Home မေးမြန်းခန်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဂျန်ဒါတန်းတူ‌ညီမျှရေးဌာနရဲ့  ဌာနမှူးနှင့်အင်တာဗျူး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဂျန်ဒါတန်းတူ‌ညီမျှရေးဌာနရဲ့  ဌာနမှူးနှင့်အင်တာဗျူး

ခင်ဘုန်းမို့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ဂျန်ဒါတန်းတူညီမျှရေးဌာနကို  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့ ကဖွဲ့စည်းခဲ့ပါတယ်။

ဂျန်ဒါတန်းတူ‌ညီမျှရေးဌာနကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ဘာတွေလုပ်ဆောင်သွားမလဲ ဆိုတာကို ဌာနမှူးဖြစ်တဲ့ မူ့အန်နာနဲ့ HI ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး။            ။ဂျန်ဒါတန်းတူညီမျှ‌ရေးဌာနကို ဘာကြောင့်ဖွဲ့စည်းဖြစ်ခဲ့တာလဲ။

ဖြေ။             ။ ကျမတို့အမျိုးသမီးဌာနဖွဲ့မယ်ဆိုတော့  အခြေအနေအရ စဉ်းစားချက်နှစ်ခုထွက်လာတယ်။ နံပတ် တစ်က အမျိုးသမီးဌာနတစ်ခု ဖွဲ့သင့်တယ်ဆိုတဲ့အရာက ဘာလို့လဲဆိုရင် KNDF ဖွဲ့စည်းတာကလာမယ့် မေလ ၃၁ ရက်ဆိုလေးနှစ်ပြည့်ပြီ။ ဒီလေးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေအတွက် ရင်ဖွင့်စရာနေရာ အမျိုးသမီးတွေကို အ‌ထောက်အပံ့ပြုပေးနေတဲ့အရာ မယ်မယ်ရရမရှိဘူး။

တပ်တွင်းမှာရှိနေတဲ့ အမျိုးသမီးတွေက သူတို့ အတွက် အားကိုးစရာ ဌာနတစ်ခုအနေနဲ့ အမျိုးသမီးဌာန ဖွဲ့သင့် တယ်ဆိုတဲ့ပုံစံမျိုး အားလုံးကမှတ်ချက်‌ပေး လာကြတယ်။ နံပတ်နှစ် စဉ်းစားချက်က အမျိုးသမီးဌာနဖွဲ့လိုက်တယ်ဆိုရင် ကျမတို့က ပိုပြီးတော့မှ ခွဲခြားခံရနိုင်တယ် ။

ဒါကြောင့် ပထမအစည်းအဝေးကနေ ဗဟိုကော်မတီက ၃ ဦး၊ မြေပြင်ကရဲဘော်တွေ ၅ ဦး၊စုစုပေါင်း ၈ ဦး ကနေ တချို့သောအရာတွေလေ့လာတယ်။ နိုင်ငံတကာက တပ်ဖွဲ့တွေ အကြောင်း လေ့လာတယ်။ သူတို့တပ်တွေထဲမှာ ဂျန်ဒါနဲ့ပတ်သက်ပြီး ဘယ်လိုထည့်သွင်းလဲဆိုတာ လေ့လာပြီးတော့ ကျွန်မတို့က ဒုတိယမြေပြင် အစည်း အဝေး မှာ တွေ့တယ်။ ဒုတိယမြေပြင် အစည်းအဝေးမှာ အမျိုးသမီးဌာနဆိုတာတော့ မလုပ်တော့ဘူး။ ဒါကိုလုပ်လိုက် ခြင်းအားဖြင့် ပိုပြီးတော့မှ တပ်ဖွဲ့ဝင်ကြားမှာ အမျိုးသမီးတွေကို ပိုပြီးဖိနှိပ်တာ၊  အမျိုးသမီးအရေးဆိုရင် အမျိုး သားတွေက မလုပ်ချင်တော့ဘဲ အမျိုးသမီးဌာနကိုပဲ လွှဲလိုက်နိုင်တဲ့အရာမျိုးတွေပိုပြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ကျမတို့က အမျိုးသမီးဆိုတဲ့ဟာမဟုတ်ဘဲနဲ့ ဂျန်ဒါဆိုတဲ့ခေါင်းစဉ်ကိုသယ်လာတယ်။

တပ်ထဲမှာရှိနေပြီးသား ဂျန်ဒါကွဲပြားတဲ့သူတွေကိုပါ ဘယ်လိုမျိုး အကာအကွယ်ပေးနိုင်လဲ၊ ဘယ်လိုလုံခြုံမှုတွေ ပေးနိုင်မလဲ၊ ဘယ်လိုတန်းတူညီမျှမှုတွေပေးနိုင်မလဲ၊ စဉ်းစားပြီးတော့ ဂျန်ဒါဆိုတဲ့ စကားလုံးကိုရွေးထုတ်ခဲ့တာ ဖြစ်တယ်။ တကယ်တော့ equality(တန်းတူညီမျှမှု)   ကိုသွားချင်ပေမယ့် တန်းတူညီမျှမှုက အခုအနေအထားနဲ့ သွားလို့ မဖြစ်သေးတဲ့အခါမှာ equality ကို equity approach(ညီမျှတဲ့ ချဉ်းကပ်မှု) နဲ့အရင်သွားမယ်ဆိုပြီးဆုံး ဖြတ်ခဲ့ကြတယ်။ KNDF မှာ ဌာန ၁၀ ခု ကျော်ရှိတယ်။ အဲဒီမှာ  Gender Equity Department ဆိုပြီး ဒုတိယ အကြိမ်အစည်းအ‌ဝေးမှာ ဒီဌာနကိုစပြီး မိတ်ဆက်တာပါ။

မေး။                 ။ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းထားတာလဲ။ ဘယ်သူတွေက အဓိကတာဝန်ယူဆောင်ရွက်နေလဲ။

ဖြေ။                  ။ဌာနမှာ ဘယ်သူတွေ အလုပ်လုပ်မလဲဆိုတာ ရွေးကောက်တဲ့ ပုံစံနဲ့ သွားကြတယ်။ တတိယအကြိမ် အစည်းအ‌ဝေးမှာ မြေပြင်ရဲဘော်တွေတက်ရောက်တယ်။ တပ်ရင်းတွေ၊ ဗျုဟာတွေ၊ ဌာနဆိုင်ရာတွေအသီး သီး တွေကနေပြီးတော့မှ ကိုယ်စားလှယ်လောင်းတွေ ရွေးထုတ်ကြတယ်။ ရွေးထုတ်ရင်းနဲ့ အဲဒီမှာ ကိုယ်စားလှယ် လောင်းငါးဦးပေါ်ထွက်လာတယ်။ ငါးဦးထဲက အားလုံးကမဲပေးကြတယ်။

မဲများတဲ့သူက ဌာနမှူးဖြစ်တယ်။ ဒုတိယမဲအများဆုံးက ဒုဌာနမှူးဖြစ်ပြီးတော့ ကျန်ရှိတဲ့ တာဝန်ခံသုံးဦးကို ဌာနမှူး နဲ့ ဒုဌာနမှူးကပြန်ပြီးတော့ သူတို့နဲ့ သင့်တော်တဲ့ ရာထူးနေရာနဲ့ သူတို့ရဲ့ အလုပ်တွေနဲ့ပြန်ပြီး ခန့်အပ်တာတွေ လုပ်ခဲ့ ကြပါတယ်။

မေး။       ။ ဂျန်ဒါတန်းတူညီမျှ‌ရေးဌာနရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေကဘာတွေဖြစ်မလဲရှင့်။

ဖြေ။           ။ဂျန်ဒါတန်းတူရေးဌာနက ဘာလုပ်မှာလဲ အဲ့ဒါကိုမပြောခင် ကျမတို့ အများကြီးစဉ်းစားရတယ်။ ကျမတို့ အဖွဲ့အချင်းချင်းထဲမှာ အမြဲတမ်း debate(ငြင်းခုန်ဆွေးနွေး) တဲ့ပုံစံလုပ်ကြတယ်။ ဂျန်ဒါတန်းတူညီမျှရေး ကလိုအပ်လား၊ တပ်တွင်းဖြစ်တယ်၊တိုက်ခိုက်ရမယ်၊ ကာကွယ်ရမယ် အခုလိုအခြေအနေမျိုး နယ်မြေစိုးမိုးမှုယူဖို့ တာဆူနေတဲ့ အချိန်မျိုးမှာ ဂျန်ဒါတန်းတူညီမျှရေးတွေ ဂျန်ဒါအခွင့်အရေးတွေ အော်တဲ့အဖွဲ့အစည်း တပ်ထဲမှာပေါ် လာသင့်လားဆိုတဲ့ မေးခွန်းတွေ အများကြီးရှိတယ်။

အခုချိန်ထိလည်း ကျွန်မတို့တပ်ထဲက လူတွေကိုယ်တိုင် ကဒါတွေကိုမေးခွန်းထုတ်နေတုန်းပဲ၊ နင်တို့ဂျန်ဒါတန်းတူ ညီမျှရေးဌာနကလို‌ရောလိုလို့လား။ နင်တို့ကဘာလုပ်မှာလဲ။ အားလုံးက စစ်ရေးအတွက် မလုံလောက်တဲ့ အနေ အထားမှာ နင်တို့ဘာတွေ တန်းတူအခွင့်အရေး လာတောင်းချင်လဲဆိုတဲ့ ဟာမျိုးတွေကပြောကြတယ်။ ကျမတို့ရဲ့  ရည်ရွယ်ချက်ကိုချပြတယ်။ ဘာလို့လဲဆိုရင် ကျမတို့က တပ် ထဲမှာ ဂျန်ဒါတန်းတူညီမျှရေးအတွက် ဖွဲ့လိုက် တာသည် တချိန် ကျမတို့အသွင်ကူးပြောင်းတဲ့ ကာလကိုသွားတာပဲဖြစ်ဖြစ်၊ ကြားကာလပြီးဆုံးသွားတဲ့အခါမှာ ဆိုရင် တပ်ကိုပြန်ပြီးတည်ဆောက်တဲ့နေရာမှာမှ ကျမတို့ထဖွဲ့လိုက်တာထက်စာရင် အခုထဲက အသွင်ကူး ပြောင်း တဲ့ကာလတစ်ခု၊ အပြောင်းအလဲတစ်ခုကို သွား နိုင်ဖို့အတွက် GED ကဒီအရွေ့ကိုပုံဖော်သွားမယ်ဆိုတာမျိုး ပြောပြတယ်။ အဲ့ဒါကြောင့်လည်း ကျမတို့ရဲ့ ရည်ရွယ်ချက်ကို အချက်သုံးချက်နဲ့ ဖော်ဆောင်တယ်။

မေး။          ။ လက်ရှိမှာရော ဌာနအနေနဲ့ ဘာတွေဆောင်ရွက်နေပြီလဲ။

နံပါတ်တစ်အနေနဲ့ ဘာလုပ်လဲဆိုခုနပြောသလို KNDF ရဲ့ မူဝါဒတွေ လုပ်ဆောင်ချက်တွေမှာ ဂျန်ဒါခွဲခြားမှုမရှိဖို့ ဂျန်ဒါရှု့ထောင့်ကို ထည့်သွင်းစဉ်းစားဖို့ဆောင်ရွက်နေပါတယ်။ စစ်အက်ဥပဒေကို ပြင်ဖို့အကြံပေးနေတယ်။ ဥပဒေကို ပြင်ဆင်တဲ့နေရာမှာဆိုရင်လည်း ဂျန်ဒါရှု့တောင့်တွေ ထည့်သွင်းဖို့ဆွေးနွေးနေကြတယ်။

တပ်ထဲမှာဌာနဆိုင်ရာသော်လည်းကောင်း၊ တပ်ရင်းထဲအထိလည်းကောင်း အမျိုးသမီးတွေနဲ့ ဂျန်ဒါ ကွဲပြားတဲ့ သူအပေါ်မှာ ခွဲခြားတဲ့အရာတွေ  ရှိမရှိ၊ ရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေရလာမယ်ဆိုရင်လည်း  ကျမတို့က အဲဒီလို အခြေအနေတွေကိုပြန်လိုက်ပြီးတော့ ဒီလိုကိစ္စတွေ ပပျောက်အောင် တပ်ရင်းတွေကိုသွားပြီး ဂျန်ဒါနဲ့ ပတ်သက် တဲ့သဘောတရားတွေ ဂျန်ဒါအခြေခံတွေပေးတယ်။

 GVB (Gender Based Violence) ဆိုတာဘာလဲ ဒီလိုမျိုးတွေ ဖြန့်ဝေရင်းနဲ့ အနည်းဆုံးတော့ ဂျဲန်ဒါဆိုတာ ဘာလဲ ကျမတို့ ရဲဘော်တွေသိသွားတယ်။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆိုတာ ဘာလဲဆိုတာသိသွားရင်းနဲ့မှ  တချိန် ချိန် ကျရင် ဒါတွေမကျူးလွန်ဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ ဒါမျိုးတွေကျူးလွန်နေတယ်၊ ခံရတဲ့လူရှိရင်တိုင် ကြားနိုင်ဖို့ ဆိုပြီး လုပ်လာတာတွေရှိပါတယ်။

နောက်တခုက KSCC (Karenni State Consultative Council) ကိုကရင်နီပြည်ရဲ့ အမြင့်ဆုံးနိုင်ငံရေး အဖွဲ့ အစည်းအနေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ကရင်နီပြည်ရဲ့ ကြားကာလအစီအမံ ၁၊ ၄ (င) မှာ ပြည် နယ် အတိုင်ပင်ခံကောင်စီရဲ့ အခြေခံမူများမှာ  အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းကို ကျမတို့အနေနဲ့ တဖက်တလမ်းက အကောင်အထည်ဖော်ပေးချင်တယ်။ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းလို့ ပြောတဲ့ အခါမှာ တပ်ထဲမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်အောင် ပေါ်တာလိုက်ဆွဲတာတို့ စည်းရုံးရေး ဆင်းတာမျိုးတော့ ကျမတို့လုပ်မှာမဟုတ်ဘူး။

တချို့သော ဌာနဆိုင်ရာတွေ တချို့သော တပ်ရင်းတွေ ဗျူဟာတွေမှာ  အမျိုးသမီးတွေက အရာရှိနေရာကနေ ဒါမှမဟုတ် ဦးဆောင်နိုင်တဲ့အခန်း ကဏ္ဍကနေပြီးတော့ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဘာလို့ မလုပ် နေကြလဲ  ဘာလို့မရှိလာနေကြလဲဆိုတာကို  ကျမတို့က ပြန်ပြီး တားဆီးထားတဲ့ အတားအဆီး‌တွေ ဘာရှိနေလဲ ဒါကိုကျွန်မတို့လေ့လာတယ် ဘာလို့လဲဆိုရင် KNDF ကလက်ရှိကရင်နီအနေအထားမှာ အင်အားအကြီးဆုံး တပ် ဖြစ်တယ်။ ဒါပေမယ့် အမျိုးသမီးပါဝင်မှုက ၉ ရာခိုင်နှုန်း သာရှိတယ်။

အမျိုးသမီးပါဝင်မှု ၉ ရာခိုင်နှုန်းရှိတယ်ဆိုတဲ့ အထဲမှာမှ ကျမတို့က အမျိုးသမီးအရာရှိစာရင်း ဆိုပြီး ကောက်လိုက်တဲ့အခါ အမျိုးသမီးအရာရှိ ၂၇ ဦးပဲရှိတယ်။ ‌နောက်တစ်ခုက KNDF ရဲ့ ဗဟိုကော်မတီမှာ စပြီးတော့ တပ်ရင်းအထိ အမျိုးသမီးနဲ့ ဂျန်ဒါခံယူမှုကွဲပြားတဲ့ လူတွေဦးဆောင်မှု အခန်းကဏ္ဍတိုးမြှင့်ဖို့ KNDF ရဲ့ ဗဟို ကော် မတီ အယောက် ၂၀ ‌ကျော် ရှိတယ်။အဲဒီအထဲမှာ အမျိုးသမီးဗဟိုကော်မတီ ၂ ဦးပဲရှိတယ်။ ဌာနအရ ကြည့်မယ်ဆို ဌာနနဲ့ ဌာနမှူးရာထူးဆိုပြီး ရထားတဲ့ အမျိုးသမီးက  GED တစ်ခုထဲရှိနေတယ်။

တပ်ရင်းတွေမှာ ဆိုရင်လည်း ရုံးပိုင်းဆိုင်ရာတွေမှာ များနေတယ်။ တပ်ထိန်းဆိုလည်း ၁ ယောက်ပဲရှိတယ်။ တပ်ခွဲမှုူးဆိုလည်း ၁ ယောက်ပဲ ရှိတယ်။ ဒါမျိုးတွေ ဘာလို့ ဖြစ်နေတာလဲ ကျမတို့ ပြန်စိစစ်ပြီးတော့ အမျိုးသမီး ဦးဆောင်မှုတွေ ဂျန်ဒါကွဲပြားသူတွေရဲ့  ဦးဆောင်မှုတွေ  ပြန်ပြီးဆွဲခေါ်လာနိုင်ဖို့ ကြိုးစားနေကြပါ တယ်။

မေး။             ။ဒီဌာနကနေ ဂျန်ဒါတန်းတူ‌ညီမျှနဲ့ ပတ်သက်တဲ့ ဘယ်လိုအကြောင်းအရာတွေ ဖော်ဆောင်ပေးသွား ဖို့ရှိပါသလဲ။

ဖြေ။                     ။ ကျမတို့ KNDF ရဲ့ GED မှာ ဘာယူနစ်တွေလဲဆိုတော့ ပထမဆုံး သုတေသနယူနစ်ဖြစ်တယ်။  သုတေ သနယူနစ်က လေ့လာရေးအဖွဲ့တွေဖွဲ့ရတယ်။အခုလက်ရှိဖွဲ့နေတယ်။ နိုင်ငံရေးလို့ပြောတဲ့အခါ ကရင်နီရဲ့ လက်ရှိနိုင်ငံရေးအရွေ့က မြန်မာတနိုင်ငံလုံးရဲ့ နိုင်ငံရေးအရွေ့ ၊ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ နိုင်ငံရေးအရွေ့တွေကို လေ့လာရတယ်။ အဲ့ဒါတွေက ကျမတို့နဲ့ ဘယ်လောက်အထိ ဆက်စပ်နေလဲဆိုတာ လေ့လာရေးအစုအဖွဲ့က ဒီခေါင်းစဉ်သုံးခုကို လေ့လာနေကြပါတယ်။

KNDF အတွင်းက ဂျန်ဒါအခြေအနေတွေ မျက်ခြေမပြတ်စောင့်ကြည့်လေ့လာနေတယ်။ လက်ရှိ KNDF မှာ KNDF လို့ ပြောလိုက်ရင်လူတွေက ချစ်ကြတယ်။ လေးစားကြတဲ့ တပ်တစ်ခုထဲမှာ ဂျန်ဒါတန်းတူညီမျှမှု ဘယ်လောက် ရှိလဲ အမျိုးသမီးတွေ တခြားသော LGBT တွေအပေါ်မှာ အခွင့်အရေးဘယ်လောက်ပေးထားလဲ ဘယ်လောက် အထိအကာအကွယ်ပေးထားလဲ ဘယ်လောက်အထိ ဖိနှိပ်နေလဲစတဲ့ ဂျန်ဒါနဲ့ ပတ်သက်တဲ့ရှု့တောင့်တွေကို GED  ကစောင့်ကြည့်လေ့လာပြီး တစ်နှစ်မှာ စာတမ်းတစောင်ထွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကြိုးစားနေတယ်။

ဒီစာတမ်းက တချိန်ကြရင် မှတ်တမ်းဖြစ်သွားမယ်။ ကျမတို့က ဒီစာတမ်းအပေါ်မှာ မူတည်ပြီးတပ်ကိုပြောင်းလဲ တဲ့ အခါမှာ KNDF က ပြည်နယ်တပ်အနေနဲ့ ပြောင်းသွားတယ်ဆိုတဲ့ အနေအထားမျိုးမှာ ဒီပြည်နယ်တပ်ဟာ ဘယ်လောက်ထိကို ဂျန်ဒါတွေကို အကာအကွယ်ပေးထားလဲဆိုတဲ့အရာကို စောင့်ကြည့်လေ့လာပြီး တင်နိုင် အောင် ကြိုးစားသွားကြမယ်ဆိုပြီး သုတေသနယူနစ်က ဒီအချက်သုံးချက်ကို လုပ်ဆောင်နေပါတယ်။

နောက်ယူနစ်က စီမံကိန်းယူနစ်ပေါ့။ သူကတော့ အချက်လေးချက်ကိုလုပ်ရတယ်။ KNDF အတွင်းမှာရှိတဲ့ တပ်ရင်းဌာနဗျူဟာအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးနဲ့ ဂျန်ဒါခံယူမှုကွဲပြားတဲ့ ရဲဘော်တွေကို ခြောက်လတကြိမ် တွေ့ဆုံဆွေးနွေးတယ်။ သူကတော့ တပ်ရင်းအဆင့်ထိကိုသွားပြီး သူတို့ဆီကအသံကိုပြန်ယူ လာတယ်။

တပ်တွင်းအကြမ်းဖက်မှုလို့ ပြောလိုက်ရင်  GBV(Gender Base Violence)  လိုအမှုကိစ္စက နေရာတိုင်းမှာ ရှိနေတယ်။ ကျမတို့ တခြားသော အမျိုးသမီးကရင်နီအတွင်းမှာရှိနေတဲ့  အမျိုးသမီးအဖွဲ့တွေနဲ့ တွေ့တဲ့အခါသူတို့ ဆီက အသံတွေအများကြီး ကြားရတယ်။  တပ်နဲ့ ပတ်သက်လာရင် မလုပ်ရဲတော့ဘူး။ ဘာလို့လဲဆို တပ်ကလက် နက်ရှိတယ်။  

ဆိုတော့ ဒီယူနစ်က တိုင်ကြားနိုင်တဲ့ယန္တား အဲ့ဒါတွေလုပ်မယ်။ ဘယ်သူတွေကတိုင်ကြားလို့ရလဲဆို KNDF ရဲ့ တပ်တွင်းတိုင်ကြားမှု၊ GVB case ကဘာဖြစ်နိုင်လဲဆိုရင် တပ်တွင်း KNDF ထဲကရဲဘော်အချင်းချင်းဖြစ်တဲ့ case တွေဖြစ်နိုင်တယ်။ ဒီလို case တွေဆိုရင်ရှင်းတယ်။ GED ကနေပြီးတော့ တိုက်ရိုက် စုံစမ်းစစ်ဆေးတာတွေလုပ် တယ်။ တိုက်ရိုက်တရားစွဲဆိုပေးနိုင်ဖို့ တင်ပြပေးတဲ့ အနေအထားတွေလုပ်လို့ရတယ်။

တပ်နဲ့ ပြည်သူမှာတော့နှစ်ခုပြန်ကွဲတယ်။ တပ်က ပြည်သူကို ကျူးလွန်တာဖြစ်နိုင်သလို ပြည်သူက တပ်ကို ပြန်ကျူးလွန်တာလည်းဖြစ်နိုင်တယ်။ တပ်ကပြည်သူကိုကျူးလွန်တာမျိုးမှာ ပြည်သူက အရပ်ဖက်ဆိုင်ရာနဲ့ လည်းသွားလို့ရသလို တပ်ကကျူးလွန်တဲ့သူကို KNDF ရဲ့ စစ်ဥပဒေအရ အရေးယူနိုင်တယ်ဆိုတာ သိထားဖို့ လိုတယ်။

နောက်ဆုံးအနေနဲ့ ယူနစ်က အမျိုးသမီးနဲ့ ဂျန်ဒါ ခံယူမှုကွဲပြားတဲ့ ရဲဘော်တွေကိုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု များပေးခြင်းဖြစ်တယ်။ ဒါကကျမတို့ မျှော်လင့်ထားတဲ့အရာဖြစ်တယ်။ ဘာလို့မျှော်လင့်ထားတဲ့ အရာဖြစ်လဲဆို ကျမတို့လက်တွေ့မလုပ်နိုင်သေးဘူး။ လက်တွေ့ မလုပ်နိုင်သေးတဲ့အကြောင်းအရင်းက စိတ်ပိုင်းဆိုင်ရာကူညီ ထောက်ပံ့မှုလို့ပြောတဲ့အခါ အရမ်းကျယ်ပြန့်တယ်။ စိတ်ဆိုတဲ့အရာက အရမ်းနူးညံ့တဲ့အတွက် မကိုင်တွယ် တက်ရင်ပိုပြီးဒုက္ခရောက်တယ်။  ကျမတို့မှာစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေကိုပေးနိုင်ဖို့အတွက် လုံ လောက်တဲ့ Capacity(စွမ်းရည်) မရှိဘူးဆိုတဲ့အတွက် ကျမတို့အရင်ဆုံးလုပ်နိုင်တာက စိတ်ပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုပေးတဲ့ကျွမ်းကျင်တဲ့ သူကိုလက်လွှဲပေးတယ်။ သူတို့နဲ့ ပြန်ပြီးချိတ်ဆက်ပေးတယ်။

မေး။                 ။ လုပ်ဆောင်ချက်တွေ ဆောင်ရွက်တဲ့အခါ ဘယ်လိုအခက်အခဲနဲ့ စိန်ခေါ်မှုတွေကြုံတွေ့ရလဲ။

ဖြေ။           ။သုတေသနယူနစ်ကတော့ အဆင်ပြေတယ်။ တချို့သောရဲဘော်တွေက သုတေသနအဖွဲ့ထဲ ဝင်ချင်တယ်။ လေ့လာချင်တယ်။ အဓိက စီမံကိန်းမှာ လုပ်ဆောင်တဲ့ အခါဘာဖြစ်လဲဆို ဒေတာအတိအကျ မရှိတာ၊ ဒေတာ အတိအကျမရှိတဲ့အထဲမှာ အမျိုးသမီးနဲ့ ပတ်သက်တဲ့စာရင်းတွေ ရှိသော်လည်း  လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့အမျိုးသမီးစာရင်းတွေပဲရှိတယ်။ မသန်စွမ်းအမျိုးသမီး စာရင်းမရှိဘူး။ ကျဆုံးသွားတဲ့ အမျိုး သမီးစာရင်း မရှိဘူး။ အဲ့ဒီလိုမျိုးတွေဖြစ်တဲ့ အခါကျတော့ ဒေတာရယူဖို့ခက်ခဲတယ်။ ဒေတာတွေကို စနစ်တကျ ပြန်လုပ်ဖို့ စစ်ရုံးချုပ်စီမံဌာနနဲ့ ပူးတွဲပြီးတော့ ပြန်ပြီးတော့လုပ်ဆောင်နေတာတွေရှိပါတယ်။ ဒါကစီမံကိန်းပေါ့။

GBV ကတော့အရမ်းခက်ခဲတယ်။ ဒီလိုဖြစ်စဉ်တွေဖြစ်လာတဲ့အခါမှာ တဖက်ကကျူးလွန်တဲ့သူက အရာရှိဖြစ်နေ တဲ့အခါမှာ ကျမတို့အတွက်ကိုင်တွယ်ရခက်ခဲတယ်။ ဘာလို့လဲဆို သူတို့ရဲ့တာဝန် သူတို့ရဲ့ ရာထူးအရ သူတို့ကို ဒီလို ပြစ်ဒဏ်ပေးတာ မဖြစ်သင့်ဘူးဆိုတဲ့ အရာမျိုးတွေ အများကြီးကြုံရတာတွေရှိတယ်။ အမြဲတမ်း သူတို့ဆင်ခြေ ပေးတဲ့အရာပေါ့ နောက်မှလုပ်မယ်။ ဒါအရေးမကြီးသေးဘူး။ နောက်မှဖြေရှင်းပေးမယ်။ ဒီလိုအရာတွေက  စိန်ခေါ်မှု ဖြစ်စေတယ်။

တရားစွဲချင် နောက်မှစွဲ နင်တို့အရေးယူချင်နောက်မှယူ အခုကအရေးကြီးတယ်။ စစ်ရေး ကာလ ငါတို့ နယ်မြေ တွေရယူရမယ်၊ ဒီအတွက်ကိုအာရုံစိုက်ရမယ်ဒီအတွက် နင်တို့နောက်မှလုပ်နော်ဆိုတဲ့ အရာ တွေက ကျမတို့ အတွက် အရမ်းစိန်ခေါ်မှုလည်းဖြစ်တယ်။ အခက်အခဲလည်းဖြစ်တယ်။ လက်ရှိ ကျမတို့ ရင်ဆိုင်နေရတဲ့ ဒီအခက် အခဲက အကြီးဆုံးဖြစ်တယ်။ ဒါကြောင့်လည်း နောက်မှဆိုတဲ့အရာတွေ၊ အရေးမကြီးသေးဘူး ခဏစောင့်ဦးဆိုတဲ့ ဒီလိုစကားတွေက ကျူးလွန်သူတွေ လွတ်မြောက်သွားတယ်။  ခံရတဲ့ သူတွေက ပိုပြီးတော့မှခံရတယ်။  တရားမျှ တမှုမရသေးဘူးဆိုတဲ့ အနေအထားတွေ ရှိနေပါသေးတယ်။

မေး။           ။ စစ်ရေး၊နိုင်ငံရေးစတဲ့ ဆုံးဖြတ်ပိုင်ခွင့်နေရာတွေမှာ အမျိုးသမီးတွေ တန်းတူညီမျှတဲ့ အခွင့် အရေးတွေ ခေါင်းဆောင်မှုတွေပေါ်ပေါက်လာဖို့အတွက် ဂျန်ဒါတန်းတူ‌ညီမျှရေးဌာနက ဖော်ဆောင်ပေးနိုင်မယ် လို့ ယုံကြည်ပါသလား။

ဖြေ။            ။  အမျိုးသမီးတွေတန်းတူအခွင့်အရေးရဖို့လို့ ပြောတဲ့အခါ ကျမတို့က မနေ့တနေမှ ဒီလောကထဲ ကိုဝင်လာတဲ့သူတွေဖြစ်တယ်။  အဲ့ဒီမတိုင်ခင်မှာ ကျွန်မတို့ထက်ဆရာမကြီးတွေ၊ အတွေ့ အကြုံရင့်တဲ့သူတွေ ကျမတို့ကိုယ်တိုင်လေးစားအားကျရတဲ့လူတွေလည်း  နှစ်ပေါင်းများစွာလုပ်လာခဲ့ကြတယ်။ အခုချိန်ထိ ကျမတို့ တန်းတူညီမျှ‌ရေးအတွက် တိုက်ပွဲဝင်နေရတုန်းပဲ။  GED ကခုနပြောသလို တပ်ထဲကအဖွဲ့အစည်းဖြစ်တယ်။ တပ်ဆိုတာကပိုဆိုးတယ်။ တပ်ထဲမှာ ဖိုဆန်ရမယ်၊ ကျားဆန် ရမယ်ဆိုတဲ့ဟာမျိုးက သတ်မှတ်ထားပြီးသား  တပ် ထဲရောက်လာပြိဆိုရင် သန်မာရမယ်။ မငိုရဘူး။ လုပ်ရဲကိုင်ရဲရမယ် ။

နည်းနည်းပျော့တိ ပျော့တိပျော့ဖတ်ဆို မိန်းမကြီးကျနေတာပဲဆိုတဲ့ အသုံးအနှုန်းတွေ၊ပြီးရင် ယောကျာ်းလေးတွေ လိုမျိုး ရှေ့တန်းသွားချင်တဲ့ အမျိုးသမီးတွေ ရှေ့တန်းသွားနိုင်တဲ့အမျိုးသမီးတွေ လုပ်နိုင်တဲ့အမျိုးသမီးတွေကိုတွေ့ ရင် ယောကျာ်းလေးလိုပဲလုပ်နိုင်တယ်နော် စတဲ့အရာမျိုးတွေရှိနေသေးတယ်။

GED အနေနဲ့ နားလည်ထားတာက တချိန်ကြရင် KNDF ရဲ့ GED က ပုံပြင်တပုဒ် ဖြစ်သွားမယ်။ တချိန်တုန်းက  KNDF မှာ ဂျန်ဒါတန်းတူညီမျှရေးဌာန ရှိခဲ့တယ်ဆိုတဲ့ ပုံပြင်ထွက်လာပြီးအဲဒီပုံပြင်ရဲ့ အဆုံးသတ်မှာ GED က အောင်မြင်ခဲ့တယ်။ ဒါမှမဟုတ်ရင် ကျရှုံးခဲ့တယ်ဆိုတဲ့ အဖြေတစ်ခုထွက်လာလိမ့်မယ်။

ကျမတို့ မျှော်လင့်ထားတာကတော့ က success story (အောင်မြင်တဲ့ ပုံပြင်တပုဒ်ရေးမယ်)၊ ရေးနိုင်အောင်လည်း ကြိုစားမယ်။  ကျမတို့အပြင် နှစ်ပေါင်း များစွာထဲက အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေတဲ့အမျိုးသမီး တွေဆီကခွန်အားတွေ အတွေ့အကြုံတွေအများကြီးလေ့လာပြီးလုပ်သွားရမှာဖြစ်တယ်။ သူတို့ဆီက အကြံဉာဏ်၊ ဆွေးနွေးမှုတွေ အများကြီးရယူသွားရမှာဖြစ်တယ်။ သူတို့ဆီကအားပေးမှုတွေ အများကြီး လိုအပ် နေတဲ့ အနေအထားမျိုးမှာရှိတယ်။

KNDF စစ်ဥပဒေမှာ ဂျန်ဒါရှု့တောင့်တွေပိုပြီး ထည့်သွင်းစဉ်းစားပေးဖို့ ဂျန်ဒါကိုပိုပြီး ကာကွယ်ပေးနိုင်တဲ့ ပုဒ်မတွေ၊ ဥပဒေတွေထည့်သွင်းနိုင်တဲ့ဥပဒေတွေ လုပ်နေတယ်။ စစ်အက်ဥပဒေမှာ ဂျန်ဒါအခွင့်အရေးတွေ တန်းတူ ညီမျှမှုဆိုင်ရာ ကျမတို့ပိုပြီးထည့်လာနိုင်တယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဂျန်ဒါနဲ့ ပတ်သက်တဲ့ case တချို့တော့ နည်းသွားလိမ့်မယ်။ ဂျန်ဒါအပေါ်အခြေပြုတဲ့ ခွဲခြားဆက်ဆံမှုတွေ‌တော့ နည်းသွားလိမ့်မယ် အဲဒီလောက်တော့ မျှော်လင့်ပါတယ်။

Author:

Related Articles