Home ဆောင်းပါး တော်လှန်သူတွေရဲ့လက်မှုပညာ

တော်လှန်သူတွေရဲ့လက်မှုပညာ

ခင်ဘုန်းမို့

အရောင်အသွေးစုံလင်လှတဲ့ သိုးမွှေးချည်တွေကြား အမျိုးသမီးတစ်ဦးအလုပ်များနေပါတယ်။ သိုးမွှေးကုန်ကြမ်းတွေကို စီစစ် လိုက်ပြီးတဲ့အခါ အော်ဒါစာရင်းတွေမှတ်လိုက်၊ အဲဒီနောက် ပြုလုပ်ပြီးသားလက်မှုပစ္စည်းလေးတွေကို စစ်ဆေး ထုတ်ပိုးလိုက်နဲ့ မအားမလပ်ပါပဲ။

ဒီအမျိုးသမီးကတော့ လက်ရာသေသပ်လှပလှတဲ့  သိုးမွှေးချည်နဲ့ပြုလုပ်ထားတဲ့ နားကပ်၊ဦးထုတ်၊အိတ်စတဲ့ လက်မှုပစ္စည်း မျိုးစုံကို စုစည်းရောင်းချနေတဲ့ Ni Ni Crochet Creation ကိုစတင်ခဲ့သူဖြစ်တဲ့ မလင်း(အမည်လွှဲ)ဖြစ်ပါတယ်။

အသက် ၄၀ကျော်ရှိပြီဖြစ်တဲ့ မလင်းဟာ စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။

CRPH၊CDM supporting team မှာ စီဒီအမ်ထောက်ပံ့ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တယ်။ ဒီလိုနဲ့ရှောင်တိမ်း လုပ်ကိုင်နေရင်း ၂၀၂၁ခုနှစ် မေလမှာဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရတယ်။ ၂၀၂၃ခုနှစ်ဇန်နဝါရီလမှာတော့ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ပြန်လွတ်တဲ့အခါမှာလည်း စစ်ကောင်စီရဲ့စောင့်ကြည့်ခံရတာ ခြိမ်း ခြောက်ခံရတာတွေရှိလာတဲ့အတွက် လွတ်မြောက်နယ်မြေကို ထွက်လာခဲ့တယ်။

မလင်းတစ်ယောက် မဲဆောက်ကိုရောက်တဲ့အခါစားဝတ်နေရေးရပ်တည်ဖို့အတွက် အလုပ်လုပ်ဖို့လိုလာပြီ။ အလုပ်လုပ်ဖို့ဆို တဲ့အခါမှာလည်း တရားဝင်သွားရောက်နေထိုင်တာ မဟုတ်တဲ့အတွက် အလုပ်အကိုင်ရှာဖွေဖို့အခက်အခဲတွေရှိခဲ့တယ်။

သိုး မွှေးထိုး၊ ချည်ထိုးစတာတွေကို ဝါသနာအရအပျော်တမ်းထိုးခဲ့တဲ့ မလင်းတစ်ယောက် ဒီလက်မှုပညာနဲ့ အသက်မွေးဝမ်း ကျောင်းပြုဖို့ စိတ်မကူးခဲ့ဖူးပါဘူး။ ဒါပေမယ့်ဒီလက်မှုပညာနဲ့ ရှင်သန်ရပ်တည်ဖို့ ကံတရားက အကြောင်းဖန်လာခဲ့တယ်။

တခြားလက်မှုပစ္စည်းရောင်းတဲ့ဆီမှာ သိုးမွှေးခေါင်းစည်းတစ်ခုကို ထိုင်းဘတ် ၁၀ ဘတ်နဲ့ စတင်လုပ်ကိုင်ခဲ့တယ်။

ပုံစာ – သိုးမွှေးချည်နဲ့ပြုလုပ်ထားတဲ့ နားကပ်၊ဦးထုတ်၊အိတ်စတဲ့ လက်မှုပစ္စည်းမျိုးစုံကို စုစည်းရောင်းချနေတဲ့ Ni Ni Crochet Creation

“ဘာပဲပြောပြော ပိုက်ဆံဘယ်လောက်ပဲရရ တစ်ခုခုပဲဖြစ်ဖြစ်ကာမိအောင်ပေါ့။ ဘယ်လောက်ပဲဝင်ဝင်ဆိုတဲ့ပုံစံမျိုးနဲ့စပြီးတော့ ချည်ထိုးတာလေးကိုစပြီးလုပ်ခဲ့တာဖြစ်တယ်။” လို့ မလင်းကပြောပြတယ်။

ဒီလိုနဲ့ တစ်သီးပုဂ္ဂလ တစ်ကိုယ်ရည်တစ်ကာယ လက်မှုပစ္စည်းတွေ လုပ်ကိုင်နေရင်းနဲ့စိတ်ကူးကောင်းလေးတစ်ခုရခဲ့တယ်။

မဲဆောက်မှာက မလင်းတို့လို တော်လှန်ရေးကြောင့် ရှောင်တိမ်းလာပြီးစားဝတ်နေရေးခက်ခဲကာ အလုပ်အကိုင်ရှားပါးနေတဲ့ အမျိုးသမီးတွေများပါတယ်။ ဒီအထဲကမှ လက်မှုပညာတက်မြောက်တဲ့အမျိုးသမီးတွေရဲ့လက်ရာကို စုစည်းရောင်းချမယ်ဆိုတဲ့ စိတ်ကူးကို မလင်းတစ်ယောက်စဉ်းစားမိခဲ့တယ်။

Ni Ni Crochet Creation ဆိုတဲ့အမည်လေးပေးကာ သိုးမွှေးချည်နဲ့ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေကို လူမှုကွန်ရက်က တစ်ဆင့်ရောင်းချခဲ့တယ်။ ဒီလက်ရာတွေဟာ စီဒီအမ်အမျိုးသမီးတွေ၊နိုင်ငံရေးအကျဉ်းသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့လက်ရာတွေပါ။

အော်ဒါတွေတက်လာရင် အော်ဒါထဲမှာ အကျီကျွမ်းကျင်တဲ့သူဆို အကျီလိုင်း၊ အိတ်ကျွမ်းကျင်တဲ့သူဆို အိတ်လိုင်း  ၊ ပုဝါဆို ပုဝါ လိုင်းစသဖြင့်ကျွမ်းကျင်တဲ့အပိုင်းတွေကို မလင်းကတာဝန်ခွဲဝေပေးပါတယ်။

ဘယ်နိုင်ငံကတော့ ဘယ်လိုပုံစံမျိုးတွေကြိုက်တယ်။ ဘယ်နိုင်ငံကတော့ ဘယ်ကာလာတွေသုံးတယ်။ ဘယ်လိုဆိုကြိုက်နိုင် ချေရှိတယ်ဆိုတာတွေကအစ မလင်းတစ်ယောက်လေ့လာခဲ့တယ်။

“ ဒီအလုပ်ကအပြင်လည်းထွက်စရာမလိုဘူး။ အိမ်နေရင်းနဲ့လည်းလုပ်လို့ရတယ်။ အိမ်နေရင်းနဲ့လုပ်ပြီးတော့ ကိုယ့်အိမ်မှာ ရှိတဲ့ တခြားအလုပ်အကိုင်လည်းမပျက်ဘူး။ ကိုယ်အားတဲ့အချိန်မှာ ကိုယ့်အိမ်ထဲမှာနေနေရင်းနဲ့လုပ်လို့ရတယ်။ ကိုယ့်ရဲ့အိမ်အတွက် လည်း တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်တယ်။” လို့ မလင်းက ပြောတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း အလုပ်မရှိရင်စိတ်အဆင်မပြေတာမျိုးဖြစ်တဲ့အတွက် အလုပ်တစ်ခုအပေါ်မှာ အာရုံ စူးစိုက်နေရင် စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်နိုင်တယ်လို့မလင်းကပြောတယ်။

ဒီလုပ်ငန်းကိုစတင်တဲ့အခါမှာ အဖွဲ့ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဖွဲ့စည်းထားတာမျိုးတော့မဟုတ်ပါဘူး။ စိတ်ဝင်စား ပါဝင်လုပ်ကိုင် ချင်သူတွေ ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် လက်မှုပစ္စည်းတွေရောင်းချလို့ရတဲ့ငွေရဲ့ ငါးရာခိုင်နှုန်းကိုလည်း တော်လှန်ရေး အတွက် ထောက်ပံ့ပါတယ်။

ရောင်းရတဲ့ဝင်ငွေအပေါ်မူတည်ပြီး နိုင်ငံရေးအကျဉ်းသားတွေအတွက် တတ်နိုင်သလောက် ကူညီပံ့ပိုးတာမျိုးတွေ ပြုလုပ် ပါတယ်။

ဒီလုပ်ငန်းကိုစတင်ခဲ့တဲ့အချိန်တုန်းကလည်း အခက်အခဲတွေကြုံတွေ့ခဲ့ရတယ်။ ငွေကြေးအင်အားက‌တော့ အဓိကအခက် အခဲ ပါပဲ။ လက်မှုပစ္စည်းဖြစ်တဲ့အတွက် စက်နဲ့ပြုလုပ်သလိုအမြန်မရနိုင်တာမျိုးလဲရှိပါတယ်။

အဲ့လိုမျိုးအခါမှာ မှာယူမှုပစ္စည်းအရေးအတွက်တွေနဲ့ ပတ်သက်ပြီးတော့ အခက်အခဲလေးတွေရှိခဲ့တယ်လို့မလင်းကပြောတယ်။

ဒါ့အပြင်တော်လှန်ရေးအသိုင်းအဝိုင်းက အမျိုးသမီးတွေရောင်းချတဲ့လက်မှုပစ္စည်းဖြစ်တဲ့အတွက် တစ်ဆင့်ရောင်းချပေးသူ တွေက fundraising သဘောမျိုးနဲ့ရောင်းချပေးကြတာများတယ်။  ဒီလိုရောင်းချတဲ့အခါမှာ ပစ္စည်းအားလုံးကုန်မှ ပိုက်ဆံရတဲ့ အခါ ဒီဘက်မှာပြန်လည်ရင်းနှီးမြုပ်နှံဖို့နဲ့ စားဝတ်နေရေးဖြေရှင်းဖို့အပိုင်းတွေမှာ  အခက်အခဲအနည်းငယ်ရှိတယ်လို့ မလင်းက ဖွင့်ဟတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံရပြီးတစ်ဖက်နိုင်ငံမှာလာရောက်ခိုလှုံနေထိုင်နေရတဲ့ အသက်၂၈နှစ်အရွယ် မသင်း(အမည်လွှဲ)တစ်‌ယောက်လည်း သိုးမွှေးပစ္စည်းလေးတွေဖန်တီးရင်း အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။

“ ဒီမှာနေရတဲ့အနေအထားကျတော့ တရားမဝင်ပေါ့နော်။ တရားမဝင်ဆိုတော့ ဘာမှလည်းလုပ်လို့မရတဲ့ အခြေအနေ တစ်ခုမှာ တက်ခဲ့တဲ့  ပညာတစ်ခုနဲ့ရပ်တည်ဖို့အတွက်ရုန်းကန်ကြတယ်။” လို့ မသင်းက ဖွင့်ဟတယ်။

ကိုယ့်ရဲ့သန့်ရှင်းတဲ့လုပ်အားခနဲ့ တော်လှန်ရေးအတွက် တစ်စိတ်တစ်ပိုင်းထောက်ပံ့နိုင်တဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ကျေနပ်မှုရှိတယ်လို့ဆိုတယ်။

“ ဒီကရတဲ့ဝင်ငွေလေးနဲ့အဆင်ပြေပါတယ်။ အော်ဒါပါးတဲ့ရက်လည်း တခြားအလုပ်လေးတွေထွက်လုပ် အဲ့လိုမျိုးနဲ့ပဲ အဆင် ပြေအောင်ရပ်တည်နေပါတယ်။”လို့မသင်းကပြောပါတယ်။

ရှေ့ဆက်ပြီးဒီလက်မှုလုပ်ငန်းနဲ့ပတ်သက်ပြီး fundraising အဓိကမဟုတ်ပဲ လက်မှုပစ္စည်းတွေကို အမှန်တကယ် ကြိုက်နှစ် သက်သက်လို့ ဝယ်ယူကြတဲ့ပုံစံမျိုးအထိ ဈေးကွက်ထဲထိုး‌ဖောက်နိုင်ဖို့ မလင်းကစိတ်ကူးထားပါတယ်။

အခက်အခဲတွေရှိပေမယ့်လည်း ကိုယ်တတ်တဲ့ပညာနဲ့တစ်ကိုယ်ရည်ရပ်တည်နိုင်သလို တော်လှန်ရေးအတွက် တစ်စိတ်တပိုင်း ထောက်ပံ့နိုင်တဲ့အတွက် အမျိုးသမီးတစ်ယောက်အနေနဲ့ ဂုဏ်ယူစရာကောင်းလှပါတယ်။

“ တစ်ခုကောင်းတာတော့ ကိုယ့်ရဲ့ခွန်အားနဲ့ကိုယ်ပင်ပင်ပန်းပန်းနဲ့ကိုယ့်ရဲ့လုပ်အားအပေါ်မှာ ရရှိလာတဲ့အပေါ်မှာ တဖက်က ကြည့်ရင် လိပ်ပြာတော့သန့်ပါတယ်။ ကိုယ့်နောက်ကျောလုံတယ်။ ” လို့ မလင်းကဆိုပါတော့တယ်။

Author:

Related Articles