Home မေးမြန်းခန်း “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်း” ထွက်ရှိလာသည့်အပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB ၏ အထွေထွေအတွင်းရေးမှူးနော်ဆဲဆဲနှင့်တွေ့ဆုံမေးမြန်းခြင်း

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်း” ထွက်ရှိလာသည့်အပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB ၏ အထွေထွေအတွင်းရေးမှူးနော်ဆဲဆဲနှင့်တွေ့ဆုံမေးမြန်းခြင်း

စိုပြေမိုး။ ။


ဇန်နဝါရီ ၂၅၊ ၂၀၂၀ နေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)တစ်ရပ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိခဲ့ပါသည်။ ထိုဥပဒေမူကြမ်းထွက်ရှိရန် ပြည်တွင်း၊ ပြည်ပအမျိုးသမီးအဖွဲ့အစည်းများသည် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအစိုးရဌာနများ၊ ကော်မတီများနှင့် (၆)နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းပူးပေါင်း လုပ်ဆောင်ခဲ့ကြသော်လည်း ဥပဒေ(မူကြမ်း)တွင် စတင်လုပ်ဆောင်ခဲ့သည်မှစ၍ ထည့်သွင်းဖော်ပြခဲ့သည့် အခန်းများ၊ ပုဒ်မများ၊ စကားစုများကို ချန်လှပ်ထားရှိခဲ့ခြင်းကြောင့်လည်း လိုအပ်ချက်များ၊ ပြင်ဆင်ပြည့်စွက်ရမည့် အချက်များ၊ ထပ်မံ ဖြည့်စွက်ရမည့်အချက်များ မြောက်မြားစွာရှိသည်ဟု ဝေဖန်မှုများပြည့်နှက်နေခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ) – WLB အနေဖြင့်လည်း ဤဥပဒေမူကြမ်း စတင်ဆောင်ရွက်နေကတည်းကပင် မူသဘောဆောင်သည့် အကြံပြု ချက်များ၊ လုပ်ငန်းစဉ်အရ လိုအပ်ချက်များကိုလည်း အကြံပြုပြောကြားမှု၊ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိတွင် ယင်းဥပဒေမူကြမ်း၏ လိုအပ်ချက်များ၊ မပြည့်စုံမှုများ၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် ရင်ဆိုင်ရနိုင်သည့် စိန်ခေါ် မှုများအပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး နော်ဆဲဆဲ၏ သုံးသပ်ချက်ကို ဖော်ပြလိုက်ပါ သည်။

မေး – လိုအပ်ချက်တွေ၊ မပြည့်စုံခြင်းတွေနဲ့ ထွက်ပေါ်လာတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ ကြမ်းထွက်ရှိလာတဲ့အပေါ် အမြင်သုံးသပ်ချက်လေးပြောပြပါ။
ဖြေ – အခုထွက်ရှိလာတဲ့ PoVaw Law ကတော့ WLB အနေနဲ့ လုံးဝအားမရသလို အထူးသဖြင့် တိုင်းရင်းသားနယ်မြေ၊ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက အမျိုးသမီးတွေရဲ့အခြေအနေတွေကို လုံးဝဖော်ပြထားတာ မရှိပါဘူး။ ဒီဥပဒေစတင်ရေးဆွဲ ကတည်းက ကျမတို့ရဲ့သုံးသပ်ချက်ကို ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်ထားပြီးသားဖြစ်ပါတယ်။ Process (လုပ်ငန်းစီးဆင်းမှု အဆင့်ဆင့်) အရ ကျမတို့ ထောက်ပြတာတွေရှိတယ်။ ဘယ်သူမှမသိတဲ့ အနေအထားတွေ၊ confidential (လျှို့ဝှက်) သဘောသွားနေတဲ့အနေအထားတွေလည်း တွေ့ရပါတယ်။ Consultation (ညှိနှိုင်းတိုင်ပင်မှု) လုပ်တာမျိုးတွေလည်း မတွေ့ရဘူး။ လူတစုတဖွဲ့ကနေ Top Down (အောက်ခြေသဘောထားမပါဘဲ အပေါ်မှချပေးခြင်း) ပုံစံနဲ့ ဥပဒေရေးဆွဲ သလို ဖြစ်ခဲ့ပါတယ်။

ဒီဥပဒေ ထွက်လာပြီးတော့ အနှစ်သာရ မရှိမှာကို ကျမတို့စိုးရိမ်တယ်။ အထက်ကလုပ်နေတဲ့သူတွေ၊ ဒီအကြောင်းအရာတွေနဲ့ ထိတွေ့နေတဲ့သူတွေလောက်ပဲသိတယ်။ တချို့သာမန်အမျိုးသမီးတွေ လုံးဝမသိဘူး။ တချို့သော အစိုးရတာဝန်ရှိသူတွေထဲကဆိုရင် အောက်ခြေက မြို့နယ်အဆင့်တို့၊ ခရိုင်အဆင့်တို့က လူတွေတောင် မသိပါဘူး။ ဒီဥပဒေတကယ်အကျိုးသက်ရောက်မှာက အောက်ခြေမှာရှိတဲ့လူထုတွေပါ။ ကျမတို့စိတ်ပူတာက တကယ့်လက်တွေ့မှာ ကျင့်သုံးလိုက်ရင် အခက်အခဲ ဖြစ်စေမယ့် ဥပဒေတစ်ခုဖြစ်မှာကို စိုးရိမ်ပါတယ်။

ဥပဒေမူကြမ်းကို လေ့လာတဲ့အခါမှာ စကားလုံးအရ လေးလေးနက်နက် ဖွင့်ဆိုတာတွေ မရှိဘူး။ တာဝန်ယူ၊ တာဝန်ခံမှု အပိုင်းတွေလည်း သေသေချာချာ ခွဲပြထားတာ မရှိဘူး။ ပြစ်မှုပြစ်ဒဏ်ပေးတာတွေကလည်း လေးလေးနက်နက်၊ သေသေ ချာချာမရှိဘူး။ နောက်တစ်ခု ပြဿနာက ရာဇသတ်ကြီးကို ပြန်လည်ရည်ညွှန်းထားတာတွေလည်း ရှိသလို၊ ၆၆ (ဃ) လို တခြားတည်ဆဲဥပဒေတွေကိုလည်း ဒီဥပဒေထဲမှာ လာထည့်ထားတာတွေကိုလည်း တွေ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံထားတဲ့ ဥပဒေတွေ၊ ပြစ်မှုကျူးလွန်ဖို့ ခွင့်ပြုထားတဲ့ပုဒ်မတွေ ရှိနေတယ်။ အဲဒါတွေကိုလည်း ကျမတို့ရဲ့ သုံးသပ်ချက်စာတမ်းတွေမှာ လေ့လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်က ရှေ့ တန်းမှာ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို ကာကွယ်ထားတဲ့ ဥပဒေတွေ ရှိနေတယ်။ အဲဒါတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေက လုံးဝပါမနေဘူး။

မေး – WLB အနေနဲ့ PoVaw Law မူကြမ်းကို စပြင်ဆင်ကတည်းက လိုအပ်ချက်တွေ၊ ကြိုတင်ပြင်ဆင်သင့်တာတွေကို ထောက်ပြတောင်းဆိုမှုတွေရှိခဲ့တယ်။ အခုထွက်ရှိခဲ့တဲ့ မူကြမ်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကို ပြောပြပေးပါ။
ဖြေ – အရှေ့မှာပြောခဲ့သလိုပဲ ဒီဥပဒေဟာ အနှစ်သာရရှိတဲ့ ဥပဒေမျိုးမဟုတ်သလို၊ တကယ်လက်တွေ့ အကောင်အ ထည်ဖော်တဲ့အခါမှာလည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံလာနိုင်တဲ့ ဥပဒေမျိုးဖြစ်တယ်။ မပြည့်စုံတဲ့ဥပဒေတစ်ခုကို အတည်ပြုလိုက်ရင် လုံးဝသုံးလို့မရဘူးလို့ မဆိုနိုင်ပေမယ့်လည်း အသုံးပြုတဲ့အခါမှာ အမျိုးသမီးတွေ ပိုပြီးအဖိနှိပ်ခံရမယ့် အနေအထားမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ ကျမတို့ဆီမှာ ဒီလိုအမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေမျိုး လုံးဝမရှိခဲ့ သေးဘူး။ ဒါကိုရေးဆွဲခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်ဆိုပေမယ့် အနှစ်သာရပိုင်းက ပိုအရေးကြီးပါတယ်။ တကယ် အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေမျိုးလား၊ ပိုမိုဖိနှိပ်သလိုဖြစ်မယ့် ဥပဒေမျိုးလားဆိုတာလည်း ကျမတို့သေ ချာကြည့်ဖို့လိုတယ်။

ဒီဖြစ်စဉ်ထဲမှာ ပါဝင်ခဲ့တဲ့အမျိုးသမီးတွေအနေနဲ့လည်း အင်တိုက်အားတိုက်ကြိုးစားခဲ့ကြပါတယ်။ သူ တို့ကိုလည်း ကျမတို့အနေနဲ့ လေးစားပါတယ်။ ဂုဏ်လည်းယူပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ သို့သော်လည်းပဲ သူ တို့ပြင်ဆင်ချင်တဲ့အချက်တွေ၊ ဖြည့်စွက်ချင်တဲ့အချက်တွေကို တာဝန်ရှိတဲ့သူတွေက ပယ်ချတာတို့၊ ဖျက်လိုက်တာတို့၊ မထည့်သွင်းပေးတာတို့ ခဏခဏကြားရတဲ့ အနေအထားတွေရှိတာကြောင့် ကျမတို့အနေနဲ့ Procedure (လုပ်ငန်းစီးဆင်း မှုအဆင့်ဆင့်) ကိုလည်း ထောက်ပြတာဖြစ်ပါတယ်။ အစိုးရအနေနဲ့က ဒီလူဒီလူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါတယ်လို့ ပြောပေမယ့် သူတို့ဖာသာ သူတို့ဆုံးဖြတ်တယ်။ အဲဒီလို Credit ယူတဲ့အပိုင်းတွေလည်းရှိပါတယ်။

မေး – မူကြမ်းထွက်ရှိလာတာနဲ့ပတ်သက်ပြီး ရှေ့ဆက်ဘာတွေ လုပ်ဆောင်ဖို့ ရှိမလဲ။
ဖြေ – အမျိုးသမီးတွေက တသွေးတသံတည်း ကျမတို့ ဘာပြောင်းလဲချင်လဲဆိုတဲ့ Recommendation တွေစုထားပြီးသားရှိ တယ်။ သို့သော်လည်း အမျိုးသမီးအဖွဲ့အစည်းတွေမှာလည်း သူတို့အဓိကထားတဲ့ ဧရိယာတွေရှိကြတယ်။ အဲဒီတော့ အဓိကထားတဲ့နေရာတွေ၊ အကြောင်းအရာတွေအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ သွားဆွေးနွေးတဲ့သူတွေ အနေနဲ့လည်း သူတို့ဘာအကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို တခြားအမျိုးသမီးတွေ သိဖို့လိုတယ်။

ဥပမာ WLB ဆိုရင် ပဋိပက္ခအတွင်းက အမျိုးသမီးတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်တာတွေ၊ တိုင်းရင်းသားဒေသက အမျိုး သမီးတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့ရင် ကျမတို့အနေနဲ့လည်း တခြားသူတွေကို အသိပေးဖို့ လိုတယ်။ ကျမတို့က သုံးသပ်ချက်စာတမ်းလည်း ထွက်ပြီးသားဖြစ်တယ်။ Procedure အရလည်း ထောက်ပြတာတွေ ရှိ တယ်။ အထူးသဖြင့် ပဋိပက္ခဒေသတွေမှာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊ တိုင်းရင်းသားဒေသတွေက အမျိုး သမီးတွေရဲ့ အခြေအနေတွေကို ထည့်သွင်းထားခြင်း မရှိတာကိုလည်း ကျမတို့ ထောက်ပြတယ်။ နောက်တခါ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်း၊ နိုင်ငံတကာစံချိန်စံညွှန်းတွေ၊ စာချုပ်စာတမ်းတွေနဲ့အညီ လုပ်ဆောင်သွားဖို့ဆိုတဲ့ ထောက်ပြချက်တွေ လည်းရှိပါတယ်။

မေး – ထပ်မံဖြည့်စွက်ဆွေးနွေးချင်တာရှိရင် ပြောပေးပါ။
ဖြေ – လွှတ်တော်မရောက်မီမှာ Advocacy များများလုပ်ဖို့ လိုအပ်မယ်။ ကျမတို့ဖြစ်စေချင်တဲ့ အကြောင်းအရာတွေ၊ လုပ် ဆောင်ရမယ့်အရာတွေကို လုပ်ဆောင်မယ်။ အတတ်နိုင်ဆုံး Advocacy (စည်းရုံးလှုံ့ဆော်မှု) လုပ်မယ်။ အဲဒီလိုကြိုးစား တာတောင် ဒီအတိုင်းထွက်လာတယ်ဆိုရင်တော့ ကျမတိ့ုရဲ့ ချဉ်းကပ်ပုံတွေကို ပြန်သုံးသပ်ဖို့လိုလာပါတယ်။ UPR Report, CEDAW Shadow Report စတာတွေနဲ့ ချဉ်းကပ်မလား၊ အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံးလှုံဆော်မလား စတဲ့ နည်းဗျူဟာတွေလည်း ထည့်သွင်းစဉ်းစားဖို့ လိုလာပါမယ်။

ကျမတို့ ထည့်သွင်းစေချင်တဲ့အချက်တွေ မပါခဲ့ဘူးဆိုရင် အမျိုးသမီးထုအနေနဲ့ကလည်း တသွေးတည်း တသားတည်း ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုအပ်ပါတယ်။ ကျမတို့ အမျိုးသမီး အဖွဲ့အစည်းတွေ အချင်းချင်းကြားထဲမှာ အငြင်းအခုံဖြစ်နေမယ့်အစား ဘယ်လိုအသံတစ်သံတည်းနဲ့ အမျိုးသမီးထုတွေကို ကိုယ်စားပြုနိုင်မလဲ၊ ရပ်တည်နိုင်မလဲဆိုတာ စဉ်းစားထားဖို့ လိုအပ်ပါတယ်။

Author:

Related Articles