Home ဆောင်းပါး အမျိုးသမီးတွေပစ်မှတ်ထားခံခဲ့ရတဲ့လွိုင်ကော်သပိတ်ဖြိုခွင်းမှု

အမျိုးသမီးတွေပစ်မှတ်ထားခံခဲ့ရတဲ့လွိုင်ကော်သပိတ်ဖြိုခွင်းမှု

Honest Information (HI)

ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ကတော့ အာဏာသိမ်းပြီးကာလ ဖေဖော်ဝါရီလကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နေ့စဉ်မပျက် လှုပ်ရှားပါဝင်ခဲ့တဲ့ ရပ်ကွက်တစ်ခုလို့ဆိုရမှာပါ။

လွိုင်ကော်မှာ အာဏာရှင်ဆန့်ကျင်ရေးအားအကောင်းဆုံး ရပ်ကွက်တစ်ခု … စည်းလုံးတဲ့ ရပ်ကွက်တစ်ခု.. စစ်တပ်ကို အံတုပြီး သပိတ်ရက်တိုင်း မနားမနေ ကြံကြံခံ လမ်းပေါ်ထွက်နေခဲ့တဲ့ ရက်ကွက်တစ်ခုလို့ ဂုဏ်ဆောင်ခဲ့တဲ့ နာနတ်တောကို အာဏာသိမ်း စစ်ကောင်စီကလည်း အမြဲမပြတ် စောင့်ကြည့်နေခဲ့မယ်ဆိုတာ အသေချာပါပဲ။

နာနတ်တောဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်တွေကို ရပ်ကွက်အလိုက်တဖုံ၊ စုပေါင်းသပိတ်အလိုက် တဖုံ နေ့စဉ်မပြတ်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

နာနတ်တော ရပ်ကွက်ဟာ ကွန်မန်ဒိုသပိတ်၊ ပြောင်းပြန်သပိတ်၊ မျက်ရည်သပိတ်၊ မီးဖိုချောင် အိမ်ရှင်မသပိတ်၊ပလိုင်းသပိတ်၊ သရဲသပိတ်၊ မိသားစုသပိတ်၊ ယုံကြည်ခြင်းသပိတ်၊ စတဲ့သပိတ်တွေကြောင့် နိုင်ငံအနှံအပြားကပြည်သူတွေ စိတ်ဝင်စားမှုရရှိခဲ့သလို လွိုင်ကော် ပင်မ သပိတ်စစ်ကြောင်းနဲ့ စုပေါင်းလှုပ်ရှားမှုတွေမှာလည်း ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

လွိုင်ကော်မြို့အတွင်းမှာလည်း သပိတ်တွေကို လမ်းပေါ်မရောက်အောင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း ရရနည်းလမ်းနဲ့ စုဝေးကာ ရွေ့လျားသပိတ်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

မေလ ၁၂ ရက်နေ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှာမှုသပိတ်မှာတော့ မနက် ၈ နာရီကျော်တည်းက နာနတ်တော ရပ်ကွက်ထဲကို စစ်တပ်နဲ့ရဲတွေက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ စတင်ဖြိုခွင်းဝင်ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သပိတ်ထဲပါဝင်တဲ့ ပြည်သူတွေရော နေအိမ်တွေထဲမှာရှိတဲ့ ပြည်သူတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။

အမျိုးသမီး အယောက် ၃၀ ကျော် ပါသွားခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေကိုလည်း ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ နာနတ်တော ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

“အဲ့ဒီနေ့က စက်မှုကျောင်းဘက်ကို သပိတ်လမ်းကြောင်းသွားလိုက်မိတယ်။ အဲ့ဒီအချိန်မှာ စစ်ကားတွေ ရဲကားတွေရောက်လာပြီး သပိတ်ကိုဖြိုခွင်းတယ်။ ပြေးကြတယ်။ တော်တော်များများတော့လွတ်တယ်။ တချို့မပြေးနိုင်တဲ့အမျိုးသမီးတွေကျတော့ အိမ်ထဲ ဝင်ပုန်းတာ။ အဲ့ဒါကို အိမ်ထဲထိ လိုက်ဆွဲတာ” လို့ပြောပါတယ်။

စစ်ကောင်တပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို လာရောက်ဖြိုခွင်းရာမှာ အင်အားအပြည့်ပါတဲ့ စစ်ကားတွေသာမက အရပ်ဝတ်နဲ့ အိမ်စီးကားတွေလည်း ပါဝင်ခဲ့တယ်လို့ဆိုကြပါတယ်။

သပိတ်ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ညပိုင်းမှာပဲ အသက်မပြည့်သေးတဲ့ မိန်းကလေးနဲ့ ကလေးတွေကို ပြည်လွှတ်ခဲ့ပြီး ကျန်ရှိနေတဲ့ ၁၄ ယောက်ကိုတော့ ၅၀၅ က နဲ့ အမှုဖွင့် အရေးယူထားတာပဲဖြစ်ပါတယ်။ အဲ့ဒီ ၁၄ ယောက်ထဲမှာ အမျိုးသမီး ၁၂ ယောက်ပါဝင်နေတာဖြစ်ပါတယ်။

နာနတ်တော သပိတ်မှာ ပါဝင်ခဲ့သူ မဝင်းခိုင်ကတော့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရသူုဖြစ်ပါတယ်။

ဒါကြောင့် သပိတ်ဖြိုခွင်းစဉ်အတွင်း အမျိုးသမီး အယောက် ၃၀ လောက်ကို ဖမ်းဆီးကာ ကားပေါ်ဆွဲတင်ခဲ့ပေမယ့် မဝင်းခိုင်ကတော့ အမျိုးသမီးတွေကို ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့ကာ သူမ ကိုယ်တိုင် အဖမ်းခံခဲ့တာဖြစ်တယ်လို့လည်းသပိတ်မှာပါဝင်ခဲ့သူတစ်ဦးက မဝင်းခိုင်ရဲ့ သမီးကို ပြန်လည်ပြောပြခဲ့ပါတယ်။

“အဲ့ဒီနေ့ သပိတ်ဖြိုခွဲခံရတုန်းက ပြေးကြရတယ်။ အမေက လွတ်တယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက အမျိုးသမီးတွေ အများကြီး ဖမ်းမိတယ်။ အဲ့အချိန်မှာ အမေက နာမည်ထွက်ထားပြီး လိုက်နေတာကြတာ ဆိုတော့ အမေ့ကို ဖမ်းချင်နေမှန်း အမေလည်းသိတယ်။ အမျိုးသမီးတွေအများကြီး ဓားစာခံဖြစ်သွားမှာစိုးလို့ အမေက ကျန်တဲ့သူတွေကို လွှတ်ပေးလိုက်ပါဆိုပြီး ကားပေါ်ကနေတခါတည်းဆွဲချပြီးတော့ သူ့ကိုဖမ်းချင်ရင် ဖမ်းသွားပါဆိုပြီး လိုက်သွားတယ်” လို့ သမီးဖြစ်သူကပြောပါတယ်။

စစ်ကောင်စီက သူမကို စောင့်ကြည့်နေတယ်ဆိုတာသိတာကြောင့် နေအိမ်ကနေ ခေတ္တရှောင်ပြေးခဲ့ရတဲ့ နေ့တွေရှိခဲ့ပါတယ်။ ဒါပေမယ့် အိမ်က သားသမီးတွေအတွက် စိတ်ပူနေခဲ့ရတာကြောင့်အခြေအနေ အေးဆေးဖြစ်သွားတဲ့အချိန်မှာ နေအိမ်မှာ ပြန်လည်နေထိုင်ခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်း မဝင်းခိုင်ရဲ့ လှုပ်ရှားမှုတွေကြောင့် နာမည်ပြန်ထွက်လာခဲ့တာကို သားသမီးတွေကလည်း စိုးရိမ်နေခဲ့ပါတယ်။

“အခုလည်း သူများတွေက နာမည်ထွက်နေပြီဆိုပြီးပြောတော့ ရှောင်ခိုင်းတုန်းပဲရှိသေးတယ်။ သမီးတွေသားတွေ မိသားစုတွေက အမေ့ကိုရှောင်ခိုင်းနေတုန်းပဲရှိသေးတယ်။ အဲ့နေ့မှာမှ ကံဆိုပြီး အမေပါသွားတာပေါ့” လို့ ပြောပါတယ်။

မဝင်းခိုင်ဟာ အသက် ၅၀ အရွယ် အမျိုးသမီးဖြစ်ပြီး သားသမီး ၃ ယောက်ရှိပါတယ်။ အမျိုးသားဖြစ်သူနဲ့ ကွဲကွာထားတာကြောင့် မဝင်းခိုင်နဲ့အတူနေထိုင်တဲ့ သားဖြစ်သူအတွက် အခုချိန်မှာ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။

သမီးအကြီးဆုံးကတော့ အဖေ့အိမ်မှာ အတူနေတာဖြစ်ပြီး သမီးလတ်ကတော့ ရန်ကုန်မှာ အလုပ်လုပ်ကိုင် နေတာဖြစ်ပါတယ်။ အငယ်ဆုံးဖြစ်တဲ့ သားကတော့ ၁၀ တန်းအောင်ပြီးကာစဖြစ်သလို အမေနဲ့အတူ နေထိုင်တဲ့ အခုအိမ်ကလည်းဒီလမှာပဲ အိမ်ငှားပြည့်သွားတာကြောင့် နေထိုင်ဖို့အတွက်ပါ ခက်ခဲလာခဲ့ပြန်ပါတယ်။

မဝင်းခိုင်ကို စတင်ဖမ်းဆီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို အခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးတာကြောင့် သူမရဲ့ သားသမီးတွေက အမေအတွက် စိုးရိမ်နေကြပါတယ်။

“အမေက နှလုံးရောဂါသည်လေ။ နှလုံးရောဂါရှိတော့ ဒီကြားထဲမှာလည်း ဘာမှအဆက်အသွယ်မရတော့ စိတ်ပူတယ်။ စဖမ်းခံရတုန်းကလည်း ဘာသံမှမကြားရဘူး။ ထမင်းပို့ ဟင်းပို့တာလောက်ပဲ ပို့လိုက်ရတယ်။ တွေ့လို့မရဘူး။ ၁၃ ရက်နေ့တနေ့လုံးလည်း အဆက်အသွယ်မရဘူး။ ဘယ်မှာ ထားလို့ထားမှန်းလည်းမသိဘူး။ ရဲစခန်းမှာလည်းမရှိဘူး။ ပြည်နယ်ခန်းမမှာရှာတော့လည်းမရှိဘူး။ အဲ့ညကတော့ ထမင်းလည်းမပို့လိုက်ရဘူး။ နောက်ရက် ၁၄ ရက်နေ့မှ ရုံးထုတ်မယ်ဆိုပြီး ရှေ့နေကပြောတော့မှ သိရတာ” လို့ သမီးဖြစ်သူကပြောပါတယ်။

မေလ ၁၄ ရက်နေ့မှာတော့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကို ရုံးထုတ်လာပေမယ့် မိသားစုနဲ့ တွေ့ခွင့် မရခဲ့ပြန်ပါဘူး။

အမေဖြစ်သူကို အချုပ်အနှောင်တွေနဲ့ တရားရုံးထုတ်လာကို တွေ့လိုက်ရတဲ့ သမီးဖြစ်သူကတော့ “ကျမတို့ အပြင်တံခါးကနေပဲ လှမ်းချောင်းကြည့်လိုက်ရတယ်။ အခြေအနေတွေက ဘာမှမသိရဘူး။ အဝေးကနေ လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ အမေ့ မျက်နှာကတော့ ကျသွားတာပေါ့။ စိတ်မကောင်းတဲ့ပုံဖြစ်နေတာတော့ တွေ့လိုက်ရတယ်။ အမေဖမ်းခံရတဲ့နေ့တည်းက ဘွတ်ဖိနပ်ပဲစီးထားရတာတော့ခြေထောက်တွေ ပေါက်နေတာတော့ရှိတယ်လို့ အမေ့ရဲ့ ရှေ့နေကပြောတယ်။ ဘွတ်ဖိနပ်ပဲ စီးထားရတာ ၃ ရက် ၄ ရက်လောက် ဖြစ်သွားတော့လေ” ပြောပါတယ်။

အချုပ်ကားနဲ့ တရားရုံးနဲ့ အကြား ခြေလှမ်း ၅ လှမ်းလောက်သာ အကွာအဝေးရှိတာကြောင့် မိသားစုဝင်တွေက အမေဖြစ်သူရဲ့ မျက်နှာကိုတောင် ကောင်းကောင်းမမြင်လိုက်ရသလိုရှေ့နေ့နဲ့လည်း စကားပြောခွင့်တောင် မရခဲ့ပါဘူး။

မဝင်းခိုင်ရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေအမျိုးသမီးတော့ မဝင်းခိုင်နဲ့အတူ အမျိုးသမီးအရေးနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုလို မဝင်းခိုင် ဖမ်းဆီးခံရတာ သိလိုက်ရတဲ့အချိန်မှာလည်း မတရားမှုအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။

“ကျမကတည်း ဒီကြားထဲမှာ အင်တာနက်လည်းမရတော့ မသိလိုက်ဘူး။ ကျမက မီးဖွားထားတာ။ ကလေးက ၁ လပဲရှိသေးတယ်။ဆရာမ သတင်းကြားလို့လိုက်တာ။ အဲ့နေ့က စခန်းလိုက်သွားတဲ့အချိန် ပေးမတွေ့ဘူး။ စစ်ကြောရေးလုပ်နေလို့ဆိုပြီး။ဆရာမကတော့ အမြဲတမ်းတတ်ကြွပြီး လှုပ်ရှားခဲ့တာပေါ့။ အဲ့နေ့ကလည်း ဆရာမ ပြေးတော့ပြေးတယ်။ ဒါပေမယ့် မိသွားတယ်ပေါ့။အချူပ်ကားနဲ့ရုံး ကြားထဲသွားတဲ့အချိန် ခဏလေးပဲ တွေ့ရတယ်။ ဆရာမကို ဖိနပ်လဲပေးလိုက်တယ်။ မိသားစုနဲ့ပေးမတွေ့ဘူး။ခြေထောက်မှာတော့ ဒဏ်ရာတွေတော်တော်များများတွေ့တယ်။ ဒါကလည်း ပြေးရင်းလွှားရင်းနဲ့ဖြစ်တာလား။ သေချာတော့ ကျမလည်း မသိရသေးဘူး” လို့ မဝင်းခိုင်ရဲ့ အခြေအနေကို ရှေ့နေ ဖြစ်သူက ပြောပြပါတယ်။

ဖမ်းဆီခံထားရတဲ့ အမျိုးသမီးတွေဟာ အားအင်ချို့တဲ့သလို နွမ်းလျနေပြီး တချို့ အသက်ကြီးတဲ့ အမျိုးသမီးတွေဆို အချုပ်ကားပေါ် တွဲတင်ရတဲ့အနေအထားတွေ ရှိခဲ့တယ်လို့ တရားရုံးထုတ်တဲ့နေ့က မြင်ကွင်းကိုရှေ့နေကပြန် ပြောပြပါတယ်။

လွိုင်ကော်မြို့ရဲ့ လတ်တလော အခြေအနေကတော့ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရသူတွေကို ဖမ်းဆီးချုပ်နှောင်တာ တရားရုံးထုတ်စစ်ဆေးတာတွေရှိပေမယ့် ထောင်ဒဏ်ချမှတ်တာတွေကိုတော့ မကြားသိရသေးဘူးလို့ရှေ့နေကပြောပါတယ်။

” မေလ ၁၄ ရက်နေ့က မဝင်းခိုင်တို့နဲ့အတူ အုပ်ချုပ်ရေးမှူးတွေကို ၅၀၅ က နဲ့စွဲတာ။ သူတို့ကိုလည်း ရုံးထုတ်တယ်။ နောက် ကျောင်းအုပ်ဆရာတွေရောပဲ။သူတို့တွေကတော့ ရှေ့နေအသီးသီးငှားထားတော့ အမှုရင်ဆိုင်နေဆဲပဲ။ ထောင်ချတာတွေမကြားရသေးဘူး။ စစချင်တုန်းကတော့ လာညှိုတာတွေဘာတွေဆို လွှတ်ပေးတယ်။နောက်ပိုင်းတော့ လာညှိုတာတွေလည်း သိပ်မရှိတော့ဘူုး။ အဲ့တော့ သူတို့ကစစ်ဆေးပြီး သက်သေခံအထောက်အထားတွေဘာတွေမတွေ့ဘူးဆိုရင်တော့ လွှတ်ပေးတာတွေတော့ရှိတယ်” လို့ ရှေ့နေကပြောပါတယ်။

မဝင်းခိုင်ရဲ့ သမီးကတော့ နောက်တကြိမ် ရုံးချိန်းမှာ သူမရဲ့ အမေကို တွေ့ခွင့်ရဖို့အတွက် ဆုတောင်းနေသလို ဖမ်းဆီးခံရသူတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်ဖို့အတွက်လည်း မျှော်လင့်နေပါတယ်။

“စစ်ကောင်စီက တမင်သက်သက်ကိုယုတ်မာပြီးလုပ်နေတဲ့ကိစ္စဆိုတော့လေ။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် နေတဲ့သူတွေကို တမင်သက်သက်ဖမ်းတာ။ ကိုယ့်ဘက်က ဘာမှကျူးလွန်ထားတာလည်းမရှိဘုူး။ အခုဖမ်းခံရတဲ့အထဲမှာဆို အမျိုးသမီးတွေ တော်တော်များများပါတယ်။ဒါတမင်သက်သက်ကို ယုတ်မာကြတာလို့ထင်တယ်။ ဖမ်းခံရတဲ့သူတွေ အမြန်ဆုံး ပြန်လွတ်လာမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ပြီးတော့ ဒီအရေးတော်ပုံလည်း အမြန်ဆုံးနိုင်ချင်ပါတယ်”

မေလ ၁၂ ရက်နေ့က ဖမ်းဆီးခံရသူတွေကို မေလ ၁၄ ရက်နေ့မှာ ယမန်ရယူပြီး လာမယ့် ၂၆ ရက်နေ့မှာ တရားရုံးထုတ်စစ်ဆေးမှာပဲဖြစ်ပါတယ်။

မဝင်းခိုင်ရဲ့ အရှေ့နေကတော့ မဝင်းခိုင်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေသလို ဖမ်းဆီးခံရတဲ့ တခြားအမျိုးသမီးတွေအတွက်လည်း ရှေ့နေ လိုအပ်ရင် ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်းပြောပါတယ်။

လွိုင်ကော်မြို့မှာ သပိတ်တွေ ရပ်နားပြီး လမ်းတွေရှင်းထားဖို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ရပ်ကွက်အလိုက် ရွေ့လျားသပိတ်တွေကို ဆက်လက် လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးကာလမှာ မိခင်ဖြစ်သူ မဝင်းခိုင်နဲ့အတူ သမီးဖြစ်သူလည်း သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါခဲ့ဖူးတဲ့အမှတ်တရတွေလည်းရှိနေခဲ့ပါတယ်။

ဒါကြောင့် အရေးတော်ပုံ အောင်နိုင်ဖို့အတွက် သပိတ်တွေကလည်း လမ်းပေါ်မှာ ဆက်လက်ရှိနေဖို့ လိုအပ်နေသေးတယ်လို့ သမီးဖြစ်သူကတော့ အပြည့်အဝ ယုံကြည်ထားဆဲဖြစ်ပါတယ်။

“မိသားစုသပိတ်၊ ယုံကြည်ချင်းသပိတ်တို့တုန်းက နာနတ်တောမှာ အမေနဲ့အတူ သပိတ်မှာ ပါဝင်ခဲ့တယ်။ သိပ်တောင်မကြာသေးဘူး။ ၃ရက်ကွက်လောက်စုပြီး သပိတ်လုပ်တုန်းက လာပြီး ပစ်ခွင်းတာတွေတော့ရှိတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက လုံခြုံရေးတွေလည်း အဆင်ပြေသေးတယ်။အခုတော့ နာနတ်တောကို သပိတ်တွေလည်းရပ်နားထားရမယ်။ လမ်းတွေလည်းရှင်းထားရမယ်လို့တော့ ပြောထားတယ်။ ရပ်ကွက်အနေနဲ့လည်း အခု အခြေအနေ အေးဆေးဖြစ်အောင်တော့ ရပ်နားထားကြတယ်။ ဒါပေမယ့် ကြားထဲမှာတော့ ရပ်ကွက်အလိုက်တော့ တိတ်တိတ်ဆိတ်ဆိတ်လုပ်နေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆက်မလုပ်လို့လည်းမရဘူးလေ။ ကိုယ်တွေလည်း အမြန်ဆုံး နိုင်ချင်ပြီဆိုတော့လေ”

Related Articles