Home ဆောင်းပါး မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေးလမ်း

မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေးလမ်း

တောထဲ စစ်ရှောင်နေသောကရင် အမျိုးသမီးပုံ (ဓာတ်ပုံ- Karen Peace Support Network/ facebook)

 

ဧပြီ၊ ၂၀၁၈

နန်းဆိုင်နွမ်။        ။

“ဝါးပင်၊ သစ်ပင်အောက်မှာ ကြုံသလို ခိုလှုံနေရတယ်။  ဆူးတွေလည်းစူး၊  ညဘက်ဆိုရင်  ချမ်းလည်း ချမ်းတယ်”

လက်ရှိမှာတော့ တောထဲမှာ တိမ်းရှောင်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်အများစုဟာ နာမကျန်းဖြစ်နေကြ တယ်လို့လည်း စစ်ရှောင်အမျိုးသမီးကြီးက ပြောပြပါတယ်။

တောထဲမှာဝါးတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ တဲငယ်လေးတွေနဲ့ တချို့ကတော့ ပါလာတဲ့ မိုးကာတွေ ခင်းပြီး ဖြစ်သလို နေကြရတယ်လို့  စစ်ရှောင်တွေကို အကူညီအပေးနေသူတွေက ဆိုပါတယ်။

တရက်တာခရီးကို ပင်ပန်းစွာ လမ်းလျှောက်လာရတဲ့အတွက် ကျန်းမာရေးချို့တဲ့ပြီး မေ့မျောသလိုဖြစ်သွားသူတွေ ရှိသလို၊ ကလေးငယ်တွေကို ချီပိုးပြီး တောလမ်းအတိုင်း ထွက်ပြေးလာတဲ့ဓာတ်ပုံတွေ၊ ကလေးငယ်တွေနဲ့ ဖြစ်သလို စားသောက်နေရတဲ့ ဓာတ်ပုံတွေကလည်း လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့ နေတာကို တွေ့ရပါတယ်။

စစ်ရှောင်တွေထွက်ပြေးတဲ့နေရာက သူတို့နေခဲ့တဲ့ ရွာနဲ့တရက်လောက် လမ်းလျှောက်ရတဲ့နေရာဖြစ်ပါတယ်။

ဒီစစ်ရှောင်အမျိုးသမီးတွေကတော့ လွန်ခဲ့တဲ့လက ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်  (KNLA)  နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာမှုတွေ ပြန်လည်ဖြစ် လာတာကြောင့် ခြေဦးတည့်ရာ ထွက်ပြေးနေရတဲ့ အမျိုးသမီးတွေပါပဲ။

KNLA နဲ့ မြန်မာ့တပ်မတော်တို့အကြား စစ်ရေးထိတွေ့မှုကြောင့် မူတရော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ လယ်မူ ပလောနှင့် ခေးပူကျေးရွာအုပ်စုတို့က ကျေးရွာ(၈)ရွာမှာနေထိုင်ကြတဲ့ ဒေသခံ (၂၀၀၀)ကျော်  တောထဲမှာ ပုန်းခို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။

တိုက်ပွဲတွေ အမြန်ရပ်ဆိုင်းပြီး လယ်ယာတွေပြန်လုပ်ကိုင်လိုကြတဲ့ စစ်ရှောင်အမျိုးသမီးတွေဟာ ကျေးရွာအတွင်း တိုးချဲ့ဝင်ရောက်လာတဲ့ မြန်မာ့တပ်မတော်၊ တပ်ဖွဲ့တွေ ချက်ချင်းပြန်ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မကြာမီမှာ မိုးရာသီရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်  တောထဲထွက်ပြေးလာတဲ့ အမျိုးသမီးတွေ၊ ကလေးငယ် တွေဟာ အခက်အခဲတွေနဲ့ဆက်လက်ရင်ဆိုင်ကြရဦးမယ်လို့ စစ်ဘေးရှောင်သူတွေကို အကူအညီပေးနေသူတွေ က ပြောဆိုကြပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုပြဿနာတွေ၊ စားနပ် ရိက္ခာ အခက်အခဲတွေ အဓိကရင်ဆိုင်နေကြရတယ်လို့လည်း ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပြောဆို လိုက်ပါတယ်။

တောထဲ စစ်ရှောင်နေသော ကရင် အမျိုးသမီးပုံ (ဓာတ်ပုံ- Karen Peace Support Network/ facebook)

“ တောထဲမှာ စစ်ရှောင်လာတဲ့ ကိုယ်ဝန်သည် အမျိုးသမီး(၃)ဦး ကလေးမွေးတယ်။ သူတို့အတွက်က  တခြား ဆေး ဝါးလည်း ဘာမှမရှိ။ ထွက်ပြေးလာချိန် ဘာမှမသယ်နိုင်ခဲ့ဘူး။  တောထဲမှာလည်း မွေးဖို့က ပစ္စည်းတွေ မလုံ လောက်တာတွေ ကြုံရတယ်၊ ကလေးနဲ့ မိခင်တွေအတွက် ကျန်းမာရေးက စိုးရိမ်ရပါတယ်” လို့ ကရင်အမျိုးသမီး အစည်းအရုံး (KWO) မှ ကျန်းမာရေးကဏ္ဍကို အဓိက လုပ်ဆောင်နေတဲ့ နော်ပြုံးပြုံးက ဆိုပါတယ်။

“တိုက်ပွဲတွေဖြစ်တော့ ကိုယ်ဝန်သည် အမျိုးသမီးတွေ၊ မီးတွင်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ဒုက္ခ အရောက်ဆုံး ဖြစ်နေပါတယ်”လို့လည်း နော်ပြုံးပြုံး က ပြောပါတယ်။

“ ကလေးငယ်ရှိတဲ့သူတွေက အနှီးတွေ၊ စောင်တွေ၊ မလုံလောက်သလို၊ မွေးမိခင်တွေအတွက်ကလည်း အဝတ် တွေ မလုံလောက်။ တောထဲမှာနေရတော့ ညဆိုရင် အေးကအေးနဲ့ အစစအရာရာ သူတို့ကို စိတ်ပူနေရတယ်” လို့ နော်ပြုံးပြုံးက  ပြောပါတယ်။

လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သားဖွားမိခင်တွေအတွက် အထောက်အပံ့ အများကြီး လိုအပ် နေပြီး အဓိကလိုအပ်တာက ငှက်ဖျားခြင်ပေါတဲ့နေရာဖြစ်တဲ့အတွက် ခြင်ထောင်တွေနဲ့  တဲအတွက် အမိုးအကာ တွေ လိုအပ်နေတာကို နော်ပြုံးပြုံးကပြောပြခဲ့တာပါ။

“ တောထဲမှာ မိုးကလည်းရွာ၊ ညဆိုရင်အေး၊ မွေးဖွားမိခင်တွေ၊ ကိုယ်ဝန်သည်တွေ၊ အသက်ကြီးတဲ့သူတွေအတွက် စိတ်မချရဘူး။ ရှေ့ဆက်ရှာဖွေစားသောက်ဖို့လည်း အဆင်မပြေဘူး။ အကူအညီ အထောက်အပံ့တွေကို ကျမတို့ လည်း တတ်နိုင်သလောက် ရှာဖွေ ထောက်ပံ့နေရတယ်” လို့ နော်ပြုံးပြုံးက ထပ်မံဆိုပါတယ်။

စစ်ရှောင်အမျိုးသမီးတွေနဲ့ ကလေးတွေဟာ နေ့စဉ် “ တိုက်ပွဲတွေဆက် ဖြစ်ဦးမှာလား။ မြန်မာတပ်တွေ ရောက် လာဦးမှာလား”ဆိုတဲ့ စိတ်ဖိစီးမှုတွေလည်း ခံစားနေရပါတယ်လို့ သူကပြောပါတယ်။

KNU ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားတဲ့ အင်အား အကြီးဆုံးအဖွဲ့တခု ဖြစ်ပါတယ်။

NCA  လက်မှတ်ထိုးပြီးနောက်ပိုင်း “ အမျိုးသမီးနဲ့ ကလေးတွေဘဝ ပြောင်းလဲမှုရှိလာရမယ်လို့ မျှော်လင့်ခဲ့ပေမယ့်  အခုလက်ရှိ ဘဝမှာတော့ ပြောင်းလဲမှုတွေ ဘာမှမရှိလာဘူး” လို့ လည်း  ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပြောဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့မှာ KNU နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့တို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ရပ်တန့်ခဲ့ပြီး အခုအချိန်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြန်လည်ဖြစ်ပွားလာတဲ့အတွက် စစ်ဘေးရှောင် ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

“ အပစ်ခတ်ရပ်စဲပြီ၊  ငြိမ်းချမ်းပြီဆိုတော့  ကျမတို့လည်း လုပ်ကိုင်စားသောက်ဖို့ ကိုယ့်နေရာကို ပြန်လာပြီး နေထိုင် ကြတယ်။ ကျမတို့လယ်ယာတွေ၊ နေအိမ်တွေကို ပြန်ပြုပြင်တယ်။ အခုတော့ တိုက်ပွဲပြန်ဖြစ်တော့ ကျမတို့ ထပ်ပြီး ပြေးရလွှားရ ရှောင်ရပြန်တယ်” လု့ိ နော်ပြုံးပြုံး ကထပ်မံ ပြောပါတယ်။

“ လက်ရှိ အချိန်ထိ တိုက်ပွဲက ကြိုကြားကြိုကြားဖြစ်နေဆဲပါ။ ရပ်တန့်တာ မရှိသေးဘူး။ ဒါကြောင့် သူတို့ ဆက်နေ ရမယ်ဆိုရင် အထူးသဖြင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအတွက် ရိက္ခာနဲ့ စောင်တွေ၊ ခြင်ထောင်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုလိုလာမယ်”လို့ စစ်ရှောင် ဒုက္ခသည်ကို ကူညီပေးနေတဲ့ စောလဝေက ပြောဆိုလိုက်ပါတယ်။

တိုက်ပွဲကြောင့် တောထဲပုန်းခိုတဲ့ စစ်ရှောင်တွေကတော့ အစိုးရတပ်တွေ အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့သာ အဓိက တောင်းဆိုကြတယ်လို့ စောလဝေကလည်း ပြောပါတယ်။

တောထဲ စစ်ရှောင်နေသော ကရင် အမျိုးသမီးများပုံ (ဓာတ်ပုံ- Karen Peace Support Network/ facebook)

“NCA စာချုပ်ကို မြန်မာ့တပ်မတော်အနေနဲ့ ချိုးဖောက်ပြီး တပ်ရေးလှုပ်ရှားမှုအတွက် လမ်းဖောက်လုပ်မှုတွေ၊ နယ် မြေအတွင်း တပ်စခန်းအခိုင်အမာ ဆောက်ဖို့ပြင်ဆင်တာတွေဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်”

မူတြော် (ဖာပွန်) ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပေးရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကတော့ အခု လိုဖြစ်ပွားခဲ့တာနဲ့ပါတ်သက်ပြီး ပြောဆိုခဲ့တာပါ။

လမ်းဖောက်လုပ်ရေးကိစဖြစ်လာချိန်မှာ မူတြော် (ဖာပွန်) ခရိုင်ဒေသ အရေးပေါ် ကူညီပေးရေး MEAT အဖွဲ့ဝင် စောအိုမူး ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ကိစ္စနဲ့ပါတ်သက်ပြီးတော့လည်း ကရင်လူထုအခြေပြုအဖွဲ့တွေက ကန့် ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

တပ်မတော်ဖက်ကတော့ ပစ်ခတ်မှုကြောင့် သေဆုံးရသူဟာ မိုင်းထောင်ဖို့လာစဉ် ပစ်ခတ်ခံရတာဖြစ်ပြီး သေသူရဲ့ အနီးမှာ ဗုံးသီးတွေလည်း တွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလို ကရင်ဒေသမှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပေါ်လာတာနဲ့ပါတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ KNU ခေါင်း ဆောင်တွေက ဖြေရှင်းဖို့ကြိုးစားနေကြတယ်ဆိုပေမယ့် မြန်မာ့တပ်မတော် ပြန်ကြားရေးအဖွဲ့နဲ့ KNU- KNLA တပ်မဟာ(၅)တို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အပြန်အလှန်ပေးပို့တဲ့စာတွေကို လေ့လာကြည့်မယ်ဆိုရင် ပြဿနာက ပိုကြီးလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ဒီပြသနာတွေနဲ့ပါတ်သက်ပြီး နှစ်ဘက်ပြေလည်အောင်ဖြေရှင်းဆွေးနွေးနိုင်တဲ့အခြေအနေမရှိရင် စစ်ရေးမတည် ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်ပြီး ကရင်အမျိုးသမီးနဲ့ကလေးငယ်တွေရဲ့ဘဝဟာလည်း ကျီးလန့်စာစားငြိမ်းချမ်းရေး ထဲ အခက်အခဲတွေနဲ့ တဝဲလည်လည်ဖြစ်နေကြရဦးမှာဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက သုံးသပ်ပြော ဆိုနေကြပါတယ်။

Related Articles