပ်ငန်းခွင်ထဲ၊ လူမှုအသိုင်းအဝိုင်းထဲနဲ့မိသားစုထဲမှာ အတူတကွ နေထိုင်သွားကြမယ်ဆိုရင် မလို လားအပ်တဲ့ ဖြစ်ရပ်တွေ နည်းပါးလာပါလိမ့်မယ်။ မိမိစိတ်ဖိစီးမှုနဲ့ ပင်ကိုယ်ဗီဇအရ ပြောဆိုပြုမူ၊ ဆက်ဆံမိလို့ တစ်ဖက်သားကို စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်သွားရင်လည်း ပြန်လည်တောင်းပန်မှုတွေနဲ့ ပြေလည်သွားကြတာမျိုး ဖြစ်သင့်ပါတယ်။

နှင်းသက်မှူးခင်

အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ

ကျမတို့အခုနွေဦးတော်လှန်ရေးမှာဆိုရင်  နိုင်ငံရေးအခြေအနေ၊ ပဋိပက္ခဖြစ်နေတဲ့အခြေအနေကို အခွင့်ကောင်း ယူပြီးတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ထိပါးနှောင့်ယှက်မှုတွေ ဒါတွေကို တောက်လျှောက်ကြားနေရ တယ်။ အဲဒီလိုမျိုးကြားရတဲ့အခါမှာလည်း ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူမှာ များသောအားဖြင့်က ကျူးလွန်သူက ပါဝါကြီးတဲ့နေရာတစ်ခုရှိနေပြီးသား အခြေအနေမျိုးဖြစ်တတ်တယ်။ ပါဝါဆိုတဲ့နေရာမှာ ကျမပြောချင်တာက ရာထူး၊ အလုပ်အကိုင်၊အာဏာ ဒီတစ်ခုထဲကို ပြောတာမဟုတ်ဘူး။ ဒီလိုမျိုးရာထူး၊ အာဏာ၊ အလုပ်အကိုင် တွေလည်းပါသလို ငွေကြေးအားဖြင့် ပိုပြီးချမ်းသာတာဖြစ်ကောင်းဖြစ်မယ်။ ပညာရေးအားဖြင့် ပိုပြီးတော့ ပညာ တတ်တာဖြစ်ချင်ဖြစ်မယ်၊ ဘွဲ့တွေပိုရှိတာ ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ်ရင် အောင်မြင်မှု၊ အောင်မြင်ကျော် ကြားတဲ့သူတစ်ယောက်ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင်လည်း အသိုင်းအဝိုင်းတောင့်တဲ့ သူတစ်ယောက် ဖြစ်ချင် ဖြစ်မယ်။ အဲဒီအရာတွေအကုန်လုံးကပါဝါပဲပေါ့။

ပါဝါရှိနေတဲ့ သူတွေကကျူးလွန်ရင် ကျူးလွန်ခံရတဲ့သူမှာပိုပြီးခံရတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုထဲကမှလိင် ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေ အကြမ်းဖက်မှုတွေကျူးလွန်ခံရတယ်။ အဲဒီမှာတဖက်ကကျူးလွန်တဲ့သူက အာဏာကြီးတဲ့အတွက်ကြောင့် လူမှုအသိုင်းအဝိုင်းကလည်း ကျူးလွန်တဲ့သူကိုကာကွယ်ပေးတယ်။ အဖွဲ့ အစည်း တွေကလည်း ကျူးလွန်တဲ့သူကို ကာကွယ်ပေးတယ်။ အဲဒီလို ဖြစ်တတ်တဲ့အတွက် ကျမတို့မီဒီယာတွေ၊ အရပ် ဖက်အဖွဲ့အစည်းတွေ ဒီလိုအဖွဲ့အစည်းတွေက လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေနဲ့ ပတ် သက်ပြီးအရေးယူနိုင်တဲ့ မူဝါဒတွေထားရှိသင့်တယ်။

အဖွဲ့အစည်းတွေမှာ၊ လုပ်ငန်းခွင်မှာ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေဖြစ်လာရင် မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးတက်ကြွသူလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့် အရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ လုပ်လို့ရတဲ့အရာတွေ အများကြီးရှိတယ်။ ပထမဆုံးလုပ်ရမှာက ကျူး လွန်ခံရတဲ့သူက ကိုယ့်ဆီကိုလာပြီး ရင်ဖွင့်လာပြီဆိုရင် ကိုယ်ကယုံကြည်ပေးဖို့လိုတယ်။ စုံစမ်းစစ်ဆေးတာက နောက်ပေါ့။ မျက်စိမှတ်ပြီးယုံဖို့ပြောတာမဟုတ်ဘူး။ ပထမဆုံးအနေနဲ့ ဒီလိုမျိုးဖွင့်ပြောလာဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့ အခြေအနေတစ်ခုပေါ့။ ကြုံရတဲ့သူအများစုက မဖွင့်ပြောကြဘူး။ ဖွင့်ပြောတဲ့သူဆိုတာ လက်တဆုပ် စာပဲရှိတယ်။ တ‌ယောက်ယောက်က ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့လာပြီး ဖွင့်ဟလာပြီဆိုရင် ကိုယ်ကယုံကြည် ပေးဖို့လိုတယ်။ သူ့ကိုနှစ်သိမ့်ပေးဖို့လိုတယ်။

ကျူးလွန်တဲ့သူကို အဖွဲ့အစည်းတွေအနေနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ရမယ်။ တကယ်လို့ ပြစ်မှုထင်ရှားတယ်ဆို ရင် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ရမယ်။ တက်ကြွလှုပ်ရှားသူတွေ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေ အနေနဲ့ကတော့ ကျူးလွန်တဲ့သူကို Call out လုပ်လို့ရတယ်။  နာမည်တပ်ပြောပြီးတော့ နောက်မလုပ်ရဲအောင် အဲဒီလိုပုံစံမျိုးနဲ့သူ့ကို public (လူ့အသိုင်းအဝိုင်း) မှာချပြပြီးတော့ ပြောလို့ရတယ်။ လူတိုင်းသိအောင်ပြောလို့ ရတယ်။

PSHEA ကော်မတီလိုမျိုး အဖွဲ့အစည်းတွေလည်းရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုကော်မတီရှိရင်လည်း အဲဒီကော်မတီ ကလွတ်လပ်ပြီးအမှီအခိုကင်းတဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ အဲ့ဒါမှအဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေ မီဒီယာတွေဒါတွေကို စောင့်ကြည့်ပြီး အပြစ်ပေးအရေးယူတဲ့ ကိစ္စတွေကို ဘက်မလိုက်ဘဲလုပ်လို့ ရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းမေ

Co-Founder, CEO German Solidarity Myanmar

Podcaster, Burma Podcast Network

မီဒီယာပဲဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်းပဲဖြစ်ဖြစ် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် အဲဒီနေရာတွေမှာ လုပ်ငန်းခွင်မှာလိင်ပိုင်းဆိုင်ရာထိပါးစော်ကားနှောင့်ယှက်မူနဲ့ ပတ်သက်တဲ့မူဝါဒအရေးယူနိုင်တဲ့ စည်းမျဉ်းတွေရှိသင့်တာမဟုတ်ဘူး။ အဲဒီလိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားမှုနဲ့ ပတ်သက်ပြီးအရေး ယူနိုင်တဲ့ မူဝါဒစည်းမျဉ်း စည်းကမ်းတင်းကျပ်တဲ့ zero tolerance လို့ခေါ်တဲ့မူဝါဒက နေရာတိုင်းမှာရှိရမယ်။ လုပ် ငန်းခွင်တိုင်းမှာရှိရမယ်။ နောက်ပြီးအဖွဲ့အစည်းတိုင်းမှာ ဒါဟာလုံးဝအခြေခံကျတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခု အနေနဲ့ ရှိရမယ့်အရာဖြစ်ပါတယ်။

လူ့အခွင့်အရေး အမျိုးသမီးအရေးနားလည်တဲ့သူ လုပ်ကိုင်နေသူတွေက လုပ်ငန်းခွင်မှာ ထိပါးနှောင့်ယှက်မှုတွေ ဖြစ်လာရင် ဘယ်လိုကိုင်တွယ်သင့်လဲဆိုတော့  အမျိုးသမီးရေးကို တကယ်နားလည်တယ်ဆိုရင် အမျိုးသမီးအခွင့် အရေးကိုတကယ်လေးစားတယ်ဆိုရင် ကိုယ့်ကိုကိုယ် feminist လို့သတ်မှတ်ထားတဲ့သူတွေဆိုရင် အမျိုးသမီး တွေအပေါ်မှာ ဒီလိုလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုပြုလုပ်မှာမဟုတ်ဘူး။ ဒါဟာဟန်လုပ်ပြတာ တကယ်တမ်း ကတော့ အတွင်းမှာ ဖိုဝါဒကြီးစိုးပြီးတော့ အမျိုးသမီးမြင်ရင် အကြမ်းဖက်ချင်တဲ့၊ လိင်ပိုင်းဆိုင်ရာထိပါးစော်ကား နှောင့်ယှက်ချင်တဲ့ ဉာဥ်ကလေးပါလာပြီးတော့ အပြင်မှာတော့ လူမြင်ကောင်းအောင် feminist ပါအမျိုးသမီး အခွင့်အရေးကို နားလည်သူပါလို့ ထုတ်ပြောနေသလိုပေါ့နော်။

လိင်ပိုင်းဆိုင်ရာထိပါးစော်ကားနှောင့်ယှက်မှုတွေ ကျူးလွန်တဲ့အခါမှာ ကျူးလွန်တဲ့သူကကျူးလွန်တဲ့ အလျောက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုခံရမှာပဲဖြစ်တယ်။ ကျမတို့ ဘယ်လိုကိုင်တွယ်ကြမလဲဆိုရင် အဓိကကတော့”ဒီလူက ဟုတ်ပါ့မလား၊ ဒီလောက်အမျိုးသမီးအခွင့်အရေးနားလည်တာ သူ့ကိုယ်ကိုသူ feminist လို့လည်း ခံယူထား တယ် ဟုတ်ပါ့မလား မှန်ပါ့မလား”ဆိုတဲ့ အတွေးမျိုးတွေးတာကိုအရင်ဆုံးရှောင်ရမယ်။

ဒီလိုကိစ္စတွေဖြစ်လာပြီဆိုရင် ဘယ်လိုမျိုးစုံစမ်းစစ်ဆေးမလဲ ဒီကိစ္စတွေကို ဘယ်လိုစုံစမ်းစစ်ဆေးမလဲ ပြီးတော့ မှ စုံစမ်းစစ်ဆေးရာကနေရလာတဲ့ အဖြေတစ်ခုပေါ်မှာ ဘယ်လိုမျိုးအရေးယူမလဲဆိုပြီးတော့ ကျမတို့တွေ စဉ်း စားရမယ်။ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားနှောင့်ယှက်မှုတွေ လုပ်ငန်းခွင်မှာဖြစ်ပေါ် လာပြီဆို လုံးဝသည်းမခံလက်မခံဘူးဆိုတဲ့ (zero tolerance )  ပေါ်လစီမျိုး စည်းမျဉ်းစည်းကမ်းမျိုး ထားမယ် ဆိုရင် ဒါမဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ သဘောမျိုးကိုဆောင်တယ်ပေါ့နော်။

ကျမကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ German Solidarity Myanmar မှာ ကျမတို့ရဲ့ အခြေခံမူတွေထဲမှာ ပထမ ဦးဆုံးကတော့ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားနှောင့်ယှက်မှုကို ဘယ်သူ့ကိုမဆို ဘယ်သူကမဆို ကျူးလွန်တာမျိုး ကို ကျမတို့လက်မခံဘူးပေါ့။ နောက်တချက်က ကျမတို့ရဲ့ zero tolerance policy ‌နောက်တစ်ခုကတော့ လူမျိုးရေး၊ ဘာသာရေးအပေါ်မှာ အခြေခံပြီးခွဲခြားဆက်ဆံတာကို zero tolerance အဖြစ်သတ်မှတ် ထား ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ လူသားဖြစ်မှုအပေါ်မှာ လူသားဖြစ်မှုနဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့ အပြုအမူ အပြောအဆို အထူးသဖြင့် ဖက်ဆစ်ဆန်ဆန် အပြုအမူတွေကို ကျမတို့လက်မခံပါဘူး။ လူ့အခွင့်အရေး ကို ချိုးဖောက်တဲ့ကိစ္စရပ်မှန်သမျှ ကျွန်မတို့ zero tolerance လို့ သတ်မှတ်ထားပါတယ်။ ကျမတို့ဒီမူသုံးခုနဲ့ သွားပါတယ်။

နောက်တစ်ခုက ကျမခုနပြောသလို zero tolerance အမျိုးသမီးတွေနဲ့ LGBTIQA+  တွေအပေါ်မှာ လိင်ပိုင်း ဆိုင်ရာထိပါးစော်ကားနှောင့်ယှက်မှုလိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုမှာ ကပ်ပါလာတဲ့ အာဏာ အလွဲ သုံးစားလုပ်မှု၊ လုပ်ငန်းခွင်အတွင်း အာဏာအလွဲသုံးစားလုပ်မှုစတာတွေကို ကျမတို့ဘယ်လိုကြိုတင်ကာ ကွယ်မလဲ၊ ဖြစ်လာရင်‌‌ ဘာတွေလုပ်ကြမလဲဆိုတဲ့ ယန္တရားတွေ၊ အဖွဲ့အစည်းတစ်ခုတည်ထောင်တိုင်း လုပ်ငန်း တစ်ခုတည်ထောင်တိုင်းမှာကြိုပြီးတော့ရှိရမယ်။ ဒီအကြောင်းတွေကို အမြဲတမ်းထည့်တွေးနေရမှာဖြစ်တယ်။ ဒါတွေက အပိုလုပ်နေတာမဟုတ်ဘူး။ ကျမတို့က ကိုယ့်ကိုကိုယ် ခေတ်မှီတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ချင်တယ်ဆိုရင် ဒီစံနှုန်းတွေကို ကိုယ်တိုင်ကျင့်သုံးရမှာ ဖြစ် တယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာလည်းကျင့်သုံးရမှာဖြစ်တယ်။

နန့်မေသဉ္ဇာ

Executive Director

The Space

မီဒီယာတွေ အရပ်ဘက်အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေစတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းခွင်တွေ မှာလိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူနိုင်တဲ့ မူဝါဒတွေထားရှိသင့်တယ်လို့ ကျမ အနေနဲ့ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အဖွဲ့အစည်းအသင်းအဖွဲ့တစ်ခုရဲ့ စုဖွဲ့မှုဖြစ်တယ်။ စနစ်ကျမှု ဖြစ် တယ်။တန်ဖိုးထားမှုဖြစ်တယ်။ ဒီတန်ဖိုးထားမှုတွေသည် ဒီအဖွဲ့အစည်းထဲမှာရှိနေတဲ့ သူတွေ လိုက်နာဖို့လိုတယ်။ ပြီးသွားရင် ဒီအဖွဲ့အစည်းထဲမှာအလုပ်လုပ်နေတဲ့သူတွေလိုက်နာဖို့လိုအပ်သလို ဒီအဖွဲ့အစည်းနဲ့ မိတ်ဖက်အဖွဲ့ အစည်းဖြစ်တဲ့ သူတွေကိုလည်း ဒီအဖွဲ့အစည်းရဲ့ မူဝါဒတွေ ဥပမာ- PSHEA policy ကိုကျမတို့ အဖွဲ့မှာထား မယ်ဆိုရင် ကျမတို့အဖွဲ့အစည်းမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ဒီ PSHEA policy ကိုလိုက်နာရမယ်။ ကျမတို့နဲ့ အလုပ်အတူတူတွဲလုပ်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ဒီမူဝါဒကိုလိုက်ကိုလိုက်နာရမယ်။ တန်ဖိုး ထားမှုကိုတိုးချဲ့ဖို့လိုအပ်တယ်။ ကိုယ့်ရဲ့ စုဖွဲ့မှုကသေချာဖို့ လိုအပ်တယ်။ အစုအဖွဲ့အတွင်းထဲမှာရှိတဲ့ တန်ဖိုးထား မှုဟာ တယောက်နဲ့တယောက်ကြားထဲမှာထားတဲ့ ယုံကြည်ခိုင်မာမှုဖြစ်တယ်လို့ ကျမအနေနဲ့ယူဆတယ်။ ဒါကြောင့်မို့လို့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့် ယှက်မှုနဲ့ ပတ်သက်တဲ့မူဝါဒတွေက ထားကိုထားရှိသင့်တယ်လို့ ယူဆ ပါတယ်။

နောက်တစ်ခုကဘာလဲဆိုတော့ ကျမတို့တွေရဲ့ထားရှိတဲ့ တန်ဖိုးထားမှုတွေ သက်တောင့်သက်သာရှိမှုတွေက လုပ် ငန်းခွင်မှာက အဓိကအရေးကြီးဆုံးဖြစ်တယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ကိုလိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်နိုင် ချေရှိတယ်ဆိုတဲ့ လူတစ်ယောက်နဲ့ အလုပ်အတူတူတွဲလုပ်ခဲ့ရရင် ကျမတို့ဘယ်လို happy working environment  ကိုဖန်တီးနိုင်ပါလိမ့်မလဲ။ အဲဒီဟာကအရေးကြီးဆုံးအချက်ဖြစ်တယ်လို့ယူဆပါတယ်။

လူ့အခွင့်အရေး၊ အမျိုးသမီးအရေးနားလည်တဲ့သူ လုပ်ကိုင်နေသူတွေက လုပ်ငန်းခွင်မှာထိပါးနှောင့်ယှက်မှုတွေ ဖြစ်လာရင် ဘယ်လိုကိုင်တွယ်သင့်လဲလို့ အကြံပေးရရင်သေချာခိုင်မာတဲ့ မူဝါဒတွေရှိဖို့လိုအပ်တယ်။ သေချာ ခိုင်မာတဲ့ မူဝါဒတွေရှိပြီဆိုရင် လိုက်နာဖို့လိုအပ်တယ်။ အဖွဲ့အစည်းအနေနဲ့ ဒါတွေကို လိုက်နာမလိုက်နာဆိုတာ check and balance လုပ်နေဖို့လိုအပ်တယ်။ ဒါဟာအမျိုးသမီးအရေးနားလည်တဲ့သူမှ လုပ်လို့ရတဲ့ ကိစ္စမဟုတ် ဘူး။ တန်ဖိုးထားမှုအရတော့ ကွာတာပေါ့လေ။ ကျမတို့ အဖွဲ့အစည်းတွေကို လူတွေနဲ့မောင်းနှင်တာ၊ လူတွေရဲ့ စိတ်တွေနဲ့ မောင်းနှင်တာထက် အဖွဲ့အစည်းရဲ့ မူဝါဒတွေနဲ့ မောင်းနှင်မယ်ဆိုရင် ပိုပြီးတော့ခိုင်မာတယ်။

မူဝါဒတွေ သေသေချာချာခိုင်ခိုင်မာမာချပြီး မောင်းနှင်တော့မယ်လို့ စဉ်းစားတယ်ဆိုရင် ဒီမူဝါဒတွေကို follow လုပ်နိုင်မယ့်ပတ်ဝန်းကျင် ဒီမူဝါဒတွေကိုတန်ဖိုးထားနိုင်တဲ့ လူ့အဖွဲအစည်းဒါတွေကို သေချာတဲ့စုဖွဲ့မှုဖြစ်အောင် ကျမတို့လုပ်ရမယ်။  ဒီသေချာတဲ့ စုဖွဲ့မှုဖြစ်တော့မှသာလျှင် ထိပါးနှောင့်ယှက်မှုတွေကို သေသေချာချာလေး ကိုင် တွယ်နိုင်မယ်လို့ ကျမအနေနဲ့ ယူဆပါတယ်။

ကျမအနေနဲ့ ပါဝင်နေတဲ့ အဖွဲ့အစည်းနှစ်ခုရှိတယ်။ တစ်ခုကတော့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်မှာ စည်းရုံးရေးနဲ့စီစစ်ရေးဌာနရဲ့ ဌာနမှူးအနေနဲ့ တာဝန်ယူထားပါတယ်။ နောက်တခုကတော့ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်ရဲ့  အရပ်သားဌာနခွဲ The Space မှာ Executive director အနေနဲ့ တာဝန်ယူထားပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်အနေနဲ့ ပြောရမယ်ဆိုရင် လုပ်ငန်းခွင်အတွင်းမှာရော တပ်ရဲ့ မူဝါဒထဲမှာ ရော လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုစော်ကားမှုတွေနဲ့ ပတ်သက်ပြီး သေချာခိုင်မာတဲ့ ဥပဒေတွေ ချမှတ်ထား တာရှိတယ်။ ဒီဟာမျိုးတွေ ဖြစ်လာခဲ့တယ်ဆိုရင် ဘယ်လိုမျိုးပြစ်ဒဏ်ပေးမလဲ ဘယ်လောက်အထိ ပြစ်ဒဏ် ပေးမလဲ ဘယ်လိုမျိုးအမှုဆိုရင် ဘယ်လိုပြစ်ဒဏ်ပေးမလဲဆိုတာတွေကို မူဝါဒချမှတ်ထားတာရှိတယ်။ အဲဒီ အတိုင်းပဲဆောင်ရွက်နေတာတွေလည်းရှိတယ်။ ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲဆို ပြင်ပတရား ရေး ရာကို သီးသန့်ဖွဲ့စည်းတယ်။ ဘာလို့လဲဆိုတော့ စစ်သားအချင်းချင်းပြန်ပြီးတော့ ကိုင်တွယ်တဲ့အခါမှာ မလိုလား အပ်တဲ့ bias  တွေရှိလာနိုင်တယ်လို့ယူဆတယ်။ ဒါကြောင့် တရားရေးတက်သိပညာရှင်တွေ အကြံဉာဏ် ကိုရယူပြီးတော့ ခုံရုံးတင်စစ်ဆေးတဲ့ဟာတွေ အမိန့်စီရင်တဲ့ဟာတွေကိုလုပ်ဆောင်ပါတယ်။ ဒါက ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်အနေနဲ့ပါ။ The Space အနေနဲ့ ဆိုရင်တော့ PSHEA policy ကိုအဖွဲ့ အစည်း အတွင်း မှာထားတယ်။ အဖွဲ့အစည်းက ဝန်ထမ်းတွေအကုန်လုံးက ဒီအပေါ်မှာ လိုက်နာပါမယ်ဆိုတဲ့ လက်မှတ်အကုန်လုံး ထိုးရတယ်။ Volunteer တွေပဲ ဖြစ်ဖြစ် intern  တွေပဲဖြစ်ဖြစ် ဝန်ထမ်းတွေပဲဖြစ်ဖြစ် field staff တွေပဲဖြစ်ဖြစ်၊ Permeant staff ရော project staff ရော အကုန်လုံးကို လက်မှတ်ထိုးစေတယ်။ ကျမတို့နဲ့ အတူတူအလုပ်လုပ်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း ဒီ policy ရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပဲ အလုပ်လုပ်ဆောင်တာမျိုး ရှိတယ်။

ဆုလာဘ်ဖြူ

Director

 Myanmar Labor News

မီဒီယာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေတင်မကဘဲ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရ တဲ့ လုပ်ငန်းတိုင်းအဖွဲ့အစည်းတိုင်းမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူနိုင်တဲ့ မူဝါဒတွေ မဖြစ်မနေထားဖို့လိုအပ်တယ်။ ဒီလိုခေတ်ကြီးမှာ အမျိုးသမီးတွေ အမျိုးသားတွေအားလုံးက လုပ်ငန်း ခွင်တွေမှာ ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင်လာကြတယ်။ ဒီလိုအခြေအနေမှာ ‌ရှေးရိုးစွဲပြီး ဘာသာရေး ကြောင့်ပဲဖြစ်ဖြစ်၊ ပညာရေးကြောင့်ပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေမျိုးတွေဖြစ်လာပြီဆိုရင် ဒီဥပဒေ တွေ၊ကျင့်ဝတ်တွေနဲ့ တားဆီးပေးဖို့လိုတယ်။ ဖော်ထုတ်ပြီးတော့ တရားမျှတမှုရအောင်လုပ်ပေးဖို့လိုအပ်တယ်။ အဲဒီလို လုပ်တဲ့အခါကျတော့မှ လူ့အဖွဲ့အစည်းမှာ လုပ်ငန်းခွင်တွေမှာ အဖွဲ့အစည်းတွေကြားထဲမှာ ပိုကောင်းတဲ့ လုပ်ငန်းခွင်၊ ပိုကောင်းတဲ့ Society တွေဖြစ်လာဖို့ လိုအပ်တာပေါ့။ အဲဒါကြောင့် GBV POLICY နဲ့ ပတ်သက်ပြီး မသိသေးတာကို ပညာပေးဖို့ လိုအပ်သလို ဖြစ်လာတဲ့အခါ တားဆီးကာကွယ်ပြီး တရားမျှတမှုရရှိအောင် ဆောင် ရွက်ဖို့လိုပါတယ်။

Donor(ငွေကြေးထောက်ပံ့)မှုနဲ့ အလုပ်လုပ်တဲ့ အဖွဲ့အစည်းတိုင်းတော်တော်များများက GBV နဲ့ပတ်သက်တဲ့ ပေါ်လစီတွေ၊ Sexual harassment နဲ့ပတ်သက်တဲ့ ပေါ်လစီတွေလက်မှတ်ထိုးထားတယ်လို့ အကြမ်းဖျဉ်းနား လည်လို့ရတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေ ဖြစ်လာမယ်ဆိုရင်ဒါတွေကို တိတိကျကျ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်။ နောက်တစ်ခုက ဒီဟာကိုဘယ်လောက်အထိအရေးယူမလဲ မူဝါဒတွေ ခိုင်ခိုင် မာမာချမှတ်ထားဖို့လိုအပ်တယ်။ ဒါနဲ့ပတ်သက်ပြီး အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောဆို ဖို့လိုတယ်။ ဝိုင်းဝန်းပူးပေါင်းဖို့လိုသလို မီဒီယာတွေအနေနဲ့လည်း ဒါတွေနဲ့ ပတ်သက်ပြီးတော့ ထုတ်ဖော်ရေးသား ဖို့ လိုအပ်တယ်။

ကျမတို့ လုပ်ဆောင်နေတဲ့ Myanmar Labor News မှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ ပတ်သက်တဲ့ မူဝါဒတွေချမှတ်ထားတယ်။ ကျမတို့ကိုယ်တိုင်လည်း အမျိုးသမီးတွေဦးဆောင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ Gender Base Violence နဲ့ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်ထားပါတယ်။

လူ့အဖွဲ့အစည်းမှာဆိုရင်လည်း လက်ရှိတော်လှန်ရေးကာလမှာ Gender Base Violence နဲ့ပတ်သက်တဲ့ ထိပါးနှောက်ယှက်မှုတွေ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေနဲ့ ပတ်သက်ရင်ကျူးလွန်ခံရတဲ့ ကာယကံရှင် ကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုဖို့လိုအပ်တယ်။ ကာယကံရှင်အနေနဲ့လည်း ထုတ်ဖော်ပြောဆိုလာတဲ့အခါမှာ မလိုလားအပ်တဲ့ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေရှိတဲ့အတွက် တချို့ဆိုရင် ငြိမ်ခံနေရတာရှိတယ်။ ဒါမျိုးဆိုရင် ကိုယ်တယောက်ထဲ ခံစားနေရတာမဟုတ်ဘဲ တခြားအရပ်ဘက်အဖွဲ့ အစည်းတွေ အကူအညီပေးတဲ့ သူတွေ ရှိနေတယ်ဆိုတာကို သိရှိဖို့လိုတယ်။ အသိပညာတွေ ပေးဖို့လိုအပ်ပါတယ်။

အမျိုးသမီးနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့တရားရေးလည်း အားကောင်းဖို့လိုတယ်။ အရေးယူမှုအပိုင်းမှာလည်း အားကောင်းဖို့လိုတယ်။ ထုတ်ဖော်ပြောဆိုတဲ့ အပိုင်းမှာလည်း  ထုတ်ဖော်ပြောဆိုတဲ့သူကို အကာအကွယ်ပေးဖို့ လိုအပ်သလို တရားစီရင်တဲ့အခါမှာလည်းသင့်တဲ့မျှတတဲ့ တရားစီရင်မှုနဲ့ လေးလေးနက်နက် လုပ်ဆောင်ဖို့ လည်း လိုအပ်တယ်။ အဲဒီလိုမြင်ပါတယ်။

Author:

Related Articles