Home ဆောင်းပါး ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည်

ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည်

ရှင်ငြိမ်း   

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဘယ်လောက်ထိအရေးပါနေလဲဆိုရင် ရှေ့တန်းစစ်မြေပြင်တွေမှာ စွန့် စွန့်စားစားတော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသမီးရဲမေတွေရဲ့ လုပ်ရပ်တွေက သက်သေခံလျက်ရှိနေပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းတိုင်း အမှတ် (၂ ) စစ်ဒေသ၊ စစ်ဒေသခွဲ (၃)၊ ဂဠုန်စစ်ကြောင်းရဲ့ Spring UAV Force G3 လို့ခေါ်တဲ့ Fixed Wing Drone နည်းပညာတပ်ဖွဲ့မှာ Computer Operator အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲမေနေခြည်ဆိုရင် ရှေ့တန်းမှာ အမျိုးသားရဲဘော်တွေနဲ့ အတူရဲရဲရင့်ရင့်တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တော်လှန် ရာကနေ အခုဆိုရင်အဝေးမှကွန်ပျူတာနဲ့ ထိန်းချုပ်မောင်းနှင်တဲ့ ဒရုန်းလို့ခေါ်တဲ့ မောင်းသူမဲ့ယာဉ်ငယ်ကို အသုံးပြုပြီး ဗုံးချ တိုက်ခိုက်နိုင်နေပါပြီ။

ယခင်ကတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းစစ်ဆင်ရေးလုပ်တဲ့ ကရင်၊ ချင်းနဲ့ ကရင်နီဒေသတွေမှာပဲ ဒရုန်းတိုက်ခိုက်မှုတွေရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကချင်၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ် သာမက စစ်ကိုင်း၊ မကွေး၊ မွန်နဲ့ တနင်္သာရီ ဒေသတွေထိဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိလာတာဖြစ်ပါတယ်။

ဒရုန်းတိုက်ခိုက်ရေးတွေမှာ အမျိုးသားတွေသာဦးဆောင်တိုက်ခိုက်ကြတယ်လို့ အများက မြင်လေ့ရှိပါတယ်။ တကယ်တော့ အမျိုးသမီးဒရုန်းစစ်သည်တွေလည်း ပါဝင်တယ်ဆိုတာမသိကြတာများပါတယ်။ ဒါကလည်း အမျိုးသမီးတွေတော်လှန်ရေး ထဲရောက်လာတဲ့အခါ ချက်ပြုတ်ရေး၊ ရုံးပိုင်းနဲ့ နာမကျန်းသူကို ပြုစုဖို့လောက်ပဲလုပ်တတ်ကြသူတွေလို့အမြင်တွေရှိနေခဲ့လို့ပါ။

ဒီလိုအမြင်အယူအဆတွေကြောင့် ဒရုန်းနဲ့တိုက်ခိုက်တာကို အမျိုးသမီးတွေလုပ်နိုင်မယ်လို့ မထင်ခဲ့တဲ့အလုပ်ဖြစ်ရာကနေ အမျိုးသမီးတွေဟာ ရှေ့တန်းတိုက်ခိုက်ရေးမှာ ပါဝင်လာနေကြပြီဖြစ်ပါတယ်။

ဒေါနစစ်ကြောင်းမှူးစောဒါးကိုက“ကျနော်တို့ ဒေါနစစ်ကြောင်းမှာအားလုံးတန်းတူပဲ။ အမျိုးသမီးတွေလည်း တိုက်ခိုက်ရေးမှာ ပါဝင်နိုင်အောင် ဒရုန်း၊ စနိုက်ပါလိုနေရာတွေမှာ တာဝန်ပေးတယ်။ သူတို့လုပ်ဆောင်နိုင်မှုကို အသိအမှတ်ပြုတဲ့သဘောပေါ့။” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ရှမ်းမြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးမှာလည်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှာအမျိုးသမီးဒရုန်း စစ်သည်တွေပါဝင်နေတာဖြစ်ပါတယ်။

အလားတူ ကရင်ပြည်နယ်က စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေမှာလည်း အမျိုးသမီးဒရုန်းစစ်သည်တွေ အားဖြည့်ပါဝင်နေတာကို တွေ့မြင်ကြရမှာပါ။

ရဲမေနေခြည်ဆိုလည်း ကရင်ပြည်နယ်ရဲ့ အထင်ကရတိုက်ပွဲတွေဖြစ်တဲ့ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ ကမ်းနီ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကျိုက်မရော၊ ကော့ဘိန်း၊ ဓမ္မသနဲ့ ချောင်းနှစ်ခွ တိုက်ပွဲတွေမှာကိုယ်တိုင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိစခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေမှာ ဒရုန်းအဖွဲ့တွေဟာ မရှိမဖြစ်တဲ့အရာဖြစ်သလို အမျိုးသမီးဒရုန်းစစ်သည်တွေဟာလည်း အရေးပါသူတွေဖြစ်လာခဲ့ပါတယ်။

အမျိုးသမီးဒရုန်းစစ်သည်တွေဟာ အမျိုးသားရဲဘော်တွေနဲ့ တန်းတူတာဝန်ထမ်းရပေမယ့် စိန်ခေါ်မှုအခက်အခဲကတော့အမျိုး သားတွေထက်ပိုများပါတယ်။

အသက် ၂၃ နှစ်အရွယ် ရဲမေနေခြည်ဆိုရင် သာတူညီမျှအခွင့်အရေးကို လေးစားလိုက်နာသူဖြစ်တာကြောင့် ကျား၊ မ ခွဲခြားမှု ကိုလက်မခံသလို အမျိုးသမီးတွေတိုက်ပွဲတွေမှာ ပါလာရင်အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ အမြင်ကိုလည်း ချေဖျက်နေသူ ပါ။

“ညီမဆို ရဲဘော်အမျိုးသားတွေနဲ့ အတူယှဉ်တွဲအလုပ်လုပ်ရတယ်။ ကျမတို့အမျိုးသမီးတွေရှိတာက တိုက်ပွဲကိုအနှောင့်အ ယှက်မဖြစ်အောင်နေတယ်။ ဘာလို့ဆို နင်တို့မိန်းကလေးတွေ ကရိကထများလိုက်တာဆိုတဲ့စကားကို ပြန်မကြားချင်တဲ့ အ တွက် ပြီးတော့ ညီမတို့လည်းတိုက်ချင်တာ ဖြစ်တဲ့အတွက်အဲဒီလိုကိစ္စတွေကို ညီမတို့ဘာသာသည်းခံနေတဲ့ဟာတွေရှိတယ်။ ကိုယ့်အားကိုယ်ကိုးပြီးဖြေရှင်းလို့ရသမျှ အကုန်ဖြေရှင်းတယ်။”လို့ ရဲမေနေခြည်က ပြောပါတယ်။

သူဟာ လူငယ်မိန်းကလေးပီပီ တိုက်ခိုက်ရေးကိုလွန်စွာစိတ်ဝင်စားပြီး ကိုယ်တိုင်လည်းတိုက်ခိုက်ရတာကိုကျေနပ်သူဖြစ်တဲ့ အတွက် အမျိုးသားရဲဘော်တွေကြား အမျိုးသမီးတစ်ဦးထဲ ဖြစ်နေလည်းရှေ့တန်းကို ရအောင်လိုက်သူဖြစ်ပါတယ်။

ဒါပေမဲ့ရှေ့တန်းမှာ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ရှေ့တန်းနဲ့နောက်တန်းလူပြန်လဲရတာရှိပေမယ့် သူကတော့ဒီလို အခြေအနေတွေကို အမြဲငြင်းဆန်ခဲ့တယ်လို့ပြောပါတယ်။

“ညီမတို့လည်း အခွင့်ထူးခံအနေနဲ့ မရှိချင်ဘူး။ သူတို့နေမကောင်းလို့နားရင် ညီမတို့နေမကောင်းလည်းနားမယ်ပေါ့။ ဒါပေမဲ့  ညီမတို့လူလဲရင် အလဲမခံဘူး။ နေမကောင်းလည်း ရှေ့တန်းမှာ ခြေကုတ်ယူပြီးနေတယ်”လို့ ရဲမေနေခြည်က ရှင်းပြပါတယ်။

သူတို့အဖွဲ့မှာ အမျိုးသားရဲဘော်တွေများလာတာကြောင့် ရှေ့တန်းသွားရတဲ့အခါ လူအနည်းစုဖြစ်တဲ့ အမျိုးသမီးရဲမေတွေက တစ်ဦးသာလိုက်ပါခွင့်ရတာဖြစ်ပါတယ်။ ဒီလိုရှေ့တန်းသွားတဲ့အခါ အမျိုးသမီးရဲမေတွေ အများဆုံးကြုံရတဲ့အခက်အခဲတွေ ကိုသူလည်း ကြုံတွေ့ခံစားခဲ့ရပေမယ့် ဒါတွေကိုသည်းခံပြီးနေခဲ့တာလို့ဆိုပါတယ်။

ဥပမာ အများအမြင်မှာ အသေးအဖွဲ့ကိစ္စလို့ထင်ရတဲ့ အပေါ့အလေးစွန့်တဲ့ကိစ္စဆိုရင် နေခြည်အတွက် အခုထိတိုင်ခက်ခဲနေတဲ့ ကိစ္စရပ်တစ်ခုပါ။ အတူတာဝန်ထမ်းဆောင်တဲ့ အမျိုးသားရဲဘော်တွေက စာနာနားလည်ပေးကြပေမယ့် ကိုယ်တိုင်ကစိတ် မလုံတဲ့အတွက် အပေါ့အပါးသွားဖို့ ခက်ခဲနေဆဲလို့ဆိုပါတယ်။

“ညီမဒရုန်းအဖွဲ့ကိုရောက်တာ ၂ နှစ်နီးပါရှိပြီ။ အခုထိ အလေးအပေါ့စွန့်ဖို့ တောမတိုးတတ်သေးဘူး။ အဲ့ဒီမှာအမျိုးသားရဲဘော် တွေနဲ့ မတူတာဆိုလို့ သူတို့ကတော့ဘယ်နေရာဖြစ်ဖြစ် လွတ်လွတ်လပ်လပ်သွားနိုင်ပါတယ်။ ဒါက ရဲဘော်တိုင်းလိုလိုဖြစ်နေ တာမို့ ညီမတို့အတူတူရယ်မောလိုက်ရင်း ပြီးသွားတာပဲ”လို့သူကဆိုပါတယ်။

ရှေ့တန်းမှာ အမျိုးသမီးတွေကြုံရလေ့ရှိတဲ့ အမျိုးသားရဲဘော်တွေနဲ့ အတူတူအိပ်စက်အနားယူတဲ့အခါ တစ်ဦးကိုတစ်ဦးမယုံ ကြည်တာမျိုး မဖြစ်အောင်နေကြရတယ်လို့ ပြောပါတယ်။

ရဲမေနေခြည်က“နားချိန်မှာအိပ်ပြီဆိုလည်း ညီမအနေနဲ့ ညီမအဖွဲ့သားအမျိုးသားတွေကို မယုံတာမျိုးဖြစ်မနေဘူး။ သူတို့က လည်း ညီမပိုပြီးအနေရခက်မှာစိုးလို့ရယ် ရဲဘော်အချင်းချင်းကူညီစောင့်ရှောက်တဲ့ ပုံစံတစ်ခုကလွဲပြီး ဘယ်လိုစိတ်မှမရှိနေ ကြဘူး။ အချင်းချင်းကြားမှာမယုံကြည်နေဘူးဆိုရင်ပိုခက်ခဲတဲ့ခရီးတွေမှာဒုက္ခရောက်မှာမို့ တစ်ယောက်အတွက် တစ် ယောက်တွေးပေးရင်း အပေါင်းအသင်းလုပ်ဖြစ်တယ်”လို့ ရှင်းပြပါတယ်။

အခက်အခဲ၊ စိန်ခေါ်မှုတွေရှိပေမဲ့လည်း စစ်ဆင်ရေးတွေမှာတော့ အမျိုးသမီးဒရုန်းစစ်သည်တွေဟာအမျိုးသားတွေနဲ့ တန်းတူ တာဝန်တွေ ပြီးမြောက်အောင်လုပ်နိုင်ခဲ့‌တယ်လို့ ရဲမေနေခြည်က ရှင်းပြပါတယ်။

စစ်အာဏာသိမ်းရန်ကြိုပမ်းမှုကြောင့် ကလေးလူငယ်အပါအဝင်ပြည်သူတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေပျောက်ဆုံးပျက် စီးခဲ့ကြရတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ရန်ကုန်တိုင်းက နေခြည်တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။

သူဟာအာဏာမသိမ်းခင်ကာလက တက္ကသိုလ်တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်သလို ဟိုတည်နဲ့ ခရီးသွားလုပ်ငန်းမှာအလုပ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

သူ့ရည်မှန်းချက်ကသင်္ဘောပေါ်မှာ စီမံအုပ်ချုပ်ရတဲ့သူတစ်ဦးဖြစ်ချင်တာကြောင့်မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေတဲ့လူငယ် တစ်ယောက်လို့ပြောလို့ရပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ ဖြစ်နိုင်တာလေးတွေလုပ်ရင်း ဘဝကို ဖြတ်သန်းဖို့ သူကဆန္ဒရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တွေက သူ့တို့လိုလူငယ်တွေအတွက် ပျော်စရာအကောင်းဆုံးအချိန်တွေဖြစ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါတွေစဖြစ်တော့ အိမ်ကနေ အလုပ်တွေလုပ်ကိုင်ရတော့လည်း အေးဆေးတည်ငြိမ်စွာဖြတ်ကျော်ခဲ့ပါတယ်။

“ပြီးတော့ ရွေးကောက်ပွဲပြီးတာနဲ့ အာဏာသိမ်းတဲ့ကိစ္စဖြစ်တယ်။ ဟင် ဘာလို့သိမ်းတာလဲ။ ဒီခေတ်ကြီးထဲမှာ အာဏာသိမ်းတယ်ဆိုတာရှိသေးလို့လားပေါ့။ ကိုယ်တွေလည်းတိုးတက်ခေတ်မီတဲ့ အာရှသားတွေဖြစ်တော့မှာဆိုပြီးပျော်နေတာ။ နောက် တကယ်သိမ်းသွားတာ ဆိုပြီးခံစားသွားရတယ်။”လို့ နေခြည်က ပြောပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေမှာ သူငယ်ချင်းတွေနဲ့အတူလိုက်ပါခဲ့ပြီး မတ်လလောက်မှာ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကိုစတင်ပစ်ခတ်တာတွေ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဘာလက်နက်မှမရှိဘဲ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်က ပစ်ခတ်မှုပြုလာတော့“စစ်တပ်က ဒါအာဏာသိမ်း ချင်လို့သိမ်းတာ နိုင်ငံကိုကောင်းကောင်းမွန်မွန်ထားချင်လို့မဟုတ်ဘူး သူတို့လိုချင်တဲ့အာဏာတွေပါဝါတွေပြချင်လို့ကိုနိုင်ငံ ကို သက်သက်သိမ်းလိုက်တာ”လို့ သူကမှတ်ယူပြီး စစ်တပ်ကို နာကြည်းတဲ့စိတ်နဲ့ တော်လှန်ခဲ့တယ်”လို့ပြောပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြလို့မရရင် တခြားနည်းလမ်းနဲ့ စစ်အာဏာရှင်ကို ရင်ဆိုင်မယ်ဆိုပြီး UG (မြေအောက်လှုပ်ရှားမှု) တွေ နဲ့ အတူတူဖောက်ခွဲရေးတွေလုပ်ဆောင်ကာ ခြောက်လှန့်တာတွေလုပ်နိုင်ခဲ့ပါတယ်။

မြေအောက်လှုပ်ရှားမှုမှာတော့ အာဏာရှင်စစ်တပ်ရှိမယ့်နေရာတွေ၊ စစ်တပ်လက်အောက်ခံ ရုံးတွေ၊ တပ်စခန်းတွေစတဲ့နေ ရာတွေကို ဗုံးခွဲတိုက်ခိုက်တာတွေလုပ်ပေမယ့် စစ်တပ်က သေနတ်သုံးပြီး ပစ်ခတ်မှုတွေက ရပ်မသွားဘဲ ပိုဆိုးလာခဲ့ပါတယ်။

အဲဒီတော့သူလည်း ဒီထက်ပိုပြီး ဘာတွေထပ်လုပ်နိုင်သေးလဲလို့ တွေးရာကနေ လက်နက်ကိုင်တော်လှန်ရေးထဲသွားဖို့စီစဉ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်မှာ တော်လှန်ရေးနယ်မြေကို စရောက်ခဲ့ပါတယ်။

အမျိုးသမီးလေးတစ်ယောက်ထဲ တော်လှန်ရေးနယ်မြေကိုသွားတာ မိဘတွေကမတားဘူးလားလို့မေးစရာရှိပါတယ်။ နေခြည် မိဘတွေဟာ အစိုးရဝန်ထမ်းတွေဖြစ်ပြီး မွေးချင်းမောင်နှမလေးယောက်ရှိတဲ့အထဲမှာ သူကဒုတိယဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေဖြစ်တာကြောင့် သမီးဖြစ်သူကို နိုင်ငံရေးမှာ ဝင်မပါနဲ့လို့ဟန့်တားပေမယ့် အတင်းအကြပ် ချုပ်ချယ်တာ၊ ဖိအားပေးတာတွေတော့မရှိခဲ့ပါဘူး။ ဒါပေမဲ့ လူကြီးတွေရဲ့ ကျဉ်းမြောင်းတဲ့အမြင်က အာဏာသိမ်းတဲ့ကိစ္စဆိုတာ အချိန်တန် ပြီးသွားမယ့်အရာလို့ အလွယ်လေးတွေးတာကလူငယ်တွေအတွက် ဒေါသထွက်စရာဖြစ်စေခဲ့ပါတယ်။

“အာဏာသိမ်းတော့ ဒီလိုဖြစ်တယ်။ CDM လုပ်မလား လုပ်မယ်ဆို ဒီလိုလုပ်ပြောနေရင်းနဲ့ သူတို့ကအချိန်တန်ပြီးသွားမှာပဲ ပြီးသွားမှာပဲနဲ့ သူတို့စကားတွေက ကိုယ့်ကိုဒေါသဖြစ်စေတယ် အဲဒီတော့ အဆင်မပြေတော့ဘူး UG မှာစလုပ်ထဲကအိမ်မှာ မနေတော့ဘူး အခုထိလည်း အိမ်နဲ့ စကားမပြောဘူး”လို့ နေခြည်က ရှင်းပြပါတယ်။

တော်လှန်ရေးနယ်မြေရောက်တော့ နေခြည်ဟာ ကျည်ဆန်နဲ့ သေနတ်ထုတ်လုပ်တဲ့ အဖွဲ့ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ကျည်ဆန်ထုတ်တာကို ဝင်ကူရင်းနဲ့ FBR free Burma ranger ကရဲဘော်တွေနဲ့ အခြားတပ်ကထွက်လာတဲ့ ရဲဘော်တွေက အခြေခံစစ်သင်တန်းကို လက်ဆင့်ကမ်းပြန်သင်ပေးတဲ့အတွက် တက်မြောက်ခဲ့တယ်လို့ဆိုပါတယ်။

ထုတ်လုပ်ရေးပိုင်းမှာတော့ယမ်းတွေ၊ပစ္စည်းကိရိယာတွေကိုအသေးစိတ်ကိုင်တွယ်အလုပ်လုပ်ရတာကြောင့်အန္တရာယ်များလှပါတယ်။ ကိုယ်တိုင်သာမက ဘေးလူတွေပါ ထိခိုက်လာတော့ ၆ လ လောက်လုပ်ပြီးဒရုန်းဘက်ကိုကူးဖို့ ပြင်ပါတယ်။

ဒါကလည်း ကိုယ်တိုင်တိုက်ခိုက်ချင်တာကြောင့် ဒီအလုပ်မှာ အချိန်ဆက်မကုန်ချင်တော့တာဖြစ်ပါတယ်။ နောက်တစ်ဆင့် တက်ဖို့ နည်းပညာနဲ့ ဆိုရင်ပိုကူပေးနိုင်မလားဆိုတဲ့ စိတ်နဲ့နေခြည်ဟာ ဒရုန်းဘက်ကို ပြောင်းသွားခဲ့တာလို့ပြောပါတယ်။

“ဒရုန်းသင်တန်းကိုတက်တော့ဘယ်နေရာမှာမှ တော်လှန်ရေးလုပ်မယ်ဆိုပြီး တွေးထားတာမဟုတ်လို့ ဘယ်လိုပဲဖြစ်ဖြစ်ကူ နိုင်တဲ့နေရာတွေသွားဖို့ အသင့်ရှိနေခဲ့ပါတယ်”လို့ နေခြည်က ပြောပါတယ်။

နေခြည်ဟာ ၂၀၂၂ ခုနှစ် သြဂုတ်လမှာတော့ Fixed-wing drone နည်းပညာကို စတင်လေ့လာခဲ့ပါတယ်။ သင်တန်းတစ်လ လောက်တော့ သီအိုရီပိုင်းသင်ခဲ့ရပြီး နောက်မှလက်တွေ့ အမောင်းလေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။

ထို့အပြင် သူတို့သင်တန်းတက်တဲ့အချိန်က ပွင့်လင်းရာသီဖြစ်တာကြောင့် သင်တန်းတက်လိုက် စစ်ဆင်ရေးလုပ်လိုက်နဲ့ သင် ယူခဲ့ရတာပါ။သူကတော့ သူရဲ့ပထမဆုံးစစ်ဆင်ရေးကို ဆရာတွေနဲ့ အတူတွဲလုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။

“ညီမက မြေပြင်မှာဆိုရင် Fixed-wing ကို လမ်းကြောင်းပေးတာ data တွေ analysis လုပ်တာတွေလုပ်ရတယ်”လို့ သူ့ လုပ်ဆောင်ချက်ကို ပြောပြပါတယ်။

လမ်းကြောင်းပေးတယ်ဆိုတာကတော့ စကစတွေရဲ့ တည်နေရာ၊ တက်လာတဲ့လမ်းကြောင်း၊ နားတဲ့နေရာတွေလက်နက်ကြီး ကုန်းတွေနဲ့ စကစရဲ့ အထိုင်စခန်းတွေဆီ ဗုံးကြဲဒရုန်းတွေရောက်အောင်ကွန်ပျူတာမှာလမ်းကြောင်းဆွဲရတာ ဖြစ်ပါတယ်။

နောက်ပိုင်း ဒရုန်းတွေရဲ့ အရေးပါမှုဟာ ထုတ်လုပ်တဲ့နည်းပညာအလိုက် ပိုမိုကောင်းမွန်လာတာကို တွေ့ရမှာပါ။ အစပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ဒရုန်းတွေနဲ့ စကစ သွားရာလမ်းကြောင်းကိုလိုက်ကြည့်ရုံလောက်သာလုပ်ဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မှာတော့ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်တာတွေလုပ်ဆောင်လာနိုင်ပေမယ့် ငွေကြေးမရှိတာ၊ ပစ္စည်းကိရိယာမစုံ လင်တာတွေကြောင့် ထိရောက်အောင် မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ ပစ်မှတ်လွဲလို့ ဗုံးတွေဆုံးရှုံးရတာတွေရှိသလို ဒရုန်းအပြန်စစ် သားတွေလိုက်လို့ ပြေးရတာတွေလည်းရှိခဲ့ပါတယ်။

အခုတော့ တိုက်ပွဲတွေဖော်ဆောင်မယ်ဆိုရင် ဒရုန်းတွေက အဓိကအရေးပါတဲ့အရာတစ်ခုဖြစ်လာပါပြီ။ Multi လိုခေါ်တဲ့ လေ ယာဉ်အငယ်စားဒရုန်းဆိုရင် ပေါင် 5 kg ရှိတဲ့ဗုံးသီးတွေကို သယ်ဆောင်တိုက်ခိုက်နိုင်နေပြီဖြစ်ပါတယ်။

လက်ရှိ နေခြည်တို့သုံးနေတဲ့ Fixed Wing လို့ခေါ်တဲ့ အဆင့်မြင့်ဒရုန်းတွေဆိုရင် ရန်သူတွေထင်မထားတဲ့ နောက်တန်းမြေ ထိ သွားရောက် ဗုံးကြဲနိုင်သလို လက်နက်ကြီးကုန်းတွေထိ ထိထိရောက်ရောက်ပစ်ခတ်နိုင်နေပါပြီ။

“၂၀၂၃ နဲ့ ၂၀၂၄ မှာတောင်မှ ဒရုန်းတွေရဲ့ အရေးပါမှုအခန်းကဏ္ဍက မတူတော့ဘူး။ စကစဘက်ကလည်း ဒရုန်းတွေတောင်သုံး နေပြီ ဂျက်ဖိုက်တာသုံးတဲ့သူက ဒရုန်းကိုတဆင့်နိမ့်ပြန်သုံးလာတာပဲကြည့်လေ ညီမတို့နောက်ကိုဒရုန်းနဲ့ ပြန်လိုက်တဲ့ အခြေ အနေဖြစ်နေပြီ ”လို့ နေခြည်က ပြောပါတယ်။

စက်ပစ္စည်သုံးပြီး တိုက်ခိုက်ရတယ်ဆိုတော့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ လက်နက်ခဲယမ်းမပြည့်စုံတာနဲ့ လူကြောင့်ဖြစ်တဲ့ ပြဿနာတွေကြောင့် စစ်ဆင်ရေးမအောင်မြင်တာတွေလည်း ရှိခဲ့ပါတယ်။

“တခါကွန်ပျူတာ error တက်တုန်း လေယာဉ်က ဗုံးသီးကြီးနဲ့ ညီမတို့ခေါင်းပေါ်မှာ ပတ်ပျံနေလို့ အောက်မှာပတ်ပြေးနေရ တယ်”လို့ သူက ရှင်းပြပါတယ်။

ဒရုန်းက မသုံးတတ်ရင်ပြန်အန္တရာယ်ဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ ရန်သူမသေခင် ကိုယ်အရင်သေသွားနိုင်လို့ လူကြောင့် ဖြစ်စေနိုင်တဲ့ error တွေတော့ မဖြစ်အောင် အတတ်နိုင်ဆုံးလေ့ကျင့်ပြီး အသုံးချနေတယ်လို့ သူက ရှင်းပြပါတယ်။

“ပြီးရင်စက်တွေ error တက်လို့ ဗုံးသီးကြီးကကိုယ်နဲ့လယ်ကွက်နှစ်ကွက်စာအကွာမှာ ပြုတ်ကျတာတို့ ဒါမျိုးတွေကြုံခဲ့ရ တယ်ဝပ်ရင်း ပြေးရင်းပါပဲ”လို့ သူကဆက်ပြောပါတယ်။

ရှေ့တန်းမှာ ထိပ်တိုက်ဆိုတာထက် လက်နက်ငယ်နဲ့ အနီးကပ်ပစ်တဲ့အခြေအနေတွေနဲ့လည်း ကြုံခဲ့ဖူးတာဖြစ်ပါတယ်။ ဂျက် ဖိုက်တာတွေ လေယာဉ်တွေနဲ့ ပစ်ခတ်တာတွေလည်း အကြိမ်ကြိမ်ကြုံခဲ့ရတာပါ။ ပင်ကိုယ်ကရဲရင့်ပြီး စွန့်စားလိုစိတ်ရှိတာ ကြောင့် နေခြည်အနေနဲ့ ဒီအပေါ်မှာ ကြောက်စိတ်မဖြစ်ခဲ့ပါဘူး။ ရအောင်ပစ်ချနိုင်ဖို့သာ စိတ်စောနေတတ်သူဖြစ်တာကြောင့် အဖွဲ့သားတွေက လိုက်လိုက်ဆွဲခေါ်ရတာမျိုးတွေရှိတယ်လို့ဆိုပါတယ်။

လက်ရှိဒရုန်းတပ်ဖွဲ့တွေမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေလည်းပါဝင်နေပေမယ့် အရေအတွက်နည်းနေသေးတာ ကြောင့် ပိုပြီးပါဝင်လာနိုင်ဖို့ အမျိုးသမီးဒရုန်းတပ်ဖွဲ့တွေက မျှော်လင့်နေကြပါတယ်။

ဒါတွေအပြင်တော်လှန်ရေးနယ်မြေရောက်တော့ စစ်ဒဏ်ကိုနှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ တိုင်းရင်းသားတွေဟာတန်းတူ အခွင့်အရေးမဆိုထားနဲ့ ကိုယ်ပိုင်အခွင့်အရေး ဆိုတာကိုတောင်နားမလည်မသိရှိတာကို ဝမ်းနည်းစွာတွေ့ မြင်ခဲ့ရတာပါ။

“လွတ်မြောက်နယ်မြေရောက်တော့ တချို့လူတွေက ကိုယ့်အခွင့်အရေးကိုမသိကြဘူး တန်းတူအခွင့်အရေးတွေ ရှိမနေဘူး ဆိုတာ ပိုပိုသိလာရတယ် ပြီးတော့ ညီမတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးတို့ဘာတို့ဆိုတာ ဒီဘက်မှာပြောလို့မရဘူး ရှိမှ မရှိတာ အဲ့ဒါတွေအတွက်ပိုပြီးတော့ စိတ်မကောင်းဖြစ်တယ်”လို့ သူကဆိုပါတယ်။

အဲဒါကတော့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတယ်ဆိုပြီး အမျိုးသမီးတွေကို အိမ်မှုကိစ္စနဲ့ အချိန်ကုန်စေတယ်။  အချိန်တန်လို့ အလုပ်လုပ်ရပြီဆိုလည်း ထိုင်းနိုင်ငံဘက်သွားပြီး အလုပ်လုပ်ခိုင်းပြန်တယ်။ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်နေရတဲ့အတွက် အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးတွေဆုံးရှုံးခဲ့ရတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

“အတန်းပညာ အတိုင်းအတာတစ်ခုရောက်ပြီးရင်တောင် ကိုယ့်ဘဝကိုကိုယ်လိုချင်သလို ပုံဖော်လို့မရကြဘူး ညီမတို့ဆို အဆိုတော်ဖြစ်ချင်လည်းရတယ် သမ္မတဖြစ်ချင်လည်းရတယ် ကြိုးစားရင်ပေါ့နော် သူတို့အနေနဲ့က အကပညာရှင်ဖြစ်ဖို့ ပန်းချီ ဆရာမ ဖြစ်ဖို့စတဲ့ အိမ်မက်တွေက ကြိုးစားဖမ်းဆုတ်ဖို့ မနီး‌စပ်နေဘူး”လို့ ရဲမေနေခြည်က ရှင်းပြပါတယ်။

အမျိုးသမီးတွေရဲ့ ကာကွယ်နိုင်ခွင့်တွေ လွတ်လွတ်လပ်လပ်တွေးခေါ် ပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကိုသိရှိခွင့် စတဲ့အခွင့်အရေးတွေ နည်းနေတာကို သူကဆိုလိုတာဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့ တရားခံကပြည်တွင်းစစ်ကိုဖန်တီးခဲ့တဲ့ စစ်တပ်ကြောင့် ဖြစ်ပြီး ဒီတော်လှန်ရေးမှာတော့ ဒါတွေကို အမြစ်ပြတ်တိုက်ခိုက်ရမယ်လို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးပြီးဆုံးအောင်မြင်သွားတဲ့တစ်နေ့မှာ မြန်မာနိုင်ငံကို ဘယ်လိုပုံစံဖြစ်စေချင်လဲဆိုတော့ “ဆင်းရဲတဲ့သူ တွေက မျိုးရိုးတွေတစ်ဆက်ပြီးတစ်ဆက် ဆင်းရဲနေတာမျိုးတွေမရှိပဲ ပညာရေးအရလည်းလက်လှမ်းမှီနိုင်တဲ့စနစ်တွေရသင့် တဲ့ လူ့အခွင့်အရေးတွေတန်းတူရ‌နိုင်တဲ့ နိုင်ငံဖြစ်စေချင်တယ်”လို့ ရဲမေနေခြည်က ဖွင့်ဟပြောခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းပြီးနောက် အာဏာရှင်ကိုနိုင်ငံတဝှမ်း လက်နက်ကိုင်တော်လှန်ရာကနေ နည်းပညာ အသုံး ပြုတိုက်ခိုက်မှုတွေဟာ အောင်မြင်တဲ့တိုက်ခိုက်ရေးတစ်ခုဖြစ်လာပါတယ်။

လက်ရှိ ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေဟာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေ၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ အထိ ထိုးစစ်ဆင်နိုင်ခဲ့တာပါ။

အခုဆိုရင် မြို့သိမ်း မသိမ်းဘူးဆိုတာထက် ရန်သူစစ်တပ်ကို စိန်ခေါ်လို့ရတဲ့အခြေအနေတစ်ခုရောက်နေပြီလို့ ရဲမေနေခြည် က အသိပေးထားပါတယ်။

“နှစ်ပေါင်းများစွာဆောက်တည်လာတဲ့ တပ်မတော်ကြီးကို လက်နက်ကိုင်တိုက်ခိုက်နေတာ သုံးနှစ်သာရှိသေးတဲ့လူငယ်လေးတွေကစိန်ခေါ်လို့ရတဲ့ အနေအထားမျိုးမြင်နေရပြီ ဒါကအားတက်စရာတစ်ခုပဲ”လို့ သူကဆိုပါတော့တယ်။

Author:

Related Articles